ပြီးခဲ့တဲ့ မတ်လကုန်က ရန်ကုန် ခဏရောက်တုန်း တစ်မနက်ကျတော့ အမေ စျေးမသွားတာ သတိထားမ်ိတယ်။ အမေ့ကို မေးတဲ့အခါ အမေ မဖြေခင် အဖေက လှမ်းပြောတယ်။ မင်း အမေက စျေးသွားဖို့ မလိုတော့ဘူးကွ။ ခေတ်မီနေပြီ။ ဟမ်.. စျေးမသွားတာနဲ့ ခေတ်က ဘယ်လိုမီတာလဲ အဖေရ ဆိုတော့.. ဒီလိုကွ.. မင်းအမေက အရင်ဆုံး ဒီနေ့ ဘာချက်မယ်ဆိုတာ စဉ်းစားပြီးနောက်မှာ စျေးက ဟင်းသီးဟင်းရွက်ရောင်းသူ ဖြစ်ဖြစ်၊ သားငါးရောင်းသူ ဖြစ်ဖြစ် တစ်ယောက်ယောက်ကို ဖုန်းလှမ်းဆက်တယ်။ အဲဒီဆိုင်က သူဝယ်ချင်တာ မှာတယ်။ ပြီးတော့ အဲဒီဆိုင်နဲ့ အနီးအနား တစ်ခြားဆိုင်တွေက သုူမှာချင်တာတွေ ခုနက ဆိုင်ကိုပြောလိုက်တယ်။ ဟိုဆိုင်က လိုက်မှတ်ပြီး လိုအပ်တဲ့ အမယ်မျိုးစုံကို သူဆိုင်ကနေ အသံလွှင့်လိုက်တယ်။ လှမ်းအော်ပြောလိုက်မှာပေါ့ကွာ။ ဟိုဘက်က ခရမ်းချဉ်သီးသည်ရေ အန်တီ ဘယ်သူ့အတွက် ခရမ်းချဉ်သီးတစ်ဆယ်သားလောက် ဆိုပြီး (Broadcast သဘောမျိုး ထင်သည်)။ အနီးအနားဆိုင်က မဟုတ်ဘဲ အလှမ်းဝေးရင်လည်း သူ့့ဆိုင်က တစ်ယောက်ယောက်ကို အဝယ်ခိုင်းရင်ခိုင်း၊ ဖုန်းဆက်ပြောရင်ပြော လုပ်လိုက်တယ်။ ကျသင့်ငွေတွေ သူစိုက်ထားတယ်။ အကုန်နီးပါးစုံရင် သူ့ဆို်င်က ဝယ်တာရော သူများဆီက သူဝယ်ပေးထားတာရော စာရင်းပေါင်းပြီး ဒို့ကို ဖုန်းပြန်ဆက်တယ်။ မင်းအမေက ဆိုက်ကားဆရာကို ဖုန်းဆက်ခေါ်၊ စျေးထဲက ဘယ်ဆိုင်မှာ မှာထားတာ သွားယူပေးပါ၊ ဒီမှာ ဆိုက်ကားခနဲ့ ဟိုဆိုင်ကို ပေးဖို့ငွေ ဆိုပြီး ပေးလိုက်တယ်။ ဆိုက်ကားဆရာက သွားယူပြီး အိမ်လာပို့။ ဒါပဲ။
အဖေပြောတာကို နားထောင်ပြီး စောဒကတက်ကြည့်တယ် ဝေဖန်ကြည့်တယ်။ ဟို အဲဒီဆိုင်က ဘာဖြစ်လို့ သူများဆိုင်ကဟာပါ ဝယ်ပေးရတာလည်း။ အေးကွ အဲဒါ အခု လက်ကိုင်ဖုန်းတွေ ကိုင်လာကြပြီးနောက်ပို်င်းမှာ ခေတ်စားလာတဲ့ ဝန်ဆောင်မှုပဲ။ တစ်ချို့အတော်များများလည်း မင်းအမေလို မှာသလို ဆိုင်တွေကို မှာကြတယ်။ သူဝယ်ပေးတယ်ဆိုတာက စျေးဝယ်က သူ့ဆီကဟာကို အရင်ဝယ်တာလေ။ သူက တစ်ခြားဆိုင်တွေဆီက ဝယ်ပေးသလို တစ်ခြားဆိုင်တွေကလည်း သူ့ဆီမှာ လာဝယ်ပေးကြတာရှိတယ်။ ရောင်းသူအချင်းချင်း ဝယ်ပြီးတော့ လာယူသူဆီပေးလိုက်တဲ့၊ ဖုန်းနဲ့ စျေးဝယ်စျေးရောင်းကြတဲ့ နည်းပဲ။ ရောင်းသူ ဝယ်သူ ယုံကြည်မှုရှိဖို့တော့ လိုတာပေါ့။ ဝယ်တဲ့ပစ္စည်း လတ် မ လတ် ဘယ်လိုသိမှာလည်း ဆိုတော့ အဲဒီမှာ အမေက ဝင်ပြောတယ်၊ သားရယ် စျေးသည်တွေနဲ့ ခင်သွားတော့ ပိုပြီး အဆင်ပြေတာပေါ့။ စေတနာလည်း ပါကြတယ်။ ကောင်းတာတွေ လတ်တာတွေ ဝယ်ပေးကြတာပေါ့ ။ ဒါ ဒီမှာ ဖုန်းကို အဲဒီလို သုံးလာကြတာပဲ။ အဖေက ဖြည့်စွက်ပြီးပြောတယ်။
နားထောင်ပြီးတော့ ဒို့မြန်မာတွေ အတော်သွားတာပဲလို့ ကောက်ချက်ချမိပါတယ်။ အခုဆိုရင် စမတ်ဖုန်းသုံးပြီး ဝယ်တဲ့သူက ဝယ်ချင်တာတွေ ဖုန်းနဲ့ စာ (message) ပို့၊ တစ်ဖက်က ကျသင့်ငွေ ပမာဏကို စာပြန်ပို့၊ လာပို့တဲ့သူကို ပိုက်ဆံရှင်း၊ မှာလိုက်တာ ယူ။ စကားပြောဖို့တောင် မလိုတော့ပါဘူး။ နောင််ဆိုရင် စမတ်ဖုန်းနဲ့ အင်တာနက်သုံး ၊ ပြီး ibanking နဲ့ ထိုထို ဆိုင်တွေကို ငွေလွှဲ၊ လွှဲပြီးကြောင်း စာ(message) ပို့ပြီး အကြောင်းကြားတာတွေ အထိ ဖြစ်ဖို့ သိပ်မဝေးတော့ဘူးလို့ ထင်ပါကြောင်း.....
ကျော်မောင် (တိုင်းတာရေး)
၃၁-ဇူလိုင်-၂၀၁၄
No comments:
Post a Comment