တခါတုန်းကပေါ့။ အဲဒီလို တခါတုန်းကပေါ့လို့ အစချီလိုက်ရင် ပုံပြင်တွေကိုနားထောင်ချင်တဲ့ ကလေးတွေဆိုတာ ဘေးနားဝိုင်းလာတာပါပဲ။ လူငယ်တွေ လူကြီးတွေကတော့ ခပ်လှမ်းလှမ်းမှာပေါ့။ မကြားတကြားလေး နားထောင်နေကြတယ်ဆိုပဲ။ အဲဒီမှာပဲ ပုံပြောပြမယ့် ပုံပြင်ပြောသူပေါ့၊ သူက ပုံမပြောခင် ကြိုပြောထားလိုက်တယ်။
“ကဲ ကလေးတွေ ကလေးတွေ … အခုပြောပြမှာက ဟိုးရှေးရှေးတုန်းက ပုံပြင်တော့ မဟုတ်ဘူးကွယ့်။ သိပ်မကြာသေးတဲ့ ကာလမှာ ဖြစ်ခဲ့တဲ့ အလွန်ထူးဆန်းတဲ့ ပုံပြင်လေးတပုဒ်ကို ပြောမှာ ဖြစ်တယ်ကွယ့်။ မော်ဒန်ပုံပြင်ပေါ့ကွယ်”
အဲဒီလိုလည်း ပြောလိုက်ရော …..
ရှေးရှေးတုန်းက ပုံပြင်တွေကိုပဲ နှစ်သက်သဘောကျတဲ့ ကလေးတွေက အားပါးတရ နားထောင်ဖို့ ပြင်နေရာကနေ ထထွက်သွားကြတယ်။ မော်ဒန်ပုံပြင်တွေကို သူတို့က လက်မခံဘူးဆိုတာ ပြတာတဲ့။ ရှေးရှေးတုန်းက ပုံပြင်တွေ ပြောရင် ပြန်လာမယ်ဆိုပဲ။
“အေး အေး လောလောဆယ်ဆယ်တော့ အခုပြောမယ့်ပုံပြင်ပဲ ဒီကနေ့ပြောမှာ”
ပုံပြင်ပြောသူက သူ့ပုံပြင်ကို စပြောပါတော့တယ်။
“တိုင်းပြည်တပြည်မှာ …..”
“ပုံပြောတဲ့ဦးကြီး …. ခဏ ခဏ” ရှေ့ဆုံးက ကလေးလေးတယောက်က ထအော်တာပါ။
“ဟေ့ ဘာတုန်းကွ .. ဒီမှာ တိုင်းပြည်တပြည်မှာလို့ပဲ စရသေးတယ်”
“ကျနော်တို့ကိုပြောမှာက မော်ဒန်ပုံပြင်ဆို၊ အဲဒါ ဘယ့်နှယ်ကြောင့် တိုင်းပြည်တပြည်မှာလို့ ပြောရသတုန်း”
“ဟေ … တိုင်းပြည်လို့ မပြောလို့ ဘယ်လိုပြောရမှာတုန်း”
“နိုင်ငံလို့ ပြောလေဗျာ နိုင်ငံ နိုင်ငံ။ တိုင်းပြည်ဆိုတာ ဟိုးရှေးရှေးတုန်းက အသုံး၊ ပုံစံဟောင်းကြီးဗျ”
“ဟုတ်တယ် ဟုတ်တယ်။ ပြင်ပြောပါ ပြင်ပြောပါ” (ကလေးများ အားလုံးမှ အော်သံများ)
“အင်းအင်း .. ပြန်ပြင်ပြောမယ် … နိုင်ငံ နိုင်ငံ။ နိုင်ငံတနိုင်ငံမှာ အလွန်ချမ်းသာတဲ့ …. “
“နေဦးဗျ နေဦး”
“ဟ ဘာဖြစ်ပြန်ပြီလဲ”
“အလွန်ချမ်းသာတယ်ဆိုတာ ဘယ်လောက်ချမ်းသာတာလဲ၊ ဘီလ်ဂိတ်ထက် ချမ်းသာတာလား၊ ဇူကာဘက်ခ်ထက် ပိုတာလား၊ ဟို ကာလကောင်းကိုမိလို့ ချမ်းသာသွားကြတဲ့ ဟိုပုဂ္ဂိုလ်တွေထက် သာတာလား.. အဲဒါလည်း ထည့်ပြောဦးဗျ”
“ဟုတ်ပြီ … နိုင်ငံတနိုင်ငံမှာ လက်ညှိုးထိုးရင် သူပိုင်တဲ့မြေတွေမလွဲအောင် ကျိကျိတက် ချမ်းသာတဲ့ ကလေးလေးတစ်ယောက် ရှိသတဲ့ကွယ်။ ကဲ အဲဒီလိုပြောရင် အဆင်ပြေကြတယ်မလား”
“ကောင်းတယ် ကောင်းတယ် ဆက်ပြော ဆက်ပြော … ချမ်းသာသာက ကလေးလေးတစ်ယောက်တဲ့။ တော်တော်နားထောင်လို့ကောင်းတယ်။ ဆက်ပြောဗျ ဆက်ပြော”
“နားထောင်လို့တော့ကောင်းပါတယ် … ဒါပေမဲ့ မရှင်းတာတခုရှိတယ်။ ဖြေဗျ”
ထောင့်တထောင့်မှာ နားထောင်နေတဲ့ နှပ်ချေးတွဲလောင်းနဲ့ ကလေးလေးက ထပြောတယ်၊ သူက ပုဆိုးကိုတော့ ကွင်းသိုင်းမဝတ်ထားဘူး။ ဒူးခေါင်းဖြဲထားတဲ့ ဂျင်းဘောင်းဘီရှည်ဝတ်ထားတယ်။
“အဲဒီကလေးက ဘယ်လိုလုပ်ပြီး ချမ်းသာလာတာလည်း ဆိုတာ ပြောဗျ။ ဒါ ကျနော်တို့ ကလေးတွေအားလုံး အတုယူရအောင်လို့ပါ”
အင်း ခက်ပြီ။
“ငါ ဖတ်ထားတဲ့ အဲဒီပုံပြင်မှာ ချမ်းသာသော ကလေးလေးလို့ပဲ ပါတယ်။ ဘယ်လိုချမ်းသာလာသလဲဆိုတာ မပါဘူးကွ”
အဲဒီမှာပဲ ပုံပြင်နားထောင်မယ်ဆိုတဲ့ ကလေးတွေ တယောက်တပေါက်ဖြစ်ကုန်ကြတယ်။
“မပါတဲ့အတွက် မပြောနိုင်ဘူးဆိုရင် ဆက်မပြောပါနဲ့တော့ဗျာ”
“အေး ဟုတ်တယ်ဗျို့၊ ဆက်မပြောနဲ့တော့”
“ပုံပြင်လည်း ပြောချင်သေး၊ ပုံပြင်ထဲက အကြောင်းတွေ မေးတော့လည်း မသိပါဆိုပြီး ပြောသေး”
“ဘာလိုဗျ၊ သူများရေးထားတဲ့ ပုံပြင်”
“သူ့ပုံပြင်လည်း မဟုတ်ဘူး။ သူများရေးထားတဲ့ ပုံပြင်တွေ လာပြောနေတာပဲ”
“နောက်ဆို ကျနော်တို့ကို ပုံပြောမယ်ဆိုရင် ကိုယ်ပိုင်ပုံပြင်ပဲ လာပြောပါ”
“ကဲ ဘော်ဒါတို့ရေ …. ပုံပြင်ရှာထွက်ကြဦးမယ်ဟေ့”
“ပုံပြင်သစ်တွေများ ကြားရမလားလို့ လာနားထောင်တာ … ဘယ့်နှယ် … သူများရေးထားတဲ့ ပုံပြင်ဖတ်ပြီး လာပြောနေတာကိုး”
“ကိုယ့်ပုံပြင်ကိုယ်ဖန်တီးနိုင်မှ လာနားထောင်မယ်။ ပုံပြင်အသစ်တွေ ဖန်တီးလိုက်ဦးဗျ”
“ကဲ .. သွားလိုက်ဦးမယ်ဗျို့”
ပုံပြင်ပြောမည့်သူတစ်ယောက်တည်း နေရာတွင် ကျန်ခဲ့လေသည်။ ပုံပြင်သစ်ရှာဖွေနေသော ကလေးများကိုမှ ဖတ်ထားခဲ့ဖူးသော မော်ဒန်ပုံပြင်တစ်ပုဒ်သွားပြောဖို့ ကြံရွယ်ခဲ့သည်ကိုက သူ့အမှားသာ ဖြစ်လေတော့သတည်း။
ပုံပြင်ပြောသူတစ်ယောက်အကြောင်း၏ ပုံပြင်ဖြစ်ပါသည်။
ကျော်မောင်(တိုင်းတာရေး)
၀၁-ဇူလိုင်-၂၀၁၇
No comments:
Post a Comment