ကလေးဘဝတုန်းက လူငယ်ဖြစ်သူနဲ့ စကားတွေပြောကြဟေ့ဆိုရင် တော်တော်များများ ပြောနိုင်တာကို မှတ်မိတယ်။ ကလေးဘဝဆိုတာ teenager လို့ ပြောကြတဲ့ thirteen မတိုင်မီကာလကို ခေါ်တယ်ပဲဆိုပါစို့။ သေချာအောင်လည်း အကိုးအကားပြန်ကြည့်ရသေးတယ်။ အခုလောလောဆယ်ဆယ်သုံးနေတာတော့ Google search ပါပဲ။ များသောအားဖြင့် အဲဒီမှာ ရှာလိုက်ရင် Wikipedia ကိုပဲ မျက်စိကျမိတာများတယ်။ နောက်တော့လည်း Google မှာ မရှာတော့ဘဲ Wikipedia ကိုပဲတိုက်ရိုက်သွားပါတယ်။
အဲဒီတုန်းက လူငယ်ဆိုတာက ဘယ်သူမှ မဟုတ်ဘူး။ ဦးလေးအငယ်ဆုံးပဲ။ သူက မလုပ်ဘူးဆိုရင် ဘာမှ မလုပ်ဘူး။ အိပ်နေတတ်တဲ့သူ။ အဲ လုပ်ပြီဆိုရင်လည်း သေသေကြေကြေ၊ သင်တန်းတွေ ဘာတွေမှာ ဆုတွေရတယ်။ ပြေးပွဲပြိုင်ပွဲတွေမှာ ဆုရတယ်။ ပန်းဝင်တာနဲ့ မေ့လဲသွားတဲ့အထိ ပြိုင်တဲ့သူ။
အဲဒီလိုလူမျိုးနဲ့ အရွယ်ရောက်လာတဲ့ တူဖြစ်သူနဲ့ တွေ့ကြတဲ့အခါ ဘာပြောကောင်းမလဲ၊ ညဖက်ဆို ညစာစားပြီးနောက်ပိုင်းမှာ ဆွေးနွေးပွဲလေးတွေ ကြားရတာပေါ့။
ဒါပေမယ့် ဆွေးနွေးပွဲတွေကနေ ဘာရလာသလဲဆိုတော့ ငါ ဘာမှ မသိသေးပါလားဆိုတဲ့ အသိ ရလာတယ်။ မသိတာကများလာ၊ သိအောင်လုပ်၊ မေးတာကလည်း အတော်များ၊ လူကြီးတွေ ခေါင်းကုတ်စေခဲ့သူဖြစ်ပါတယ်။
ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ဝတ္ထုတွေ ဖတ်တတ်လာတာကလည်း သူ့ကြောင့်ပဲ။ ဆရာမ ဂျူ းရဲ့ ဟောပြောပွဲအခွေကို အိမ်ကို ယူလာပြီး နားထောင်ရင်းနဲ့ စာပေဟောပြောပွဲရဲ့ အရသာကို သိခဲ့တာကလည်း သူ့ကြောင့်ပါပဲ။
သူနဲ့ စကားပြောရင် အကိုးအကားအတော်ရှာရတယ်။ တခါတလေ အကိုးအကားရထားတာတောင်မှ သူမေးလိုက်တဲ့မေးခွန်းက စာအုပ်ထဲမှာ မပါတဲ့အကြောင်းအရာဖြစ်နေတဲ့အခါ အတော် ဂွတီးဂွကျနိုင်ပါတယ်။ ပလုံပလုံပလွတ် ဆိုတဲ့အကြောင်းမေးခဲ့တာလည်း သူပါပဲ။
အဲဒါကြောင့်မို့လို့ ဦးလေးနဲ့ စကားပြောတဲ့အခါ အတော်သတိထားရတယ်။ တခါတလေမှာ သူ့ထက် ပိုပြောနိုင်သွားတဲ့အခါ သူပြောလေ့ရှိတာက "တော်တော် ကတ်တီးကတ်ဖဲ့ ကတ်သီးကတ်သတ်ပြောနိုုင်တဲ့ကောင်" ဆိုတာပဲဖြစ်ပါတယ်။
ကလေးဘဝကနေ ဆယ်ကျော်သက်ဖြစ်လာတော့ စုမိဆောင်းမိရှိလာတယ်။ အဲဒီအထဲမှာ ဟုတ်တာလည်း ပါတယ်၊ မဟုတ်တာလည်း ပါတယ်။ ဟုတ်တာကိုလည်း ဟုတ်မှန်ကြောင်း အထောက်အထားတချို့ မပြနိုင်သေးတာရှိတယ်။ မဟုတ်တာကိုလည်း မဟုတ်မှန်ကြောင်း မပြနိုင်တာ ရှိတယ်။
တစ်ရက် သင်တန်းတစ်ခုက အပြန် ဘတ်စ်ကားမှတ်တိုင်ကအဆင်းမှာ သူနဲ့ သူ့သူငယ်ချင်းတစ်ယောက် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရင်း စကားပြောနေကြတာတွေ့တယ်။ ဟိုတစ်ယောက်က ရပ်ကွက်ထဲမှာ စာကြီးပေကြီးသမားလို့ ပြောလို့ရတဲ့သူ။ တကယ်က သူ့လက်ထဲမှာ စာအုပ်တစ်အုပ်ဖြစ်ဖြစ်၊ သတင်းစာတစ်စောင်ဖြစ်ဖြစ် အမြဲတမ်းကိုင်ထားလို့ သူ့ကို စာကြီးပေကြီးသမားလို့ ရပ်ကွက်က အမည်ပေးထားတာ။ တော်ရုံလူ သူ့ကို ရှောင်တယ်။ ဘာကြောင့်လည်းဆိုတော့ ပြောမိပြီဆိုရင် မဆုံးတော့တဲ့သူ။
သူတို့ဝိုင်းထဲကို ဝင်ထိုင်လိုက်တယ်။ ဝင်ထိုင်တာကလည်း ဦးလေးဖြစ်သူက ဒီလိုလူနဲ့များ ဘာတွေများပြောနေကြပါလိမ့်လို့ စပ်စုချင်တာလည်း တပိုင်းပေါ့။ နောက်တစ်ခါ ဒီလို ဦးလေးအရွယ်တွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြခြင်းအားဖြင့် အရွယ်ရောက်လာပြီဆိုတာကို ရွယ်တူတွေကို ပြချင်တာလည်း ပါတာပေါ့။
အဲဒီမှာ ဟိုလူက နိုင်ငံတစ်နိုင်ငံက ဝန်ကြီးတစ်ယောက်အကြောင်းကို ပြောနေတာ။ ဦးလေးကလည်း လက်ဖက်ရည်လေးတစ်ခွက်ကို ဇိမ်ခံသောက်ရင်း နားထောင်နေတာ။ အင်း ဒီလူပြောတာ ဝန်ကြီးနာမည် လွဲနေသဟ။ ဘယ်ရမလဲ ဦးလေးတော့ ခံနေရပြီဆိုပြီး စကားဝိုင်းထဲ ဝင်လိုက်ပါတယ်။
အာ ဒီမှာ ဦးဘယ်သူ၊ ဦးပြောတာ လွဲနေပြီဗျ၊ အဲဒီဝန်ကြီးနာမည်အမှန်က ဒီလို။ အခုပြောနေတဲ့ နာမည်က ဟိုနိုင်ငံက ဝန်ကြီး။
ဘယ်ရမလဲ၊ အဲဒီအခါ ဟိုပုဂ္ဂိုလ်လည်း ရှူ းရှူ းရှဲရှဲဖြစ်ပါလေရော။ နားထောင်နေတဲ့ဦးလေးကလည်း သူ့ဖက်ကပေါ့။ မဟုတ်ရင် သူလည်း တုံးရာကြတော့မှာကိုး။ အကိုးအကားနဲ့ပြောကာမှ ဖြစ်တော့မှာပဲဆိုပြီး ဟိုဟိုဒီဒီလိုက်ကြည့်တော့ အဲဒီပုဂ္ဂိုလ်က သတင်းစာကိုင်ထားတာ။ ကဲ ခဏလောက်ဆိုပြီး ဟိုဟိုဒီဒီလှန်ကြည့်တဲ့အခါ နိုင်ငံတကာသတင်းတစ်ပုဒ်မှာ ဝန်ကြီးနာမည်ပါလာတယ်။ သတင်းစာကို လက်ဖက်ရည်စားပွဲခုံပေါ်တင်လိုက်ပြီး၊ နာမည်ပါတဲ့ သတင်းရှိရာကို လက်ညှိုးထောက်ပြီး ပြကာ ပြောလိုက်တယ်။
ဒီမှာ ကျနော်ပြောတဲ့သူ။ သူ့နိုင်ငံနဲ့ သူ့ရာထူး။ သူ့နာမည်က အဲဒါ။
ပြောလည်းပြော၊ ထိုုင်ခုံက ထလည်းထ။ သွားသင့်ပြီလို့ ကိုယ်စောင့်နတ်က သတိပေးနေသလိုပါပဲ။ ဦးလေးကို နှုတ်ဆက်လိုက်တယ်။
ဦးလေး ကျနော် ဒိုးပြီ။ အဲဒါကြောင့် ကျနော်ပြောတာ၊ သတင်းစာကို နေ့တိုင်းဖတ်ပါလို့။ သွားပြီ။ မတ်တပ်ရပ်နေရင်း လက်ကျန် ရေနွေးကြမ်းကို ကုန်အောင်မော့လိုက်သေးတယ်။ ပြီးတာနဲ့ ဦးလေးသူငယ်ချင်းကိုတောင် နှုတ်မဆက်တော့ဘဲ သုတ်ခြေတင်ပါတော့တယ်။
နောက်နေ့တွေမှာ ဦးလေးတစ်ယောက် သတင်းစာဖတ်နေတာကို ဝမ်းသာဖွယ်တွေ့မြင်ရပါတယ်။
အခုကျတော့ အကိုးအကားဆိုတာကို မြင်တဲ့အမြင်က တစ်မျိုးပြောင်းသွားပြန်ပါတယ်။ ဒါကလည်း သင်တန်းတစ်ခုတက်အပြီးမှာ သိလိုက်ရတာဖြစ်ပါတယ်။ အကိုးအကားဆိုတာ လိုတာမှန်ပေမယ့် အဲဒီအကိုးအကားဟာ မှန်ကြောင်း အထောက်အထားခိုင်လုံရမယ်ဆိုတာပါပဲ။ အကိုးအကားတစ်ခုဟာ မှားနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပါပဲ။ မှားနေတာကို မှားနေမှန်းမသိဘဲ ယူသုံးမိတဲ့အခါ တကယ်သိ တကယ်တတ်တဲ့သူတွေအတွက် ပြုံးစရာ ဖြစ်သွားတတ်ပါတယ်။ နောက်ပိုင်းမှာ အကိုးအကားတစ်ခုကို လိုချင်လို့ သုံးချင်တဲ့အခါ အတော်လေးကို စဉ်းစဉ်းစားစားနဲ့ သုံးရပါတယ်။
သူတို့ကြီးတွေတောင် ယူသုံးထားတာပဲလေ မှန်လို့နေမှာပေါ့ဆိုတဲ့ အကိုးအကားတစ်ခုဟာ ရာနှုန်းပြည့်မှန်ကန်မယ်လို့ တပ်အပ်မပြောနိုင်ပါ။ သူတို့ကြီးတွေ လွဲတဲ့အခါ အားလုံးလွဲကုန်တာပါပဲ။
ကိုးကားမှုတွေ မှန်ကန်နိုင်ကြပါစေကြောင်း ရည်ရွယ်ပါတယ်။
ကျော်မောင်(တိုင်းတာရေး)
၁၁-ဇူလိုင်-၂၀၁၆
No comments:
Post a Comment