Jul 3, 2016

နေရာနဲ့ အခါ

တခါမှာ စာမေးပွဲတခုဖြေနေရတဲ့အချိန်။ အောင်မှတ်လို့ သတ်မှတ်ထားတဲ့ပမာဏလောက်ကို မှတ်ဉာဏ်ထဲကနေ အတင်းကာရော ဖျစ်ညှစ်ထုတ်နေရတဲ့ကာလ။ နှစ်ဆယ်နဲ့မှ လေးနာရီတောင်မပြည့်သေး၊ ပြန်လည်နွှေးထားတဲ့ သီအိုရီတွေ၊ တွက်ပုံတွက်နည်းတွေ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေဆိုတာ၊ မချိမဆန့် မြန်မြန်ဆန်ဆန်ရိုက်သွင်းထားတဲ့ပုံစံဖြစ်နေတဲ့အတွက် တော်တော်နဲ့ ပြန်လည်ဖော်လို့မရတဲ့ အပိုင်းအခြားတခုမှာပေါ့။

အရွယ်ရောက်လာပြီး ခုနက စာမေးပွဲလိုမျိုးကို ဖြေရမယ့်အခါမှာ စိတ်ထဲမှာ အောင်မှတ်လောက်ပဲ စိတ်ဝင်စားတော့တယ်။ အောင်မှတ်ရဖို့ မှတ်ထားတဲ့အပိုင်းတွေကို ပြန်ဆွဲယူ။ ရှင်းပြတုန်းက နားလည်သလိုလိုရှိသား၊ ဒါမျိုးဆင်တူပုစ္ဆာကို စာမေးပွဲမှာမေးတဲ့အခါ မေးခွန်းဖတ်ကြည့်ပြီး မေးခွန်းထုတ်တဲ့ ဆရာမနှယ် အလွယ်လေးလာမေးရသလားလို့ ပြုံးလိုက်သေး။ တွက်ကြည့်တဲ့အခါမှာ တလွဲ။ လွဲနေမှန်းသိနေတာကိုက အခြေအနေမဆိုးသေးဘူးလို့ပဲ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေချိန်။

"ဟေ့လူ ဟေ့လူ" အသံက ခပ်အုပ်အုပ်လေး။ ဒီမှာ အဖြေရဖို့ သီသီလေးလိုတော့တဲ့စက္ကန့်ပိုင်းမှာမှ ဘယ်သူက လှမ်းခေါ်နေပါလိမ့်။

စာမေးပွဲခန်းစောင့်တဲ့ ဆရာ၊ ဆရာမတွေကလည်း အခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန်။

ထပ်ကြားရတယ်။

"ဟေ့လူ ဟေ့လူ"

တော်တော်တိုးပေမယ့် ပထမတခေါက်အသံကတည်းက နည်းနည်းဂရုပြုမိထားတဲ့အတွက် ခေါင်းကို ဆတ်ကနဲ ဘယ်လှည့်ညာလှည့် လှည့်လိုက်တယ်။ ဘယ်လှည့်လိုသာပြောရတယ်၊ အဲဒီဖက်မှာက နံရံပဲရှိပါတယ်။ ညာဖက်မှာတော့ စာဖြေနေတဲ့ ဘော်ဒါတယောက်ရှိတယ်။ စာရေးစားပွဲခုံရှည်တခုံတည်းမှာ တဖက်တချက်စီ အစွန်းဖက်မှာ ထိုင်ပြီး စာဖြေရတာဖြစ်ပါတယ်။

ကြည့်လိုက်တော့ ဘော်ဒါက လက်ဟန်နဲ့ပြရင်း ပြောတယ်။

"ဘယ်နှနာရီ ရှိပြီလဲ"

ဒီက ကောင်ကလည်း ခပ်အုပ်အုပ်လေး ပြန်ဖြေတယ်။

"နှစ်နာရီ ထိုးတော့မယ်"

အဲဒါနဲ့ သူလည်း စာဆက်ဖြေ၊ ကိုယ်လည်း ခေါင်းတွေ ချွေးထွက်အောင် စဉ်းစား။

နာရီဝက်လောက်ကြာတော့ တခါထပ်ကြားပြန်တယ်။

"ဟေ့လူ ဟေ့လူ" "ဟမ်"

"ဘယ်နှနာရီ ရှိပြီလဲ" "နှစ်နာရီ မိနစ်သုံးဆယ်"

"အင်း"

အဲဒီပုဂ္ဂိုလ် စာတွေ ဆက်ရေး ဆက်ဖြေနေတယ်။ တော်တော်များများကို ရေးဖြေနေတာ။

သိပ်မကြာမီမှာပဲ။ လုပ်ချောင်းဟန့်သံကြားလိုက်ပြီး "အခုကော ဘယ်လောက်ရှိသွားပြီလဲ" လို့မေးလာပြန်ပါရောဗျာ။

"အချိန်ပြည့်တော့မယ်၊ နောက်ဆယ်မိနစ်ဆိုရင် ပြည့်ပြီ" ဖြေသာဖြေလိုက်ရတယ်။ သိပ်တော့ မကျေနပ်။ ကိုယ်တော်ချောက နာရီမပတ်။ သူကလည်း သိပုံရတယ်။ အချိန်တွေမေးတိုင်း မေးတိုင်း မဖြေချင့်ဖြေချင်ဖြေနေသောသူရဲ့ လေသံကို ဖမ်းမိသွားပုံပေါ့။ အချိန်ပြည့်လို့ စာရွက်တွေသိမ်းတဲ့အခါမှ နှစ်ယောက်စလုံး ထိုင်ခုံမှ ထကြ၊ ပုဂ္ဂိုလ်က နှုတ်တောင် မဆက်သွား။

တခုမေ့သွားတယ်။ အချိန်မေးသူကို အဆင်ပြေအောင် လက်ပတ်နာရီအိုလေးကို လက်ကနေ ချွတ်ပြီး စားပွဲခုံရဲ့ အလယ်လောက်မှာ ထားထားလိုက်ဖို့အကြံကို စာမေးပွဲခန်းမက ထွက်လာမှ ရမိတယ်။ အေးပေါ့။ နောက်တရက် ဆက်ဖြေရဦးမှာပဲ။ ရောက်တာနဲ့့ လက်ပတ်နာရီလေးကို အလယ်ခေါင်မှာ တင်ထားလိုက်မယ်။ သူလည်း နာရီကြည့်နိုင်၊ ကိုယ်လည်း အချိန်ခဏခဏ မေးခံရလို့ စာဖြေရတာ အနှောက်အယှက်မရှိနိုင်။ ကိုယ့်တွေးချက်နှင့်ကိုယ် ဟုတ်နေတာပေါ့။

နောက်တရက်ရောက်၊ စာမေးပွဲခန်းထဲကို နောက်နည်းနည်းကျမှဝင်၊ ထိုင်ခုံမှာ ဝင်ထိုင်မလို့ ပြင်တဲ့အချိန်မှာ စာရေးစားပွဲခုံကို ကြည့်မိတယ်။

ဟိုက် ဘာကြီးတုန်း။

စားပွဲတင်နာရီကြီးလေ။ စွင့်စွင့်ကားကားလို့ ပြောရမလားပဲ။ သုံးနေကြနှိုးစက်နာရီလိုမျိုး သေးသေးလေးမဟုတ်၊ ထုနဲ့ထည်နဲ့ လေးထောင့်ကျကျ ခန့်ခန့်ထည်ထည်ကြီး။ ဒီလူဗျာ ဒီလောက်ရှိတဲ့ နာရီကြီးကို စာမေးပွဲခန်းထဲ ဘယ်လိုလုပ်ယူလာတုန်းဆိုတာ မတွေးတတ်အောင်ပါပဲ။ ဆရာ ဆရာမတွေကို ပြောဆိုခွင့်တောင်းပြီး ယူလာပုံရပါတယ်။ စစ်တုရင် ပြိုင်ပွဲတွေက စားပွဲတင်နာရီတွေကိုတောင် မြင်ယောင်မိပါတယ်။

အဲဒီနေ့မှာတော့ "ဟေ့လူ ဟေ့လူ" ဆိုတဲ့ ခေါ်သံလည်း မကြားရ၊ "ဘယ်နှနာရီ ရှိပြီလဲ" လို့ မေးသံလည်း နှုတ်ဆိတ်။

အဲ နေဦးဗျ။ နာရီရဲ့ စက္ကန့်လက်တံသွားနေသံကတော့ တချက်ချက်နဲ့ တိတ်ဆိတ်နေတဲ့ စာမေးပွဲခန်းကို ဖုံးလွှမ်းနေလေရဲ့။

အဲဒီနေ့က ဖြေတဲ့ဘာသာ ဂုဏ်ထူးအမှတ်တောင် ရတယ် ထင်ပါရဲ့ဗျာ။

ကျော်မောင် (တိုင်းတာရေး)
၃-ဇူလိုင်-၂၀၁၆

No comments: