Feb 24, 2016

အတွင်းဖက်တွင်

အဖုံးပိတ်ထားတဲ့ ကတ်ထူပုံးတခုကို အပြင်ကကြည့်ရင် ကတ်ထူပုံးပဲ။ အထဲမှာ ဘာရှိမှန်းမသိပါ။ Inside the box ဆိုတာ အရေးပါပါတယ်။ တချို့က ဖွင့်မကြည့်ဘဲနဲ့ ဘာရှိနိုင်မလဲဆိုတာ မှန်းဆနိုင်ပါတယ်။ တချို့ကလည်း အတွင်းဖက်ကို မြင်အောင်စစ်ဆေးနိုင်တဲ့ ခေတ်မီ ကိရိယာတန်ဆာပလာတွေနဲ့ ကြည့်ကြတယ်။ ဒါတောင် တိကျသေချာမှုက မရေရာ။ 

တွေးမိတာက နှစ်ပိုင်းပါ။ သက်မဲ့ နဲ့ သက်ရှိတွေရဲ့ အတွင်းဖက်ပါပဲ။ သက်မဲ့အနေနဲ့ အများနဲ့မစိမ်းတဲ့ တယ်လီဗေးရှင်းကို ပမာထားကြည့်ရအောင်။ ခလုတ်ဖွင့်ရင် ရုပ်မြင်မယ် အသံကြားမယ်။ ဘယ်လိုကြောင့် ဒီလိုဖြစ်ရသလဲဆိုတာ တီဗီအတွင်းဖက်အကြောင်း လေ့လာဖူးသူမှသိမယ်။ ဒါတောင် စာတွေ့ဖြစ်မယ်။ အတွင်းကိုဖွင့် လမ်းကြောင်းလိုက်မှ စာတွေ့နဲ့ပေါင်းပြီး လက်တွေ့သိမယ်။ အခြေခံလောက်သိနိုင်တာကိုပြောတာဖြစ်ပါတယ်။ 

သက်ရှိအနေနဲ့ သက်ရှိရဲ့အတွင်းပိုင်းဖြစ်တဲ့ စိတ်ကို သိနိုင်ဖို့ ပိုခက်ပါတယ်။ အမြဲတမ်းပြောင်းလဲနိုင်လို့ပါပဲ။ သက်မဲ့ကဲ့သို့ အတွင်းဖက်ကို ဖွင့်ကြည့်ပြီး ခွဲခြမ်းစိပ်ဖြာလို့မရပါ။ အဲဒီအခါ အပြင်ပန်းကိုကြည့်ပြီး ဝေဖန်သမှုပြုနိုင်ပါတယ်။ သက်ရှိတွေရဲ့ စိတ်အကြောင်း နောကြေထားတဲ့သူမှ မှန်းဆချက်တွေဟာ အနီးစပ်ဆုံး မှန်ကန်နိုင်ပါတယ်။ 

ရွှေမန်းတင်မောင်က ဒီလို သီဆိုပါတယ်။ အလျဉ်းသင့်လို့ ပြန်လည်မျှဝေပါတယ်။ 

"အပြင်မှာ ဝင်းစင်၍ အတွင်းက ထိုသရက်သီးဟာ မြည်းကြည့်တော့ ချိုမလို ချင်လည်း ချင်တတ်တာ။ အပြင်မှာ အေး အတွင်းမှာ နွေးတတ်ပါတဲ့ ရေအိုးလေးရဲ့ သဏ္ဍာန်ပါ "

မိတ်ဆွေများ သက်ရှိ သက်မဲ့တွေရဲ့ အတွင်းဖက်ကို သိမြင်နိုင်ကြပါစေ။ ကိုယ်တိုင်ရဲ့ အတွင်းဖက်ကိုလည်း ရှူမြင်နိုင်ကြပါစေ။ ။ 

ကျော်မောင်(တိုင်းတာရေး) 
၁၁-၉-၂၀၁၅

No comments: