မအိပ်မီ စာရေးသည်မှ -

တန်ဆောင်မုန်းလပြည့်နေ့ ၊ သာမညဖလအခါတော်နေ့ ဆိုပြီး ကျောင်းတက်ဖက်မိတ်ဆွေတယောက်က မနေ့က သူ့ပို့စ်မှာတင်ထားတာတွေ့မိတယ်။
သာမညဖလ ဆိုတာကို ကြားဖူးနားဝရှိခဲ့တယ်။ နားဝမှာပဲရှိခဲ့တာကို မှတ်ဉာဏ်ထဲအထိ ရောက်အောင် ဆက်လေ့လာကြည့်ဖြစ်ရင် ကောင်းမယ်လို့ သတိပေးလိုက်သလိုပါပဲ။
အဲဒါနဲ့ အိမ်တွင်းအောင်း အလုပ်တခုလုပ်နေရင်း ဆရာတော် ပါမောက္ခ ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ ဟောကြားရှင်းပြတဲ့ သာမညဖလသုတ် အကျဥ်းချုပ် အပိုင်း(၁) ကနေ အပိုင်း(၄) အထိ နာယူဖြစ်တယ်။ အလုပ်တခုလုပ်ရင်း နာယူတဲ့အတွက် လေးပုံတပုံလောက်တော့ နားထဲရောက်ဖြစ်တယ်လို့ မှတ်ယူပါတယ်။
အကျဥ်းချုပ်ဖြစ်ပေမယ့် သိသင့်သလောက် သိသွားခဲ့ပါတယ်။ မလေ့လာရသေးသော မိတ်ဆွေများ အချိန်မရခဲ့ရင် အပိုင်း(၃) နဲ့ အပိုင်း(၄)ကိုပဲ နာယူလိုက်ရင်လည်း အဆင်ပြေပါလိမ့်မယ်။ တပိုင်းကြာချိန် မိနစ် ၃၀ ဝန်းကျင်ပဲရှိပါတယ်။
တရားမနာယူချင်ဘဲ တရားစာဖတ်ရမှ အဆင်ပြေမယ်ဆိုသူများအတွက်လည်း ဖတ်ရှုလေ့လာလို့ရအောင် မျှဝေ‌ပေးလိုက်ပါတယ်။
ကိုယ်တိုင် သေသေချာချာ မဖတ်ရှုရသေးပါ။
စာမျက်နှာ ၇၁ / ၂၇၅ လို့သာ ရှာလိုက်ပါ။ သာမညမလသုတ်ကို စတင်လေ့လာနိုင်ပါလိမ့်မယ်။
နာယူခဲ့သော တရား၊ အနည်းငယ်ဖတ်ရှုဖြစ်တဲ့ တရားကို ပြန်လည်မျှဝေရုံသက်သက်သာ ဖြစ်ပါတယ်။
တန်ဆောင်မုန်းလပြည့်ကျော်တရက်နေ့ အမှတ်တရပါ။
သာဓုပါခင်ဗျာ။

မအိပ်မီ စာရေးသည်မှ -
30-Nov-2020
--------------------------------

စာပြန်ဖတ်ဖြစ်တယ်။ စာအုပ်နာမည်က "ပထမမြန်မာများ" တဲ့။ ပြုစုရေးသားသူက ဆရာ မင်းယုဝေ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဆယ့်ရှစ်ဦးအကြောင်းကို ပြုစုထားတာ ဖတ်ရပါတယ်။ ပထမမြန်မာများဆိုတဲ့အတိုင်း မြန်မာပုဂ္ဂိုလ်ကျော်တွေအကြောင်းဖြစ်တယ်။ ဘယ်သူတွေဟာ ဘယ်အပိုင်းမှာ ဘာကြောင့်ပထမတွေဖြစ်ကြတာလဲဆိုတာကိုလည်း ဖော်ပြထားတဲ့အတွက် ဖတ်ရတဲ့အခါမှာ မြန်မာတွေ ညံ့တယ်လို့ ပြောကြဆိုကြတာ ဟုတ်မှဟုတ်ပါရဲ့လားလို့ သံသယဝင်မိပါတယ်။

ဒီစာအုပ်က အကြိမ်ကြိမ်ပြန်ဖတ်တိုင်း ဖတ်လို့ကောင်းတဲ့ စာအုပ်ဖြစ်တယ်။ ဖြစ်နိုင်ရင် ရွှေပြည်ကြီးမှာရှိတဲ့စာသင်ကျောင်းတွေရဲ့ စာကြည့်တိုက်တိုင်းမှာ သုံးလေးငါးအုပ်လောက် ထားပြီး ဆရာ ဆရာမတွေ ကျောင်းသူကျောင်းသားတွေဖတ်သင့်တဲ့စာအုပ်။ ဖတ်ပြီးတဲ့အခါ အဲဒီပုဂ္ဂိုလ်တွေအကြောင်း ဆက်လက်ဆွေး‌‌နွေးကြဖို့သင့်တဲ့စာအုပ်။
ပထမမြန်မာတစ်ယောက်ဖြစ်တဲ့ ဆိုင်းဆရာကြီးစိန်ဗေဒါအကြောင်းရေးထားရာမှာ "ဗေဒါ မောင်ကလေး" ဆိုတဲ့ နာမည် အဘယ်ကဲ့သို့ ရလာပုံ၊ စိန်ဗေဒါ ကိုယ်တိုင် ရှေးဗြောသီချင်းမှ တီထွင်ထားသော "ဗြောညွန့်" သီချင်း စသည်ကို ဖတ်ရသည့်အခါ လူထုဒေါ်အမာပြုစုရေးသားထားတဲ့ "မြန်မာ့မဟာဂီတ"ဆိုတဲ့ စာအုပ်ထဲက "စိန်ဗေဒါ" ဆိုတဲ့ ခေါင်းစဥ်ကို ပြန်ရှာဖတ်ကြည့်ဖြစ်သွားတယ်။
"မြန်မာ့မဟာဂီတ" ဆိုတဲ့စာအုပ်ထဲမှာ ရွာစားကြီး စိန်ဗေဒါနဲ့ ဒေါ်စောမြအေးကြည်တို့ တီးကြဆိုကြတဲ့အ‌ကြောင်းလေး ပြန်ဖတ်ရတာ အဲဒီပွဲကိုများ အဲဒီတုန်းက မှတ်တမ်းတင်ဗီဒီယိုလေးများကို ဖုန်းလေးနဲ့အလွယ်တကူရိုက်နိုင်တဲ့ အခုလိုခေတ်မျိုးဆိုရင် ဘယ်လောက်များကြည့်လို့ နားထောင်လို့ကောင်းလိုက်လေမလဲလို့ နှမြောမိပါတယ်။
ဒေါ်စောမြအေးကြည်ဆိုတာ မဟာဂီတမိခင်လို့ လူထုဒေါ်အမာက တင်စားပါတယ်။
လူထုဒေါ်အမာရဲ့ အဆိုပါ "မြန်မာ့မဟာဂီတ" ဆိုတဲ့စာအုပ်ကိုလည်း မကြာခဏပြန်ပြန်ဖတ်ရပါဦးမယ်။ ဒီစာအုပ်ကလည်း ကျောင်းစာကြည့်တိုက်တွေမှာ ရှိသင့်တဲ့ စာအုပ်ကောင်းတအုပ်ပါပဲ။
ဒီစာရေးနေရင်းနဲ့ မလှရွှေဆိုထားတဲ့ "မိုးဒေဝါသီချင်း"ကို နားထောင်ဖြစ်ပါတယ်။ မိုးဒေဝါ သီချင်းက ဒေါ်စောမြအေးကြည် ရေးစပ်ခဲ့တာပါ။
မအိပ်မီ စာပြန်ဖတ်သည် သီချင်းနားထောင်ရင်း စာရေးသည်မှ ...
23-Nov-2020
--------------------------------

"ဟေ့ကောင်လေး လုပ်စမ်းပါဦးကွ၊ မင်းရဲ့ ‌ဒေါင်ဒေါင်ဒင်ဒင်လေး"ဆိုပြီး အိမ်သားတယောက်ယောက်က ပွဲတောင်းသည်။ "ဒေါင်ဒေါင်ဒင်ဒင်" ဆိုတာ ဂီတာကိုဆိုလိုခြင်းဖြစ်သည်။

"ဟာ မဒေါင်ဒင်ချင်တော့ပါဘူးဗျာ၊ ကျွမ်းကျွမ်းကျင်ကျင်တီးတတ်တာမှ မဟုတ်ဘဲ၊ နားငြီးနေမှာပေါ့"ဟု သူက အထာကိုင်လိုက်သည်။
"ကျွမ်းကျွမ်းကျင်ကျင်မတီးတတ်ပေမယ့် အိမ်သားတွေထဲမှာ မင်းတယောက်ပဲ တခြားသူတွေထက်သာအောင် တီးတတ်တာပဲ၊ တီးသာတီးစမ်းပါကွာ"
သူကြားချင်တာ ဒီလိုအပြောမျိုးဖြစ်သည်။
မှန်နေသည့်အတွက် ဂီတာအိုလေးယူပြီး နှစ်ပုဒ်သုံးပုဒ်လောက် ဟဲပေးလိုက်သည်။
ဒီအိမ်မှာ သူ့လောက် ဂီတာတီးတတ်သူမရှိ။ သင်တန်းတွင် ဆရာနှင့် စနစ်တကျသေသေချာချာသင်သဖြင့် သုံးလလောက်မှာပင် အတော်အတန်တီးတတ်လာပြီး နောက်ပိုင်းတွင် မအားသဖြင့် သင်တန်းသို့ဆက်မသွားဖြစ်တော့ဘဲ ဟိုတီးဒီတီး ဟိုခေါက်ဒီခေါက်လောက်အဆင့်ဖြင့် ရပ်တန့်နေခဲ့ရသည်။
ဒါက သူ၏ညီ ဂီတာသင်တန်းမတက်မီ အချိန်အထိပဲ ဖြစ်သည်။
ညီဖြစ်သူ ဂီတာသင်တန်းတက်ပြီးချိန်တွင် သူ့ထက် တီးတတ်သည်ကို တွေ့ရသောကြောင့် အိမ်သားထဲရှိ ဂီတာတီးတတ်သူများထဲတွင် ဗိုလ်မစွဲတော့ပဲ ဂီတာသရဖူအား ညီဖြစ်သူသို့ ခဏအပ်နှင်းရလေသည်။
ခဏအပ်နှင်းရသည်ဟုဆိုခြင်းမှာ အချိန်ပေး၍ ဂီတာပညာကို ဆက်လက်ဆည်းပူးဖြစ်ပါက ပိုမိုလက်စွမ်းထက်ပြီး ဆရာကျကျတီးခတ်နိင်မည်ဟု မျှော်လင့်ထားသောကြောင့်ဖြစ်သည်။
သူ၏ညီသည်လည်း သရဖူကို အချိန်ကြာကြာရင်ခွင်ပိုက်ထားနိုင်မည်မဟုတ်။ ၎င်း၏ နောက်မျိုးဆက်များက သူ့ထက်သာလျှင် သာသွားနိုင်သည်။ ထိုသူများထဲမှ စင်ပေါ်ထက်တွင် တီးဝိုင်းဖြင့် တီးခတ်နိုင်သည့်အဆင့်ရှိသူများ ပေါ်ပေါက် လာ မလာ ဆိုသည်ကို မည်သူမှ မခန့်မှန်းနိုင်။
သူကိုယ်တိုင်သည်လည်း ဆရာက ဘေ့စ်(Bass) သင်ပါဟု လမ်းကြောင်းပေးသည်ကို ငြင်းဆန်ပြီး လိဒ်(Lead)ဖက် လိုက်ခဲ့သောကြောင့် ဘေ့စ်ကျော်မောင်ဟု နာမည်ကြီးခွင့်မရတော့သည်သာ ဖြစ်သည်။ ဘေ့စ်သာ သင်ခဲ့ပါက ဒရမ်မာဗုံဗုံတို့တီးဝိုင်းတွင် ဘေ့စ်တီးသူဖြစ်နေမည်လား မပြောတတ်။ ထိုသို့ဆိုလျှင် ယခုလို ကာလမျိုး၌ သောကြာနေ့ညတိုင်း သူ့ကိုတွေ့ရမည်ဖြစ်သည်။ အားပေးမည့်ပရိသတ်တို့၏ ရှေးကုသိုလ်ကံသာလျှင်ဟု မှတ်ယူကြပါကုန်။
မည်သို့ပင်ဆိုဆို အိမ်သားထဲတွင် ဝါးပတ္တလားဖြင့် သီချင်းကြီးနှစ်ပုဒ်မျှ တီးခတ်တတ်သူဟူ၍ မရှိသေး။ ဝါးပတ္တလားတီးတတ်သောစံချိန်ကို ဘယ်သူမှ လာမချိုးသေး။ လောလောဆယ်ဆယ်တွင် ရွှေပြည်ကြီးမှ တကူးတကသယ်ယူခဲ့သော အနှီဝါးပတ္တလားရွက်လေးသည် ဖုန်တက်၍ပင် နေလေသည်။ တရက်ရက်တွင် နေပြ၍ ဖုန်သုတ် ဖုန်ခါကာ "ထံတျာတေရှင်"တီးလုံးဖြင့် ဝန်ကြီးပ‌‌ဒေသရာဇာဂုဏ်ပြုပွဲ ပြုလုပ်ရပေမည်။
မအိပ်မီ ကြွားသည် ရေးသည်မှ ...
19-Nov-2020
--------------------------------
မျက်လှည့်ပြကြည့်တာလေးတခု ပြောပြပါ့မယ်။
စပျစ်သီးတလုံးကို မျက်လှည့်ကြည့်နေသူရှေ့မှာတင် ထက်ဝက်ခြမ်းဖြစ်အောင် သွားနဲ့ကိုက်ပြပြီး နှစ်ခြမ်းလုံးကို တခြမ်းစီ ဝါးစားပြလိုက်တယ်။
"ကဲ စပျစ်သီးလုံးလေးကို ဝါးစားလိုက်တာတွေ့တယ်နော်"ဆိုပြီး ဝါးထားတာတွေကို မျိုချပြလိုက်တယ်။
"ဝါးထားပြီး မျိုချလိုက်တဲ့ စပျစ်သီးကို ပါးစပ်ထဲကနေ ပြန်ထုတ်ပြမယ်"ဆိုပြီး ပါးစပ်ဟကာ စင်းလုံးချော စပျစ်သီးတလုံးကို ထုတ်ပြ လက်ဝါးပေါ်တင်ပြလိုက်တယ်။
ကြည့်နေတဲ့သူ ဟာကနဲ ဖြစ်သွားတဲ့ ပြကွက်။
ဖြည်ပြရရင်တော့ မျက်လှည့်မပြခင်ကတည်းက ပါးစပ်ထဲမှာ တလုံးထည့်ထားပြီးသား။ ဟိုတလုံးကို ဝါးပြတဲ့အချိန်မှာ ပါးစပ်ထဲက ပြန်ထုတ်ပြမယ့်အလုံးကို သွားနဲ့မကြိတ်မိအောင် ကျင့်ထားဖို့လိုတယ်။
အဲ တခုတော့ ပြောပြပါရစေ၊ ဒီပြကွက်က အလွန်ရိုးတဲ့အတွက် ကလေးတွေကိုပဲ ပြဖို့ပေါ့။ ကလေးတွေကတော့ မျက်လှည့်ပြမယ်ဆိုတာနဲ့ ပျော်နေတာပါပဲ။ သူတို့ပြန်ပြတဲ့ ကလေးမျက်လှည့်တွေကိုလည်း ဟာ သိတယ် သိတယ်နဲ့ အလျင်စလို သွားမလုပ်နဲ့၊ ကိုယ့်ပြတဲ့ပြကွက်ကိုလည်း သူတို့က ဟာ သိတယ် သိတယ်ဆိုပြီး ပြန်လုပ်ပြလိမ့်မယ်။
မအိပ်မီ မျက်လှည့်ပြသည် ပြန်ဖြည်သည်မှ ...
17-Nov-2020
--------------------------------

စုံ မ ခွဲပြစမ်းဆို နှစ် လေး ခြောက် ရှစ် တစ်ဆယ်ဆိုတာမျိုးဟာ စုံ၊ တစ် သုံး ငါး ခွန် ကိုး ဆိုတာမျိုးဟာ မ ဟု တန်းဆိုပြကြသည်။

ကဲ လုပ်စမ်းပါ ဒီတခါ၊ even နဲ့ odd ဆိုတာ ခွဲပြပါဆိုသည့်အခါ 2 4 6 8 10 သည် odd ဖြစ်ချင်ဖြစ်သွားတတ်ပြီး 1 3 5 7 9 သည် even number တွေဟု တလွဲပြောတတ်သည်ကို သတိထားမိသော ဆရာမိဘလူကြီးများက အောက်ပါအတိုင်း သင်ပြပေးကြလေသည်။
"even မှာ e ရယ်၊ v ရယ်၊ နောက်ထပ် e ရယ်၊ n ရယ်ဆိုပြီး လေးလုံးရှိတော့ စုံ ပေါ့။
odd မှာ o က တလုံး၊ d က တလုံး၊ ‌နောက်တခါ d က တလုံးဆိုပြီး သုံးလုံးရှိတော့ မ ပေါ့။"
ထို့နောက်တွင် စုံ မ ခွဲပြပါဟု မေးမေး၊ even odd number ရေးပြပါဟု မေးမေး ရှုပ်ထွေးခြင်းမရှိတော့။
ကိန်းများကို စုံ မ ခွဲခြားလိုက်ခြင်းအားဖြင့် အကျိုးသက်ရောက်မှုရှိ မရှိကို ဆက်လက်ဆင်ခြင်ကြပါကုန်။

မအိပ်မီ တွေးသည် ရေးသည်မှ ...
16-Nov-2020

No comments: