Feb 15, 2016

တွေးမိလေသော (၂၀) - ကလေးငယ်နှင့် သူ၏လှုပ်ရှားမှုများ


နှစ်နှစ်အရွယ် ကလေးငယ်ကို သစ်သားတုံးလေးတွေနဲ့ ဆော့ကစားစေတယ်။ တတုံးပေါ် တတုံးဆင့်ပြပြီး ကစားနည်းကို အတုယူစေတယ်။ သူက လိုက်လုပ်တဲ့အခါလည်း ရှိတယ်၊ မလုပ်တဲ့အခါလည်း ရှိတယ်။ ဒေါင်လိုက်ထောင်ထားတဲ့ စက္ကူကတ်ထူဗူးပေါ်မှာ သစ်သားတုံးလေးတွေကို သူ့ဖာသာသူ စီစီရီရီ တင်တယ်။ အောက်ကျသွားတဲ့ သစ်သားတုံးလေးတွေကို သူက ပြန်ကောက်တယ်။ သူ့ဖာသာသူဖန်တီးတဲ့ ကစားနည်း။

ရှူး … တိုးတိုးဆိုတဲ့ အမူအရာတခုကို လူကြီးတွေက သင်ပေးလိုက်တယ်။ နှုတ်ခမ်းရှေ့မှာ လက်ညှိုးကို ဒေါင်လိုက်ထောင်ပြီး တိုးတိုးနေနော်ဆိုတဲ့ အမူအရာ။ သူက လိုက်လုပ်တဲ့အခါ လူကြီးတွေလို လက်ညှိုးကို ဒေါင်လိုက်မထောင်ဘဲ ကန့်လန့်ဖြတ် အလျားလိုက်ထားတယ်။ သွားတိုက်တဲ့ ပုံစံပေါ့။ ဒီလိုမဟုတ်ဘူး၊ ဒီလိုဆိုပြီး သူ့လက်ညှိုးကို ဒေါင်လိုက်ထားရင်လည်း သူက မရ၊ သူလုပ်တဲ့အတိုင်း အလျားလိုက်ထားတာပါပဲ။

အင်္ကျ ီလဲပေးတဲ့အခါ အရင်တုန်းကဆိုရင် သူ့လက်နှစ်ဖက်ကို လဲပေးတဲ့သူက မြှောက်ရတယ်။ အခုနောက်ပိုင်းမှာ ကဲ ကလေးရေ လက်မြှောက်ဆိုရင် လက်နှစ်ဖက်ကို မြှောက်ပါတယ်။ အဲ ဒါပေမယ့် ထိုးရမယ့်လက်နေရာကို မထိုးဘဲ တလွဲလျှောက်ထိုးတာလည်း တွေ့ရပါတယ်။ အစတော့ ဒီကလေး မှားထိုးတယ်ထင်တာ၊ နောက်မှ သူက လူကြီးကို ပြန်စတာဖြစ်မှန်း သိရပါတယ်။

အဆိုတော်ကြီး ဘိုဘိုဟန်ရဲ့ မြန်မာပြည်က ကောင်းဘွိုင် သေနတ်မပစ်ပါ အစချီတဲ့ သီချင်းကို ဂစ်တာနဲ့တီးပြတဲ့အခါ ကလေးရေ ကပါ ကပါလို့ ပြောစရာမလိုဘဲ သူ့ဖာသာသူ ခေါင်းလှုပ် လက်လှုပ် ခါးလှုပ်နဲ့ ကပါတယ်။ ခက်တာက ကလေးရဲ့အဖေပဲ ဂစ်တာကို မတောက်တခေါက်တီးတတ်ပေမဲ့ ကလေးက သူ့အမေကို ဂစ်တာတီးစေပါတယ်။ ကလေးအဖေဂစ်တာတီးရင် အဲဒီ ဂစ်တာကို ယူပြီး ကလေးအမေကို သွားပေးပါတယ်။ တီးစေပါတယ်။ ကလေးအမေရဲ့ ဒေါင်ဒေါင်ဒင်ဒင် တီးခတ်မှုကို ပိုမိုနှစ်သက်တယ်လို့ တွေ့ရပါတယ်။

ကလေးအဖေက လက်တော့ပ်ကွန်ပျူတာကို သုံးနေတဲ့အခါ သူက ဘေးနားမှာ သူ့စမ်းသပ်ချက်နဲ့သူရှိနေတတ်ပါတယ်။ အဲဒါက ကြွက်လို့ခေါ်တဲ့ mouse တပ်ထားတာကို လာလာပြီး ဆွဲနှုတ်လိုက် ပြန်တပ်လိုက်နဲ့ အလုပ်များနေတာပဲဖြစ်ပါတယ်။

တခါ သူ့ရှေ့က လက်ဖက်ရည်ခွက်ထဲကို ပေါင်မုန့်နှစ်ပြီး စားတာကို တွေ့သွားတဲ့အခါမှာ ရေခွက်ထဲက ရေကိုလည်း စားစရာတွေ နှစ်ပြီး ဆော့တဲ့ကစားနည်း သူ့အတွက် တိုးသွားတာတွေ့ရပါတယ်။

ပန်းပင်တွေကို ရေလောင်းတဲ့အခါ သူ့ကိုလည်း အညောင်းအညာပြေ လမ်းလျှောက်လို့ရအောင်ဆိုတဲ့စိတ်ကူးနဲ့ ဖိနပ်စီးပေးပြီး ပန်းပင်တွေကို လိုက်ကြည့်စေပါတယ်။ သူ့အရပ်နဲ့ မီတဲ့ ပန်းပင်တွေရဲ့ အကိုင်းအခက်တွေကို လက်ညှိုးလေးနဲ့ ထိလိုက်၊ အပင်လေးတွေ လှုပ်သွားတဲ့အခါ သဘောကျလိုက်နဲ့ ဖြစ်နေပြန်ပါတယ်။ ပန်းအိုးတွေထဲက မြေစို်င်ခဲတွေကို လက်လေးနဲ့ ကိုင်ကြည့်ပြီး စူးစမ်းတာမျိုးလည်း တွေ့ရပြန်ပါတယ်။

အပြင်ထွက်ပြီး ဟိုနားဒီနား လမ်းလျှောက်ကြတဲ့အခါ ကလေးလေး သက်တောင့်သက်သာရှိပါစေတော့ဆိုပြီး တွန်းလှည်းပေါ်မှာ နေခိုင်းရင် ခဏပါပဲ။ ဖိနပ်ဝတ်ပေးပြီး လမ်းလျှောက်တဲ့အခါမှာ သူ့တွန်းလှည်းကိုနောက်ကနေ တွန်းပါတယ်။ အဲဒါက သူ့ကို ပျော်ရွှင်စေတဲ့ကစားနည်းဖြစ်နေပြန်ပါတယ်။

လှေကားထစ်တွေတွေ့ရင် ဆင်းရ၊ တက်ရမှ ကျေနပ်ပြန်ပါတယ်။ ဆင်းရမယ့် လှေကားထစ်ဆိုရင် တထစ်ချင်း ဆင်းပါတယ်။ အစမှာ လူကြီးက နောက်ကလိုက်ပြီး လက်လေးကိုင်ပေးထား ပခုံးလေးကိုင်ပေးထားနဲ့ ထိန်းပေးရပါတယ်။ သူကျွမ်းကျင်သွားတဲ့အခါမှာ လူကြီးကိုင်တာကို မကြိုက်တော့ပါဘူး။ လာကိုင်တဲ့လက်တွေကို ခေါင်းရမ်းပြီး ဖယ်ထုတ်ပါတယ်။ သူလဲမကျအောင် ချော်မလဲအောင်ပဲ ဘေးကနေ ထိန်းပေးရပါတယ်။ အဆင်းပြီးတဲ့အခါ အဲဒီ လှေကားထစ်ကိုပဲ နောက်တကြိမ် ပြန်တက်ပါတယ်။ လာကိုင်တာကို မကြိုက်ပါ။ သူတက်လို့ ဆင်းလို့ အားရတဲ့အခါမှ ကဲ ကလေးရေ ရှေ့ဆက်သွားကြမယ်လို့ ပြောနိုင်ပါတယ်။

ကလေးရဲ့ လှုပ်ရှားမှုတွေဟာ ကလေးမှာဖြစ်ပေါ်လာတဲ့ သူ့အတွေးတွေကတဆင့် ဖြစ်လာရတယ်လို့ တွေးမိပါတယ်။

ကလေးတယောက်နဲ့တယောက် အတွေးများ မတူနိုင်တဲ့အတွက် သူတို့တွေရဲ့ လှုပ်ရှားမှုတွေဟာလည်း ကွာခြားနေကြမှာဖြစ်ပါတယ်။

ကျော်မောင်(တိုင်းတာရေး)
၁၅-၂-၂၀၁၆

No comments: