ဇာတ်ကား
သံမဏိစည်းမျဉ်းတွေချပြီး၊ ကိုယ်တိုင်ပဲ ဖောက်ဖျက်နေတဲ့ကောင်၊ အခန်းတံခါးအတွင်းဖက်မှာ ကပ်ထားတာလည်း ဖတ်ကြည့်ပါဦး၊ ဘာတဲ့
"ရုပ်ရှင်၊ဗီဒီယို လုံးဝမကြည့်ရ၊ မနက် ငါးနာရီခွဲတွင် အိပ်ရာမှ ထပါ၊ မနက်တိုင်း ဆောင်းပါးတပုဒ် ရေးပါ၊ ညတိုင်း ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပါ၊ နေ့စဉ်မှတ်တမ်းရေးပါ၊ မပျင်းပါနဲ့၊ မပျင်းပါနဲ့၊ မပျင်းပါနဲ့ "
နေ့စွဲလေးတောင် ပါသေး၊ ၁၃-သြဂုတ်-၁၄၊ လက်မှတ်လည်း ထိုးထားပါတယ်။
တကယ့်အဖြစ်က ဒီလို
အလုပ်ပန်းတဲ့ နေ့ကလွဲလို့၊ မအိပ်ခင်မှာ ရုပ်ရှင်တကားတော့ ကြည့်တယ်၊ အဲဒီတော့ မနက် ငါးနာရီခွဲဆိုတာ၊တခါတလေ ထချိန်မဟုတ်တော့ဘူး အိပ်ချိန်၊ အိပ်ပြီဆိုမှ၊ ဘယ်လိုလုပ် ဆောင်ပါးတို့ ဆောင်းပါးတို့ရေးနိုင်တော့မလည်း၊ ညတိုင်း ဆန်းစစ်ဖို့ နေနေသာ၊ယူကျူ ့မှာ ကြည့်ဖို့ ဇာတ်ကားရှာတာနဲ့ ၊ အချိန်ကုန်
မှတ်တမ်းဆိုတာ ခေါင်းထဲမှာပဲ ၊ အကန့်နဲ့ ထားဖြစ်တယ်
ဇာတ်ကားကောင်းတာနဲ့ ခေါင်းထဲက၊ မှတ်တမ်းလည်း ပျောက်ပါတယ်
သုံးကြိမ်တောင် ရေးထားတဲ့ မပျင်းပါနဲ့ စာသား
ဆင်ခြေက ဒီလို
မေယဉ်ရေ ပျင်းလိုက်တာကွာ၊ ဇာတ်ကားကြည့်မယ် အဖော်ညှိ
ကိုယ့်ဖာသာ တယောက်ထဲကြည့်တဲ့
တရားခံက ဇာတ်ကားတွေပဲ၊
ဇာတ်ကား ဇာတ်ကား၊ သင်းတို့ဟာ အဖျက်သမားတွေ
ဘာပဲဖြစ်ဖြစ်၊မနက်ဖြန်က စပြီး လုံးဝ မကြည့်တော့ဘူး
ဒီည မပါပါ။
(၅-ဒီဇင်ဘာ-၁၅)
တမ်းတတိုင်တည်ခြင်း
ပိတောက်ရန့ံတွေ ရတယ်၊
သင်္ကြန်က မကျသေးဘူး
အချစ်ဦးကို ရေလောင်းချင်တယ်။
သင်္ကြန်နဲ့ကင်းကွာ၊နေကိုမနေတတ်ပါ
သိကြားမင်းကြီး ခဏဆင်းလာဗျာ။
နံနက် ၆း၂၅၊ ဧပြီ ၃ ရက်နေ့တွင် ရေးဖွဲ့။ (၂၀၀၈ တုန်းက စပ်ထားတဲ့ ကဗျာဖြစ်ပါတယ်။ ၇ နှစ်မြောက် အမှတ်တရအဖြစ်နဲ့ ပြန်လည်ဖော်ပြခြင်းပါ)
အဟုန်
မိုးရွာတယ် ၊
ထီးက ပါဘူး ၊
အံတင်းကာ မြန်စွာပြေးမယ်၊
လေထဲမှာ မြူး။
(၂၂-၉-၂၀၁၅)
ဧရာဝတီ ညဉ်းချင်း
မိုက်တွင်းနက်အောင်၊ ကိုယ့်ဘာသာ လက်နဲ့တူးကြ၊
ကျည်တောက်တောင် ကောက်သွားပြီ၊ ဖြောင့်ချင်ကြဦး။
နေ့တိုင်း မိုးခါးရေက ငတ်မပြေ၊ ဆားနဲ့ ရောသောက်တယ်။
မျက်ရည်ဆိုတာ၊ ရယ်တဲ့အခါမှာရော ရတာလား
ပြုံးခဲ့ဘူးတယ်တဲ့ ဒီမျက်နှာ၊ အခု ဖော်မရခဲ့၊ ရပြန်တော့လည်း မချိပြုံး။
လမ်းတလျှောက် လာခဲ့ရတာ မောတယ်၊ ဦးခေါင်းက ပြည်မယိုချင်ပါဘူး
နောက်ဆုံးကျတော့၊ မထူးဇာတ်ပဲ ပြန်ကနေကြတာပါလား။ ။
(၁၃-၁-၂၀၁၅)
အားလပ်ရက်
မနက်စာအတွက် ပေါင်မုန့်ကြော်တချပ်၊ လက်ဖက်ရည်တခွက်နဲ့
မပြတ်သေးတဲ့ စာအုပ်ကို လက်ကဖတ်မလို့ပြင်ဆဲမှာပဲ၊
သမီးက အနားကပ်လာတယ်။
ပေါင်မုန့်ကြော်ကို ကြည့်ပြီး ပြုံးနေ၊ ကဲ သမီးရေ ရော့၊ နည်းနည်းဖဲ့ပေး၊ ပျော်သွားတဲ့ပုံစံနဲ့ ပါးစပ်ထဲမှာ ၀ါး၊
လှုပ်လှုပ်ရှားရှား ကစားနေ၊
သိပ်မကြာ အနားလာကပ်၊ သမီးရေ ရော့ ဆိုပြီး နည်းနည်းဖဲ့ပေး
သုံးလေးငါးခါ ရှိတော့မှ သတိထားမိ၊ ဟေ့ ဒါကျတော့ စားသဟဆိုတော့
သမီးအမေလည်း အံ့သြ၊ ပြောပြရင် ဒို့သမီးက လက်ရွေးတယ်ထင်တယ်
ဟုတ်မယ်မထင် ငြင်းမယ်ပြင်တော့
အိမ်ရှင်မလည်း ဇွန်းလေးထဲမှာ ပေါင်မုန့်တဖဲ့ထည့်ပြီး ကျွေး၊
နိုးနိုးနိုးဆိုပြီး ပါးစပ်ကိုပိတ် ခေါင်းခါငြင်း၊
သမီး အဖေ့ဆီလာ ရော့ ဒီမှာစားဆိုကာ အိမ်ရှင်မဆီက
ဇွန်းယူ၊ သမီးက ပြုံးပြ ပေါင်မုန့်ကို ၀ါးဖို့ပြင်၊
သမီးအမေက ပြောရှာပါတယ်
မွေးကတည်းက အခုထိ ပေါင်မုန့်ကြက်ဥကြော် သမီးကို ဖေကျော်က ကျွေးတာ
အခုက ပထမတခါပါပဲတဲ့၊ အရင်တုန်းက သူ့အမေကျွေးနေကြ၊
စားရင်လည်း နည်းနည်းပဲ၊
အေးကွာ ပထမတခါမှာပဲ
ငါလည်း သမီးကို တဝက်ကျွေးရတာနဲ့
တော်တော်ဝသွားပါတယ်
အိုမာခယမ်ရဲ့ နာမည်ကျော်ကဗျာစာသားကိုသွားသတိရ
"စာတအုပ်ရယ် ပေါင်မုန့်တလုံးရယ် ၀ိုင်တခွက်ရယ် အချစ်ရယ်ရှိရင်
ဘဝဟာ ဘယ်လို" ဆိုလား
စာအုပ်ရှိတယ်၊ ပေါင်မုန့်ရှိတယ်၊ အမယ် ကြက်ဥနဲ့နှစ်ကြော်ထားတဲ့
ပေါင်မုန့်ကြက်ဥကြော်၊ ၀ိုင်တခွက်အစား လက်ဖက်ရည်တခွက်ပေါ့၊
ဒီမနက်စာကတော့ အမှတ်တရပါပဲ၊
ကဲ အိမ်ရှင်မရေ ..
နေ့လည်စာအတွက်၊အမီချက်ရန်
လာ .... သမီး၊ တွန်းလှည်းစီးပေတော့
မနှေးရအောင်၊ အနီးအနား စျေးဆီသို့
ပြေးပြေးပြီး သွားကြပါစို့
ကွယ် ..... ....
အိမ်ရှေ့တံခါးကိုဖွင့် ။

သင်္ကြန်ပလေးဘက်
မုန့်လုံးဆို ရေပေါ်
ဒီဖေကျော် အလွန်ကြိုက်
သင်္ကြန်မှာ သူ မအိုက်တယ်
ရေပုံးကိုပိုက်။
တစီးမှ အလွတ်မပေး
အငြိုးတေး လုံးဝမပါ
သည်အခါ သည်ကာလ
ညအမှောင်
ယောင်ယောင်သန်းလေမှ
ရေပုံးကိုချ။
သင်္ကြန်တွင်းမို့
သင်္ကြန်ထမင်း သင်္ကြန်ဟင်းစား
သင်္ကြန်သီချင်းနားထောင်
သင်္ကြန်အကကြည့်
သင်္ကြန်ပီတိတွေနဲ့
သင်္ကြန်စာတွေဖတ်
သင်္ကြန်တွေအကြောင်း ပြန်ပြောင်းပြောကြ
သင်္ကြန်ဇာတ်လမ်းထဲက
သင်္ကြန်မှာ မပျော်ရ
သင်္ကြန်မှာ မပါးရ
ဖလန်းဖလန်းမထရရှာတဲ့
သင်္ကြန်ချစ်တဲ့သူတယောက်အကြောင်း
စာနာကာ ကရုဏာသက်။
နောက်တနေ့မနက်
နေလည်းထွက်ရော
ခပ်မိုက်မိုက်ဒီဇိုင်းထွင်ကာ
အကြင် သင်္ကြန်ပိုးထသူသည်
ရေကစားရန် ပြင်ပါတော့သည်
ဘယ်သူ ဆူဝံ့ ဟန့်ဝ့ံပါမည်နည်း ။
(သင်္ကြန်အကျနေ့ ၁၃၇၇/၇၈)
တိမ်ထုကြီး တောက်ပြနေတာမြင်လည်း
ဖုန်းကင်မရာလေးချိန်ပြီး
လွမ်းလိုက်ရတာပဲ
ငွေလ ကွေးကွေးလင်းနေလည်း
ဖုန်းကင်မရာမှာ မသဲကွဲပေမယ့်
လွမ်းလိုက်ရတာပဲ
မြင်သမျှ လွမ်းရအောင်လည်း
သဘာဝက ဖန်တီးပေးတာ မဟုတ်
တခါလွမ်းရင်
သက်တမ်းတရက်လျော့သတဲ့
အဲဒီတော့
လွမ်းစရာတွေ့တိုင်း
ဟားတိုက်ရယ်မောကြရမပေါ့
ရယ်မောခြင်းသည် အကောင်းဆုံးဆေးလို့ ဆိုသကိုး
တခါရယ်တိုင်း
ပါးနှစ်ဖက်က အညောင်းခံရတာကို
သွားတက်တွေက သဘောကျပါတယ်။
ကြာပေါ်
၂၅-မေ-၂၀၂၃
No comments:
Post a Comment