လက်မနှစ်ဖက် တဖျတ်ဖျတ်...
လက်ကိုင် စမတ်ဖုန်းမှာ စာရိုက်ရင် လက်မနှစ်ဖက်လုံး သုံးတာက ပိုမြန်တယ်။ ဖုန်းကိုင်နည်းက ... ဖုန်းက လေးထောင့်ပုံစံ။ ဒီတော့ လက်နှစ်ဖက်နဲ့ ဖုန်းကိုကိုင်၊ ဒေါင်လိုက်ဖြစ်ဖြစ် အလျားလိုက်ဖြစ်ဖြစ် ကိုယ်သန်သလို ကိုင်။ ဟိုခေတ်က တီဗီဂိမ်း ကစားတဲ့အခါ ဂိမ်းခလုတ်ကို ကိုင်သလိုမျိုး ။ လက်မနှစ်ဖက်က ဖုန်းရဲ့မျက်နှာပြင်ပေါ်မှာ ရှိနေရမယ်။ ဖုန်းရဲ့အောက်ဖက်ထောင့်နှစ်ခုကို လက်ဖနောင့် နှစ်ဖက်နဲ့ ခပ်ဖွဖွညှပ်။ လက်ညှိုးနှစ်ဖက်နဲ့ အပေါ်ထောင့်စွန်းနှစ်ဖက်ကို ထိန်းကိုင်ထား။ ကျန်လက်ချောင်းတွေကို ဖုန်းရဲ့နောက်ဖက်မှာထား၊ ကိုင်သူဖက်ကို နည်းနည်း ကွေးထား ။ ကဲ အခုဆိုရင် ဖုန်းလက်ကွက်မှာ လက်မ နှစ်ဖက်နဲ့ လျင်မြန်စွာ စာရိုက်နိုင်ပါပြီ။ ဒီနည်းသုံးပြီး လက်မ တွေ ညောင်းလာမယ်ဆိုရင် အညောင်းဖြေနည်းက လက်မ နပန်းလှဲတာပါပဲ။ အဲဒါက တစ်ယောက်တည်း ကစားလို့မရတော့ ကစားဖော်ရှာပြီး ကစားရတဲ့နည်းပါ။ ကစားမယ့်နှစ်ယောက် လက်ဆွဲနှုတ်ဆက်တဲ့ပုံစံ လက်တွေ ဆန့်တန်းလိုက်ရမယ်။ လက်မထောင်လျှက်နဲ့ ကျန်လက်ချောင်းများ လက်ချောင်းချင်းချိတ်လိုက်ပြီး လက်မ တစ်ဖက်နဲ့တစ်ဖက် ဖိနှိပ်နိုင်အောင် လှုပ်ရှားပြီး ကစားရတာပါ။ တစ်ဖက်သူရဲ့ လက်မကို တစ်ကနေ တစ်ဆယ်အထိ ဆက်တိုက်ဖိထားနိုင်သူက နိုင်တယ်။ ညာလက်ပြီး ဘယ်လက်ပေါ့။ အညောင်းပြေရင် ဖုန်းမှာ စာဆက်ရိုက်နိုင်ပါပြီ။ ဖုန်းမှာ စာရိုက်မြန်ရင် ဖုန်းနဲ့စကားပြောချိန် နည်းသွားနိုုင်ပြီး ကားစီး ရထားစီး အများနဲ့ သွားနေ ရှိနေတဲ့အချိန် တခြားသူများ နားငြီးသက်သာနိုင်ပါတယ်။
လက်နှစ်ဖက်နဲ့ တစ်ကနေ တစ်ရာထိရေကြမယ်...
အဖေပြောပြတဲ့နည်းပါ။ ခု၊ ဆယ်၊ ရာ ဒီလိုသွားမယ်။ လက်နှစ်ဖက်မှာ တစ်ဖက်ကို ခု၊ တစ်ဖက်ကို ဆယ် ဆိုပြီး သတ်မှတ်လိုက်၊ ဆိုပါတော့ ညာသန်အတွက် ညာဖက်က လက်ချောင်းတွေက ခု၊ ဘယ်ဖက်က ဆယ် အတွက်။ စစခြင်း လက်ဝါးတွေဖြန့်ထား။ တစ် ဆိုရင် ညာဘက်လက်က လက်မ စချိုး၊ နှစ် က လက်ညှိုုး ..လက်သန်းအထိ ဆက်ချိုး .. ငါး အထိ ရပြီ။ ချိုးထားတဲ့ လက်ငါးချောင်းက လက်မ ပြန်ထုတ်၊ အဲဒါ ခြောက် ၊ ပြီး လက်ညှိုုး လက်ခလယ် လက်သူကြွယ် လက်သန်း အစဉ်အတိုင်း ပြန်ဖြန့် ၊ ခုနစ် ရှစ် ကိုး တစ်ဆယ်။ တစ်ဆယ်အရောက်မှာ ဘယ်ဖက်လက်က လက်မကို ချိုးထားလိုက်။ ညာဖက်က လက်ဝါးဖြန့်ထားတဲ့ ပုံစံပြန်ရောက်။ ညာဖက်နဲ့ ခုနက အတိုင်း ပြန်ရေ၊ ဒီတစ်ခါ ဆယ် မှာ လက်မချိုးထားတော့ တစ်ဆယ့်တစ် တစ်ဆယ့်နှစ် ဆိုပြီးသွား ၊ နှစ်ဆယ်ရရင် ဘယ်ဖက်မှာ လက်ညှိုးချိုး။ အဲဒီအတိုင်း ညာဖက်လက်ချောင်းများ ချိုးတယ် ဖြန့်တယ်၊ ဘယ်ဘက် လက်ချောင်းများ ချိုးတယ် ဖြန့်တယ်နဲ့ ရေတွက် ၊ လက်နှစ်ဖက်ဖြန့်တဲ့ ပုံစံ ပြန်ရရင် (၁၀၀) ရပြီပေါ့။ ဒီနည်းက အစဉ်အတိုင်း ရေတွက်တာမှာ သုံးနိုင်ရုံ မကဘဲ တစ်ယောက်နဲ့ တစ်ယောက် လက်ချောင်းတွေ မြင်လောက်တဲဲ့ နေရာမှာ လက်နှစ်ဖက်သုံး သင်္ကေတ သဘောမျိုး သုံးနိုင်ပါသေးတယ်။ လက်ဝါး နှစ်ဖက်ဖြန့်ပြရင် (၁၀၀)၊ လက်ဝါး နှစ်ဖက်ဆုပ်ပြထားရင် (၅၅)၊ ညာလက်မ ထောင် ဘယ်လက်မ ကွေးပြရင် (၁၆)၊ ညာလက်သန်း တစ်ချောင်းပဲထောင် ဘယ်ဖက်မှာ လက်မနဲ့ လက်ညှိုးထောင်ရင် (၇၄) စသဖြင့် ကောင်းကောင်း အသုံးပြုနိုင်ပါတယ်။
လက်ချောင်းလေးတွေ အသုံးကျတာ တွေ့ရပြီး ၄င်းတို့အား ကောင်းမွန်စွာ တန်ဖိုးထားတတ်ပါစေကြောင်း ရည်ရွယ်ကာ စုစည်းဖော်ပြလိုက်ပါတယ်။ ။
ကျော်မောင်(တိုင်းတာရေး)
၂-သြဂုတ်-၂၀၁၄
No comments:
Post a Comment