May 31, 2017

အဖွင့် အပိတ်

ရုံးက အပြန်တိုင်း ရထားစီးပြီး ကားထပ်စီးရတယ်။ ဟိုးတုန်းကတော့ ရထားဘူတာက ထွက်ရင် အိမ်ကို လမ်းလျှောက်ပြန်လေ့ရှိတယ်။ ကားမှတ်တိုင်က ရထားဘူတာရုံကနေဆို သိပ်မဝေးဘူး။ မီးပွိုင့်တစ်ခုကို ဖြတ်ကူးပြီးမှ ကားမှတ်တိုင်ကို ရောက်တယ်။ မီးပွိုင့်မကူးခင်ကနေ မှတ်တိုင်အထိဆို မီတာ တစ်ရာနီးပါးလောက်ပဲ ရှိတယ်။ မီးပွိုင့် မီးစိမ်းမှ တဘက်ကို ကူးလို့ရတယ်။ စီးမယ့်ကားက မီးမစိမ်းခင်မှာ ဝင်ရပ်ဖို့ သွားနေရင် နောက်ကားတစ်စီးကို ဆယ်မိနစ်လောက် စောင့်ရလေ့ရှိတယ်။ အဲဒီတော့ မှတ်တိုင်ကို ကားက ဝင်ရပ်နေတဲ့အချိန် မီးပွိုင့်ကလည်း စိမ်း၊ လမ်းကူးလို့ရပြီဆိုတာနဲ့ ကားစီးမယ့် သူတွေဟာ မှတ်တိုင်ရှိရာဆီ မီလိုမီငြား ပြေးလေ့ရှိကြတယ်။
ကားကပ္ပတိန်တွေက ငါ့ကား လူပြည့်မှ မှတ်တိုင်ကနေ ထွက်မယ်ဆိုတဲ့ သဘောထားရှိကြပုံမရပါ။သူ့ကားကို တက်နေတဲ့သူ မရှိတော့ရင် ကားတံခါးပိတ်ပြီး မှတ်တိုင်ကနေ မောင်းကြပါတယ်။
ဒီနေ့ကြုံခဲ့ရတာက ဒီလိုပါ။
မီးပွိုင့်မှာ စိမ်းတာကို စောင့်နေတုန်း (လူကူးအချက်ပြမီးစိမ်းတဲ့အခါလို့ ဆိုလိုတာ) စီးရမယ့် ကားက မှတ်တိုင်ကို ဝင်ဖို့ သွားနေတာ တွေ့လိုက်တယ်။ မှတ်တိုင်မှာလည်း အဲဒီကားကို လိုက်စီးမယ့် ခရီးသည်တွေ ရှိနိုင်တယ်။ ကားက မှတ်တိုင်မှာ ရပ်ပြီး ခရီးသည်တင်နေတဲ့အချိန်မှာမှ လူကူးအချက်ပြမီးက စိမ်းတယ်။ မီးပွိုင့်ကို ကူးတဲ့အခါ အေးအေးဆေးဆေးပဲ ကူးလိုက်တယ်။ နောက်ကားပဲ စောင့်စီးတော့မယ်ဆိုတဲ့ အတွေးနဲ့။ မီးပွိုင့်ကူးပြီးတဲ့အခါထိ ကားက ရပ်နေတုန်း။ ခရီးသည် သုံးယောက်လောက် တယောက်ချင်း ကားပေါ်တက်နေကြတာမြင်တယ်။ အဲဒီကား အဲဒီသုံးယောက်တင်ပြီးတာနဲ့ ကားတံခါးပိတ်ပြီး ထွက်မှာပဲ။ မပြေးတော့ဘူး။ ပြေးရင် အလကားနေ အလကား အင်အားကုန်ခန်းသွားမယ်။
ဒါမျိုးက ဖြစ်တတ်တဲ့ အတွေ့အကြုံရှိလို့ပါပဲ။ မီမယ်ဆိုပြီး ကားဆီကို အပြေးသွား၊ ကားတံခါးနားရောက်တော့ တံခါးပိတ်ပြီး ကားကထွက်၊ ပိတ်ပြီးသွားတဲ့ တံခါးကို ပြန်ဖွင့်ဖို့ဆိုတာ တော်တော်ခက်ပါတယ်။ တွေ့ဖူးတာမှာ အဲဒီလို တံခါးပိတ်သွားတော့ ပြေးလာတဲ့ တချို့ခရီးသည်တွေက ကားတံခါးကို လက်သီးတွေ လက်ဝါးတွေနဲ့ သွားထုကြ ရိုက်ကြ (ဖွဖွလေး)လုပ်ပြီး တံခါးဖွင့်ပေးဖို့ ပြောတာမျိုးပြုမူကြတယ်။ ကားကပ္ပတိန်တွေက အလေးမမူဘဲ မှတ်တိုင်ကနေ ကားကို ထွက်တယ်။ ထိုလူတွေမှာဟာ ကျန်ခရီးသည်တွေရဲ့ မျက်လုံးတွေကြားထဲ အနေခက် အထခက် ဖြစ်စေခဲ့တယ်။
အဲဒီလို မပြေးဘဲ ပုံမှန်လမ်းလျှောက်သွားနေတဲ့အခါ အရှေ့က လျှောက်နှင့်နေတဲ့ နှစ်ယောက်သုံးယောက်လောက်က ကားဆီကို စပြေးပါတယ်။ ကားပေါ်ကို နောက်ဆုံးခရီးသည်တစ်ယောက်တက်နေပါပြီ။ ပြေးတဲ့သူထဲက ခပ်သွက်သွက်ပြေးလိုက်တဲ့သူက တံခါးမပိတ်ခင် ရောက်သွားတယ်။ သူ ကားပေါ်တက်သွားတယ်။ အဲဒီမှာပဲ နောက်က လိုက်ပြေးသွားတဲ့သူတွေ ဆက်တက်ကြတယ်။ ဘေးနားမှာ လျှောက်နေတဲ့ အန်တီကြီးက ပုံမှန်လမ်းလျှောက်နေရာကနေ ဝုန်းဆို ထပြေးသွားတယ်။ ကားတံခါးဆီရောက်ဖို့ ခြေလှမ်း ၁၅ လှမ်းလောက် လှမ်းရမှာ။ အန်တီကြီး မီတော့မယ်။ ကားတံခါးက မပိတ်သေးဘူး။
လမ်းလျှောက်နေရင်း စဥး်စားတယ်။ အန်တီကြီးနောက် လိုက်ပြေးရင် ကောင်းမလားပဲ။ မီလိုမီငြားပေါ့။ အရမ်းမပြေးချင်တဲ့အတွက် ခြေလှမ်းတဲ့နှုန်းကိုသာ မြှင့်လိုက်တယ်။ ကားတံခါးက ပိတ်တော့မယ်။ ဟိုအန်တီကြီး ကားအပေါက်ဝက ခြေနင်းခုံကို တက်နေပြီ။ လှမ်းနေရင်းမှာ ဘေးကနေ အရိပ်တစ်ခုဖြတ်သွားတာ သတိထားမိလိုက်တယ်။ သူက ကျော်တက်သွားတယ်။ အန်တီကြီး နောက်တစ်ယောက်ပဲ။ လက်ထဲမှာ အထုပ်လေးတစ်ထုပ်တောင် ကိုင်ထားသေး။ သူက နောက်ကနေ အပြေးလေး လိုက်လာပြီး ရှေ့က အန်တီကြီးနောက် လိုက်တက်သွားတယ်။
ဘာမှ ချီတုံချတုံစဉ်းစားမနေတော့ဘဲ ကားပေါ်တက်လိုက်တယ်။ ဟုတ်တယ်လေ၊ ကားတံခါးဝလည်း ရောက်နေပြီ၊ တံခါးကလည်း မပိတ်သေးဘူး၊ အဲ ပိတ်တော့မယ့်ဆဲဆဲလေးမှာ။ ဒီအခြေအနေမှ တက်မလိုက်ရင် ငတုံးပဲ။ ကားစီးကဒ်ကို စက်ပေါ်တင်ပြီး ကားကပ္ပတိန်ကို ကြည့်လိုက်တော့ သူက ကားတံခါးကို ပိတ်လိုက်ပြီ။ ဒါပေမယ့် ကားမထွက်သေးဘဲ တံခါးကို ပြန်ဖွင့်တယ်။ လူငယ်တစ်ယောက် အမောတကောပြေးလာလို့ဖြစ်တယ်။ အဲဒီတစ်ယောက်ကားပေါ်ရောက်မှ တံခါးပိတ်ပြီး သူက ကားစထွက်ဖို့ပြင်တယ်။
ကားဘီးမလှိမ့်ခင်မှာ ခရီးသည်တစ်ယောက်ပြေးလာသေးတယ်။ ကားကပ္ပတိန်က တံခါးဖွင့်မပေးတော့ဘူး။ ဟိုလူလည်း မကျေမနပ်ဖြစ်ပြီး ကျန်ခဲ့တယ်။
အဲဒါနဲ့ ကားက မှတ်တိုင်ကနေ ထွက်လာပါတော့တယ်။
ကားစီးအတွေ့အကြုံတစ်ခုပေါ့။ စင်ကာပူမှာပါ။

No comments: