၂၂-ဧပြီ-၂၀၂၃
ပုံတွေ ရိုက်ဖြစ်ခဲ့တယ်။ ဘတ်စ်ကားပေါ်ကနေလှမ်းရိုက်ခဲ့။ တိုက်နံရံတွေပေါ်မှာ ရေးဆွဲထားတဲ့ ပန်းချီတွေ၊ murals in Singapore. အားတဲ့အခါ လျှောက်ပတ်ကြည့်ပြီး ဒီလိုအနုပညာလက်ရာတွေကို သေသေချာချာမှတ်တမ်းတင် ရိုက်ရမယ်။
၃၀-မေ-၂၀၂၃
အတွေ့အကြုံတခုရခဲ့တယ်။ ရောင်းသူ ဝယ်သူအကြောင်းပေါ့။ LED surface mounted Light ကို သွားဝယ်ရင်းနဲ့ ကြုံခဲ့ရတာ။ မှာတဲ့သူက ကိုယ်တိုင်မလိုက်လာနိုင်တဲ့အခါ သူလိုချင်တဲ့ အရွယ်အစား မီးအား ဘယ်လောက် တန်ဖိုး စတာတွေကို ဖုန်းကနေတဆင့် မေးပြီး ဆိုင်ကအရောင်းဝန်ထမ်းကို ဒါမျိုးရှိလား ရှိရင်ပြပါဆိုပြီး ပြောဝယ်ရတယ်။ တန်ဖိုးက စလုံးငွေ ၁၁ ဒေါ်လာဖြစ်ပေမယ့် ဝယ်တာမမှားရအောင် ပြန်ပြန်မေးရတယ်။ အရောင်းဝန်ထမ်းလူငယ်ဟာ တဖြည်းဖြည်းနဲ့ စိတ်ရှည်ပုံမရတော့တာကို တွေ့ရတယ်။ ခါတိုင်းဆိုရင်တော့ ဒါမျိုးကြုံရင် မဝယ်တော့ဘဲ လှည့်ထွက်ခဲ့တာများပါတယ်။ အခုကတော့ လိုအပ်လို့ဝယ်ကိုဝယ်ရမှာဖြစ်တဲ့အတွက် ကဲ ယူမယ်ဆိုပြီး ဘောက်ချာရေး ငွေရှင်းပြီးတဲ့အခါမှ တခုမေးစရာရှိလို့ ဒါမျိုးရော ရှိလားလို့မေးတဲ့အခါမှာ မရှိဘူး မရှိဘူးဆိုပြီး ပြောရင်း တနေရာကို ထွက်သွားပါတယ်။ ဖြစ်နိုင်တာကတော့ စတိုထဲကနေ သွားယူမပြချင်တော့လို့ ဖြစ်ပါတယ်။
ဒီအတွေ့အကြုံကနေ ရခဲ့တဲ့သင်ခန်းစာက ရောင်းသူဟာ ဝယ်သူရဲ့ ဝယ်တဲ့တန်ဖိုးပမာဏကိုပဲကြည့်ပြီး များများဝယ်ရင် ဝန်ဆောင်မှုကောင်းကောင်းပေးမယ်၊ နည်းနည်းဝယ်ရင် ဒီလိုဝယ်သူအတွက် အချိန်သိပ်အကုန်မခံနိုင်ဘူးဆိုတဲ့အပြုအမူရှိတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ ကိုယ်တိုင်သာ ဒီအရောင်းဝန်ထမ်းလူငယ်နေရာမှာဆိုရင်ရောဆိုတဲ့ အတွေးက ဝင်လာပါတယ်။
နောက်ကြုံရတာက Food court မှာ ထမင်းသွားစားပြီးတဲ့အခါ ကြက်သွန်ကြော်ရောင်းနေတဲ့ဆိုင်မှာ ကြက်သွန်ကြော်လေးဝင်ဝယ်တော့ အရှေ့မှာက အမျိုးသမီးတယောက်က ပိုက်ဆံကို လက်ကကိုင်ရင်း ဆိုင်ရှေ့မှာ ရှိနေပါတယ်။ သူက တခြားတယောက်နဲ့စကားပြောနေတာဖြစ်တယ်။ ရောင်းတဲ့ကောင်လေးက ဘာလိုလဲ (ဘာဝယ်မှာလဲ)မေးတဲ့အခါ Fried Onion လားလို့ လက်ညှိုးထိုးပြမေးပြီး ဟုတ်တယ်လို့အဖြေရ၊ ဘယ်လောက်လဲ တဒေါ်လာခွဲဆိုတော့ ချက်ချင်းဝယ်လိုက်ပါတယ်။ ကြက်သွန်ကြော်ရပြီး ဆိုင်က အထွက်မှာမှ အရှေ့က အမျိုးသမီးကို I'm sorry, thank you ဆိုပြီး တောင်းပန်လိုက်ပါတယ်။ သူက ဘာမှမဖြစ်သလို တုန့်ပြန်ပါတယ်။ ဒီအခါမှာတော့ ကိုယ်သာ ဒီအမျိုးသမီးနေရာမှာဆိုရင်ရောဆိုတဲ့ အတွေးက ဝင်လာပြန်ပါတယ်။
နောက်ဆုံးတခုကတော့ ကားစီးတဲ့အခါ ဆင်းမယ့်မှတ်တိုင်မရောက်ခင် ဘဲလ်နှိပ်ရပါတယ်။ ဒီညမှာတော့ မှတ်တိုင်မရောက်မီမှာ ဘဲလ်သုံးခါမြည်တာကို ကြုံခဲ့ရတာပါပဲ။ ပုံမှန်ကတော့ ဘဲလ်တခါနှိပ်လိုက်ရင် တကားလုံးကြားရပြီး နောက်တခါထပ်နှိပ်ဖို့ မလိုပါ။
No comments:
Post a Comment