ပုစ္ဆာ ဆိုတာ
+++++++
စာမေးပွဲတခုဖြေတုန်းက မေးခွန်းတပုဒ်မှာ ပေးထားချက်တခုလိုနေတာ သွားတွေ့တယ်။ သုံးပုဒ်မြောက်လောက်မှာ ဖြစ်တဲ့အတွက် စာဖြေချိန် နာရီဝက်လောက်ကြာမှ ပူညံပူညံအသံတွေထွက်လာကြတယ်။
မေးခွန်းကို ပြန်ဖတ်တယ်။ ဟာ ဒီပုစ္ဆာက အဲဒီပေးထားချက်မပါလည်း ကိုယ်ဖာသာကိုယ် ဖြစ်စေဆိုတဲ့ ကိန်းဂဏန်းတခုထားတွက်ရင် ရတဲ့ပုစ္ဆာ။
အဲဒါနဲ့ let me assume ဆိုပြီး ရဲရဲဝံံံ့ဝံံ့ရှိစွာနဲ့ ဂဏန်းတလုံး ကောက်သုံးလိုက်ပြီး အဖြေထုတ်တယ်။ ပူညံပူညံလုပ်နေတဲ့သူတွေက လုပ်နေတုန်း။ စာဖြေတဲ့နေရာက အခန်းရဲ့ရှေ့ပိုင်းလောက်မှာ ကျတဲ့အတွက် နောက်လှည့်ပြီး ဘော်ဒါတွေကို အသိပေးလိုက်သေးတယ်။ ဒီပုစ္ဆာမှာ assume ထားပြီးတွက်နိုင်တာပဲဆိုပြီး။
မေးခွန်းထုတ်တဲ့ တီချယ်ကြီး အမောတကောရောက်လာတယ်။ ဂဏန်းတခုပေးတယ်။ အဲဒါနဲ့တွက်။ တီချယ် ကျနော်တော့ assume လုပ်လိုက်ပြီ။ ရတယ် သား။ ပိုကောင်းတာပေါ့။ တီချယ်ပြန်ထွက်သွားတယ်။
အမှန်က ဘယ်ပုစ္ဆာမှ ပေးထားချက်မပြည့်စုံတာတို့ ပြည့်စုံတာတို့ မရှိဘူး။ မပြည့်စုံဘူးထင်ရင် ဖြည့်စွက်တွက်ပဲ။
တီချယ်တယောက်ပြောတဲ့ အတွေ့အကြုံက ဒီလို။
ဆရာကြီးက ပုစ္ဆာတပုဒ် ကျောက်သင်ပုန်းပေါ်မှာ ရေးသွားတယ်။ ခင်ဗျားတို့ အဲဒါတွက်ထားနှင့်ကြလို့ ဆိုပြီး စာသင်ခန်းအပြင်ထွက်သွားတယ်။ အားလုံးတွက်ကြတယ်။ အဖြေမရဘူး။ တော်တော်ကြာတဲ့အထိ အဖြေမထွက်ဘူး။
ဆရာကြီးပြန်ဝင်လာတယ်။ အခြေအနေမေးတယ်။
အားလုံးက ခေါင်းခါတယ်။ တော်တော်ခက်တယ်။ အဖြေခုထိမထွက်ဘူး။
အေးလေဗျာ ဘယ်အဖြေရပါ့မလည်း အဖြေမရှိတဲ့ပုစ္ဆာ ခင်ဗျားတို့ကို တွက်ခိုင်းကြည့်တာတဲ့။
တီချယ်က သူ့ကိုယ်တွေ့ကို ပြောပြရင်း တဆက်တည်းမှာပဲ အဲဒီဆရာကြီးနာမည်ပြောပြသွားတယ်။ နာမည်ပြောတာနဲ့ သိမှာဖြစ်တယ်။
ဆယ်တန်းတုန်းက အဖြစ်တခု ပြန်အမှတ်ရတယ်။ သချာင်္မှာ ဓမ္မဓိဌာန်ဆိုတဲ့ မေးခွန်းရှိတယ်။ Multiple choice လို့လည်းခေါ်တယ်။ ပေးထားတဲ့ အဖြေ ငါးခုထဲက တခုကို ရွေးလိုက်ရတဲ့မေးခွန်း။
လပတ်စာမေးပွဲမှာ ဖြေတဲ့အခါ အမှတ်ပြည့်မှာ တမှတ်လျော့တယ်။ အဖြေမရှိပါလို့ရေးခဲ့တာ။ အမှန်က အဖြေကို မရတဲ့အတွက် တနည်းပြောရရင် ပေးထားတဲ့ အဖြေငါးခုထဲက ဘယ်တခုနဲ့မှ မတူလို့ သချာင်္ဆရာမ မေးခွန်းမှားနေပြီ အဖြေမှန်မပါဘူးဆိုတဲ့သဘောနဲ့ အဖြေမရှိပါလို့ ရေးခဲ့တာပါပဲ။ ဖြေလွှာပြန်ပေးတဲ့နေ့မှာ ဆရာမဆီက အကြံပေးချက်တော်တော်များများ နားထောင်လိုက်ရတယ်။ စာမေးပွဲတွေဖြေတဲ့အခါ သတိထားစရာဖြစ်သွားပါတယ်။
ပုစ္ဆာတွေတွက်ပါများလာတဲ့အခါ ပုစ္ဆာကောင်းလေးတွေ ရလာတယ်။ တချို့ကလည်း အဖြေရှိတယ်။ တချို့ကလည်း အဖြေမရသေးဘူး။ တချို့ကလည်း ပေးထားချက်တွေက မပြည့်မစုံဖြစ်နေတယ်။ တချို့မှာလည်း ဘာကိုရွေးရမှန်းမသိလောက်အောင် ဖြစ်နေတယ်။
ပုစ္ဆာတွေကို ရှုပ်စရာလို့မမြင်ဘဲ ထုတ်ကာသာ ရှင်းကြပေရော့ဗျာ။
++++++++++++++++++++++++++++++++++++
ခဲတံနှင့် ဗလာစာအုပ်
+++++++++++
ကျောင်းသုံးဗလာစာအုပ်မှာ ဘော့ပင်နဲ့ စရေးရတာက ငါးတန်းမှာ စတယ်။ ခဲတံသုံးတာကိုတော့ မလျော့သေးဘူး။ ခဲတံကို ချွန်မြဲချွန်တယ်။ ချွန်စက်သုံးရတာထက် ခဲတံချွန်ဓားကို သုံးပြီးချွန်ရတာကို ကြိုက်တယ်။ ခဲတံကို ဗလာစာအုပ်မှာ ဘေးမျဉ်းသားတဲ့အခါ မျဉ်းပိတ်တဲ့အခါ ပုံဆွဲတဲ့အခါ သချာင်္တွက်စဉ်အကြမ်းခြစ်တဲ့အခါ သုံးတယ်။
နောက်တနည်းသုံးတာက ကစားတာမှာ သုံးတယ်။ စာရွက်ကို ဗလာစာအုပ်အလယ်က ဖြဲယူ ဘော့ပင်နဲ့ အပေါက်သေးသေးလေးတွေ ဖောက် တဖက်တချက်မှာ ဂိုးတိုင်ပုံစံဆွဲ ဂိုးတိုင်အလယ်မှာ အပေါက်ကြီးကြီးဖောက် ခဲတံကိုင် စာရွက်ကို ဘောလုံးကန်မယ့် နှစ်ယောက်က တဖက်တချက်ကကိုင် ခဲတံကို အပေါက်တွေဖောက်ထားတဲ့ စာရွက်အောက်ကနေ အပေါက်တွေရှောင်ပြီး တဖက်ဂိုးပေါက်ရှိရာသွား အပေါက်ထဲ ခဲတံက ခဲဆံဝင်သွားရင် တဖက်လူအလှည့်။
အဲဒီလို အသုံးဝင်ခဲ့တဲ့ ခဲတံ။
ဘော့ပင်ခဲတံဆိုတာ ပေါ်လာတယ်။ နည်းနည်းဖိတာနဲ့ ခဏခဏကျိုးတတ်လို့ မသုံးတာများတယ်။ ရိုးရိုးခဲတံပဲသုံးတယ်။
ခဲတံကို လက်မှာကိုင်လို့မရအောင်တိုသွားတဲ့အခါ လွှင့်မပစ်ရက်ဘူး။ တခါသုံးဘော့ပင်တွေက ဘော့ပင်ကိုယ်ထည်ကို ခဲတံချွန်ဓားနဲ့ စိတ်ရှည်လက်ရှည်ဖြတ်တယ်။ ခဲတံတိုရဲ့ အရင်းပိုင်းမှာ ခဲဖျက်လေးတွေကို ရွှေရောင်သံအပတ်လေးနဲ့ ပတ်ထားတာရှိတယ်။ အဲဒါကို ပါးစပ်နဲ့ကိုက်ဖြုတ် ခုနက ဘော့ပင်ကိုယ်ထည်ထဲကို ထည့်လို့ရအောင် ဓားနဲ့ အသားတွေကို နည်းနည်းရွေလိုက်တယ်။ အဲဒီမှာ လက်လုပ် ဘော့ပင်ခဲတံကို အားပါးတရသုံးတယ်။
တယောက်လိုက်လုပ်တာတွေ့ နောက်တယောက်က လိုက်တုလုပ်ပြီး သုံးကြတယ်။ ဘယ်သူက စလုပ်သလဲဆိုတာ မူပိုင်ခွင့်တွေ မောင်ပိုင်ခွင့်တွေ မသိတော့ တော်တော်အဆင်ပြေတယ်။ ဆရာမတွေမြင်တဲ့အခါ တော်တော် ကပ်စေးနည်း ကော်တရာလေးတွေလို့ ထောပနာပြုတယ်။ ဆရာမသုံးကြည့်ပါလားဆိုတော့ တပည့်ကျော်တွေကို ပြန်ပြုံးပြတယ်။
တရက် ကျောင်းစာတွေ အိမ်မှာလုပ်နေတုန်း (အိမ်မှာ လုပ်ရတဲ့အတွက် အိမ်စာလို့ ခေါ်သတဲ့။ များသောအားဖြင့် ကျောင်းစာကို ကျောင်းမှာပဲ လုပ်ခဲ့တာများတယ်။ အိမ်မသယ်ဘူး။ လေးလို့။ နောက်ပြီး အပြင်စာတွေ ဖြစ်တဲ့ ကာတွန်းတွေ ဝတ္ထုတွေဖတ်ဖို့ အချိန်ပေးရသေးတယ်။ ကာတွန်းစာအုပ်ကောင်းကောင်းဆို တသက်လုံးဖတ်ပါတယ်။ အဲဒီအချိန်မှာ အများဆုံးဖတ်ဖြစ်တာက သိုင်းဝတ္ထုတွေပဲ။ တခြားစာကြီးပေကြီးတွေလည်းဖတ်တယ်) အဲဒီလို ကျောင်းစာလုပ်နေတုန်းမှာ အဖေက နောက်ကနေ အပေါ်စီးပြီး ကြည့်တယ်။ ပြောပြီ။
မင်း စာရေးတာ မျဉ်းကြောင်းမရှိတဲ့ ဟိုအပေါ်တို့ အောက်တို့မှာလည်း ရေးလေကွာတဲ့။
ဟာ အဖေကလည်း မျဉ်းကြောင်းထားထားတာ သူ့မှာရေးဖို့လေ။
လပ်နေတယ်ကွ။ အပေါ်မှာ သုံးကြောင်းစာ အောက်မှာ သုံးကြောင်းစာလောက် ရေးတတ်ရင်ရတယ်။
ဆရာမတွေ ဆူရင်။
ရေးကြည့်ပါဦးကွာ။
အဲဒီနောက်ပိုင်း မျဉ်းကြောင်းမဆွဲထားတဲ့နေရာတွေမှာ ဖြည့်ရေးပါတော့တယ်။
ဆရာ ဆရာမတွေက ချီးကျူးပါတယ်။
တက္ကသိုလ်ရောက်တဲ့အခါ ပုံဆွဲစာအုပ်လိုစာအုပ်မျိုးဝယ်သုံးပါတယ်။ မျဉ်းကြောင်းမပါပါ။ စာအုပ်တအုပ်ထဲကို ဘာသာရပ်ပေါင်းစုံ စာပေါင်းချုပ်ကြီးအဖြစ် ဖန်တီးပါတယ်။
အခုလည်း ခဲတံချွန်နေဆဲ မျဉ်းကြောင်းမပါတဲ့ ဗလာစာအုပ်ကို နှစ်သက်နေဆဲ ဖြစ်ပါတယ်။
ကျော်မောင်(တိုင်းတာရေး)
၄-၂-၁၆
No comments:
Post a Comment