Jul 1, 2016

ကူညီခြင်း ဆိုရာဝယ်

သောကြာနေ့က ရုံးရောက်ဖို့ ကားစီးတဲ့အခါ နှစ်ထပ်ကားစီးရတယ်။ စီးနေကြအတိုင်း အတွင်းဖက်လှေကားကနေတဆင့် အပေါ်ထပ်ကို တက်တယ်။ လှေကားတက်တက်ချင်းမှာ တွေ့တဲ့ ထိုင်ခုံမှာဝင်ထိုင်တယ်။ ခါတိုင်းထိုင်နေကြက ကားမှန်နားကပ်လျက်၊ အခုက ခရီးသည်တယောက်ရှိနှင့်နေတဲ့အတွက် လျှောက်လမ်းဖက်က ထိုင်ခုံမှာ ထိုင်လိုက်ရတယ်။ ထိုင်ခုံတွေက သီးခြားခုံတွေကို နှစ်ခုံစီတွဲထားတာ။ ခရီးသည်တွေ တယောက်ချင်း ကားပေါ်တက်လာနေကြ၊ ထိုင်ခုံမှာ ထိုင်ကြ၊ ထိုင်နေတဲ့သူတွေက ဖုန်းတွေသုံးကြနဲ့ မကြာခင်မှာပဲ ကားက စထွက်ပါတယ်။

နှစ်ထပ်ကားမောင်းတဲ့ ဘတ်စ်ကားကပ္ပတိန်က လူလတ်ပိုင်းအရွယ် မလေးအမျိုးသမီးဖြစ်ပါတယ်။ ကားထွက်ချိန်မှာပဲ လုပ်စရာနှစ်ခုကို သတိရမိတယ်။ ကျောပိုးအိတ်ထဲမှာ ပါတဲ့ စာအုပ်ကို ထုတ်ဖတ်မလား၊ ဖုန်းထဲက မှတ်စုမှာပဲ တိုတိုထွာထွာရေးမလားဆိုတာပါပဲ။ ဖုန်းက လက်မှာ ကိုင်ပြီးသားဆိုတဲ့အတွက် ရေးဖို့ရွေးချယ်လိုက်ပြီး ဖုန်းကို ဖွင့်ပါတယ်။ ကားက ဂိတ်ကအထွက် မီးပွိုင့်မှာ မီးနီမိနေပါတယ်။ 

အဲဒီမှာပဲ အောက်ထပ်က အသံတသံကြားပါတယ်။ ဘာပြောမှန်း မသဲကွဲပါ။ သေသေချာချာနားထောင်ကြည့်မှ " ဟလို ဟလို" ဆိုတာကို စကြားရတယ်။ တခုခုကို လက်နဲ့ တဖုန်းဖုန်းရိုက်နေတာလည်း ကြားရတယ်။ အသံထဲမှာ "အပေါ်ထပ်က တယောက်ယောက်ကူညီပါ" လို့ ကြားမိသလိုဖြစ်တော့ ထိုင်နေတဲ့နေရာကနေ ဘေးတွေ နောက်တွေ လှည့်ကြည့်မိတယ်။ လျှောက်လမ်းမှာ အန်တီတယောက် မတ်တပ်ရပ်ပြီး ဖုန်းသုံးနေတာကို တွေ့တယ်။ ရိပ်မိသွားပြီ၊ အောက်က တဒုန်းဒုန်းအသံနဲ့ ပြောသံတွေက ကားကပ္ပတိန်ဆီက လာတာ။ အပေါ်ထပ်မှာ မတ်တပ်ရပ်စီးခရီးသည် မရှိရဘူး။ အပေါ်ထပ်ကို တက်တဲ့လှေကားမှာလည်း မတ်တပ်ရပ်ခွင့်၊ ထိုင်ခွင့်မရှိဘူး။ 

အန်တီက ဖုန်းလေးပွတ်နေမြဲ၊ အောက်ကအသံကလည်း ပိုပြီး ညံလာသလို၊ ကားက မီးပွိုင့်ကနေ ထွက်စပြုနေပြီ။ 

အန်တီ ဒီမှာလာထိုင်ဆိုပြီး ပြောတဲ့အခါ အန်တီက ရပါတယ်တဲ့။ မဟုတ်ဘူး သွားထိုင်၊ အဲဒီမှာ မတ်တပ်ရပ်လို့မရဘူးပြောပြီး လှေကားကနေ အောက်ထပ်ကို ဆင်းခဲ့တယ်။ ကားကပ္ပတိန်ဆီက ကျေးဇူးတင်ပါတယ်ဆိုတာလည်း မကြားရပါ။ အောက်ထပ်က ခရီးသည်တွေဆီက အကြည့်တွေကို စူးစူးရဲရဲခံလိုက်ရပါတယ်။ စည်းကမ်းဖောက်တာ ဒီလူပဲဖြစ်မယ်ဆိုတဲ့အကြည့်။ ကားပ္ပတိန်အော်နေတာ ဒီလူပဲဖြစ်မယ်ဆိုတဲ့အကြည့်။ ကားကပ္ပတိန်ခေါင်းပေါ်ဖက်မှာရှိတဲ့ တီဗီကို ခရီးသည်တွေ ကြည့်ဖြစ်ချင်မှ ကြည့်ဖြစ်ကြပါလိမ့်မယ်။ သူက အဲဒီကနေ လှမ်းကြည့်ပြီး အန်တီ့ကို ပြောတာ။ 

ဘာပဲပြောပြော လုပ်သင့်တာတခုကို လုပ်ဖြစ်သွားတဲ့အတွက် ပီတိဖြစ်ရပါတယ်။

No comments: