Showing posts with label အသုံးကျရဲ့လား. Show all posts
Showing posts with label အသုံးကျရဲ့လား. Show all posts

May 12, 2018

စည်းကမ်းဆိုတာ





















ရုံးကိုသွားတဲ့ ခရီးမှာ ရုံးမရောက်ခင် ရထားဘူတာရောက်တဲ့အခါ ဘတ်စ်ကားထပ်စီးရပါသေးတယ်။ အဲဒီကားကို ဂိတ်စကနေ စီးရပါတယ်။ ကားဂိတ်မှာ ကားစီးဖို့ တန်းစီစောင့်နေသူတွေဟာ မနက်ပိုင်း ၈ နာရီနဲ့ ၈ နာရီ ၄၅ မိနစ်ကြားမှာဆိုရင် နှစ်ထပ်ကားတစ်စီးစာထက်ပိုပါတယ်။ နှစ်ထပ်ကားတစ်စီးဟာ အပေါ်ထပ်မှာ တင်နိုင်တဲ့ ခရီးသည် အရေအတွက်က ၅၅ ယောက်ဖြစ်ပါတယ်။ အဲဒီ ၅၅ ယောက်ဆိုတာက ထိုင်စီးခရီးသည်ဖြစ်ပြီး အောက်ထပ်မှာတော့ ထိုင်စီးတင်မက မတ်တပ်ရပ်လည်းစီးလို့ရပါတယ်။

အဲဒီကားဂိတ်နဲ့ နီးနီးနားနားမှာ ဘတ်စ်ကားမှတ်တိုင်တစ်ခုရှိပါတယ်။ ဘတ်စ်ကားပေါ်ကနေ ဆင်းလာကြတဲ့ခရီးသည်တွေဟာ မှတ်တိုင်ကနေ ဘူတာရုံကိုပဲဖြစ်ဖြစ် ခုနက ပြောတဲ့ ဘတ်စ်ကားဂိတ်ကိုပဲဖြစ်ဖြစ် သွားတဲ့အခါ လမ်းတစ်လမ်းကို ဖြတ်ကူးရပါတယ်။ တစ်လမ်းမောင်းဖြစ်တဲ့ အဲဒီလမ်းဟာ ကားဂိတ်က ကားတွေ ခရီးသည်တင်ပြီး ထွက်လာတဲ့ လမ်းပေါ့။

လမ်းသွားလမ်းလာများ အဆင်ပြေစေဖို့ မီးပွိုင့်လည်း ရှိပါတယ်။ မီးပွိုင့်စိမ်းပြီး လူလမ်းလျှောက်နေတဲ့ သင်္ကေတလေး မီးပွိုင့်မှာ ပေါ်လာရင် လမ်းဖြတ်ကူးလို့ရပါတယ်။ အဲဒီမှာ မီးပွိုင့်ရောက်တဲ့အခါ ပြုမူကြတဲ့ အပြုအမူပေါ်မူတည်ပြီး လမ်းသွားလမ်းလာတွေကို အုပ်စုခွဲလိုက်ရင် သုံးမျိုးရပါတယ်။

ပထမတစ်မျိုးက မီးပွိုင့်စိမ်းတာကို စောင့်ပြီး ကူးတဲ့သူ အုပ်စုပါ။ သူတို့က အေးအေးဆေးဆေးပါပဲ။ မီးပွိုင့်နီနေရင် ကားရှင်းရှင်း မရှင်းရှင်း မကူးတဲ့သူတွေ။ မီးပွိုင့်စိမ်းတာကို စောင့်ပြီးမှ လမ်းကူးတဲ့သူတွေ။

ဒုတိယတစ်မျိုးက မီးပွိုင့်စိမ်းတာတွေ နီတာတွေ သိပ်မစဉ်းစားဘူး။ ကားရှင်း မရှင်းကြည့်ပြီး ကားရှင်းတာနဲ့ ကူးတဲ့သူတွေ။ သူတို့ရဲ့အတွေးအခေါ်က မီးပွိုင့်နီနေတာတော့ဟုတ်တယ်၊ ဒါပေမဲ့ ဘတ်စ်ကားလည်း မရှိဘူး၊ ဘာကြောင့် စိမ်းတာကို စောင့်ရမှာလဲ၊ နီလည်း ကူးမယ်ဆိုတဲ့ သူတွေပါ။

နောက်ဆုံးဖြစ်တဲ့ တတိယတစ်မျိုးက နီနေရင် မကူးသေးဘဲ ခဏစောင့်ကြည့်တယ်။ မီးပွိုင့်ကလည်း စိမ်းဖို့ ကြာလာ၊ ဖြတ်သွားတဲ့ ဘတ်စ်ကားကလည်း မရှိတဲ့အခါ၊ နောက်တခုက အလျင်လိုတဲ့အခါ (အလျင်လိုတယ်ဆိုတာက စီးမယ့်ဘတ်စ်ကား ဂိတ်ကို ဆိုက်လာတာမျိုး၊ ရထားမီအောင် ဘူတာကို ပြေးရတာမျိုးကို ဆိုလိုတာပါ) မီးပွိုင့်မီးနီလည်း ဖြတ်ကူးလိုက်တဲ့သူတွေ။ သူတို့တွေက အခြေအနေ နည်းနည်းကြည့်တဲ့ လူမျိုးပေါ့။ ဒုတိယလူမျိုးထက်စာရင် သူက ခဏစောင့်ကြည့်တယ်ဆိုတဲ့အပိုင်းလေးပဲ ပိုတယ်။

ကျနော်က သုံးမျိုးစလုံးမှာ ပါတယ်။ အများအားဖြင့် ပထမတစ်မျိုးထဲ ပါအောင် ကြိုးစားနေတုန်းရှိပါတယ်။

တရက်ကတော့ အဲဒီလမ်းကို ဖြတ်ကူးဖို့ ဖြစ်လာတော့ အများနဲ့အတူ လျှောက်လာရင်း မီးပွိုင့်ဆီရောက်တဲ့အခါ မီးက နီနေတယ်၊ ဘတ်စ်ကားက သူ့ဘက်က စိမ်းနေတဲ့အခါ မီးပွိုင့်မှာ ဘယ်ဖက်ကို ကွေ့ဖို့ ကြိုးစားနေတယ်။ ဒုတိယအုပ်စုထဲမှာ ပါတဲ့ လူတွေက ဘတ်စ်ကားနောက်ကနေ ဖြတ်ကူးကြတယ်။ မီးပွိုင့်က နီနေတုန်း။ ကျနော်လည်း စစချင်း မကူးဖြစ်သေးဘူး။ အခြေအနေကြည့်ပါတယ်။ တတိယအုပ်စုထဲပါသွားတယ်ပေါ့။ ကားဂိတ်လှမ်းကြည့်တော့ စီးမယ့်ကားက ဂိတ်ကို ဝင်လာနေပြီ။ ကဲ ငါလည်း ဖြတ်ကူးမှပဲဆိုပြီး လမ်းဖြတ်ကူးပါတယ်။ အတူတူကူးလာတဲ့သူ နှစ်ယောက်သုံးယောက်လောက်ရှိမယ် ထင်ပါတယ်။ လမ်းက ဘတ်စ်ကားနှစ်စီးစာ ယှဉ်မောင်းလို့ရတဲ့ အကျယ်ရှိပါတယ်။ လမ်းကူးပြီးမှ စောစောက ကွေ့ဖို့ပြင်နေတဲ့ ဘတ်စ်ကားကြီးကို လွန်တဲ့အခါမှာ ယူနီဖောင်းဖြူဝတ်ထားတဲ့ ပုဂ္ဂိိုလ်နှစ်ယောက်ကို လှမ်းမြင်လိုက်ရတယ်။ ယာဉ်ထိန်းရဲတွေပါ။ သူတို့က ဘာမှမပြောတဲ့အခါ ဘယ်လိုတုန်းဟ လို့တောင် တွေးမိပါသေးတယ်။ သူတို့တည့်တည့် မီးနီဖြတ်ကူးမိတာပါပဲ။ (ဆက်ဖတ်ကြည့်ရင် ဘာကြောင့်လဲဆိုတာ အဖြေပေါ်နိုင်ပါတယ်)

ဘတ်စ်ကားကို မီပါတယ်။ အပေါ်ထပ်မှာ ထိုင်ပါတယ်။ အဲဒီဘက်ကနေ မီးပွိုင့်နေရာကို ကောင်းကောင်းမြင်ရပါတယ်။ အဲဒီအခါမှာ ယာဉ်ထိန်းရဲကနေ လူတစ်ယောက်ကို လက်ပြတားပြီး အသေအချာ ရှင်းပြနေတာ တွေ့လိုက်ရပါတယ်။ ခြေဟန်လက်ဟန်ကြည့်ရတာမှာ ခင်ဗျား မီးပွိုင့်နီနေတာကို လမ်းဖြတ်ကူးလာတယ်။ ဒါက မကူးရဘူး။ နောက် မကူးပါနဲ့၊ စည်းကမ်းလိုက်နာပါ လို့ ပြောနေပုံပါပဲ။ ရှင်းပြပြီးတဲ့အခါ ဟိုလူကလည်း လက်မတွေထောင်ပြီး ကျေးဇူးတင်တဲ့ပုံစံပြောနေတာ တွေ့ပါတယ်။

စီးတဲ့ကားက အောက်ထပ်မှာ ခရီးသည်တွေ တင်နေတုန်းပါ။

အဲဒီတယောက် ပြီးသွားတဲ့အခါ ယာဉ်ထိန်းရဲလည်း မတ်တပ်ရပ်နေပါတယ်။ သူရပ်နေတဲ့နေရာကနေ လူတွေဟာ သူရှေ့မှာတင်ပဲ မီးပွိုင့်နီနေလျက်သားနဲ့ အခြားတဖက်ကို ဖြတ်ကူးသွားကြပြန်ပါတယ်။ သူ့ဆီကို ကူးလာတာက နှစ်ယောက်ပါ။ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်။ ကျောပိုးအိတ်ကြီးကို ပိုးထားတဲ့ အမျိုးသမီးကို ဘာမှ မပြောဘဲ အမျိုးသားကိုတော့ လက်တားကာ ပညာပေးပါတယ်။ ပညာပေးတယ်ဆိုတာ စောစောက တစ်ယောက်ကို ရှင်းပြသလိုမျိုးပါ။ ပညာပေးခံရတဲ့ လူကလည်း နည်းနည်းတော့ စောဒက တက်ချင်ပုံရပါတယ်။ တစ်ဖက်ကို ကူးသွားတဲ့လူတွေကြတော့ ဘာမှ မပြောဘူး ဆိုချင်တဲ့ ပုံစံမျိုးပေါ့။

အဲဒီအချိန်မှာပဲ ဘတ်စ်ကားက ကားဂိတ်ကနေ စထွက်ပါတော့တယ်။

ဒီနေ့မနက်တော့ ပထမတစ်မျိုးဖြစ်အောင် ကြိုးစားမယ်ဆိုပြီး ကားဂိတ်မှာ ဘတ်စ်ကားဆိုက်လာတာတွေ့ပေမယ့် မီးစိမ်းအောင်စောင့်ပြီးမှ ကူးပါတယ်။ ယာဉ်ထိန်းရဲမရှိပါ။ တစ်ဖက်က ကူးလာတဲ့လူတစ်ယောက်ကလည်း မီးပွိုင့်စိမ်းတာကို အတော်ကြာအောင် စောင့်ပြီး ကူးတဲ့သူပါ။ ဒုတိယအုပ်စုနဲ့ တတိယအုပ်စုထဲမှာတော့ လူအတော်များတာ လေ့လာမိပါတယ်။

ကဲ ကျနော့်မိတ်ဆွေများလည်း ဘယ်အမျိုးအစားထဲမှာများ ပါဝင်နေကြသလဲဆိုတာ တစ်ဆိတ်လေး ဖြေကြည့်ကြပေါ့။

ကျော်မောင်(တိုင်းတာရေး)
၅-ဧပြီ-၂၀၁၈

(ပုံကတော့ အဲဒီလမ်းကို ရိုက်ထားတဲ့ပုံမဟုတ်ပါဘူး၊ ဒါပေမဲ့ ပုံမှာပါတဲ့ မီးပွိုင့်မှာတွေ့ရမယ့် မတ်တပ်ရပ်နေတဲ့ လူပုံစံက လမ်းဖြတ်မကူးရဆိုတဲ့ သင်္ကေတဖြစ်ပြီး လမ်းလျှောက်နေတဲ့ပုံကတော့ လမ်းဖြတ်ကူးလို့ရပြီဆိုတဲ့ သင်္ကေတပါ)

Nov 19, 2017

ပတ်ချာလည်

တနေ့မှာ အရံဟင်းအနေနဲ့ ချဉ်ပေါင်ချဉ်ရည်ဟင်းကို ကလေးအမေက ချက်ကျွေးပါတယ်။ ကလေးအဖေက ညစာစားရင်းနဲ့ ဒီလိုပြောမိတယ်။

"ချဉ်ပေါင်ဟင်းမှာ မျှစ်လေး တစ်ဖက်နှစ်ဖက်လောက်ပါရင် ပိုကောင်းမယ်ကွာ"။

ချဉ်ရည်ဟင်းကို ဇွန်းနဲ့ ခပ်သောက်ရင်း တစ်ခွန်းမက ဆိုမိတာ။ အဲဒီမှာ ထမင်းစားရင်းနဲ့ ကလေးအဖေနဲ့ ကလေးအမေ ဒီလို ဒိုင်လေးတွေ ပြောဖြစ်ကြတယ်။

"အင်းလေ နောက်တစ်ခါချက်ရင် မျှစ်ထည့်ချက်တာပေါ့"

"မျှစ်ထည့်တာတော့ ဟုတ်ပါပြီ။ ချဉ်ပေါင်ထပ်ဝယ်ရမယ်ထင်တယ်။ ချဉ်ပေါင်ကလည်း အိမ်နားဆိုင်မှာ ရှိတချက် မရှိတချက်နဲ့"

"အခုချက်ပြီးတာတောင် ချဉ်ပေါင်က တစ်စည်းပိုသေးတယ်လေ။ ထပ်ဝယ်ဖို့ မလိုတော့ဘူး"

အဲဒါနဲ့ နောက်နှစ်ရက်မြောက်မှာ ချဉ်ပေါင်နဲ့မျှစ်ချဉ်ရည်ဟင်း စားရပါတယ်။ ဟင်းထည့်ပန်းကန်လုံးထဲမှာ ချဉ်ပေါင်နဲ့မျှစ် ဒန့်နေကြသလိုပါပဲ။ ငရုတ်သီးစိမ်း ပင်နံသီးလေးတွေကလည်း တချက်တချက် ဝင်ဝင်စပ်ပါသေးတယ်။

စားရင်းသောက်ရင်းနဲ့ ဒိုင်တွေ ပစ်ကြပြန်ပါတယ်။

"ချဉ်ဟင်းက သောက်လို့ကောင်းကွာ၊ မျှစ်လေးတွေလည်း ပါတော့။ ဒါနဲ့ မျှစ်က ဘယ်ကသွားဝယ်လိုက်သလဲ"

"မြို့ထဲ မသွားဖြစ်တော့ ဟိုဘက်လမ်းကူးပြီး ကုန်စုံဆိုင်ကြီးဆီကနေ ဝယ်လိုက်တယ်၊ မြန်မာမျှစ်တော့ ဘယ်ဟုတ်ပါ့မလဲ၊ စားရတာတော့ အဆင်ပြေတယ်မဟုတ်လား"

"အား ... ပြေတယ် ပြေတယ်၊ ဒါမျိုး စားရတာ ကောင်းတယ်။ ဒီနိုင်ငံက လူတွေတော့ ဒါမျိုးစားဖူးကြမှာ မဟုတ်ဘူး။ ဒီလောက်ကောင်းတဲ့ အရသာကို ဒို့တတွေပဲ သိတာ"

"ဝယ်ကောင်းကောင်းနဲ့ ဝယ်ထားလိုက်တာ မျှစ်တောင် ပိုသေးတယ်။ ချဉ်ပေါင်ကတော့ ဟိုတစ်ခါက ပိုတဲ့ တစ်စည်းကို ချက်လိုက်တာဆိုတော့ မရှိတော့ဘူး"

"အေးပါကွာ၊ ရုံးက အပြန် ကြုံတဲ့အခါ ချဉ်ပေါင်ရွက်တွေ့ရင် ဝယ်ခဲ့လိုက်မယ်"

အဲဒီလိုနဲ့ ... ရက်အနည်းငယ်အကြာ ....

ဒီတစ်ခါတော့ ဒိုင်မပစ်တော့ဘဲ ဖုန်းအချင်းချင်း စာလုံးပစ်ကြပါတယ်။

"ကလေးအမေရေ ... ချဉ်ပေါင်ဟင်းချက်စားကြဦးမလား၊ ရုံးကနေ မကြာခင်ပြန်တော့မယ်"

"ဝယ်ခဲ့ ကလေးအဖေ .... ချဉ်ရည်ဟင်းမချက်ဘဲ မျှစ်နဲ့ရောကြော်မယ်လေ ဒီတစ်ခေါက်တော့"

"အိုကေ"

ချဉ်ပေါင်ရွက်ကြီးတွေ အတော်ဖားတာတွေ့တာနဲ့ အားရဝမ်းသာစွာပဲ နှစ်စည်းဝယ်လိုက်ပါတယ်။ အဝသာ ကြော်ပေတော့ ကလေးအမေရေပေါ့။

"ဟင် .. ချဉ်ပေါင်က နှစ်စည်းတောင်မှ"

"ဟုတ်တယ် မျှစ်ပိုတယ်ဆို၊ အဲဒါနဲ့ ရောကြော်လိုက်ကြတာပေါ့"

"ဒါပေမဲ့ မျှစ်က တစ်ထုပ်ပဲ ကျန်တော့တာ"

"ကြည့်သာ စီစဉ်လိုက်ပါ ကလေးအမေရာ"

နောက်တစ်နေ့ ရုံးကအပြန် အိမ်အရောက် ...

"ချဉ်ပေါင်ကြော်န့ံ သင်းပျ့ံနေပါလား၊ စားကြမယ်ဟေ့"

"ဟား ... ဒီတစ်ခါ အတော်များတာပဲ၊ မျှစ်ထည့်လိုက်လို့ များသွားပုံပဲ"

"ချဉ်ပေါင်တစ်စည်း ကျန်သေးတယ်လေ၊ နှစ်စည်းဆိုရင် မျှစ်နဲ့ မမျှဖြစ်နေမှာ"

"ဒါဆို မျှစ်ဝယ်ရဦးမှာပေါ့"

ထိုသို့ဆိုရင်း ကလေးအဖေလည်း ချဉ်ပေါင်ပြုံးပြုံးကာ မျှစ်တစ်ဖက်ကို ဇွန်းနဲ့ ခပ်၍ ပါးစပ်ထဲထည့်ပြီး အသာအယာဝါးနေပါတော့သတည်း။


ကျော်မောင်(တိုင်းတာရေး)
၁၀-နိုဝင်ဘာ-၂၀၁၇

Oct 15, 2017

ဘယ်လိုမေးမလဲ

ခင်ဗျားဟာ အခန်းတစ်ခုထဲမှာ ပိတ်မိနေတယ်ဆိုပါစို့။ အခန်းထဲမှာ တံခါးနှစ်ခုရှိတယ်။ တစ်ခုက သေခြင်းကို ဖြစ်စေတဲ့ တံခါးဖြစ်ပြီး ကျန်တစ်ခုက လွတ်မြောက်ခြင်းကို ဖြစ်စေတဲ့ တံခါးဖြစ်တယ်။ သဘောက သေခြင်းဆိုတဲ့တံခါးကို ဖွင့်ပြီးထွက်ခဲ့ရင် သေခြင်းနဲ့ ကြုံရမှာဖြစ်ပြီး လွတ်မြောက်ခြင်းတံခါးကို ဖွင့်ပြီးထွက်နိုင်ခဲ့ရင်တော့ အခန်းထဲကနေ လွတ်မြောက်မှာဖြစ်ပါတယ်။

အခန်းထဲက တံခါးတစ်ခုစီရဲ့ အနားမှာ ဖုန်းတစ်လုံးစီရှိကြတယ်။ တံခါးတွေရဲ့ တဖက်ခြမ်း၊ အခန်းအပြင်ဘက်စီမှာ လူတစ်ယောက်စီထိုင်နေကြတယ်။ အဲဒီလူနှစ်ယောက်မှာလည်း တစ်ယောက်က အမြဲတမ်းမှန်မှန်ကန်ကန်ပြောတဲ့သူဖြစ်ပြီး ကျန်တစ်ယောက်က အမြဲလိုလို မမှန်မကန်ပြောတဲ့သူဖြစ်တယ်။ ဖုန်းတွေထားတဲ့ရည်ရွယ်ချက်က အဲဒီလူနှစ်ယောက်ထဲက တစ်ယောက်ယောက်ကို အခန်းထဲမှာရောက်နေတဲ့လူက ဆက်သွယ်မေးမြန်းနို်င်ဖို့ဖြစ်တယ်။ အခန်းအပြင်ဘက်က လူနှစ်ယောက်ရှိရာမှာ ကြိုက်ရာလူတစ်ယောက်နဲ့ ဆက်သွယ်စကားပြောဆိုခွင့် ရမှာဖြစ်ပြီး မေးခွန်းတစ်ခွန်းသာ မေးခွင့်ရှိတယ်။ အပြင်က လူနှစ်ယောက်က ဘယ်ဟာ သေခြင်းတံခါး၊ ဘယ်ဟာ လွတ်မြောက်ခြင်းတံခါးဆိုတာကို သိတဲ့သူများ ဖြစ်တယ်လို့ ဆိုတယ်။

သေခြင်းတံခါးကို အဖြူရောင်သုတ်ထားပြီး ၊ လွတ်မြောက်ခြင်းတံခါးကို အနက်ရောင်သုတ်ထားတယ်။ အခန်းထဲက လူက ဘယ်ဟာ သေခြင်းတံခါး၊ ဘယ်ဟာ လွတ်မြောက်ခြင်းတံခါးဆိုတာ မသိဘူး။ သူမြင်ရတဲ့ အဖြူရောင်တံခါး၊ အနက်ရောင်တံခါးအနေနဲ့ပဲသိတယ်။

အခု သူလွတ်မြောက်ရေးအတွက် ဘယ်တံခါးကို ဖွင့်ရမလဲဆိုတာ သူမသိဘူး။ မသိတဲ့အတွက် မေးနိုင်အောင် တံခါးတွေအနီးက ဖုန်းတွေသုံးပြီး အပြင်က လူနှစ်ယောက်ရှိတဲ့အထဲက တစ်ယောက်ကိုသာ မေးရတော့မယ်။ လူနှစ်ယောက်ကိုလည်း ဘယ်သူက မှန်မှန်ကန်ကန်ပြောတဲ့သူ၊ ဘယ်သူက မမှန်မကန်ပြောတဲ့သူဆိုတာ သူမသိဘူး။ ဘယ်လိုမေးမလဲ။ တစ်ယောက်ထဲကိုသာ မေးနိုင်တာဖြစ်ပြီး တစ်ခွန်းသာမေးနိုင်တာဖြစ်တယ်။ 
အဲဒီမှာ စဉ်းစားနည်း၊ မေးနည်းကို စကြည့်ရအောင်ပါ။ ဘယ်လိုမေးခွန်းမျိုးကို မေးကြမှာလဲတဲ့။

အများမေးမယ့် မေးခွန်းက “ဘယ်တံခါးဟာ လွတ်မြောက်ခြင်းတံခါးဖြစ်မလဲ” ဆိုတဲ့မေးခွန်းဖြစ်မှာပါပဲ။ ဒါဟာ အတော်ရိုးတဲ့ မေးခွန်းဖြစ်တာကြောင့်ဖြစ်ပါတယ်။

အဲဒီလိုမေးရင် ကိုယ်မေးတာခံရတဲ့သူဟာ မှန်ကန်တဲ့သူဆိုရင်တော့ အမှန်ကိုပြောတာနဲ့ ကြုံမှာပဲ။

ဒါပေမဲ့ အမှားပြောတဲ့သူနဲ့ ကြုံလိုက်ရရင်တော့ သေခြင်းတံခါးကို သွားဖွင့်ခိုင်းမှာပါပဲ။ အမေးခံရတဲ့သူအပေါ်မူတည်ပြီး မတူညီတဲ့ အဖြေကို ရနိုင်ပါတယ်။

ဒါဆို ဘယ်လိုမေးရမလဲ။

ဘယ်လိုမေးရမလဲဆိုတော့ တံခါးတွေရဲ့အကြောင်းကို သိထားတဲ့သူနှစ်ယောက်ထဲက တစ်ယောက်ကို ဒီလိုမေးရပါမယ်တဲ့။

“ဟိုတစ်ယောက်ဆိုရင် ဘယ်တံခါးကို ညွှန်ပြမှာလဲ” ဆိုတဲ့ မေးခွန်းကို မေးရမှာဖြစ်တယ်လို့ ပြောပါတယ်။

အမေးခံရတဲ့သူက မှန်ကန်တဲ့သူဆိုရင် ဘယ်လိုဖြေမလဲဆိုတော့ တစ်ခြားတစ်ယောက်ဆိုရင် သေခြင်းတံခါးဖြစ်တဲ့ အဖြူရောင်တံခါးကို ညွှန်ပြမယ်လို့ ဖြေမှာ ဧကန်ပါပဲ။ ပြောင်းပြန်ပြန်ယူရင် သူသာပြောခွင့်ရရင် လွတ်မြောက်ခြင်းတံခါးဖြစ်တဲ့ အနက်ရောင်တံခါးကို ညွှန်ပြပြောပြမှာပါပဲ။ သူဟာ မလိမ်တဲ့သူဖြစ်လို့ သူအမှန်သိထားတဲ့အတိုင်း ဘယ်တံခါးက လွတ်မြောက်ခြင်းတံခါးဆိုတာ သိတဲ့အတွက် သိတဲ့အတိုင်း အမှန်ပြောမှာဖြစ်ပါတယ်။ အခုတော့ သူ့အတွက်ဖြေခိုင်းတာမဟုတ်ဘဲ တခြားတယောက်ဆိုရင် ဘယ်လိုဖြေလိမ့်မလဲလို့ မေးတဲ့အတွက် သူမဖြေတဲ့ အဖြေ၊ လိမ်ပြောတဲ့သူဖြေမယ့်အဖြေကို ဖြေပေးလိုက်တာဖြစ်ပါတယ်။ သူဆိုရင် မှန်တာကို ဖြေမယ်၊ သူမဟုတ်တဲ့အတွက် မှားတာကို ဖြေနိုင်တာပဲလို့ ပြောမှာပါပဲ။

အမေးခံရတဲ့သူက မမှန်မကန်တဲ့သူဖြစ်ရင်ရောတဲ့။

“တစ်ခြားတစ်ယောက်ဆိုရင် ဘယ်တံခါးကို ညွှန်ပြမှာလဲ” ဆိုတဲ့ မေးခွန်းကို သေခြင်းတံခါးကိုပဲ ညွှန်ပြပါလိမ့်မယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့ သူက ဒီလိုဖြေဖြစ်လည်း ဆိုတော့ လိမ်တဲ့သူဟာ သူလိမ်ကြောင်းမပြချင်လို့ပဲဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ မှန်ကန်တဲ့သူဟာ လွတ်မြောက်ခြင်းတံခါးကို ပြောမှာဖြစ်တယ်လို့ သူပြောမှာ မဟုတ်တဲ့အတွက်ကြောင့်ပါပဲ။ သူက လိမ်မယ့်သူကိုး။

အဲဒါကြောင့် မေးခွန်းတစ်ခွန်းသာ မေးခွင့်ရမယ်ဆိုရင် ဘယ်သူ့ကိုပဲ မေးမေး “ဟိုတစ်ယောက်ဆိုရင် ဘယ်တံခါးကို ညွှန်ပြမှာလဲ” ဆိုတဲ့မေးခွန်းကို မေးလိုက်ရင်ဖြင့် သေခြင်းတံခါးဆိုတဲ့ တံခါးကို သေချာပေါက်သိနိုင်မှာဖြစ်ပြီး အဖြေရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လွတ်မြောက်ခြင်းတံခါးကို ရဲရဲဝံ့ဝံ့ ဆွဲဖွင့်နိုင်လိမ့်မယ်လို့ ပြောထားပါတယ်။

ကျော်မောင်(တိုင်းတာရေး)

ဝန်ခံချက်။ ။ “100 Essential Things You Didn’t Know You Didn’t Know” ဆိုတဲ့ စာအုပ်ထဲက ပထမဆုံးဖတ်ဖြစ်ခဲ့တဲ့ “The Wonders of Tautology” ဆိုတဲ့ ဆောင်းပါးကို ကောက်နုတ်ဖော်ပြပါတယ်။ Professor John D. Barrow ရေးသားပြုစုပါတယ်။ စာကြည့်တိုက်က ငှားလာတဲ့ အဲဒီစာအုပ်ထဲက အဆိုပါ ဆောင်းပါးကိုဖတ်ပြီး Tautology (Logic) ဆိုတာကို အင်တာနက်ပေါ်မှာ သဘောလောက်ဆက်လက်လေ့လာကြည့်ဖြစ်သွားပါတယ်။

Jul 16, 2017

ကစားနည်း (၁)

The Hive @ NTU
ကလေးနဲ့ ကစားတဲ့ ကစားနည်း တစ်ခုပါ။ လူငယ်တွေ လူကြီးတွေလည်း ကစားနိုင်ပါတယ်။ အသစ်မဟုတ်ပါ။ အဟောင်းပါ။ ကစားနည်း အဟောင်းပါ။ ကစားဖူးကြမှာပါ။

ပါဝင်တဲ့ ပစ္စည်းတွေက အိပ်ရာ၊ စောင်၊ ခေါင်းအုံး၊ ဖက်လုံး၊ စာရွက်၊ သတင်းစာ၊ ခဲတံ ဖြစ်ပါတယ်။ နှစ်ယောက်ကနေ အများကစားနိုင်ပါတယ်။ 
ကစားနည်းက ဒီလိုပါ။

ခဲတံဖွက်တဲ့ကစားနည်းပါ။ ခဲတံနေရာမှာ တခြားအရာတခုခုနဲ့ အစားထိုးနိုင်ပါတယ်။ ခဲတံက ကလေးတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒီမှာတော့ ခဲတံနဲ့ ကစားပါတယ်။

ခဲတံကို တယောက်က ဖွက်ရပါမယ်။ အိပ်ရာပေါ်မှာပဲ ဖွက်ရပါမယ်။ ဖွက်တဲ့အခါ ခေါင်းအုံး၊ စောင်၊ဖက်လုံး၊ စာရွက်၊ သတင်းစာစတာတွေသုံးပြီး ဖွက်နိုင်ပါတယ်။ တယောက်က ဖွက်နေတဲ့အခါ ကျန်သူတွေက မျက်စိမှိတ်ထားရပါမယ်။ ဖွက်လို့ပြီးတာနဲ့ ရှာလို့ ရပါပြီ။

သဲလွန်စ ပေးနိုင်ပါတယ်။ ခေါင်းအုံးတွေ အောက်မှာလား၊ စောင်တွေထဲမှာလား၊ အိပ်ရာအောက်မှာ မဖွက်ဘူး စသဖြင့်ပေါ့။ ဖွက်မယ့်အရာကို အိပ်ရာမှအပ တခြားနေရာမှာ ဖွက်လို့ မရပါဘူး။

နောက်တခါ ဖွက်တဲ့သူရဲ့ ကိုယ်ပေါ်မှာ ဖွက်ထားနိုင်ပါသေးတယ်။ 
လိုက်ရှာတဲ့ကလေးဟာ သူရှာနေတဲ့ ပစ္စည်းကို တွေ့သွားတဲ့အခါ အလွန်ပျော်မြူးလေ့ရှိပါတယ်။

သူတွေ့သွားတဲ့အခါမှာ သူ့ကို ထိုအရာဖွက်လိုက်ပါလို့ ပြောပါ။ သူဖွက်နေတဲ့အခါ ကျန်သူတွေက မျက်စိမှိတ်ပေးထားရပါမယ်။

သူ့အတွေးအခေါ်လေးသုံးပြီး နေရာရှာဖွက်ပါလိမ့်မယ်။ အဲဒီမှာ ကလေးနဲ့ကစားတဲ့ လူကြီးမှာ ပြုလုပ်ရမှာလေး ရှိပါတယ်။

လူကြီးဆိုတဲ့အတွက် ကလေးဖွက်ထားတဲ့ ပစ္စည်းကို ဘယ်နေရာမှာ ဘယ်လိုရှာရမယ်ဆိုတာ အလွယ်လေးဖြစ်နိုင်ပါတယ်။ ကလေးကိုလည်း ကြိုပြောထားရမှာက မပြောပြနဲ့နော်၊ ဖေဖေရအောင်ရှာနိုင်တယ် မေမေရအောင်ရှာနိုင်တယ်လို့ဖြစ်ပါတယ်။ လူကြီးဖြစ်တဲ့သူ မရှာတွေ့သမျှ ကလေးက မြူးတူးခုန်ပေါက်နေတတ်ပါတယ်။ သူဖွက်ထားတဲ့နေရာကို မရှာတွေ့လို့ သူပျော်နေပါတယ်။

လူကြီးတွေ နောက်ထပ်ပြုလုပ်ရမှာက၊ ဒီကစားနည်းဟာ ဖွက်တယ်၊ ရှာတယ်ဆိုရုံလေး ကစားတာ မဟုတ်ပါဘူး။ ကလေးကို ပျော်စေချင်တာ၊ လူကြီးတွေ ဘယ်လိုဖွက်သလဲဆိုတာကို ပြတာ၊ ကလေးရဲ့ဖန်တီးနိုင်စွမ်းကို လေ့လာတာ၊ နေရာကို သိတဲ့သူရဲ့ မပြောဘဲနေနိုင်စွမ်းကို ကြည့်ရှုတာ၊ အဲဒီအပြင် ကလေးကို သဲလွန်စပေးပြီး ရှာခိုင်းတာ၊ ကိုယ်ရှာတဲ့ အလှည့်မှာလည်း ကလေးကနေ သဲလွန်စပေးခိုုင်းတာ၊ သဲလွန်စပေးတတ်အောင် ဆောင်ရွက်ပေးတာတို့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ဒီကစားနည်းကို ပိုပြီး သွက်လက်စေတာက လူကြီးဖြစ်တဲ့သူက ဖွက်ထားတဲ့အရာကို တွေ့သွားပေမယ့် မတွေ့ယောင်ဆောင်ပြီး ဆက်လက်ရှာဖွေနေပြရမှာပဲဖြစ်ပါတယ်။ နောက်တော့မှာ ဟာ ဒီမှာ တွေ့ပြီဟေ့လို့ ပြောလိုက်ရမှာဖြစ်ပါတယ်။

ကစားခြင်းဖြင့် ကလေးများရဲ့ ဖန်တီးမှုကို လေ့လာကြပါစို့။

ကျော်မောင်(တိုင်းတာရေး)
၁၆-ဇူလိုင်-၂၀၁၇

Jul 5, 2017

မသုံးသေးတဲ့အခါ

ဓာတ်ခဲတွေ အကြောင်းဖြစ်ပါတယ်။ ဓာတ်ခဲဆိုတာမျိုးက လျှပ်စစ်ပစ္စည်းတွေနဲ့ ကင်းလို့မရ။ ဓာတ်မီး၊ နာရီ၊ ကလေးကစားစရာမှသည် တိုင်းတာရေးကိရိယာတွေဖြစ်တဲ့ အထွေထွေသုံးမီတာတိုင်းစက်တို့၊ သွေးပေါင်ချိန်တိုင်းကိရိယာတို့ စသည်တွေမှာ သုံးကြတာ။

ဓာတ်ခဲသုံးတဲ့ ပစ္စည်းအတော်များများမှာ ဖြစ်တတ်တဲ့ သဘောသဘာဝက ပစ္စည်းအသစ်ဝယ်လာတဲ့အခါ ဓာတ်ခဲထည့်ပြီး စမ်းသပ်လေ့ရှိကြတယ်။ သုံးလို့ အဆင်ပြေ မပြေ၊ တချို့တွေကြပြန်တော့လည်း တခြားသူတွေကို ကြွားချင်ဝါချင်တဲ့အတွက် ဓာတ်ခဲထည့်ပြီး သုံးပြကြတာ။ အဲဒီလို ပထမဆုံး အသုံးပြုလို့ ပြီးတဲ့အခါ နောက်လည်း သုံးမှာပါပဲလေဆိုပြီး ဓာတ်ခဲကို ပြန်မထုတ်တော့ဘဲ ပစ္စည်းထဲမှာပဲ ထည့်ထားလိုက်လေ့ရှိတာပါပဲ။

နောက် အသုံးလိုလို့ ဒါမှမဟုတ် သတိရမိလို့ သုံးမယ်ဆိုပြီး အဲဒီပစ္စည်းတွေကို ဖွင့်တဲ့အခါ ဖွင့်မရတတ်တာတွေဖြစ်တတ်ပါတယ်။ ဓာတ်ခဲလည်း ထည့်ထားပြီးသားပဲ ပစ္စည်းကလည်း အသစ်နီးပါး၊ တခါပဲ သုံးရသေးတာပဲလို့ ထင်တတ်ကြပါတယ်။

ဓာတ်ခဲထည့်ထားတဲ့နေရာကို စစ်ကြည့်မိမှပဲ ဆားတွေပေါက်နေတဲ့ ဓာတ်ခဲကို တွေ့တတ်ကြတာပါပဲ။ တချို့ပစ္စည်းတွေမှာဆို ဓာတ်ခဲဆားပေါက်တာကနေတဆင့် ဓာတ်ခဲထည့်တဲ့ နေရာတွေမှာတောင် ဆားပေါက်တာဖြစ်သွားပြီး အဲဒီကနေတဆင့် တခြားအပိုင်းတွေဘက်ကိုပါ ဆိုးကျိုးရစေပါတယ်။

ဒါဟာ ဘာကို ပြသလဲဆိုတော့ သုံးမှာပဲ ထည့်ထားလည်း ဘာမှမဖြစ်နိုင်ဘူးဆိုတာကနေ စတာပါပဲ။ မသုံးမိဘဲ ချောင်ထိုးထားတဲ့အခါ ဓာတ်ခဲဆားပေါက်တာနဲ့ တိုးတာပါပဲ။

အဲဒါကြောင့် မသုံးသေးတဲ့အခါ ဓာတ်ခဲလိုပစ္စည်းမျိုးဟာ အပြင်မှာ ထုတ်ထားတာပဲ သင့်တော်ပါတယ်ဟု ယူဆပါကြောင်း။

ကျော်မောင်(တိုင်းတာရေး)
၇-ဇူလိုင်-၂၀၁၇

Jul 4, 2017

သတင်းတစ်ပုဒ်မှသည်

ငါးရိုးစူးတဲ့တိုက်လို့ အမည်ရတဲ့ တိုက်ထဲက နိုင်ငံတစ်နိုင်ငံဟာ နောင်နှစ်ပေါင်း တစ်ဆယ့်သုံးနှစ်လောက်မှာ ထမင်းဆီဆမ်း တောင်းလို့ရတဲ့ နေရာဆီကို လူလိုက်ပါတဲ့ ယာဉ်ပျံ လွှတ်တင်မယ်လို့ အဲဒီနိုင်ငံရဲ့ မိုးကောင်ကင်လွန်ရပ်ဝန်းဒေသဆိုင်ရာ အေဂျင်စီက ဆိုတယ်။

အဲဒီနေရာရဲ့ တောင်ဘက်စွန်းမှာ ရေပဲဖြစ်ဖြစ် ရေခဲပဲဖြစ်ဖြစ် ရှိလား မရှိလားဆိုတာ သွားပြီးစပ်စုချင်လို့ ဆိုပဲ။ ဘာကြောင့် ဒီလောက်တောင်ပဲ ရေကို တမ်းတရသလဲဆိုတာ သူ့မှာအကြောင်းတွေ ရှိသေးတယ်။ ရေကို လောင်စာဆီအဖြစ်သုံးလို့ရအောင် ဆောင်ရွက်နေတဲ့ နည်းပညာကို တည်ဆောက်မလို့လို့ဆိုတယ်။

အခုကတော့ ထမင်းဆီဆမ်းကို လူကိုယ်တိုင်သွားတောင်းမယ်လို့ပဲ မှတ်ထားရအောင် ပြောတာဖြစ်ပါတယ်တဲ့။

နောင်နှစ်ပေါင်း ၁၃ နှစ်ဆိုတာ အခု ၂၀၁၇ ကို ၁၃ နဲ့ တွက်စက်မှာ ထည့်ပေါင်းကြည့်တော့၂၀၃၀ ရတယ်။ အဲဒီ ၂၀၃၀ ခုနှစ်မှာ လုပ်မယ့် အစီအမံ။ ဒါကို ဖွင့်ချပြတာ။ ဘာလို့ ဖုံးထားတာကို ဖွင့်ချရသလဲဆိုရင် အမှန်က ဘယ်တုန်းကတည်းက ကြိတ်လုပ်နေမှန်း မသိ၊ ကြိတ်လုပ်နေတာတော့ မဟုတ်ဘူး၊ သတင်းမှာ ပါတဲ့ အဲဒီ မိုးကောင်းကင်လွန်ရပ်ဝန်းဒေသဆိုင်ရာ အေဂျင်စီရဲ့ အင်တာနက်စာမျက်နှာသွားကြည့်တဲ့အခါ အလွန့်အလွန်ကို များပြားလှတဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပထမဆုံးအနေနဲ့ လေ့လာခွင့်ရခဲ့တာပါပဲ။ အရင်က မသိခဲ့ဘဲ ဒီသတင်းလေးရလို့ လိုက်ရင်းကနေ သိရတဲ့ စာမျက်နှာပဲ ဖြစ်ပါတယ်။

ဖွင့်ချရတဲ့ အဖြစ်ရောက်သွားတဲ့အကြောင်းတွေက ဒီလိုတဲ့။

ပထမအကြောင်းက ရုပ်ရှင်ကားတွေမှာ အတွင်းအားတွေ ကိုယ်ဖော့ပညာရပ်တွေ အသုံးများတဲ့ နိုင်ငံက၊ သူလည်း ငါးရိုးစူးတဲ့တိုက်ကြီးထဲက နိုင်ငံပဲ။ လာမယ့် ၂၀၂၀ မှာ အင်္ဂါဂြိုလ်ပေါ်ကို စပ်စုယာဉ်လွှတ်တင်မယ်လို့ ကြေငြာထားတာရှိတယ်။ ၂၀၂၀ ဆိုတော့ လာမယ့် သုံးနှစ်ဆိုရောက်တော့မှာပဲ။ အတော်နီးနေပြီ။

နောက်ဒုတိယအကြောင်းက ရုပ်ရှင်ကားတွေမှာပဲ သီချင်းဆိုတာ ကတာတွေ အများကြီး သုံးတတ်တဲ့ နိုင်ငံက၊ ဒါလည်း အဲဒီတိုက်ကြီးထဲကပဲ၊ ၂၀၁၈ နှစ်ရဲ့ ပထမခြောက်လအတွင်းမှာ ဒုတိယအကြိမ်အဖြစ် ထမင်းဆီဆမ်းသွားယူမလို့ လုပ်နေတယ်လို့ ကြုံးဝါးထားတာရှိပြန်တယ်။ သူက ပိုလို့တောင် နီးနေပြန်သေး။

ဒီလိုအကြောင်းတွေကြောင့် သူတို့ဟာ ဒီသတင်းကို ဖွလိုက်ရခြင်း အဲလေ ဖွင့်ချလိုက်ရခြင်းပဲဖြစ်တယ်လို့ သတင်းတချို့က ရေးသားကြတယ်။

ဘာပဲပြောပြော အဲဒီ ပထမအကြောင်းထဲက တိုင်းပြည်နဲ့ ဒုတိယအကြောင်းထဲက တိုင်းပြည်တွေဟာ တိုင်းပြည်တစ်ပြည်နဲ့ နယ်နမိတ်ထိစပ်နေတယ်။

၂၀၃၀ မှာ ဘာလုပ်မယ် ညာလုပ်မယ်ပြောတဲ့ တိုင်းပြည်ကလည်း အဲဒီတိုင်းပြည်တစ်ပြည်ဆိုတာကို တခါတုန်းက အလည်လာရောက်ဖူးတဲ့ နောက်ကြောင်းလေးတွေ ရှိခဲ့တယ်။

နောက်ဆုံးကောက်ချက်အနေနဲ့ကတော့ အဲဒီလို တမြေတည်းရှိပြီး ထိစပ်နေတဲ့အတွက် အဲဒီတိုင်းပြည်နှစ်ပြည်နဲ့ ၊ မိတ်ဆွေဖြစ်လိုက် ရန်သူဖြစ်လိုက် ပြန်ပြီးမိတ်ဆွေဖြစ်လိုက်လို့ ပြောလို့ရတဲ့ အစကပြောတဲ့ ၂၀၃၀ မှာ ရေသွားရှာမယ်ဆိုတဲ့ တိုင်းပြည်တွေဟာ ထမင်းဆီဆမ်းသွားတောင်းဖို့ စိတ်ကူးတွေ ရသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဆိုခဲ့တဲ့ တိုင်းပြည်တစ်ပြည်ရဲ့ ကလေးအဖေတစ်ယောက်က ကဗျာလေး စပ်ဆိုလိုက်တယ်။ သူက သူ့သမီးလေးကို ချော့သိပ်ရင်း ဟိုး ကောင်းကင်ပေါ်က အဝိုင်းကြီးကို ပြရင်းနဲ့ပေါ့။

"ကောင်းကင်က အမှောင်ထဲမှာ ပိုလှပါတယ်။ 
ကြယ်တွေက ညရောက်မှ ပိုမို တောက်ပပါတယ်။
ဆန်ဖွပ်တဲ့သူကလည်း သူ့ဘာသာသူ ဆန်နာနာ ဖွပ်နေပါတယ်။
ယုန်ကလေးကလည်း အနားမှာ အေးအေးဆေးဆေး ဝပ်လို့နေပါတယ်။
ကဲ သမီးရေ ... 
မော့ကြည့်လိုက်စမ်းပါ 
တနေ့တော့ အဖေတို့လည်း 
အဲဒီကို ရောက်ရမယ်ကွယ့်
ရောက်ရမယ်"

ကျော်မောင်(တိုင်းတာရေး)
၄-ဇူလိုင်-၂၀၁၇

Jul 1, 2017

ပုံပြောရအောင်ပါ

တခါတုန်းကပေါ့။ အဲဒီလို တခါတုန်းကပေါ့လို့ အစချီလိုက်ရင် ပုံပြင်တွေကိုနားထောင်ချင်တဲ့ ကလေးတွေဆိုတာ ဘေးနားဝိုင်းလာတာပါပဲ။ လူငယ်တွေ လူကြီးတွေကတော့ ခပ်လှမ်းလှမ်းမှာပေါ့။ မကြားတကြားလေး နားထောင်နေကြတယ်ဆိုပဲ။ အဲဒီမှာပဲ ပုံပြောပြမယ့် ပုံပြင်ပြောသူပေါ့၊ သူက ပုံမပြောခင် ကြိုပြောထားလိုက်တယ်။ 

“ကဲ ကလေးတွေ ကလေးတွေ … အခုပြောပြမှာက ဟိုးရှေးရှေးတုန်းက ပုံပြင်တော့ မဟုတ်ဘူးကွယ့်။ သိပ်မကြာသေးတဲ့ ကာလမှာ ဖြစ်ခဲ့တဲ့ အလွန်ထူးဆန်းတဲ့ ပုံပြင်လေးတပုဒ်ကို ပြောမှာ ဖြစ်တယ်ကွယ့်။ မော်ဒန်ပုံပြင်ပေါ့ကွယ်”

အဲဒီလိုလည်း ပြောလိုက်ရော ….. 

ရှေးရှေးတုန်းက ပုံပြင်တွေကိုပဲ နှစ်သက်သဘောကျတဲ့ ကလေးတွေက အားပါးတရ နားထောင်ဖို့ ပြင်နေရာကနေ ထထွက်သွားကြတယ်။ မော်ဒန်ပုံပြင်တွေကို သူတို့က လက်မခံဘူးဆိုတာ ပြတာတဲ့။ ရှေးရှေးတုန်းက ပုံပြင်တွေ ပြောရင် ပြန်လာမယ်ဆိုပဲ။ 

“အေး အေး လောလောဆယ်ဆယ်တော့ အခုပြောမယ့်ပုံပြင်ပဲ ဒီကနေ့ပြောမှာ”

ပုံပြင်ပြောသူက သူ့ပုံပြင်ကို စပြောပါတော့တယ်။ 

“တိုင်းပြည်တပြည်မှာ …..” 

“ပုံပြောတဲ့ဦးကြီး …. ခဏ ခဏ” ရှေ့ဆုံးက ကလေးလေးတယောက်က ထအော်တာပါ။

“ဟေ့ ဘာတုန်းကွ .. ဒီမှာ တိုင်းပြည်တပြည်မှာလို့ပဲ စရသေးတယ်”

“ကျနော်တို့ကိုပြောမှာက မော်ဒန်ပုံပြင်ဆို၊ အဲဒါ ဘယ့်နှယ်ကြောင့် တိုင်းပြည်တပြည်မှာလို့ ပြောရသတုန်း”

“ဟေ … တိုင်းပြည်လို့ မပြောလို့ ဘယ်လိုပြောရမှာတုန်း”

“နိုင်ငံလို့ ပြောလေဗျာ နိုင်ငံ နိုင်ငံ။ တိုင်းပြည်ဆိုတာ ဟိုးရှေးရှေးတုန်းက အသုံး၊ ပုံစံဟောင်းကြီးဗျ” 

“ဟုတ်တယ် ဟုတ်တယ်။ ပြင်ပြောပါ ပြင်ပြောပါ” (ကလေးများ အားလုံးမှ အော်သံများ)

“အင်းအင်း .. ပြန်ပြင်ပြောမယ် … နိုင်ငံ နိုင်ငံ။ နိုင်ငံတနိုင်ငံမှာ အလွန်ချမ်းသာတဲ့ …. “

“နေဦးဗျ နေဦး” 

“ဟ ဘာဖြစ်ပြန်ပြီလဲ” 

“အလွန်ချမ်းသာတယ်ဆိုတာ ဘယ်လောက်ချမ်းသာတာလဲ၊ ဘီလ်ဂိတ်ထက် ချမ်းသာတာလား၊ ဇူကာဘက်ခ်ထက် ပိုတာလား၊ ဟို ကာလကောင်းကိုမိလို့ ချမ်းသာသွားကြတဲ့ ဟိုပုဂ္ဂိုလ်တွေထက် သာတာလား.. အဲဒါလည်း ထည့်ပြောဦးဗျ”

“ဟုတ်ပြီ … နိုင်ငံတနိုင်ငံမှာ လက်ညှိုးထိုးရင် သူပိုင်တဲ့မြေတွေမလွဲအောင် ကျိကျိတက် ချမ်းသာတဲ့ ကလေးလေးတစ်ယောက် ရှိသတဲ့ကွယ်။ ကဲ အဲဒီလိုပြောရင် အဆင်ပြေကြတယ်မလား”

“ကောင်းတယ် ကောင်းတယ် ဆက်ပြော ဆက်ပြော … ချမ်းသာသာက ကလေးလေးတစ်ယောက်တဲ့။ တော်တော်နားထောင်လို့ကောင်းတယ်။ ဆက်ပြောဗျ ဆက်ပြော”

“နားထောင်လို့တော့ကောင်းပါတယ် … ဒါပေမဲ့ မရှင်းတာတခုရှိတယ်။ ဖြေဗျ” 

ထောင့်တထောင့်မှာ နားထောင်နေတဲ့ နှပ်ချေးတွဲလောင်းနဲ့ ကလေးလေးက ထပြောတယ်၊ သူက ပုဆိုးကိုတော့ ကွင်းသိုင်းမဝတ်ထားဘူး။ ဒူးခေါင်းဖြဲထားတဲ့ ဂျင်းဘောင်းဘီရှည်ဝတ်ထားတယ်။

“အဲဒီကလေးက ဘယ်လိုလုပ်ပြီး ချမ်းသာလာတာလည်း ဆိုတာ ပြောဗျ။ ဒါ ကျနော်တို့ ကလေးတွေအားလုံး အတုယူရအောင်လို့ပါ”

အင်း ခက်ပြီ။ 

“ငါ ဖတ်ထားတဲ့ အဲဒီပုံပြင်မှာ ချမ်းသာသော ကလေးလေးလို့ပဲ ပါတယ်။ ဘယ်လိုချမ်းသာလာသလဲဆိုတာ မပါဘူးကွ”

အဲဒီမှာပဲ ပုံပြင်နားထောင်မယ်ဆိုတဲ့ ကလေးတွေ တယောက်တပေါက်ဖြစ်ကုန်ကြတယ်။ 

“မပါတဲ့အတွက် မပြောနိုင်ဘူးဆိုရင် ဆက်မပြောပါနဲ့တော့ဗျာ”

“အေး ဟုတ်တယ်ဗျို့၊ ဆက်မပြောနဲ့တော့”

“ပုံပြင်လည်း ပြောချင်သေး၊ ပုံပြင်ထဲက အကြောင်းတွေ မေးတော့လည်း မသိပါဆိုပြီး ပြောသေး”

“ဘာလိုဗျ၊ သူများရေးထားတဲ့ ပုံပြင်”

“သူ့ပုံပြင်လည်း မဟုတ်ဘူး။ သူများရေးထားတဲ့ ပုံပြင်တွေ လာပြောနေတာပဲ”

“နောက်ဆို ကျနော်တို့ကို ပုံပြောမယ်ဆိုရင် ကိုယ်ပိုင်ပုံပြင်ပဲ လာပြောပါ”

“ကဲ ဘော်ဒါတို့ရေ …. ပုံပြင်ရှာထွက်ကြဦးမယ်ဟေ့” 

“ပုံပြင်သစ်တွေများ ကြားရမလားလို့ လာနားထောင်တာ … ဘယ့်နှယ် … သူများရေးထားတဲ့ ပုံပြင်ဖတ်ပြီး လာပြောနေတာကိုး”

“ကိုယ့်ပုံပြင်ကိုယ်ဖန်တီးနိုင်မှ လာနားထောင်မယ်။ ပုံပြင်အသစ်တွေ ဖန်တီးလိုက်ဦးဗျ”

“ကဲ .. သွားလိုက်ဦးမယ်ဗျို့”

ပုံပြင်ပြောမည့်သူတစ်ယောက်တည်း နေရာတွင် ကျန်ခဲ့လေသည်။ ပုံပြင်သစ်ရှာဖွေနေသော ကလေးများကိုမှ ဖတ်ထားခဲ့ဖူးသော မော်ဒန်ပုံပြင်တစ်ပုဒ်သွားပြောဖို့ ကြံရွယ်ခဲ့သည်ကိုက သူ့အမှားသာ ဖြစ်လေတော့သတည်း။

ပုံပြင်ပြောသူတစ်ယောက်အကြောင်း၏ ပုံပြင်ဖြစ်ပါသည်။ 

ကျော်မောင်(တိုင်းတာရေး)
၀၁-ဇူလိုင်-၂၀၁၇


Jun 16, 2017

တုံ့ပြန်မှုများဖြင့် ညှိယူခြင်း

System ဆိုတဲ့ အတုံးလေးက စပါမယ်။ အတုံးလေးကို ဝင်လာတာက System input တွေပေါ့။ အဲဒီ Input တွေက System အတုံးလေးထဲမှာ တခုခုအလုပ်လုပ်ပြီး ပြန်ထွက်လာတဲ့အခါ System output တွေရတယ်။ ဆိုတဲ့အခါ စနစ်တခုထဲမှာ၊ စနစ်တခုလို့ ပြောရင် အဝင်ရှိမယ်၊ အထွက်ရှိမယ်၊ အထွက်သည် လုပ်ငန်းတခုခုလုပ်ဆောင်ပြီးမှ ဖြစ်လာတာဖြစ်လို့ အဝင်နဲ့အထွက်နဲ့ တူချင်မှ တူမယ်လို့ မတွက်ကောင်းပါ။ တူချင်လည်း တူပါလိမ့်မယ်။

ဟာသပြောရရင် အိမ်မကြီးတံခါးဆိုတာကို ကြည့်ရအောင်ပါ။ အိမ်ထဲကို ဝင်မလို့ အဲဒီအိမ်မှာနေတဲ့ လူတယောက်ဟာ အိမ်အပြင်ကနေ တံခါးရှေ့ရောက်လာတယ်။ သူက တံခါးဆိုတဲ့ စနစ်တခုကို ဖြတ်ကျော်ပြီးမှ အိမ်ထဲဝင်လို့ရမယ်။ တံခါးကို သော့နဲ့ဖွင့်ဝင်တာပဲဖြစ်ဖြစ်၊ တွန်းဝင်တာပဲဖြစ်ဖြစ်၊ အိမ်ထဲကနေ တယောက်ယောက်က ဖွင့်ပေးတာပဲဖြစ်ဖြစ်၊ အဲဒီတံခါးကနေ သူဝင်လာမယ်။ အဲဒီအခါ အဝင်ကလည်း သူပဲ၊ တံခါးကို ဖြတ်ကျော်ပြီးတဲ့အခါမှာလည်း သူပဲ။ ဒီလူဟာ မပြောင်းသွားဘူး။ လူမပြောင်းပေမယ့်လို့ သူ့ရဲ့ တည်နေရာဟာ ပြောင်းသွားတယ်။ တံခါးအပြင်ဘက် အိမ်အပြင်ဘက်ဆိုတာနဲ့ တံခါးကိုဖြတ်အပြီး အိမ်အထဲဆိုတာပဲ။ ဒါဟာ တံခါးဆိုတဲ့စနစ်တခုရဲ့ လုပ်ဆောင်ချက်တွေထဲက တခုပဲဖြစ်ပါတယ်။ ဒါတောင် လုံခြုံရေးဆိုတာတို့၊ အကာအရံဆိုတာတို့စတဲ့ လုပ်ငန်းဆောင်တာတွေ မပါသေးပါဘူး။

မျက်လှည့်ဆရာတယောက် မျက်လှည့်ပြတဲ့အခါ သူ့လက်ထဲက အရာတခုခုကို အဝတ်စတခုဖုံးအုပ်လိုက်ပြီး ဖွင့်ပြလိုက်တာကို ကြည့်ဖူးကြပါလိမ့်မယ်။ ဖွင့်ပြတဲ့အခါမှာ အဝတ်စ မဖုံးခင်က အရာပဲဖြစ်နေတယ်ဆိုရင် ဒါဟာ ပထမအကြိမ်ဖြစ်ရင် မျက်လှည့်ဆရာ ဟာသလုပ်တယ်လို့ပဲ မြင်ပါလိမ့်မယ်။ ဒုတိယအကြိမ်မှာ အဲဒီအရာဟာ အဝတ်မဖုံးခင်ကအတိုင်း ရှိမနေတော့ဘဲ အခြားအရာတစ်ခု ဖြစ်သွားဖို့ ပွဲကြည့်သူတွေက မျှော်လင့်ကြ၊ အဲဒီအတိုင်းဖြစ်လာတဲ့အခါမှာ လက်ခုပ်တီးအားပေးကြပါတော့တယ်။

System ဆိုတဲ့ စနစ်တခုထဲကို ဝင်သွားရင် ထွက်လာတဲ့ ရလဒ်ဟာ ပြောင်းကို ပြောင်းသွားရမယ်လို့ မှတ်ယူထားကြတဲ့အတွက် မပြောင်းသွားဘူးဆိုရင် ဒါဟာ ကောင်းတဲ့စနစ်မဟုတ်ဘူး၊ တချို့ဆိုရင် ဒါဟာ စနစ်လို့ ပြောလို့မရဘူးလို့ မှတ်ယူကောင်း မှတ်ယူကြပါလိမ့်မယ်။

ဆိုတဲ့အခါ စနစ်တခုရှိရင် အဝင် အထွက် ရှိမယ်လို့ ခဏမှတ်ကြတာပေါ့။ စနစ်တခုကို ဖြတ်သန်းလာတဲ့ အဝင်ဆိုတဲ့အပိုင်းဟာ အထွက်မှာ လိုချင်တဲ့ ရလဒ်မရသေးဘူးဆိုရင် ဘာလုပ်ကြမလဲဆိုတာ နောက်ပိုင်းမှာ စဉ်းစားလာကြပါတယ်။ ရချင်တဲ့ ရလဒ်ကို မရသေးရင် စနစ်မှာ အပြစ်ရှိလို့ဆိုပြီး စနစ်ကို ပြင်တယ်။ စနစ်ကို အကြိမ်ပေါင်းများစွာ ပြင်လိုက်၊ လိုချင်တဲ့ ရလဒ်မရလိုက်၊ ထပ်ပြင်လိုက်နဲ့ ဒါနဲ့ပဲ လည်နေတဲ့အခါ တမျိုးစဉ်းစားလာကြပြန်ပါတယ်။

အဲဒါက အဝင် ဆိုတဲ့အပိုင်းကရော မှန်ကန်ပါရဲ့လားဆိုတာပါပဲ။

သော့ခတ်ထားတဲ့ တံခါးကိုပဲ ပြန်သွားကြတာပေါ့။ တံခါးရဲ့ စနစ်တခုမှာ သော့ပေါက်ထဲ သော့ထည့်ပြီး ဖွင့်မှ တံခါးပွင့်မယ်ဆိုပါစို့။ သော့ထည့်ပြီး ဖွင့်လို့ မရဘူးဆိုရင် တံခါးသော့ပျက်နေပြီဆိုပြီး ပထမတွေးကြမှာပေါ့။ ဒါက အပေါ်မှာ ပြောထားတဲ့ စနစ်မှာ အပြစ်ရှိလို့ဆိုတဲ့သဘောပဲ။

တခါတလေမှာ အမှန်တကယ်ပဲ စနစ်မှာ အပြစ်ရှိတဲ့အတွက် ပြင်လိုက်တဲ့အခါ အဆင်ပြေသွားတာတွေ ရှိကြတယ်။ ဒါပေမဲ့ စနစ်က မမှားနိုင်ဘူးလို့ ယုံကြည်စိတ်ချရတဲ့အခါ အဝင် အပိုင်းကို ပြန်လည်သုံးသပ်ကြတယ်။ သော့ပေါက်ထဲထည့်ပြီးလှည့်တဲ့ သော့ဟာ အဲဒီတံခါးအတွက် သုံးရမယ့် သော့ဟုတ်ပါရဲ့လားဆိုတာ တွေးမိရမယ်။ အဲဒီမှာ ဟုတ်မယ်လို့ ထင်တဲ့ သော့တွေ တချောင်းပြီးတချောင်းရွေးရပါတော့တယ်။ တံခါးရဲ့ အလုပ်က သူ့ရဲ့သော့ပေါက်ထဲကို ဝင်လာတဲ့ သော့တွေထဲက မှန်ကန်တဲ့သော့ဖြစ်မှပဲ ပွင့်စေဆိုတဲ့အလုပ်ကို လုပ်ပေးတယ်။ သော့မှားရင် မပွင့်ပေးဘူး။

သော့တွေ တချောင်းပြီး တချောင်းရွေးရတယ်ဆိုတာက တံခါးကနေ မဖွင့်ပေးဘူးကွာ ဆိုတဲ့ တု့ံပြန်မှုကို ရလို့ပါပဲ။ ရလာတဲ့ရလဒ်သည် လိုချင်တဲ့ဟာ မဖြစ်သေးဘူးလို့ဆိုတဲ့အခါ အဝင်အပိုင်းကို ပြန်ညှိယူရတယ်။ အဲဒီအတွက် Sensor ဆိုတာကို ထည့်လိုက်တယ်။ Sensor ဆိုတာက စနစ်က ထွက်လာတဲ့တု့ံပြန်မှုကို အဝင်ဘက်ကို ပြန်လည်သတင်းပို့ဖို့ဆိုတဲ့ အလုပ်ကို လုပ်တယ်။ အဲဒီ Sensor ဆိုတာကို Feedback လို့လည်း သုံးတယ်။
Feedback ကိုမူတည်ပြီး အဝင်အပိုင်းကို လိုတိုး ပိုလျှော့ပြန်လုပ်ရတယ်။ Measured error ဆိုတာ လိုချင်တဲ့ ရလဒ်နဲ့ sensor ဆီက Feedback ကိုနှိုင်းယှဉ်ပြီး ဘယ်လောက်လွဲနေတယ်ဆိုတာပြတဲ့ လုပ်ငန်းဖြစ်ပါတယ်။ လွဲတာကို ညှိယူရတဲ့အပိုင်းကို ဆောင်ရွက်တာက Controller ကနေလုပ်ပေးပြီး အဝင်အပိုင်းကို ပြင်စေပါတယ်။ အဲဒီလို ဖြစ်စေချင်တဲ့ ရလဒ်ကို ထွက်လာတဲ့ တုံ့ပြန်သံတွေကနေ တဖြည်းဖြည်းချင်း လိုသလို ညှိယူသွားတဲ့ စနစ်ကို Feedback Control System လို့ခေါ်ပါသတဲ့။

တံခါးပဲ ထပ်သွားရအောင်ပါ။ သော့ထည့်လှည့်တယ်။ တံခါးမပွင့်ပါလားလို့ တွေ့တယ်။ တွေ့တယ်ဆိုတာကို Feedback လို့မှတ်ပါ။ ဒီလောက်လှည့်နေတာတောင် မပွင့်တဲ့တံခါး ကဲ မပွင့်ချင်ဦးလို့ ဒေါနဲ့မောနဲ့ ကန်လိုက်ရင်တော့ ကန်လိုက်တဲ့ ပြင်းအားပေါ်မူတည်ပြီး တံခါးပွင့်သွားနိိုင်ပေမယ့် တံခါးဆိုတဲ့ စနစ်ပျက်သွားမယ်ဆိုတာကိုလည်း တွေ့နိုင်ပါလိမ့်မယ်။ Feedback ဆိုတာကို အလေးထားပြီး ဒီသော့မဟုတ်ဘဲ တခြားတချောင်းများလားလို့ တွေးမိ၊ တခြားတချောင်းကို ရွေးလိုက်တယ်ဆိုတာဟာ Error ကို သတိပြုမိပြီး Controller ဖြစ်တဲ့ ဒီနေရာမှာတော့ ဦးနှှောက်ပေါ့၊ သူက သော့တချောင်းကို ရွေးလိုက်တယ်။ ဒီသော့နဲ့တော့ အံဝင်ဖြစ်နိုင်တာပဲဆိုပြီး။ မရသေးရင် နောက်တချောင်း ဆက်ကာ ဆက်ကာ ရွေးသွားရင်းနဲ့ ရွေးသွားရင်းနဲ့ ဆိုတာမှာလည်း သူက Error ဆိုတဲ့ အမှားကို နည်းသည်ထက်နည်းအောင် အမှားဘောင် ကျဉ်းသွားအောင် Control လုပ်ရတာဖြစ်ပါတယ်။ မှန်ကန်တဲ့ သော့နဲ့ တွေ့တဲ့အခါမှာ တံခါးပွင့်ပါလိမ့်မယ်။

တံခါးပွင့်ဖို့ဆိုတဲ့ အလုပ်တခုကို ဆောင်ရွက်ရာမှာ မှန်ကန်တဲ့သော့ဖြစ်ဖို့လိုအပ်သလို၊ ဒါဟာ မှန်ကန်တဲ့သော့မဟုတ်သေးဘူးဆိုတဲ့ တုံ့ပြန်မှုကို မှန်မှန်ကန်ကန်ရရှိဖို့လည်း လိုပါတယ်။ နောက်တခါ ရလာတဲ့ တု့ံပြန်မှုတွေကို မူတည်ပြီး သော့ရွေးတဲ့အခါ မှားနေတဲ့ လွဲနေသေးတဲ့သော့ကို ဖယ်ပစ်လိုက်ဖို့ လိုပါတယ်။ ဒါဟာ အမှားနည်းနိုင်သမျှနည်းအောင် လုပ်ယူနေတာဖြစ်ပါတယ်။

နိဂုံးချုပ်ရရင်တော့ တုံ့ပြန်မှုများမှ ညှိယူခြင်းဆိုတာမှာ ဘာကို ညှိယူနေတာလည်း ဆိုတာ သိဖို့လည်း မျက်ခြေမပြတ်ဖို့လိုပါတယ်။ error zero ဖြစ်အောင် ညှိယူရမယ်ဆိုတာကို သတိမူထားရပါမယ်။ error zero ဆိုတာကလည်း ဖြစ်ခဲပေမယ့် အနီးစပ်ဆုံး ဖြစ်နိုင်ရင်တော့ အကောင်းဆုံးပဲဖြစ်ပါတယ်။

အဲ ခြွင်းချက်အနေပြောရရင် မှန်ကန်တဲ့သော့နဲ့ ဖွင့်ပေမဲ့ တံခါးမပွင့်တာဟာ ကိုယ့်အိမ်က တံခါးမဟုတ်ဘဲ တခြားအိမ်က တံခါးဖြစ်မနေဖို့လည်း လိုပါတယ်။

ကျော်မောင်(တိုင်းတာရေး)
၁၅-ဇွန်-၂၀၁၇

May 31, 2017

အဖွင့် အပိတ်

ရုံးက အပြန်တိုင်း ရထားစီးပြီး ကားထပ်စီးရတယ်။ ဟိုးတုန်းကတော့ ရထားဘူတာက ထွက်ရင် အိမ်ကို လမ်းလျှောက်ပြန်လေ့ရှိတယ်။ ကားမှတ်တိုင်က ရထားဘူတာရုံကနေဆို သိပ်မဝေးဘူး။ မီးပွိုင့်တစ်ခုကို ဖြတ်ကူးပြီးမှ ကားမှတ်တိုင်ကို ရောက်တယ်။ မီးပွိုင့်မကူးခင်ကနေ မှတ်တိုင်အထိဆို မီတာ တစ်ရာနီးပါးလောက်ပဲ ရှိတယ်။ မီးပွိုင့် မီးစိမ်းမှ တဘက်ကို ကူးလို့ရတယ်။ စီးမယ့်ကားက မီးမစိမ်းခင်မှာ ဝင်ရပ်ဖို့ သွားနေရင် နောက်ကားတစ်စီးကို ဆယ်မိနစ်လောက် စောင့်ရလေ့ရှိတယ်။ အဲဒီတော့ မှတ်တိုင်ကို ကားက ဝင်ရပ်နေတဲ့အချိန် မီးပွိုင့်ကလည်း စိမ်း၊ လမ်းကူးလို့ရပြီဆိုတာနဲ့ ကားစီးမယ့် သူတွေဟာ မှတ်တိုင်ရှိရာဆီ မီလိုမီငြား ပြေးလေ့ရှိကြတယ်။
ကားကပ္ပတိန်တွေက ငါ့ကား လူပြည့်မှ မှတ်တိုင်ကနေ ထွက်မယ်ဆိုတဲ့ သဘောထားရှိကြပုံမရပါ။သူ့ကားကို တက်နေတဲ့သူ မရှိတော့ရင် ကားတံခါးပိတ်ပြီး မှတ်တိုင်ကနေ မောင်းကြပါတယ်။
ဒီနေ့ကြုံခဲ့ရတာက ဒီလိုပါ။
မီးပွိုင့်မှာ စိမ်းတာကို စောင့်နေတုန်း (လူကူးအချက်ပြမီးစိမ်းတဲ့အခါလို့ ဆိုလိုတာ) စီးရမယ့် ကားက မှတ်တိုင်ကို ဝင်ဖို့ သွားနေတာ တွေ့လိုက်တယ်။ မှတ်တိုင်မှာလည်း အဲဒီကားကို လိုက်စီးမယ့် ခရီးသည်တွေ ရှိနိုင်တယ်။ ကားက မှတ်တိုင်မှာ ရပ်ပြီး ခရီးသည်တင်နေတဲ့အချိန်မှာမှ လူကူးအချက်ပြမီးက စိမ်းတယ်။ မီးပွိုင့်ကို ကူးတဲ့အခါ အေးအေးဆေးဆေးပဲ ကူးလိုက်တယ်။ နောက်ကားပဲ စောင့်စီးတော့မယ်ဆိုတဲ့ အတွေးနဲ့။ မီးပွိုင့်ကူးပြီးတဲ့အခါထိ ကားက ရပ်နေတုန်း။ ခရီးသည် သုံးယောက်လောက် တယောက်ချင်း ကားပေါ်တက်နေကြတာမြင်တယ်။ အဲဒီကား အဲဒီသုံးယောက်တင်ပြီးတာနဲ့ ကားတံခါးပိတ်ပြီး ထွက်မှာပဲ။ မပြေးတော့ဘူး။ ပြေးရင် အလကားနေ အလကား အင်အားကုန်ခန်းသွားမယ်။
ဒါမျိုးက ဖြစ်တတ်တဲ့ အတွေ့အကြုံရှိလို့ပါပဲ။ မီမယ်ဆိုပြီး ကားဆီကို အပြေးသွား၊ ကားတံခါးနားရောက်တော့ တံခါးပိတ်ပြီး ကားကထွက်၊ ပိတ်ပြီးသွားတဲ့ တံခါးကို ပြန်ဖွင့်ဖို့ဆိုတာ တော်တော်ခက်ပါတယ်။ တွေ့ဖူးတာမှာ အဲဒီလို တံခါးပိတ်သွားတော့ ပြေးလာတဲ့ တချို့ခရီးသည်တွေက ကားတံခါးကို လက်သီးတွေ လက်ဝါးတွေနဲ့ သွားထုကြ ရိုက်ကြ (ဖွဖွလေး)လုပ်ပြီး တံခါးဖွင့်ပေးဖို့ ပြောတာမျိုးပြုမူကြတယ်။ ကားကပ္ပတိန်တွေက အလေးမမူဘဲ မှတ်တိုင်ကနေ ကားကို ထွက်တယ်။ ထိုလူတွေမှာဟာ ကျန်ခရီးသည်တွေရဲ့ မျက်လုံးတွေကြားထဲ အနေခက် အထခက် ဖြစ်စေခဲ့တယ်။
အဲဒီလို မပြေးဘဲ ပုံမှန်လမ်းလျှောက်သွားနေတဲ့အခါ အရှေ့က လျှောက်နှင့်နေတဲ့ နှစ်ယောက်သုံးယောက်လောက်က ကားဆီကို စပြေးပါတယ်။ ကားပေါ်ကို နောက်ဆုံးခရီးသည်တစ်ယောက်တက်နေပါပြီ။ ပြေးတဲ့သူထဲက ခပ်သွက်သွက်ပြေးလိုက်တဲ့သူက တံခါးမပိတ်ခင် ရောက်သွားတယ်။ သူ ကားပေါ်တက်သွားတယ်။ အဲဒီမှာပဲ နောက်က လိုက်ပြေးသွားတဲ့သူတွေ ဆက်တက်ကြတယ်။ ဘေးနားမှာ လျှောက်နေတဲ့ အန်တီကြီးက ပုံမှန်လမ်းလျှောက်နေရာကနေ ဝုန်းဆို ထပြေးသွားတယ်။ ကားတံခါးဆီရောက်ဖို့ ခြေလှမ်း ၁၅ လှမ်းလောက် လှမ်းရမှာ။ အန်တီကြီး မီတော့မယ်။ ကားတံခါးက မပိတ်သေးဘူး။
လမ်းလျှောက်နေရင်း စဥး်စားတယ်။ အန်တီကြီးနောက် လိုက်ပြေးရင် ကောင်းမလားပဲ။ မီလိုမီငြားပေါ့။ အရမ်းမပြေးချင်တဲ့အတွက် ခြေလှမ်းတဲ့နှုန်းကိုသာ မြှင့်လိုက်တယ်။ ကားတံခါးက ပိတ်တော့မယ်။ ဟိုအန်တီကြီး ကားအပေါက်ဝက ခြေနင်းခုံကို တက်နေပြီ။ လှမ်းနေရင်းမှာ ဘေးကနေ အရိပ်တစ်ခုဖြတ်သွားတာ သတိထားမိလိုက်တယ်။ သူက ကျော်တက်သွားတယ်။ အန်တီကြီး နောက်တစ်ယောက်ပဲ။ လက်ထဲမှာ အထုပ်လေးတစ်ထုပ်တောင် ကိုင်ထားသေး။ သူက နောက်ကနေ အပြေးလေး လိုက်လာပြီး ရှေ့က အန်တီကြီးနောက် လိုက်တက်သွားတယ်။
ဘာမှ ချီတုံချတုံစဉ်းစားမနေတော့ဘဲ ကားပေါ်တက်လိုက်တယ်။ ဟုတ်တယ်လေ၊ ကားတံခါးဝလည်း ရောက်နေပြီ၊ တံခါးကလည်း မပိတ်သေးဘူး၊ အဲ ပိတ်တော့မယ့်ဆဲဆဲလေးမှာ။ ဒီအခြေအနေမှ တက်မလိုက်ရင် ငတုံးပဲ။ ကားစီးကဒ်ကို စက်ပေါ်တင်ပြီး ကားကပ္ပတိန်ကို ကြည့်လိုက်တော့ သူက ကားတံခါးကို ပိတ်လိုက်ပြီ။ ဒါပေမယ့် ကားမထွက်သေးဘဲ တံခါးကို ပြန်ဖွင့်တယ်။ လူငယ်တစ်ယောက် အမောတကောပြေးလာလို့ဖြစ်တယ်။ အဲဒီတစ်ယောက်ကားပေါ်ရောက်မှ တံခါးပိတ်ပြီး သူက ကားစထွက်ဖို့ပြင်တယ်။
ကားဘီးမလှိမ့်ခင်မှာ ခရီးသည်တစ်ယောက်ပြေးလာသေးတယ်။ ကားကပ္ပတိန်က တံခါးဖွင့်မပေးတော့ဘူး။ ဟိုလူလည်း မကျေမနပ်ဖြစ်ပြီး ကျန်ခဲ့တယ်။
အဲဒါနဲ့ ကားက မှတ်တိုင်ကနေ ထွက်လာပါတော့တယ်။
ကားစီးအတွေ့အကြုံတစ်ခုပေါ့။ စင်ကာပူမှာပါ။

Jul 16, 2016

ဆိုတတ်ဖို့

ဗမာ့စောင်းနဲ့ တီးခတ်ထားတဲ့ ဗီဒီယိုဖိုင်လေးတစ်ဖိုင်ကို ကြည့်မိရာကနေ တီးခတ်တဲ့စောင်းပညာရှင်ရဲ့ ဗီဒီယိုဖိုင်တွေ ယူကျုမှာ ရှိလိုရှိငြား ရှာဖွေတဲ့အခါ တွေ့ရှိသဘောကျသွားတာက ခုနက ပညာရှင်နဲ့အတူ သီဆိုသွားသူက နိုင်ငံခြားသားဖြစ်နေတယ်။ သူက စည်းကိုက်ဝါးကိုက်နဲ့ သီချင်းကို အားပါးတရဆိုသွားတယ်။ စာသားတစ်ချို့နေရာတွေကိုပဲ သူကိုင်ထားတဲ့ စာအုပ်ကိုဖွင့်ကြည့်ကာ ဆိုတယ်။ ဗမာစကားတတ်တာ မတတ်တာ ကျွမ်းကျင်တာ မကျွမ်းကျင်တာ သေသေချာချာမသိပေမယ့် ဒီလိုသီချင်းမျိုးကို ဆိုတတ်ဖို့ဆိုတာ အတော်မလွယ်တဲ့အလုပ်ဖြစ်ပါတယ်။

သီချင်းက ပြည်လှဖေရဲ့ "ချစ်မိုးစွေ" ဖြစ်ပါတယ်။ သီချင်းရေးဆရာက အလင်္ကာကျော်စွာ ရွှေပြည်အေး ဖြစ်ပါတယ်။

"မြတ်နိုးသူရယ် ... ချစ်မိုးစွေခဲ့တယ် ..... ဘုံကြိုးပြတ်တဲ့ ဒေဝီနတ်မျိုးနွယ်" ဆိုတဲ့ စာသားလေးကိုတော့ လူလတ်ပိုင်းအရွယ်နဲ့ လူကြီးပိုင်းအရွယ်တွေ ကြားဖူးကြမယ်ထင်ပါတယ်။

သီချင်းကို နားထောင်ရင်း တွေးမိတယ်။ ဒီလိုသီချင်းမျိုးကို နားထောင်တတ်တဲ့အဆင့်ကနေ ဆိုတတ်တဲ့အဆင့်ရှိသလားဆိုတာပါပဲ။ တစ်ဆင့်ထပ်တက်ရင်တော့ ပိုင်ပိုင်နိုင်နိုင် စည်းကျဝါးကျ ဆိုတတ်ဖို့ပါပဲ။

ဟိုးတစ်ခါတုန်းကလည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက သီချင်းကြီးအစီအစဉ်မှာ နိုင်ငံခြားသူက "ယသော်ဓရာ" ဆိုတဲ့ သီချင်းကြီးကို ဆိုတာကို ကြည့်ခဲ့ဖူးပါတယ်။ "သန်းခေါင်လယ် ... သန်းခေါင်လယ် ... ထွက်တော်မူ နန်းက ခွာတယ် ..... မောင်ဖုန်းပျောက်တယ် .. ဆောင်အုံးဗွေမြင့်လယ်" ဆိုတဲ့အခါ နားထောင်ရတာ ထိုစဉ်က အဖြစ်အပျက်ကို စိတ်ထဲမှာ မြင်ယောင်မိပါတယ်။

အဲဒီတစ်ယောက်ပါပဲ၊ "တေဘုမ္မာ" ဆိုတဲ့ နက်နက်နဲနဲရှိလှတဲ့ သီချင်းကို ဆိုခဲ့သေးတာဖြစ်ပါတယ်။

ဒီနေရာမှာ အငြင်းပွားဖွယ်တစ်ခုက ဟိုး ဘိုးတော်ဘုရင်လက်ထက်က သီချင်းတွေ စိတ်မဝင်စားပါဘူးလို့ ပြောချင်ဆိုချင်ကြပါလိမ့်မယ်။ ဘယ်ခေတ်က သီချင်းပဲဖြစ်ဖြစ် ဆိုသူမရှိရင် တစတစနဲ့ ပျောက်ကွယ်သွားတာပါပဲ။ ပျောက်ကွယ်သွားတာဟာ ထိုထိုသီချင်းများရဲ့ အနုပညာအရည်အသွေးဟာ နိမ့်ကျသွားလို့ မဟုတ်ဘဲ လက်ဆင့်ကမ်းသယ်ဆောင်မည့်သူတွေ နည်းပါးလာလို့ပဲဖြစ်ပါတယ်။ နောက်တစ်ချက်ကလည်း ခက်ခဲတာကို နောက်ပိုင်းလူတွေ သိပ်မလိုက်ကြတော့တာလည်း ဖြစ်နိုင်ပါတယ်။

ဒီစာစုတိုလေးကို နိဂုံးချုပ်ရရင် သီချင်းဟောင်းတွေထဲက အနှစ်သာရရှိတဲ့ သီချင်းတွေကို ဆိုတတ်ကြဖို့လိုပါတယ်။ ကိုယ်တိုင်က စင်ပေါ်တက်ဆိုမယ့်သူ မဟုတ်ဘူးဆိုပေမယ့် ကြုံလာခဲ့လို့ သီဆိုတဲ့အခါ ဂန ္ထဝင်သီချင်းတစ်ပုဒ်ကို စာသားမှန်မှန် နဲ့ ဟဲပြလိုက်မယ်ဆိုရင် နားထောင်တဲ့သူတွေလည်း အကျိုးရှိ၊ သီချင်းဟောင်းတွေကိုလည်း လက်ဆင့်ကမ်းတဲ့သဘောသက်ရောက်နိုင်ပါကြောင်း တိုက်တွန်း်ရေးသားလိုက်ပါတယ်။

ရေချိုးရင်း ရောက်တတ်ရာရာ သီချင်းတွေ ဟစ်ကြွေးနေသော အဆင့်မှသည် မျှော်မမှန်းနိုင်သော အဆင့်ဆီသို့ တက်လှမ်းရောက်ရှိနိုင်ကြပါစေကြောင်း ။

ကျော်မောင်(တိုင်းတာရေး)
၁၆-ဇူလိုင်-၂၀၁၆

Jul 15, 2016

အကိုးအကားများ

ကလေးဘဝတုန်းက လူငယ်ဖြစ်သူနဲ့ စကားတွေပြောကြဟေ့ဆိုရင် တော်တော်များများ ပြောနိုင်တာကို မှတ်မိတယ်။ ကလေးဘဝဆိုတာ teenager လို့ ပြောကြတဲ့ thirteen မတိုင်မီကာလကို ခေါ်တယ်ပဲဆိုပါစို့။ သေချာအောင်လည်း အကိုးအကားပြန်ကြည့်ရသေးတယ်။ အခုလောလောဆယ်ဆယ်သုံးနေတာတော့ Google search ပါပဲ။ များသောအားဖြင့် အဲဒီမှာ ရှာလိုက်ရင် Wikipedia ကိုပဲ မျက်စိကျမိတာများတယ်။ နောက်တော့လည်း Google မှာ မရှာတော့ဘဲ Wikipedia ကိုပဲတိုက်ရိုက်သွားပါတယ်။

အဲဒီတုန်းက လူငယ်ဆိုတာက ဘယ်သူမှ မဟုတ်ဘူး။ ဦးလေးအငယ်ဆုံးပဲ။ သူက မလုပ်ဘူးဆိုရင် ဘာမှ မလုပ်ဘူး။ အိပ်နေတတ်တဲ့သူ။ အဲ လုပ်ပြီဆိုရင်လည်း သေသေကြေကြေ၊ သင်တန်းတွေ ဘာတွေမှာ ဆုတွေရတယ်။ ပြေးပွဲပြိုင်ပွဲတွေမှာ ဆုရတယ်။ ပန်းဝင်တာနဲ့ မေ့လဲသွားတဲ့အထိ ပြိုင်တဲ့သူ။

အဲဒီလိုလူမျိုးနဲ့ အရွယ်ရောက်လာတဲ့ တူဖြစ်သူနဲ့ တွေ့ကြတဲ့အခါ ဘာပြောကောင်းမလဲ၊ ညဖက်ဆို ညစာစားပြီးနောက်ပိုင်းမှာ ဆွေးနွေးပွဲလေးတွေ ကြားရတာပေါ့။

ဒါပေမယ့် ဆွေးနွေးပွဲတွေကနေ ဘာရလာသလဲဆိုတော့ ငါ ဘာမှ မသိသေးပါလားဆိုတဲ့ အသိ ရလာတယ်။ မသိတာကများလာ၊ သိအောင်လုပ်၊ မေးတာကလည်း အတော်များ၊ လူကြီးတွေ ခေါင်းကုတ်စေခဲ့သူဖြစ်ပါတယ်။

ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ဝတ္ထုတွေ ဖတ်တတ်လာတာကလည်း သူ့ကြောင့်ပဲ။ ဆရာမ ဂျူ းရဲ့ ဟောပြောပွဲအခွေကို အိမ်ကို ယူလာပြီး နားထောင်ရင်းနဲ့ စာပေဟောပြောပွဲရဲ့ အရသာကို သိခဲ့တာကလည်း သူ့ကြောင့်ပါပဲ။

သူနဲ့ စကားပြောရင် အကိုးအကားအတော်ရှာရတယ်။ တခါတလေ အကိုးအကားရထားတာတောင်မှ သူမေးလိုက်တဲ့မေးခွန်းက စာအုပ်ထဲမှာ မပါတဲ့အကြောင်းအရာဖြစ်နေတဲ့အခါ အတော် ဂွတီးဂွကျနိုင်ပါတယ်။ ပလုံပလုံပလွတ် ဆိုတဲ့အကြောင်းမေးခဲ့တာလည်း သူပါပဲ။

အဲဒါကြောင့်မို့လို့ ဦးလေးနဲ့ စကားပြောတဲ့အခါ အတော်သတိထားရတယ်။ တခါတလေမှာ သူ့ထက် ပိုပြောနိုင်သွားတဲ့အခါ သူပြောလေ့ရှိတာက "တော်တော် ကတ်တီးကတ်ဖဲ့ ကတ်သီးကတ်သတ်ပြောနိုုင်တဲ့ကောင်" ဆိုတာပဲဖြစ်ပါတယ်။

ကလေးဘဝကနေ ဆယ်ကျော်သက်ဖြစ်လာတော့ စုမိဆောင်းမိရှိလာတယ်။ အဲဒီအထဲမှာ ဟုတ်တာလည်း ပါတယ်၊ မဟုတ်တာလည်း ပါတယ်။ ဟုတ်တာကိုလည်း ဟုတ်မှန်ကြောင်း အထောက်အထားတချို့ မပြနိုင်သေးတာရှိတယ်။ မဟုတ်တာကိုလည်း မဟုတ်မှန်ကြောင်း မပြနိုင်တာ ရှိတယ်။

တစ်ရက် သင်တန်းတစ်ခုက အပြန် ဘတ်စ်ကားမှတ်တိုင်ကအဆင်းမှာ သူနဲ့ သူ့သူငယ်ချင်းတစ်ယောက် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရင်း စကားပြောနေကြတာတွေ့တယ်။ ဟိုတစ်ယောက်က ရပ်ကွက်ထဲမှာ စာကြီးပေကြီးသမားလို့ ပြောလို့ရတဲ့သူ။ တကယ်က သူ့လက်ထဲမှာ စာအုပ်တစ်အုပ်ဖြစ်ဖြစ်၊ သတင်းစာတစ်စောင်ဖြစ်ဖြစ် အမြဲတမ်းကိုင်ထားလို့ သူ့ကို စာကြီးပေကြီးသမားလို့ ရပ်ကွက်က အမည်ပေးထားတာ။ တော်ရုံလူ သူ့ကို ရှောင်တယ်။ ဘာကြောင့်လည်းဆိုတော့ ပြောမိပြီဆိုရင် မဆုံးတော့တဲ့သူ။

သူတို့ဝိုင်းထဲကို ဝင်ထိုင်လိုက်တယ်။ ဝင်ထိုင်တာကလည်း ဦးလေးဖြစ်သူက ဒီလိုလူနဲ့များ ဘာတွေများပြောနေကြပါလိမ့်လို့ စပ်စုချင်တာလည်း တပိုင်းပေါ့။ နောက်တစ်ခါ ဒီလို ဦးလေးအရွယ်တွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြခြင်းအားဖြင့် အရွယ်ရောက်လာပြီဆိုတာကို ရွယ်တူတွေကို ပြချင်တာလည်း ပါတာပေါ့။

အဲဒီမှာ ဟိုလူက နိုင်ငံတစ်နိုင်ငံက ဝန်ကြီးတစ်ယောက်အကြောင်းကို ပြောနေတာ။ ဦးလေးကလည်း လက်ဖက်ရည်လေးတစ်ခွက်ကို ဇိမ်ခံသောက်ရင်း နားထောင်နေတာ။ အင်း ဒီလူပြောတာ ဝန်ကြီးနာမည် လွဲနေသဟ။ ဘယ်ရမလဲ ဦးလေးတော့ ခံနေရပြီဆိုပြီး စကားဝိုင်းထဲ ဝင်လိုက်ပါတယ်။

အာ ဒီမှာ ဦးဘယ်သူ၊ ဦးပြောတာ လွဲနေပြီဗျ၊ အဲဒီဝန်ကြီးနာမည်အမှန်က ဒီလို။ အခုပြောနေတဲ့ နာမည်က ဟိုနိုင်ငံက ဝန်ကြီး။

ဘယ်ရမလဲ၊ အဲဒီအခါ ဟိုပုဂ္ဂိုလ်လည်း ရှူ းရှူ းရှဲရှဲဖြစ်ပါလေရော။ နားထောင်နေတဲ့ဦးလေးကလည်း သူ့ဖက်ကပေါ့။ မဟုတ်ရင် သူလည်း တုံးရာကြတော့မှာကိုး။ အကိုးအကားနဲ့ပြောကာမှ ဖြစ်တော့မှာပဲဆိုပြီး ဟိုဟိုဒီဒီလိုက်ကြည့်တော့ အဲဒီပုဂ္ဂိုလ်က သတင်းစာကိုင်ထားတာ။ ကဲ ခဏလောက်ဆိုပြီး ဟိုဟိုဒီဒီလှန်ကြည့်တဲ့အခါ နိုင်ငံတကာသတင်းတစ်ပုဒ်မှာ ဝန်ကြီးနာမည်ပါလာတယ်။ သတင်းစာကို လက်ဖက်ရည်စားပွဲခုံပေါ်တင်လိုက်ပြီး၊ နာမည်ပါတဲ့ သတင်းရှိရာကို လက်ညှိုးထောက်ပြီး ပြကာ ပြောလိုက်တယ်။

ဒီမှာ ကျနော်ပြောတဲ့သူ။ သူ့နိုင်ငံနဲ့ သူ့ရာထူး။ သူ့နာမည်က အဲဒါ။

ပြောလည်းပြော၊ ထိုုင်ခုံက ထလည်းထ။ သွားသင့်ပြီလို့ ကိုယ်စောင့်နတ်က သတိပေးနေသလိုပါပဲ။ ဦးလေးကို နှုတ်ဆက်လိုက်တယ်။

ဦးလေး ကျနော် ဒိုးပြီ။ အဲဒါကြောင့် ကျနော်ပြောတာ၊ သတင်းစာကို နေ့တိုင်းဖတ်ပါလို့။ သွားပြီ။ မတ်တပ်ရပ်နေရင်း လက်ကျန် ရေနွေးကြမ်းကို ကုန်အောင်မော့လိုက်သေးတယ်။ ပြီးတာနဲ့ ဦးလေးသူငယ်ချင်းကိုတောင် နှုတ်မဆက်တော့ဘဲ သုတ်ခြေတင်ပါတော့တယ်။

နောက်နေ့တွေမှာ ဦးလေးတစ်ယောက် သတင်းစာဖတ်နေတာကို ဝမ်းသာဖွယ်တွေ့မြင်ရပါတယ်။

အခုကျတော့ အကိုးအကားဆိုတာကို မြင်တဲ့အမြင်က တစ်မျိုးပြောင်းသွားပြန်ပါတယ်။ ဒါကလည်း သင်တန်းတစ်ခုတက်အပြီးမှာ သိလိုက်ရတာဖြစ်ပါတယ်။ အကိုးအကားဆိုတာ လိုတာမှန်ပေမယ့် အဲဒီအကိုးအကားဟာ မှန်ကြောင်း အထောက်အထားခိုင်လုံရမယ်ဆိုတာပါပဲ။ အကိုးအကားတစ်ခုဟာ မှားနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပါပဲ။ မှားနေတာကို မှားနေမှန်းမသိဘဲ ယူသုံးမိတဲ့အခါ တကယ်သိ တကယ်တတ်တဲ့သူတွေအတွက် ပြုံးစရာ ဖြစ်သွားတတ်ပါတယ်။ နောက်ပိုင်းမှာ အကိုးအကားတစ်ခုကို လိုချင်လို့ သုံးချင်တဲ့အခါ အတော်လေးကို စဉ်းစဉ်းစားစားနဲ့ သုံးရပါတယ်။

သူတို့ကြီးတွေတောင် ယူသုံးထားတာပဲလေ မှန်လို့နေမှာပေါ့ဆိုတဲ့ အကိုးအကားတစ်ခုဟာ ရာနှုန်းပြည့်မှန်ကန်မယ်လို့ တပ်အပ်မပြောနိုင်ပါ။ သူတို့ကြီးတွေ လွဲတဲ့အခါ အားလုံးလွဲကုန်တာပါပဲ။

ကိုးကားမှုတွေ မှန်ကန်နိုင်ကြပါစေကြောင်း ရည်ရွယ်ပါတယ်။

ကျော်မောင်(တိုင်းတာရေး)
၁၁-ဇူလိုင်-၂၀၁၆

Jul 7, 2016

ဘာကြောင့် (စာဖတ်သင့်သလဲ ၊ စကားစမြည်ပြောသင့်သလဲ)


ဆရာမြသန်းတင့်ရဲ့ "ဧကရာဇ်တို့၏ ဘဏ္ဍာတိုက်များ" ဆိုတဲ့ စာအုပ်ထဲမှာ ပါတဲ့ ဂျွန်ရပ်စကင်း (John Ruskin) ရဲ့ ဟောပြောချက်တွေထဲက တခုကို ကောက်နုတ်ဖော်ပြခွင့်ပြုပါ။

"စာအုပ်တစ်အုပ်ကို ရေးတဲ့ စာရေးဆရာဟာကိုယ့်ထက် ပညာမရှိလျှင် ဒီစာအုပ်ကို ဖတ်စရာ မလိုတော့ပါဘူး။ ကိုယ့်ထက်ပညာရှိလျှင်၊ အသိအလိမ္မာရှိတယ်ဆိုလျှင်တော့ နေရာများစွာမှာ သူများနဲ့မတူတဲ့ ခြားနားစွာ တွေးခေါ်တာကို တွေ့ရလိမ့်မယ်။ စာအုပ်တစ်အုပ်ကို ဖတ်ပြီးတာနဲ့ ဒီစာအုပ်က သိပ်ကောင်းတာပဲ၊ ကျွန်တော်တွေးထားတာနဲ့ အတူတူပဲလို့ ကျွန်တော်တို့ မကြာခဏပြောလေ့ရှိကြတယ်။ အမှန်ကတော့ ဒီလိုမဖြစ်သင့်ဘူး။ ဒီစာအုပ်ဟာ တော်တော်ထူးခြားတဲ့စာအုပ်ပဲ။ အရင်တုန်းက ဒီလို ကျွန်တော် တစ်ခါမှ မတွေးဖူးဘူး။ ကြည့်စမ်း၊ ဘယ်လောက်မှန်သလဲဆိုတာ တွေ့ရလိမ့်မယ်။ အခု မတွေ့သေးလျှင်လည်း နောက်တစ်နေ့မှာ ဒီစာအုပ်ထဲကအတိုင်း ဖြစ်မှာပဲဆိုတဲ့အတွေးမျိုး ကျွန်တော်တို့မှာပေါ်လာရမယ်။ ထားပါလေ၊ ဒီလောက်အထိ စာအုပ်တစ်အုပ်ကို အထင်ကြီးကိုးကွယ်ခြင်း မပြုလိုသည့်တိုင် အနည်းဆုံးစာအုပ်ထဲမှာ ကိုယ့်အတွေးကို ရှာဖို့မဟုတ်ဘဲ စာရေးဆရာ ဘယ်လိုရေးသလဲဆိုတာကို သိလိုတဲ့ ဆန္ဒနဲ့ ဖတ်သင့်တယ်။ ခင်ဗျားဟာ တွေးတတ် ခေါ်တတ်တယ် ဆိုလို့ရှိလျှင် စာရေးဆရာရဲ့ အတွေးအခေါ်မှန် မမှန်ကို နောက်ကျတော့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ယူပေါ့။ "

မနက်ဖြန် ရုံးပိတ်ရက်ဖြစ်တာကြောင့် ဒီနေ့ညနေ ရုံးဆင်းဆင်းချင်းမှာ စကားပြောဖော် ပြောဖက် ကျောင်းနေဖက် သူငယ်ချင်းနဲ့ တခုခုစားရင်း စကားစမြည်ပြောဖြစ်ကြတယ်။ ထွေရာလေးပါးပြောရင်းဆိုရင်းကနေ အကြံကောင်း ဉာဏ်ကောင်းတွေ ရခဲ့ပါတယ်။ ရတာလေးတွေ ပျောက်မသွားရအောင် ဖုန်းထဲက မှတ်စုထဲမှာ ရေးမှတ် တေးမှတ်ခဲ့ပါတယ်။ အခု ပြန်တွေးကြည့်တဲ့အခါ စကားစမြည်ပြောဆိုခြင်းရဲ့ ကောင်းကျိုးကို မြင်တွေ့ရပါတယ်။

ငါ ဒီလို မတွေးခဲ့တာကို ဒီလူ တွေးနိုင်တယ်။ ငါ ဒီလို တခါမှ မစဉ်းစားဘူးတဲ့ အကြံကောင်းကို ဒီလူ ပေးနိုင်တယ် ဆိုတာမျိုးပဲဖြစ်ပါတယ်။

အပြန်မှာ ရထားစီးတဲ့အခါ ထိုင်စရာရတယ်။ ဆယ်မိနစ် ဆယ့်ငါးမိနစ်သာသာလောက်ပဲ စီးရမယ့် ခရီးတိုမှာ ထိုင်ရာနေရာရတာနဲ့ အိတ်ထဲကနေ ဖတ်လက်စ ဝတ္ထုစာအုပ်ကို ထုတ်ပြီး ဖတ်ဖြစ်တယ်။ တစ်မျက်နှာရရ သုံးလေးမျက်နှာရရ စာဖတ်မယ်လို့ ရည်ရွယ်ပြီး ဖတ်ပါတယ်။ အဲဒီ ဘာသာပြန်ဝတ္ထုက အခေါက်ခေါက်အခါခါ ဖတ်ခဲ့ပြီးဖြစ်ပေမယ့် ရေးခဲ့ပြီးတဲ့စာညွှန်းတစ်ပုဒ်ကို ပိုမိုပြည့်စုံစေချင်လို့ သေသေချာချာပြန်ဖတ်နေတာဖြစ်ပါတယ်။

ဝတ္ထုထဲက ဇာတ်ကောင်တွေ တွေးပုံ၊ အချီအချ စကားပြောပုံတွေကို ခဏတာဖတ်အပြီးမှာ ဟိုးတုန်းက မရခဲ့ဘူးတဲ့ အတွေးသစ် အမြင်သစ်တွေ ရလိုက်ရပါတယ်။

ကျနော်လိုချင်တာ အဲဒါပါပဲ။

မိတ်ဆွေများကို မျှဝေချင်တာကလည်း အဲဒါပါပဲ။

စာဖတ်ပါ။ မသိတာကို သိလာအောင် စာဖတ်ပါ။ မဖြစ်ဘူးသေးတဲ့ အတွေးမျိုး ပေါ်လာအောင် စာဖတ်ပါ။ ထို့အတူပဲ စကားစမြည်ပြောပါ။ တဖက်သားဆီက အတွေးကောင်းပေါ်လာတဲ့အခါ သိလာ ရလာတာကို မှတ်သားပါ။

ကျော်မောင်(တိုင်းတာရေး)
၅-ဇူလိုင်-၂၀၁၆

Jul 3, 2016

နေရာနဲ့ အခါ

တခါမှာ စာမေးပွဲတခုဖြေနေရတဲ့အချိန်။ အောင်မှတ်လို့ သတ်မှတ်ထားတဲ့ပမာဏလောက်ကို မှတ်ဉာဏ်ထဲကနေ အတင်းကာရော ဖျစ်ညှစ်ထုတ်နေရတဲ့ကာလ။ နှစ်ဆယ်နဲ့မှ လေးနာရီတောင်မပြည့်သေး၊ ပြန်လည်နွှေးထားတဲ့ သီအိုရီတွေ၊ တွက်ပုံတွက်နည်းတွေ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေဆိုတာ၊ မချိမဆန့် မြန်မြန်ဆန်ဆန်ရိုက်သွင်းထားတဲ့ပုံစံဖြစ်နေတဲ့အတွက် တော်တော်နဲ့ ပြန်လည်ဖော်လို့မရတဲ့ အပိုင်းအခြားတခုမှာပေါ့။

အရွယ်ရောက်လာပြီး ခုနက စာမေးပွဲလိုမျိုးကို ဖြေရမယ့်အခါမှာ စိတ်ထဲမှာ အောင်မှတ်လောက်ပဲ စိတ်ဝင်စားတော့တယ်။ အောင်မှတ်ရဖို့ မှတ်ထားတဲ့အပိုင်းတွေကို ပြန်ဆွဲယူ။ ရှင်းပြတုန်းက နားလည်သလိုလိုရှိသား၊ ဒါမျိုးဆင်တူပုစ္ဆာကို စာမေးပွဲမှာမေးတဲ့အခါ မေးခွန်းဖတ်ကြည့်ပြီး မေးခွန်းထုတ်တဲ့ ဆရာမနှယ် အလွယ်လေးလာမေးရသလားလို့ ပြုံးလိုက်သေး။ တွက်ကြည့်တဲ့အခါမှာ တလွဲ။ လွဲနေမှန်းသိနေတာကိုက အခြေအနေမဆိုးသေးဘူးလို့ပဲ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေချိန်။

"ဟေ့လူ ဟေ့လူ" အသံက ခပ်အုပ်အုပ်လေး။ ဒီမှာ အဖြေရဖို့ သီသီလေးလိုတော့တဲ့စက္ကန့်ပိုင်းမှာမှ ဘယ်သူက လှမ်းခေါ်နေပါလိမ့်။

စာမေးပွဲခန်းစောင့်တဲ့ ဆရာ၊ ဆရာမတွေကလည်း အခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန်။

ထပ်ကြားရတယ်။

"ဟေ့လူ ဟေ့လူ"

တော်တော်တိုးပေမယ့် ပထမတခေါက်အသံကတည်းက နည်းနည်းဂရုပြုမိထားတဲ့အတွက် ခေါင်းကို ဆတ်ကနဲ ဘယ်လှည့်ညာလှည့် လှည့်လိုက်တယ်။ ဘယ်လှည့်လိုသာပြောရတယ်၊ အဲဒီဖက်မှာက နံရံပဲရှိပါတယ်။ ညာဖက်မှာတော့ စာဖြေနေတဲ့ ဘော်ဒါတယောက်ရှိတယ်။ စာရေးစားပွဲခုံရှည်တခုံတည်းမှာ တဖက်တချက်စီ အစွန်းဖက်မှာ ထိုင်ပြီး စာဖြေရတာဖြစ်ပါတယ်။

ကြည့်လိုက်တော့ ဘော်ဒါက လက်ဟန်နဲ့ပြရင်း ပြောတယ်။

"ဘယ်နှနာရီ ရှိပြီလဲ"

ဒီက ကောင်ကလည်း ခပ်အုပ်အုပ်လေး ပြန်ဖြေတယ်။

"နှစ်နာရီ ထိုးတော့မယ်"

အဲဒါနဲ့ သူလည်း စာဆက်ဖြေ၊ ကိုယ်လည်း ခေါင်းတွေ ချွေးထွက်အောင် စဉ်းစား။

နာရီဝက်လောက်ကြာတော့ တခါထပ်ကြားပြန်တယ်။

"ဟေ့လူ ဟေ့လူ" "ဟမ်"

"ဘယ်နှနာရီ ရှိပြီလဲ" "နှစ်နာရီ မိနစ်သုံးဆယ်"

"အင်း"

အဲဒီပုဂ္ဂိုလ် စာတွေ ဆက်ရေး ဆက်ဖြေနေတယ်။ တော်တော်များများကို ရေးဖြေနေတာ။

သိပ်မကြာမီမှာပဲ။ လုပ်ချောင်းဟန့်သံကြားလိုက်ပြီး "အခုကော ဘယ်လောက်ရှိသွားပြီလဲ" လို့မေးလာပြန်ပါရောဗျာ။

"အချိန်ပြည့်တော့မယ်၊ နောက်ဆယ်မိနစ်ဆိုရင် ပြည့်ပြီ" ဖြေသာဖြေလိုက်ရတယ်။ သိပ်တော့ မကျေနပ်။ ကိုယ်တော်ချောက နာရီမပတ်။ သူကလည်း သိပုံရတယ်။ အချိန်တွေမေးတိုင်း မေးတိုင်း မဖြေချင့်ဖြေချင်ဖြေနေသောသူရဲ့ လေသံကို ဖမ်းမိသွားပုံပေါ့။ အချိန်ပြည့်လို့ စာရွက်တွေသိမ်းတဲ့အခါမှ နှစ်ယောက်စလုံး ထိုင်ခုံမှ ထကြ၊ ပုဂ္ဂိုလ်က နှုတ်တောင် မဆက်သွား။

တခုမေ့သွားတယ်။ အချိန်မေးသူကို အဆင်ပြေအောင် လက်ပတ်နာရီအိုလေးကို လက်ကနေ ချွတ်ပြီး စားပွဲခုံရဲ့ အလယ်လောက်မှာ ထားထားလိုက်ဖို့အကြံကို စာမေးပွဲခန်းမက ထွက်လာမှ ရမိတယ်။ အေးပေါ့။ နောက်တရက် ဆက်ဖြေရဦးမှာပဲ။ ရောက်တာနဲ့့ လက်ပတ်နာရီလေးကို အလယ်ခေါင်မှာ တင်ထားလိုက်မယ်။ သူလည်း နာရီကြည့်နိုင်၊ ကိုယ်လည်း အချိန်ခဏခဏ မေးခံရလို့ စာဖြေရတာ အနှောက်အယှက်မရှိနိုင်။ ကိုယ့်တွေးချက်နှင့်ကိုယ် ဟုတ်နေတာပေါ့။

နောက်တရက်ရောက်၊ စာမေးပွဲခန်းထဲကို နောက်နည်းနည်းကျမှဝင်၊ ထိုင်ခုံမှာ ဝင်ထိုင်မလို့ ပြင်တဲ့အချိန်မှာ စာရေးစားပွဲခုံကို ကြည့်မိတယ်။

ဟိုက် ဘာကြီးတုန်း။

စားပွဲတင်နာရီကြီးလေ။ စွင့်စွင့်ကားကားလို့ ပြောရမလားပဲ။ သုံးနေကြနှိုးစက်နာရီလိုမျိုး သေးသေးလေးမဟုတ်၊ ထုနဲ့ထည်နဲ့ လေးထောင့်ကျကျ ခန့်ခန့်ထည်ထည်ကြီး။ ဒီလူဗျာ ဒီလောက်ရှိတဲ့ နာရီကြီးကို စာမေးပွဲခန်းထဲ ဘယ်လိုလုပ်ယူလာတုန်းဆိုတာ မတွေးတတ်အောင်ပါပဲ။ ဆရာ ဆရာမတွေကို ပြောဆိုခွင့်တောင်းပြီး ယူလာပုံရပါတယ်။ စစ်တုရင် ပြိုင်ပွဲတွေက စားပွဲတင်နာရီတွေကိုတောင် မြင်ယောင်မိပါတယ်။

အဲဒီနေ့မှာတော့ "ဟေ့လူ ဟေ့လူ" ဆိုတဲ့ ခေါ်သံလည်း မကြားရ၊ "ဘယ်နှနာရီ ရှိပြီလဲ" လို့ မေးသံလည်း နှုတ်ဆိတ်။

အဲ နေဦးဗျ။ နာရီရဲ့ စက္ကန့်လက်တံသွားနေသံကတော့ တချက်ချက်နဲ့ တိတ်ဆိတ်နေတဲ့ စာမေးပွဲခန်းကို ဖုံးလွှမ်းနေလေရဲ့။

အဲဒီနေ့က ဖြေတဲ့ဘာသာ ဂုဏ်ထူးအမှတ်တောင် ရတယ် ထင်ပါရဲ့ဗျာ။

ကျော်မောင် (တိုင်းတာရေး)
၃-ဇူလိုင်-၂၀၁၆

Jul 1, 2016

ကူညီခြင်း ဆိုရာဝယ်

သောကြာနေ့က ရုံးရောက်ဖို့ ကားစီးတဲ့အခါ နှစ်ထပ်ကားစီးရတယ်။ စီးနေကြအတိုင်း အတွင်းဖက်လှေကားကနေတဆင့် အပေါ်ထပ်ကို တက်တယ်။ လှေကားတက်တက်ချင်းမှာ တွေ့တဲ့ ထိုင်ခုံမှာဝင်ထိုင်တယ်။ ခါတိုင်းထိုင်နေကြက ကားမှန်နားကပ်လျက်၊ အခုက ခရီးသည်တယောက်ရှိနှင့်နေတဲ့အတွက် လျှောက်လမ်းဖက်က ထိုင်ခုံမှာ ထိုင်လိုက်ရတယ်။ ထိုင်ခုံတွေက သီးခြားခုံတွေကို နှစ်ခုံစီတွဲထားတာ။ ခရီးသည်တွေ တယောက်ချင်း ကားပေါ်တက်လာနေကြ၊ ထိုင်ခုံမှာ ထိုင်ကြ၊ ထိုင်နေတဲ့သူတွေက ဖုန်းတွေသုံးကြနဲ့ မကြာခင်မှာပဲ ကားက စထွက်ပါတယ်။

နှစ်ထပ်ကားမောင်းတဲ့ ဘတ်စ်ကားကပ္ပတိန်က လူလတ်ပိုင်းအရွယ် မလေးအမျိုးသမီးဖြစ်ပါတယ်။ ကားထွက်ချိန်မှာပဲ လုပ်စရာနှစ်ခုကို သတိရမိတယ်။ ကျောပိုးအိတ်ထဲမှာ ပါတဲ့ စာအုပ်ကို ထုတ်ဖတ်မလား၊ ဖုန်းထဲက မှတ်စုမှာပဲ တိုတိုထွာထွာရေးမလားဆိုတာပါပဲ။ ဖုန်းက လက်မှာ ကိုင်ပြီးသားဆိုတဲ့အတွက် ရေးဖို့ရွေးချယ်လိုက်ပြီး ဖုန်းကို ဖွင့်ပါတယ်။ ကားက ဂိတ်ကအထွက် မီးပွိုင့်မှာ မီးနီမိနေပါတယ်။ 

အဲဒီမှာပဲ အောက်ထပ်က အသံတသံကြားပါတယ်။ ဘာပြောမှန်း မသဲကွဲပါ။ သေသေချာချာနားထောင်ကြည့်မှ " ဟလို ဟလို" ဆိုတာကို စကြားရတယ်။ တခုခုကို လက်နဲ့ တဖုန်းဖုန်းရိုက်နေတာလည်း ကြားရတယ်။ အသံထဲမှာ "အပေါ်ထပ်က တယောက်ယောက်ကူညီပါ" လို့ ကြားမိသလိုဖြစ်တော့ ထိုင်နေတဲ့နေရာကနေ ဘေးတွေ နောက်တွေ လှည့်ကြည့်မိတယ်။ လျှောက်လမ်းမှာ အန်တီတယောက် မတ်တပ်ရပ်ပြီး ဖုန်းသုံးနေတာကို တွေ့တယ်။ ရိပ်မိသွားပြီ၊ အောက်က တဒုန်းဒုန်းအသံနဲ့ ပြောသံတွေက ကားကပ္ပတိန်ဆီက လာတာ။ အပေါ်ထပ်မှာ မတ်တပ်ရပ်စီးခရီးသည် မရှိရဘူး။ အပေါ်ထပ်ကို တက်တဲ့လှေကားမှာလည်း မတ်တပ်ရပ်ခွင့်၊ ထိုင်ခွင့်မရှိဘူး။ 

အန်တီက ဖုန်းလေးပွတ်နေမြဲ၊ အောက်ကအသံကလည်း ပိုပြီး ညံလာသလို၊ ကားက မီးပွိုင့်ကနေ ထွက်စပြုနေပြီ။ 

အန်တီ ဒီမှာလာထိုင်ဆိုပြီး ပြောတဲ့အခါ အန်တီက ရပါတယ်တဲ့။ မဟုတ်ဘူး သွားထိုင်၊ အဲဒီမှာ မတ်တပ်ရပ်လို့မရဘူးပြောပြီး လှေကားကနေ အောက်ထပ်ကို ဆင်းခဲ့တယ်။ ကားကပ္ပတိန်ဆီက ကျေးဇူးတင်ပါတယ်ဆိုတာလည်း မကြားရပါ။ အောက်ထပ်က ခရီးသည်တွေဆီက အကြည့်တွေကို စူးစူးရဲရဲခံလိုက်ရပါတယ်။ စည်းကမ်းဖောက်တာ ဒီလူပဲဖြစ်မယ်ဆိုတဲ့အကြည့်။ ကားပ္ပတိန်အော်နေတာ ဒီလူပဲဖြစ်မယ်ဆိုတဲ့အကြည့်။ ကားကပ္ပတိန်ခေါင်းပေါ်ဖက်မှာရှိတဲ့ တီဗီကို ခရီးသည်တွေ ကြည့်ဖြစ်ချင်မှ ကြည့်ဖြစ်ကြပါလိမ့်မယ်။ သူက အဲဒီကနေ လှမ်းကြည့်ပြီး အန်တီ့ကို ပြောတာ။ 

ဘာပဲပြောပြော လုပ်သင့်တာတခုကို လုပ်ဖြစ်သွားတဲ့အတွက် ပီတိဖြစ်ရပါတယ်။

Jun 4, 2016

ပုံပြောခြင်း အတတ်ပညာ

ငယ်ငယ်တုန်းက စာဖတ်တဲ့အခါ စာစောင်တွေ မဂ္ဂဇင်းတွေမှာ ပုံပြင်တွေပါလာရင် တေးမှတ်ထားပြီး နောက်ဆုံးမှ ဖတ်တယ်။ ဘာနဲ့တူသလဲဆိုတော့ မုန့်ဟင်းခါးစားတဲ့အခါ ကြက်သွန်ဥပါလာရင် နောက်ဆုံးမှ စားသလိုပဲ။ တခြားအရသာတွေနဲ့ မရောစေဘဲ သီးသန့်စားလိုတာဖြစ်တယ်။ ပုံပြင်ဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ၊ အခြားရသတွေနဲ့ မရောစေလိုတဲ့အတွက် တခြားဖတ်ဖွယ်မှတ်ရာတွေ ဖတ်ပြီးတဲ့အခါမှ သေသေချာချာ စိမ်ပြေနပြေဖတ်တယ်။

အဖေက အပြောအဟောကောင်းတယ်။ ဇာတ်နိပါတ်တော်တွေထဲက ဇာတ်ကြီးဆယ်ဘွဲ့အစရှိတာတွေ၊ သမိုင်းဆိုင်ရာပုံပြင်တွေ ပြောတယ်။ နောက်ပိုင်းမှာ ရတနာမွန်မဂ္ဂဇင်းတို့၊ မင်္ဂလာမောင်မယ် စာစောင်တို့၊ ရွှေသွေးဂျာနယ်တို့ ဖတ်လာတဲ့အခါ ပုံပြင်နားထောင်သူအဆင့်ကနေ ပုံပြင်ဖတ်သူဖြစ်လာတယ်။ ဒါပေမယ့် ဖတ်ထားတဲ့ပုံပြင်တွေကို ပြန်ပြောခွင့် မကြုံခဲ့ဘူး။ ညီငယ် အရွယ်ရောက်လာတဲ့အခါမှ အိပ်ရာဝင်ပုံပြင်တွေကို ပြောပြခွင့်ကြုံတယ်။

ညီအငယ်ကောင်က ပုံပြင်တွေကို မှတ်သားထားလေ့ရှိတယ်။ ဒီတစ်ပတ်မှာ ပြောတဲ့ပုံပြင်နဲ့ အရင်တစ်ပတ်မှာ ပြောတဲ့ပုံပြင် ထပ်လို့မရဘူး။ ကိုလေး အဲဒါပြောပြီးသားကြီးကွ ဆိုပြီး သတိပေးတတ်တယ်။ ညတိုင်း အိပ်ခါနီးတိုင်း ပြောရတာဆိုတဲ့အခါ သိထားတဲ့ပုံပြင်တွေလည်း တဖြည်းဖြည်း ရှားလာတယ်။ မသိသေးတဲ့ပုံပြင်အသစ်တွေကို လိုက်ရှာဖတ်ရတယ်။ စာအုပ်ဆိုင်တွေမှာ ပုံပြင်စာအုပ်တွေ့လို့ စိတ်ကြိုက်နဲ့ကိုက်ရင် ဝယ်တယ်။ မှတ်မိတာက လမ်းဘေးပလက်ဖောင်းပေါ်မှာ ချရောင်းနေတဲ့ ပုံပြင်စာအုပ်တစ်အုပ်တွေ့လို့ ဝယ်လိုက်ဖူးတယ်။ အဲဒီစာအုပ်က အင်္ဂလိပ်လိုရေးထားတဲ့ မြန်မာပုံပြင်များ စာအုပ်ပဲ။ အခုထိ ဖတ်လို့ မရိုးနိုင်ဘူး။

အဲဒီအထဲက ပုံပြင်တွေ ဖတ်ပြီး ညီကို ပြန်ပြောတယ်။ ပြန်ပြောဖို့ ဖတ်ရတဲ့အတွက် ဖတ်ရတာအပြင် ယုတ္တိယုတ္တာဆိုတဲ့ကိစ္စကိုလည်း ထည့်စဉ်းစားရပြန်တယ်။ ဒီကောင်က ပုံနားထောင်တဲ့အခါ ကြားဖြတ်မေးလေ့ရှိတယ်။ အဖြေခက်တဲ့အခါ ဒါ ပုံပြင်ကွလို့ ပြောလိုက်ရတယ်။

တစ်ညမှာ အတော်အိပ်ချင်လာတာနဲ့ ပုံပြင်မပြောဘဲ အိပ်တော့မယ်လို့ ပြင်တယ်။ ပုဂ္ဂိုလ်လေးက ဟေ့ ကိုလေး ပုံပြောဦးကွလို့ တောင်းဆိုတယ်။ အေး ပြောတာပေါ့ဆိုပြီး စိတ်ထဲရောက်လာတဲ့ ပုံတွေ ပြောတယ်။ အဲဒါ ငါ သိတယ်ကွလို့ သူကပြော၊ နောက်တစ်ပုံပြောင်းပြော၊ ဒါလည်း သိပြီးသား၊ နောက်တစ်ပုံပြောင်းပြော၊ ပုံတွေထပ်နေပြီလို့ ပြော၊ အဲဒါနဲ့ ဘာလုပ်ရသလဲဆိုတော့ ဉာဏ်သုံးရပါတော့တယ်။

ပုံပြင်တွေကို သုံးလေးပုံလောက် ပေါင်းလိုက်တယ်။ နားထောင်နေတဲ့ ညီငယ်လည်း အတော်သဘောကျသွားတယ်။ သူလည်း သိတော့သိတယ်။ ဒါပေမယ့် ပုံပြင်က အသစ်လိုဖြစ်နေတဲ့အခါ ဘာစောဒကမှ မတက်နိုင်တော့ဘူး။

ပြောရင်းပြောရင်းနဲ့ ပုံပြင်ကို ဘယ်လို အဆုံးသတ်ရမယ်မှန်း မသိတော့တဲ့ အခြေအနေရောက်လာတယ်။ လိုက်ပေါင်းရင်း ပေါင်းရင်းနဲ့ ပုံပြင်က မဆုံးနိုင်တော့ဘူး။ နားထောင်သူက သေသေချာချာနားထောင်နေတယ်။ သူက သမ်းတောင် မသမ်းဘူး။ ပုံပြောသူက မျက်ခွံတွေ လေးလာတယ်။ စကားလုံးတွေ ဗလုံးဗထွေးဖြစ်လာတယ်။ ပုံပြင်က အစီအစဉ်မကျတော့ဘဲ ဟိုရောက်ဒီရောက်ဖြစ်လာတယ်။ ငါ အိပ်တော့မယ်ကွာလို့ ပြောကြည့်တယ်။ ဟိုက လက်မခံဘူး။ ပြီးတော့ ဘာဖြစ်သွားလဲဆိုတာကိုသာ မေးနေတယ်။ ပြောရင်းပြောရင်းနဲ့ ပုံပြောသူ အိပ်မောကျသွားတယ်။

မနက်အိပ်ရာထတဲ့အခါ ညီငယ်က အခုလိုကောင်းချီးပေးတယ်။

"ကိုလေးရေ ညက မင်းပြောတဲ့ပုံပြင် အရမ်းကောင်းတယ်။ ပုံပြောနေတဲ့ မင်းတောင် အိပ်ပျော်သွားတယ်"

ပုံပြောခြင်းဖြင့် အိပ်မောကျနိုင်ကြပါစေ။

ကျော်မောင်(တိုင်းတာရေး)
၄-ဇွန်-၂၀၁၆

Mar 3, 2016

အတွေးများဖြင့်

လွန်ခဲ့တဲ့ တနလာင်္နေ့က အတွေ့အကြုံတခုပါ။ ရထားစီးတဲ့အခါ ခါတိုင်းလိုပဲ စီးတဲ့အချိန်က ခရီးသည် အသင့်အတင့် ရှိတဲ့အချိန်ဖြစ်လေတော့ ရထားဆိုက်ဆိုက်ချင်းမှာပဲ ခြေထောက်နှစ်ချောင်းနေရာရအောင် ရထားတွဲအတွင်းဖက် ခပ်ကျကျကို သွားရပ်ပါတယ်။ လွယ်ထားတဲ့ ကျောပိုးအိတ်ကို ကြမ်းပြင်ပေါ်ချထားလိုက်ပါတယ်။ ချပြီးတာနဲ့ ဘေးဘီဝဲယာ တချက်တော့ ဝေ့ကြည့်လိုက်မိပါတယ်။ ကုန်ကြမ်းရှာတယ်ပဲပြောပြော၊ အကျင့်ပါတယ်ပဲဆိုဆို၊ စီးတဲ့ ရထားတွဲထဲက ခရီးသည်တွေ ဘယ်လိုလူတွေလည်း ဆိုတာ၊ ပတ်ဝန်းကျင်က ဘာတွေဘယ်လိုပြောင်းလဲသွားတယ်ဆိုတာ သိအောင် ပြုတဲ့ အပြုအမူပါပဲ။

ဒါကို ဆရာတယောက်က surroundings observation လို့ နာမည်ပေးထားပါတယ်။ ပိုက်ဆံမကုန်၊ အသိတိုးစေတဲ့ လေ့လာချက်ဖြစ်ပါတယ်။ ရထားပေါ်မှာ မြင်ရ ကြားရတာတွေ ခဏဆိုပြီး အထင်မသေးပါနဲ့၊ တချိန်မှာ အသုံးဝင်လာကောင်း ဝင်လာနိုင်ပါတယ်။ ရထားပေါ်တင် မဟုတ်၊ တခြားနေရာမှာလည်း ပတ်ဝန်းကျင် စူးစမ်းလေ့လာခြင်း ဆိုတာ အရေးပါပါတယ်။

ဟိုဟိုဒီဒီ တချက် ဝေ့ကြည့်တဲ့အခါ ဘေးချင်းကပ် ရပ်နေတဲ့ တယောက်ရဲ့ ကျောပိုးထားတဲ့အိတ်ကို မြင်လိုက်ရပါတယ်။ ကျောပိုးအိတ်က အတော်သေးပါတယ်။ သားရေနဲ့ လုပ်ထားသော ကျောပိုးအိတ်ဖြစ်ပါတယ်။ အဲဒီ ကျောပိုးအိတ်က ဇစ်ပွင့်နေပါတယ်။ အိတ်ကို ဖွင့်ပြီးတဲ့အခါမှာ ပြန်ပိတ်ဖို့ မေ့သွားတာဖြစ်နိုင်ပါတယ်။

လွယ်ထားတဲ့ ကျောပိုးအိတ်ပွင့်နေတာကို မြင်ရဖို့ဆိုတာ ကြည့်သူက အရပ်အနည်းငယ်မြင့်မှ ဖြစ်မှာပါ။ ကျောပိုးအိတ်လွယ်ထားသူက အသက် ၅၀ ပိုင်းလောက်ရှိမယ့် မလေးလူမျိုး အန်တီကြီး တယောက်ဖြစ်ပါတယ်။ အရပ်က နည်းနည်းပုပါတယ်။ ဒါကြောင့်သူ့အိတ်အတွင်းဖက်လောက်ကို နည်းနည်း မြင်ရတာပါ။သူကြည့်လိုက်တော့ သူက မျက်လုံးလေးမှေးပြီး သူ့စည်းစိမ်နဲ့သူ။ "ဟလို" ဆိုပြီး ပါးစပ်ဟလိုက်ရင် သူ့မျက်လုံးပွင့်လာမယ်၊ "ဟလို" လို့ အသံထွက်တဲ့သူကို လိုက်ကြည့်မယ်၊ အဲဒီမှာ "your bag" လို့ ပြောလိုက်ရင် ပွဲပြီးသွားမယ်၊ သူသိသွားရင် "Thank you" တွေ ဘာတွေ ပြောပြီး သူ့အိတ်ဇစ်ကို ဆွဲပိတ်မယ်။ ဒါက ပထမဆုံး ပေါ်လာတဲ့ အတွေး။ ဒါပေမယ့် အဲဒီ "ဟလို" ဆိုတာကို ပြောဖို့ နှုတ်လေးနေတယ်။

သူ့ရဲ့ တဖက်မှာ မိန်းမတယောက်ရှိတယ်။ အဲဒီတယောက်က ပွင့်နေတဲ့ ကျောပိုးအိတ်ကို မျက်နှာမူပြီး ဖုန်းသုံးနေတယ်။ အန်တီကြီးက ဘယ်ဘူတာကနေ စီးလာတယ်မသိ၊ ဟိုတယောက်ကလည်း တွေ့ရဲ့သားနဲ့ ဘာကြောင့် မပြောသလဲ။ အဲဒီ အမျိုးသမီးကို ကြည့်တော့ သူကလည်း သူ့ အာရုံနဲ့သူ။ ဒါပေမယ့် စိတ်ထဲမှာ ဘာသွားဖြစ်သလဲဆို ဟာ ဒီအမျိုးသမီး သူ့ရှေ့တည့်တည့်မှာ အိတ်ပွင့်နေတာကို မိန်းမချင်း လက်တို့လိုက် ရတာပဲ၊ ဘာလိုပါလိမ့်လို့တွေးမိ။ ဒါက ဒုတိယ ဖြစ်သွားတဲ့ အတွေး။

ရထားက တဘူတာဆိုက်သွားပြီး နောက်တဘူတာကို ဆက်မောင်းနေတယ်။ အဲဒီ နောက်တဘူတာမှာ ဆင်းရမှာ၊ မောင်းချိန်က ရှစ်မိနစ်လောက်ရှိတယ်။ ကဲ ဘာမှ ဆက်တွေးမနေနဲ့ သူ့ကံနဲ့ သူရှိပါစေ။ သူလည်း သူ့အကြောင်းနဲ့သူ၊ တခြားသူတွေ့ရင် သတိပေးမှာပါပဲ။ အတွေးတွေကို ဖြတ်တဲ့ တတိယအတွေး။

တတိယအတွေးကို စတုတ္ထအတွေးက ဒီလိုလာဖျက်တယ်။ 
ဒီအန်တီကြီးရဲ့ အိတ်ထဲမှာ ပိုက်ဆံအိတ်လည်း ပါချင်ပါမယ်၊ အရေးကြီးတဲ့ စာရွက်စာတမ်းတွေလည်း ပါချင်ပါမယ်၊ ပြုတ်ကျနိုင်တဲ့ တိုလီမိုလီလည်း ပါချင်ပါမယ်။ အဲဒါတွေ မတော်လို့ ပြုတ်ကျ၊ လွင့်ကျသွားရင် သူ့ခမျာ အလုပ်ရှုပ်တော့မှာပါ။ အဲဒါကြောင့် နောက်ဘူတာ မဆင်းခင် သူ့အိတ်ပွင့်နေတာကို ပြောဖြစ်အောင် ပြောမယ်။

မှိန်းနေတဲ့ အန်တီကြီးလည်း မျက်လုံးလေးပွင့်လာပြီး ဟိုဟိုဒီဒီကြည့်တယ်။ ဒီကောင့်ဖက်ကို မကြည့်၊ ဒီကကောင်ကလည်း သူ့မျက်နှာရှေ့ကို ကိုယ်ကို နည်းနည်း ရွှေ့လိုက်တယ်။ ဒါမှ သူမြင်မှာကိုး။ သူမြင်သွားတဲ့အခါ လက်ဝါးထောင်ပြလိုက်တယ်။ လက်ဝါးကို သူကြည့်တယ်။ ဖြန့်ထားတဲ့ လက်ဝါးကို လက်သီးဆုပ်လုပ်ပြလိုက်ပြီး လက်ညှိုးကို သုံးပြီး သူ့အိတ်ကို ညွှန်ပြလိုက်တယ်။ "ဟလို" တောင် ပြောစရာမလို၊ မိုက်သဟ။

အန်တီကြီးက ချက်ချင်း သဘောပေါက်တယ်။ သူ့အိတ်ဇစ်ပွင့်နေတာကို ကျကျနနပြန်ပိတ်လိုက်တယ်။ ကျေးဇူးတင်ပါတယ်လို့ ပြောပါတယ်။

ရထားကလည်း ဘူတာကို ဆိုက်ပါပြီ။

တဒင်္ဂအတွင်းမှာပဲ အမျိူးမျိုး ဖြစ်သွားတဲ့ အတွေးတွေကို ပြန်ဆန်းစစ်ကြည့်ရင်း ......

ကျော်မောင်(တိုင်းတာရေး)
၃-မတ်-၂၀၁၆

Feb 25, 2016

ထသွား ပြန်ကြည့် သတိရှိပါ

အလုပ်ကို မနေ့က အသွား ဘတ်စ်ကားဆိပ်ရောက်အောင် လိုင်းကားနံပါတ် 800 ကို စီးရပါတယ်။ ဘတ်စ်ကားဆိပ်ကို ဒီကအခေါ်က (Bus Interchange) တဲ့။ ကားပေါ်ရောက်တဲ့အခါ ထိုင်ခုံလွတ်ရှိတဲ့ ကားနောက်ပိုင်းကို အနည်းငယ်လျှောက်ပြီး ကျကျနန ထိုင်စီးပါတယ်။ ကားက နှစ်စီးတွဲယာဉ်ပါ။ (Articulated bus) လို့ခေါ်ပါတယ်။နှစ်ထပ်ကားတွေကို (Double decker bus) ခေါ်ပါတယ်။

ကားဆိပ်ရောက် ဆင်းဖို့ပြင်တဲ့အခါ နောက်ဖက်မှာစီးသူတွေရဲ့ ထုံးစံအရ ခရီးသည်အားလုံးနီးပါးကုန်မှ ဆင်းနိုင်ပါတယ်။
ထွက်ပေါက်နားက ထိုင်ခုံရှေ့ကြမ်းပြင်မှာ ပန်းရောင်ပိုက်ဆံအိတ်တအိတ်တွေ့။ ကားဆရာ (Bus captain) ကို ဟိုထိုင်ခုံအောက်က တွေ့တာလို့ ပေးလိုက်တော့ သူက ကျေးဇူးပါတဲ့။ ကားကတ်ဖတ်စက် (card reader) ရှေ့မှာ ez link card ကို ထားတဲ့အခါ အသံမြည်ပြီး ကတ်ထဲက ကားစီးခ နှုတ်သွားပါတယ်။ (card reader ) ရှေ့မှာ ကတ်ထားလိုက်တာကို (tap) လုပ်တယ်လို့ခေါ်ပါတယ်။

ကားဆိပ်မှာ ကားထိုးပြီးလို့ ကားပေါ်က မဆင်းခင်မှာ ကားဆရာတွေဟာ ကားတစင်းလုံးကို လိုက်ကြည့်တဲ့ အလေ့ရှိပါတယ်။ ကားဆိပ်က စမထွက်ခင် ခရီးသည်တွေကို ကားတံခါးဖွင့်မပေးခင်မှာလည်း လိုက်ကြည့်ကြပါတယ်။ ကျန်ရစ်ပစ္စည်း ပြုတ်ကျပစ္စည်း ရှိလို့ရှိငြားပေါ့။ လုံခြုံရေးအတွက်လည်း ပါနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် မနေ့က ပြုခဲ့တဲ့ အသေးအမွှားကိစ္စလေးကို အိမ်ရှင်မကိုတောင် မပြောဖြစ်ဘဲ ဒီနေ့ကားစီးမှ သတိရမိပြီး စာတတန် ပေတတန်ဖွဲ့မယ်ကြံတော့ အခေါ်အဝေါ်မှန်အောင် ဂူဂဲလ်ရဲ့ အကူအညီရယူပါတယ်။

ကျော်မောင်(တိုင်းတာရေး)
၂၄-၂-၂၀၁၆

Feb 24, 2016

အကောင်းတကာ့ အကောင်းများ

တချိန်မှာ သင်ပြနေတဲ့ ဆရာက စာသင်နေရင်း ဗဟုသုတအလို့ငှာ ဘယ်သူ့ကိုသိလား ဘယ်ဝှာ့ကို သိကြလားဆိုပြီး အတန်းသူ အတန်းသားတွေကို မေးပါတယ်။ သူမေးတဲ့သူတွေက ကမ္ဘာကျော် ပန်းချီဆရာတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေရဲ့ နာမည်တွေဖြစ်ပါတယ်။ တယောက်ပြီးတယောက်ရဲ့နာမည်တွေ ရွတ်ပြတယ်။ အတန်းရှိလူတွေ ခေါင်းခါတယ်။ မသိဖူး၊ မကြားဖူးဘူးပေါ့။
ဆရာက ပြောတယ်။ အဲဒီလူတွေကို မသိတာ ကိစ္စမရှိပါ။ ဒါပေမယ့် သူတို့တီထွင်ဖန်တီးခဲ့တဲ့ အနုပညာတွေကို အကောင်းတကာ့ အကောင်းများလို့ ဆိုင်ရာ ပညာရှင်တွေက လက်ခံနေကြတယ်။ အဲဒီတော့ အကောင်းတကာ့ အကောင်းဆိုတာတွေကို သိသင့်ပါတယ် ဆိုပြီး တအ့ံတသြဖြစ်ကာ ပြောပါတယ်။

သူပြောခဲ့တာနဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာဆက်စပ်တွေးကြည့်မိပါတယ်။စာပေ စတဲ့ အနုပညာပိုင်းမှာတင် မဟုတ်ဘဲ တခြားအပိုင်းများကိုဖြစ်ပါတယ်။

ငါးပိရည်ကို ဥပမာပေးကြည့်ရအောင်ပါ။ အောက်ပြည်အောက်ရွာမှာ ငါးပိရည်ဆိုတာ ထမင်းဝိုင်းတိုင်းမှာ မပါမဖြစ်တဲ့ အမယ်ဖြစ်ပါတယ်။ တို့စရာ အတို့အမြှုပ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ မွှေးပျံ့ပျံ့လေး ကျိုထားတဲ့ ငါးပိရည်လေးကို ခွက်သေးသေးလေးထဲမှာ ထည့်ပြီး ထမင်းဝိုင်းမှာ အလယ်ထိုင်ခွင့်ရတဲ့ အမယ်ပါ။ အဲဒီမှာ မွှေးပျံ့ပျံ့လေးလို့ သုံးတာက ငါးပိရည်စားတဲ့သူတွေအတွက်ဖြစ်ပြီး သူတို့အတွက်က ဒါသည် မွှေးတာပါပဲ။ မကြိုက်တဲ့ သူအတွက် က ငါးပိရည်အန့့ံသည် နံလိုက်တာလို့ သုံးကြပါတယ်။ ငါးပိရည်ကောင်းတယ်ကွ ငါးပိရည်စားလို့ ဘယ်လိုပဲ တိုက်တွန်း တိုက်တွန်း အန့ံမကြိုက်တဲ့သူက စားကောင်းတယ်လို့ ထင်ကိုမထင်ပါ။ အဲ သူစားမိသွားလို့ အရသာကို စွဲသွားမိပြီဆိုမှ ကောင်းမှန်းသိသွားတာပါပဲ။

အကြိုက်ဆိုတာ တယောက်နဲ့တယောက် မတူပါ။ တယောက်အစားအစာသည် အခြားတယောက်အတွက် အဆိပ် ဆိုပြီး ရှိသလို ပညာရှင်တွေ ပညာရှိတွေရဲ့ တွေးခေါ်ပုံချင်း ၊ အကြိုက်ချင်းသည် တူညီကြသည် ဆိုတာလည်း ရှိပါတယ်။

အစားအသောက်နဲ့ပတ်သက်လို့ စားဖွယ်တခုခုစားတဲ့အခါ ဒီအစားအစာ တော်တော်ကောင်းတာပဲလို့ ပြောတတ်ကြပါတယ်။ တခါမှာ အဲဒီလိုပြောလိုက်တာကို အနီးက တယောက်က ခင်ဗျားဗျာ သူ့ထက်ကောင်းတဲ့ ဒီလိုမျိုး အစားအစာ ခင်ဗျားမစားဘူးသေးလို့ပါလို့ ပြောပါတယ်။

ဘယ်အပိုင်းမှာပဲဖြစ်ဖြစ် အကာက ဘယ်သို့ အနှစ်က ဘယ်ညာ စသဖြင့် သိသင့်ပါတယ်။

အကောင်းတကာ့ အကောင်းတွေကို သိအောင်ဆိုတာလည်း တကယ်တော့ မလွယ်ပါ။ အကောင်းတွေ ရှာရင်းနဲ့ ကောင်းသထက်ကောင်းတာတွေလို့ထင်တာတွေထဲမှာ တဝဲလည်လည်ရင်း ဘဝတွေလည်း ကုန်ဆုံးသွားရပါတယ်။
အကောင်းဆုံးဆိုပေမယ့် အကောင်းဆိုတာ ဘယ်တော့မှ အဆုံးထိရှိမယ် မထင်ပါ။

ကျော်မောင်(တိုင်းတာရေး)

၁၉-၉-၂၀၁၅

Feb 22, 2016

ဒါတာဘေ့စ်တွေ

Database တွေကိုပြောတာပါ။ http://venus.wis.ntu.edu.sg/lib_databases/ မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဒါတာဘေ့စ် နာမည်တွေ တွေ့နိုင်ပါတယ်။ သုံးတဲ့သူနာမည် (user name) နဲ့ စကားဝှက် (password) ရှိတော့မှ ထိုထိုဒါတာဘေ့စ်တွေအထဲကို ဝင်ရောက်ဖတ်နိုင်ပါတယ်။
တခါမှာ လက်ချာရိုက်နေတဲ့ ဆရာက ဒီလိုပြောပြဖူးပါတယ်။
သူ ကျောင်းစာကြည့်တိုက်ကို စာအုပ်သွားရှာရင်း ရောက်သွားတော့ လူတယောက်၊ အတိအကျပြောရရင် ကျောင်းတက်နေဆဲ ပညာသင်တယောက်၊ နိုင်ငံခြားသားဖြစ်ဖို့များပါတယ်၊ အဲဒီတယောက်က ဒါတာဘေ့စ်တွေထဲက စာတမ်းတွေ (Papers) ကို အားပါးတရ ကော်ပီကူးယူနေပြီး သူ့ မန်မိုရီတုတ်ချောင်းထဲ ပြောင်းထည့်နေတယ်။

Memory stick လို့ အဲဒီတုန်းက ခေါ်တယ်၊ နောက်ပိုင်းမှာ လက်မလောက်ပဲ ဖြစ်သွားလို့ thumb drive လို့ခေါ်တယ်၊ တလောကတောင် http://www.maxim.com/…/five-dimensional-data-storage-human-… ဆိုတဲ့သတင်းမှာ သိုလှောင်နည်းပညာတွေ အံ့မခန်းဖြစ်လာတာ ဖတ်လိုက်ရပါတယ်၊ နောက်ဆုံးပေါ်သတင်း latest news ဖြစ်တဲ့အတွက် ဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်။ ဒါက စကားချပ်ပါ။

ဟိုလူရဲ့ အပြုအမူကို တွေ့တဲ့အခါ ဆရာလည်း စဉ်းစားလို့ မရဖြစ်နေတာရှိတယ်။ အဲဒါက အဲဒီလူဟာ ဘာကြောင့်မို့လို့ စာတမ်းတွေကို အငမ်းမရ ကူးယူနေရတာလည်း ဆိုတာပါပဲ။ စာကြည့်တိုက်ကို လာရင်လာ၊ ဒါမှမဟုတ် တနေရာရာကနေ အဲဒီ ဒါတာဘေ့စ်တွေထဲ ဝင်ပြီး အချိန်မရွေးကြည့်နိုင် လေ့လာနိုင်တာပဲတဲ့။ သိမ်းထားစရာ လိုလို့လားပေါ့။ သူက ဒီလိုတွေးနေတာ။

ဆရာပြောပြကတည်းက ကျနော်ကလည်း ဟိုလိုတွေးခဲ့ပါတယ်။ ဆရာသမားမသိတာက အကယ်၍များ ထိုပုဂ္ဂိုလ်ဟာ ကျောင်းမှာ လက်ရှိတက်ရောက်နေတဲ့ ပညာသင်မဟုတ်တော့ဘူးဆိုရင် သူ့အတွက်က ဘယ်လိုလုပ် အချိန်မရွေး ထိုထို ဒါတာဘေ့စ်တွေကို ဝင်ကြည့်နိုင်မှာလည်း။ ဒါကိုကြိုမြင်ပြီး သူကူးနေတာပဲ ဖြစ်ရမယ်လို့ တွေးခဲ့ပါတယ်။ ဟိုတယောက်ရဲ့ ကွက်ကျော်အတွေးကို ခံစားကြည့်တာ။ တခြားအကြောင်းလည်း ရှိရင်ရှိနိုင်ပါတယ်။

ဒါနဲ့ စကားစပ်လို့ဗျာ။ ကျနော်တို့ဆီက ဘယ်တက္ကသိုလ်တွေမှာများ အဲဒီ ဒါတာဘေ့စ်တွေ ပေါပေါများများ ရနေ သုံးနေကြပါပြီလည်းဆိုတာ သိချင်လှပါတယ်။ သိချင်ရုံသက်သက်ပဲဖြစ်ပါတယ်။

ကျော်မောင်(တိုင်းတာရေး)
၂၂-၂-၂၀၁၆

စာကြွင်း။ ။ Database ကို ဒါတာဘေ့စ်လို့ တိုက်ရိုက် မြန်မာမှု ပြုခြင်း၊ ထွင်ရေးခြင်း မဟုတ်ပါ။ ခေါ်နေကြအတိုင်း ကိုယ့်အသံထွက်အမှန်နဲ့ကိုယ်ပဲ အသံထွက်ကြပါရန်။

Feb 9, 2016

ကျောင်းတုန်းက

ပုစ္ဆာ ဆိုတာ 
+++++++
စာမေးပွဲတခုဖြေတုန်းက မေးခွန်းတပုဒ်မှာ ပေးထားချက်တခုလိုနေတာ သွားတွေ့တယ်။ သုံးပုဒ်မြောက်လောက်မှာ ဖြစ်တဲ့အတွက် စာဖြေချိန် နာရီဝက်လောက်ကြာမှ ပူညံပူညံအသံတွေထွက်လာကြတယ်။

မေးခွန်းကို ပြန်ဖတ်တယ်။ ဟာ ဒီပုစ္ဆာက အဲဒီပေးထားချက်မပါလည်း ကိုယ်ဖာသာကိုယ် ဖြစ်စေဆိုတဲ့ ကိန်းဂဏန်းတခုထားတွက်ရင် ရတဲ့ပုစ္ဆာ။

အဲဒါနဲ့ let me assume ဆိုပြီး ရဲရဲဝံံံ့ဝံံ့ရှိစွာနဲ့ ဂဏန်းတလုံး ကောက်သုံးလိုက်ပြီး အဖြေထုတ်တယ်။ ပူညံပူညံလုပ်နေတဲ့သူတွေက လုပ်နေတုန်း။ စာဖြေတဲ့နေရာက အခန်းရဲ့ရှေ့ပိုင်းလောက်မှာ ကျတဲ့အတွက် နောက်လှည့်ပြီး ဘော်ဒါတွေကို အသိပေးလိုက်သေးတယ်။ ဒီပုစ္ဆာမှာ assume ထားပြီးတွက်နိုင်တာပဲဆိုပြီး။

မေးခွန်းထုတ်တဲ့ တီချယ်ကြီး အမောတကောရောက်လာတယ်။ ဂဏန်းတခုပေးတယ်။ အဲဒါနဲ့တွက်။ တီချယ် ကျနော်တော့ assume လုပ်လိုက်ပြီ။ ရတယ် သား။ ပိုကောင်းတာပေါ့။ တီချယ်ပြန်ထွက်သွားတယ်။ 
အမှန်က ဘယ်ပုစ္ဆာမှ ပေးထားချက်မပြည့်စုံတာတို့ ပြည့်စုံတာတို့ မရှိဘူး။ မပြည့်စုံဘူးထင်ရင် ဖြည့်စွက်တွက်ပဲ။

တီချယ်တယောက်ပြောတဲ့ အတွေ့အကြုံက ဒီလို။ 
ဆရာကြီးက ပုစ္ဆာတပုဒ် ကျောက်သင်ပုန်းပေါ်မှာ ရေးသွားတယ်။ ခင်ဗျားတို့ အဲဒါတွက်ထားနှင့်ကြလို့ ဆိုပြီး စာသင်ခန်းအပြင်ထွက်သွားတယ်။ အားလုံးတွက်ကြတယ်။ အဖြေမရဘူး။ တော်တော်ကြာတဲ့အထိ အဖြေမထွက်ဘူး။ 
ဆရာကြီးပြန်ဝင်လာတယ်။ အခြေအနေမေးတယ်။ 
အားလုံးက ခေါင်းခါတယ်။ တော်တော်ခက်တယ်။ အဖြေခုထိမထွက်ဘူး။
အေးလေဗျာ ဘယ်အဖြေရပါ့မလည်း အဖြေမရှိတဲ့ပုစ္ဆာ ခင်ဗျားတို့ကို တွက်ခိုင်းကြည့်တာတဲ့။

တီချယ်က သူ့ကိုယ်တွေ့ကို ပြောပြရင်း တဆက်တည်းမှာပဲ အဲဒီဆရာကြီးနာမည်ပြောပြသွားတယ်။ နာမည်ပြောတာနဲ့ သိမှာဖြစ်တယ်။

ဆယ်တန်းတုန်းက အဖြစ်တခု ပြန်အမှတ်ရတယ်။ သချာင်္မှာ ဓမ္မဓိဌာန်ဆိုတဲ့ မေးခွန်းရှိတယ်။ Multiple choice လို့လည်းခေါ်တယ်။ ပေးထားတဲ့ အဖြေ ငါးခုထဲက တခုကို ရွေးလိုက်ရတဲ့မေးခွန်း။

လပတ်စာမေးပွဲမှာ ဖြေတဲ့အခါ အမှတ်ပြည့်မှာ တမှတ်လျော့တယ်။ အဖြေမရှိပါလို့ရေးခဲ့တာ။ အမှန်က အဖြေကို မရတဲ့အတွက် တနည်းပြောရရင် ပေးထားတဲ့ အဖြေငါးခုထဲက ဘယ်တခုနဲ့မှ မတူလို့ သချာင်္ဆရာမ မေးခွန်းမှားနေပြီ အဖြေမှန်မပါဘူးဆိုတဲ့သဘောနဲ့ အဖြေမရှိပါလို့ ရေးခဲ့တာပါပဲ။ ဖြေလွှာပြန်ပေးတဲ့နေ့မှာ ဆရာမဆီက အကြံပေးချက်တော်တော်များများ နားထောင်လိုက်ရတယ်။ စာမေးပွဲတွေဖြေတဲ့အခါ သတိထားစရာဖြစ်သွားပါတယ်။

ပုစ္ဆာတွေတွက်ပါများလာတဲ့အခါ ပုစ္ဆာကောင်းလေးတွေ ရလာတယ်။ တချို့ကလည်း အဖြေရှိတယ်။ တချို့ကလည်း အဖြေမရသေးဘူး။ တချို့ကလည်း ပေးထားချက်တွေက မပြည့်မစုံဖြစ်နေတယ်။ တချို့မှာလည်း ဘာကိုရွေးရမှန်းမသိလောက်အောင် ဖြစ်နေတယ်။

ပုစ္ဆာတွေကို ရှုပ်စရာလို့မမြင်ဘဲ ထုတ်ကာသာ ရှင်းကြပေရော့ဗျာ။

++++++++++++++++++++++++++++++++++++

ခဲတံနှင့် ဗလာစာအုပ်
+++++++++++
ကျောင်းသုံးဗလာစာအုပ်မှာ ဘော့ပင်နဲ့ စရေးရတာက ငါးတန်းမှာ စတယ်။ ခဲတံသုံးတာကိုတော့ မလျော့သေးဘူး။ ခဲတံကို ချွန်မြဲချွန်တယ်။ ချွန်စက်သုံးရတာထက် ခဲတံချွန်ဓားကို သုံးပြီးချွန်ရတာကို ကြိုက်တယ်။ ခဲတံကို ဗလာစာအုပ်မှာ ဘေးမျဉ်းသားတဲ့အခါ မျဉ်းပိတ်တဲ့အခါ ပုံဆွဲတဲ့အခါ သချာင်္တွက်စဉ်အကြမ်းခြစ်တဲ့အခါ သုံးတယ်။

နောက်တနည်းသုံးတာက ကစားတာမှာ သုံးတယ်။ စာရွက်ကို ဗလာစာအုပ်အလယ်က ဖြဲယူ ဘော့ပင်နဲ့ အပေါက်သေးသေးလေးတွေ ဖောက် တဖက်တချက်မှာ ဂိုးတိုင်ပုံစံဆွဲ ဂိုးတိုင်အလယ်မှာ အပေါက်ကြီးကြီးဖောက် ခဲတံကိုင် စာရွက်ကို ဘောလုံးကန်မယ့် နှစ်ယောက်က တဖက်တချက်ကကိုင် ခဲတံကို အပေါက်တွေဖောက်ထားတဲ့ စာရွက်အောက်ကနေ အပေါက်တွေရှောင်ပြီး တဖက်ဂိုးပေါက်ရှိရာသွား အပေါက်ထဲ ခဲတံက ခဲဆံဝင်သွားရင် တဖက်လူအလှည့်။ 
အဲဒီလို အသုံးဝင်ခဲ့တဲ့ ခဲတံ။

ဘော့ပင်ခဲတံဆိုတာ ပေါ်လာတယ်။ နည်းနည်းဖိတာနဲ့ ခဏခဏကျိုးတတ်လို့ မသုံးတာများတယ်။ ရိုးရိုးခဲတံပဲသုံးတယ်။

ခဲတံကို လက်မှာကိုင်လို့မရအောင်တိုသွားတဲ့အခါ လွှင့်မပစ်ရက်ဘူး။ တခါသုံးဘော့ပင်တွေက ဘော့ပင်ကိုယ်ထည်ကို ခဲတံချွန်ဓားနဲ့ စိတ်ရှည်လက်ရှည်ဖြတ်တယ်။ ခဲတံတိုရဲ့ အရင်းပိုင်းမှာ ခဲဖျက်လေးတွေကို ရွှေရောင်သံအပတ်လေးနဲ့ ပတ်ထားတာရှိတယ်။ အဲဒါကို ပါးစပ်နဲ့ကိုက်ဖြုတ် ခုနက ဘော့ပင်ကိုယ်ထည်ထဲကို ထည့်လို့ရအောင် ဓားနဲ့ အသားတွေကို နည်းနည်းရွေလိုက်တယ်။ အဲဒီမှာ လက်လုပ် ဘော့ပင်ခဲတံကို အားပါးတရသုံးတယ်။

တယောက်လိုက်လုပ်တာတွေ့ နောက်တယောက်က လိုက်တုလုပ်ပြီး သုံးကြတယ်။ ဘယ်သူက စလုပ်သလဲဆိုတာ မူပိုင်ခွင့်တွေ မောင်ပိုင်ခွင့်တွေ မသိတော့ တော်တော်အဆင်ပြေတယ်။ ဆရာမတွေမြင်တဲ့အခါ တော်တော် ကပ်စေးနည်း ကော်တရာလေးတွေလို့ ထောပနာပြုတယ်။ ဆရာမသုံးကြည့်ပါလားဆိုတော့ တပည့်ကျော်တွေကို ပြန်ပြုံးပြတယ်။

တရက် ကျောင်းစာတွေ အိမ်မှာလုပ်နေတုန်း (အိမ်မှာ လုပ်ရတဲ့အတွက် အိမ်စာလို့ ခေါ်သတဲ့။ များသောအားဖြင့် ကျောင်းစာကို ကျောင်းမှာပဲ လုပ်ခဲ့တာများတယ်။ အိမ်မသယ်ဘူး။ လေးလို့။ နောက်ပြီး အပြင်စာတွေ ဖြစ်တဲ့ ကာတွန်းတွေ ဝတ္ထုတွေဖတ်ဖို့ အချိန်ပေးရသေးတယ်။ ကာတွန်းစာအုပ်ကောင်းကောင်းဆို တသက်လုံးဖတ်ပါတယ်။ အဲဒီအချိန်မှာ အများဆုံးဖတ်ဖြစ်တာက သိုင်းဝတ္ထုတွေပဲ။ တခြားစာကြီးပေကြီးတွေလည်းဖတ်တယ်) အဲဒီလို ကျောင်းစာလုပ်နေတုန်းမှာ အဖေက နောက်ကနေ အပေါ်စီးပြီး ကြည့်တယ်။ ပြောပြီ။

မင်း စာရေးတာ မျဉ်းကြောင်းမရှိတဲ့ ဟိုအပေါ်တို့ အောက်တို့မှာလည်း ရေးလေကွာတဲ့။

ဟာ အဖေကလည်း မျဉ်းကြောင်းထားထားတာ သူ့မှာရေးဖို့လေ။

လပ်နေတယ်ကွ။ အပေါ်မှာ သုံးကြောင်းစာ အောက်မှာ သုံးကြောင်းစာလောက် ရေးတတ်ရင်ရတယ်။

ဆရာမတွေ ဆူရင်။

ရေးကြည့်ပါဦးကွာ။

အဲဒီနောက်ပိုင်း မျဉ်းကြောင်းမဆွဲထားတဲ့နေရာတွေမှာ ဖြည့်ရေးပါတော့တယ်။ 
ဆရာ ဆရာမတွေက ချီးကျူးပါတယ်။ 
တက္ကသိုလ်ရောက်တဲ့အခါ ပုံဆွဲစာအုပ်လိုစာအုပ်မျိုးဝယ်သုံးပါတယ်။ မျဉ်းကြောင်းမပါပါ။ စာအုပ်တအုပ်ထဲကို ဘာသာရပ်ပေါင်းစုံ စာပေါင်းချုပ်ကြီးအဖြစ် ဖန်တီးပါတယ်။

အခုလည်း ခဲတံချွန်နေဆဲ မျဉ်းကြောင်းမပါတဲ့ ဗလာစာအုပ်ကို နှစ်သက်နေဆဲ ဖြစ်ပါတယ်။

ကျော်မောင်(တိုင်းတာရေး)
၄-၂-၁၆