Jul 4, 2017

သတင်းတစ်ပုဒ်မှသည်

ငါးရိုးစူးတဲ့တိုက်လို့ အမည်ရတဲ့ တိုက်ထဲက နိုင်ငံတစ်နိုင်ငံဟာ နောင်နှစ်ပေါင်း တစ်ဆယ့်သုံးနှစ်လောက်မှာ ထမင်းဆီဆမ်း တောင်းလို့ရတဲ့ နေရာဆီကို လူလိုက်ပါတဲ့ ယာဉ်ပျံ လွှတ်တင်မယ်လို့ အဲဒီနိုင်ငံရဲ့ မိုးကောင်ကင်လွန်ရပ်ဝန်းဒေသဆိုင်ရာ အေဂျင်စီက ဆိုတယ်။

အဲဒီနေရာရဲ့ တောင်ဘက်စွန်းမှာ ရေပဲဖြစ်ဖြစ် ရေခဲပဲဖြစ်ဖြစ် ရှိလား မရှိလားဆိုတာ သွားပြီးစပ်စုချင်လို့ ဆိုပဲ။ ဘာကြောင့် ဒီလောက်တောင်ပဲ ရေကို တမ်းတရသလဲဆိုတာ သူ့မှာအကြောင်းတွေ ရှိသေးတယ်။ ရေကို လောင်စာဆီအဖြစ်သုံးလို့ရအောင် ဆောင်ရွက်နေတဲ့ နည်းပညာကို တည်ဆောက်မလို့လို့ဆိုတယ်။

အခုကတော့ ထမင်းဆီဆမ်းကို လူကိုယ်တိုင်သွားတောင်းမယ်လို့ပဲ မှတ်ထားရအောင် ပြောတာဖြစ်ပါတယ်တဲ့။

နောင်နှစ်ပေါင်း ၁၃ နှစ်ဆိုတာ အခု ၂၀၁၇ ကို ၁၃ နဲ့ တွက်စက်မှာ ထည့်ပေါင်းကြည့်တော့၂၀၃၀ ရတယ်။ အဲဒီ ၂၀၃၀ ခုနှစ်မှာ လုပ်မယ့် အစီအမံ။ ဒါကို ဖွင့်ချပြတာ။ ဘာလို့ ဖုံးထားတာကို ဖွင့်ချရသလဲဆိုရင် အမှန်က ဘယ်တုန်းကတည်းက ကြိတ်လုပ်နေမှန်း မသိ၊ ကြိတ်လုပ်နေတာတော့ မဟုတ်ဘူး၊ သတင်းမှာ ပါတဲ့ အဲဒီ မိုးကောင်းကင်လွန်ရပ်ဝန်းဒေသဆိုင်ရာ အေဂျင်စီရဲ့ အင်တာနက်စာမျက်နှာသွားကြည့်တဲ့အခါ အလွန့်အလွန်ကို များပြားလှတဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပထမဆုံးအနေနဲ့ လေ့လာခွင့်ရခဲ့တာပါပဲ။ အရင်က မသိခဲ့ဘဲ ဒီသတင်းလေးရလို့ လိုက်ရင်းကနေ သိရတဲ့ စာမျက်နှာပဲ ဖြစ်ပါတယ်။

ဖွင့်ချရတဲ့ အဖြစ်ရောက်သွားတဲ့အကြောင်းတွေက ဒီလိုတဲ့။

ပထမအကြောင်းက ရုပ်ရှင်ကားတွေမှာ အတွင်းအားတွေ ကိုယ်ဖော့ပညာရပ်တွေ အသုံးများတဲ့ နိုင်ငံက၊ သူလည်း ငါးရိုးစူးတဲ့တိုက်ကြီးထဲက နိုင်ငံပဲ။ လာမယ့် ၂၀၂၀ မှာ အင်္ဂါဂြိုလ်ပေါ်ကို စပ်စုယာဉ်လွှတ်တင်မယ်လို့ ကြေငြာထားတာရှိတယ်။ ၂၀၂၀ ဆိုတော့ လာမယ့် သုံးနှစ်ဆိုရောက်တော့မှာပဲ။ အတော်နီးနေပြီ။

နောက်ဒုတိယအကြောင်းက ရုပ်ရှင်ကားတွေမှာပဲ သီချင်းဆိုတာ ကတာတွေ အများကြီး သုံးတတ်တဲ့ နိုင်ငံက၊ ဒါလည်း အဲဒီတိုက်ကြီးထဲကပဲ၊ ၂၀၁၈ နှစ်ရဲ့ ပထမခြောက်လအတွင်းမှာ ဒုတိယအကြိမ်အဖြစ် ထမင်းဆီဆမ်းသွားယူမလို့ လုပ်နေတယ်လို့ ကြုံးဝါးထားတာရှိပြန်တယ်။ သူက ပိုလို့တောင် နီးနေပြန်သေး။

ဒီလိုအကြောင်းတွေကြောင့် သူတို့ဟာ ဒီသတင်းကို ဖွလိုက်ရခြင်း အဲလေ ဖွင့်ချလိုက်ရခြင်းပဲဖြစ်တယ်လို့ သတင်းတချို့က ရေးသားကြတယ်။

ဘာပဲပြောပြော အဲဒီ ပထမအကြောင်းထဲက တိုင်းပြည်နဲ့ ဒုတိယအကြောင်းထဲက တိုင်းပြည်တွေဟာ တိုင်းပြည်တစ်ပြည်နဲ့ နယ်နမိတ်ထိစပ်နေတယ်။

၂၀၃၀ မှာ ဘာလုပ်မယ် ညာလုပ်မယ်ပြောတဲ့ တိုင်းပြည်ကလည်း အဲဒီတိုင်းပြည်တစ်ပြည်ဆိုတာကို တခါတုန်းက အလည်လာရောက်ဖူးတဲ့ နောက်ကြောင်းလေးတွေ ရှိခဲ့တယ်။

နောက်ဆုံးကောက်ချက်အနေနဲ့ကတော့ အဲဒီလို တမြေတည်းရှိပြီး ထိစပ်နေတဲ့အတွက် အဲဒီတိုင်းပြည်နှစ်ပြည်နဲ့ ၊ မိတ်ဆွေဖြစ်လိုက် ရန်သူဖြစ်လိုက် ပြန်ပြီးမိတ်ဆွေဖြစ်လိုက်လို့ ပြောလို့ရတဲ့ အစကပြောတဲ့ ၂၀၃၀ မှာ ရေသွားရှာမယ်ဆိုတဲ့ တိုင်းပြည်တွေဟာ ထမင်းဆီဆမ်းသွားတောင်းဖို့ စိတ်ကူးတွေ ရသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဆိုခဲ့တဲ့ တိုင်းပြည်တစ်ပြည်ရဲ့ ကလေးအဖေတစ်ယောက်က ကဗျာလေး စပ်ဆိုလိုက်တယ်။ သူက သူ့သမီးလေးကို ချော့သိပ်ရင်း ဟိုး ကောင်းကင်ပေါ်က အဝိုင်းကြီးကို ပြရင်းနဲ့ပေါ့။

"ကောင်းကင်က အမှောင်ထဲမှာ ပိုလှပါတယ်။ 
ကြယ်တွေက ညရောက်မှ ပိုမို တောက်ပပါတယ်။
ဆန်ဖွပ်တဲ့သူကလည်း သူ့ဘာသာသူ ဆန်နာနာ ဖွပ်နေပါတယ်။
ယုန်ကလေးကလည်း အနားမှာ အေးအေးဆေးဆေး ဝပ်လို့နေပါတယ်။
ကဲ သမီးရေ ... 
မော့ကြည့်လိုက်စမ်းပါ 
တနေ့တော့ အဖေတို့လည်း 
အဲဒီကို ရောက်ရမယ်ကွယ့်
ရောက်ရမယ်"

ကျော်မောင်(တိုင်းတာရေး)
၄-ဇူလိုင်-၂၀၁၇

No comments: