Feb 2, 2016

အဆိုကောင်းလိုက်ပုံကြောင့်

မြို့ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ထားတဲ့ ရွာ၊ နာမည်က ရွာသစ်လို့ တွင်တယ်။ စတင်အခြေချသူတွေကလည်း လူသစ်တွေ ဖြစ်တဲ့အတွက် ရွာသစ်ဆိုတဲ့ နာမည်နဲ့ လိုက်တယ်။ မျိုးဆက်တွေ နှစ်ဆက်သုံးဆက်လောက်ဖြစ်လာတဲ့အခါနဲ့ တခြားရွာအသစ်အသစ်တွေ နီးစပ်ရာမှာ ပေါ်ပေါက်လာတဲ့အခါ ရွာသစ်ကလည်း အမည်သာကျန်တော့တာ၊ လူတွေလည်း လူဟောင်းတွေ ဖြစ်ကုန်တာပေါ့။

တဖက်ကမ်းက မြို့ပေါ်မှာ ကျောင်းတက်ကြ၊ ကုန်သွယ် စျေးရောင်းပြုကြနဲ့ ကြာလာတဲ့အခါ ရွာသစ်မှာ ရှိတဲ့သူတွေလည်း တခြားမြို့တွေရောက်၊ မြို့ကြီးတွေမှာ ကြီးပွားသူ ကြီးပွားကြနဲ့၊ ရုန်းကန်နေသူတွေကလည်း တပုံတပင်၊ လက်ရှိရွာသစ်မှာပဲ ဆက်လက်နေထိုင်ရင်း မိဘလက်ငုတ်လက်ရင်းတွေ အခြေမပြတ်ဆက်လည်ပတ်ကြ၊ ငတ်တလှည့် ပြတ်တလှည့်၊ လက်တလှည့်၊ ပြောင်တလှည့်၊ လက်တလှည့်ဆိုတာ စီးပွားဖြစ်တဲ့အခါမျိုး မြို့ပေါ်တက် ရွှေလေးဘာလေး ဝယ်ဝတ်နို်င်တဲ့အခါ နေရောင်ထိုးရင် လက်လက်ထနေ၊ ပြောင်နေတာကို ပြောတာ၊ မပြေလည်တဲ့အခါ ထုခွဲလိုက်နဲ့ လက်လက်သံသရာလည်နေတာ။

မိုးတွင်းဖက်ဆို ရွာမှာ ရေက အမြဲတက်လေ့ရှိတယ်။ အိမ်ခြေတိုင်တွေကို ခပ်မြင့်မြင့်ဆောက်ထားတယ်။ အိမ်တိုင်းမှာ လှေတစီးတော့ အနည်းဆုံးရှိတယ်။

မိုးတွင်း တရက်မှာ ရေကလည်း စီးကောင်းနေတယ်။ အိမ်တွေအောက်ကရေတွေ နိမ့်ရာဖက်ကို စီးသွားနေတယ်။ အိမ်တအိမ်မှာ ရှိတဲ့ကလေးမလေးတယောက်က နောက်ဖေးဖက်မှာ သီချင်းဆိုနေတယ်။ လူကြီးတွေက အိမ်ဦးခန်းဖက်လောက်မှာ ရှိတယ်။ သူတို့အလုပ်နဲ့ သူတို့။ အစတော့ ကလေးမဆိုနေတာ ဒီစာသားကိုပဲ ထပ်တလဲလဲ မပြီးမစီးနိုင်ဆိုနေတာလို့ အိမ်ရှေ့က လူတွေက ထင်နေတာ။ သေသေချာချာနားထောင်ကြည့်တာအခါ …
သူက ဒီလိုဆိုနေတာ ၊ သီချင်းဆိုတဲ့ပုံစံမျိုး ဆွဲဆွဲငင်ငင်နဲ့၊

(အမေရေ …. အမေရေ … အမေ့ထဘီလေး …. ရေထဲပါသွားပြီ … 
အမေ့ထဘီလေး …. ရေထဲ ….. ပါသွားပြီ )

အဲဒါကိုပဲ သူက ဆိုနေတာ။ အမေဖြစ်သူက နောက်ဖေးကို ထသွားပြီး ဟဲ့ သမီး ဘာတွေဆိုနေတာလည်းဆိုတော့ စီးနေတဲ့ ရေကို လက်ညှိုးလှမ်းထိုးပြီး ဆိုပြန်တယ်

(အမေရေ …. အမေရေ … အမေ့ထဘီလေး …. ရေထဲပါသွားပြီ … 
အမေ့ထဘီလေး … ရေထဲ …. ပါသွားပြီ )

အမေက သူလက်ညှိုးထိုးရာကို ကြည့်တဲ့အခါ နောက်ဖေးမှာ လှန်းထားတဲ့ သူ့ထဘီက လေပြင်းပြင်းမှာ လွင့်ပြီး ရေထဲကျသွားပုံပေါ်တယ်၊ ပြီးတော့ ရေစီးနဲ့ ခပ်ဝေးဝေးကို မျောပါသွားတာကို သူ့သမီးက ပြောနေမှန်း သိလိုက်ရတယ်။

ကဲ ဟယ် … ဒေါက် ။

အမေက သမီးကို ဒေါကန်သွားပြီး ဦးခေါင်းကို နာအောင် ခေါက်လိုက်တာ။
ထဘီ ရေထဲကျပြီး မျောသွားတာကို အမေရေ အမေ့ထဘီ ရေထဲမှာ လိုက်ဆယ်ဦးလို့ မြန်မြန်မပြောဘူး၊ တော်တော် အဆိုကောင်းနေတယ်။ ငါ့ထဘီတော့ သွားပါပြီ။

အဲဒီအခါ သမီးက ငိုနေရင်း အခုလို ပြောလိုက်ပြန်ပါတယ်။ သီချင်းအဆိုအတိုင်းလည်းပဲဖြစ်ပါတယ်။ ရှိုက်သံလေးလည်း ပါသပေါ့။

(အမေရေ…. အမေရေ …..သမီးက…. အမေ့ကို …..သတိလည်းပေးသေးတယ်….. အခေါက်လည်း ခံရသေးတယ်……နောက်ဆိုမပြောတော့ဘူး …. မပြောတော့ဘူး.. မပြောတော့ဘူး)

အမေလည်း အဆိုကောင်းတဲ့သမီးကို ထပ်မရိုက်နိုင်တော့ဘဲ ထဘီတထည် ဆုံးရှုံးသွားတာကိုလည်း မေ့ကာ အားပါးတရ ရယ်မောနေပါတော့တယ်။

ကျော်မောင်(တိုင်းတာရေး)
၁-၂-၁၆

မှတ်ချက်။ ။ အဖေပြောပြတဲ့ သူတို့ရွာက ရယ်စရာ အဖြစ်အပျက်လေးတခုကို ပြန်ရေးပြခြင်းဖြစ်ပါတယ်။

No comments: