သက်ရှိထဲမှာ စကားပြောနိုင်တာ လူပဲရှိတယ်။ လူအချင်းချင်း စကားပြော ဆက်သွယ်ရာမှ အရေးအသားတီထွင်ဖန်တီးလာတာ။ နေတဲ့ ကျောက်ဂူတွေထဲမှာ ဂဏန်းအက္ခရာ အမှတ်အသားလုပ်ရင်းနဲ့ စလာတာပါပဲ။ လူတွေဟာ ကမ္ဘာဦးထဲက သိမ်းထားတတ် စုဆောင်းထားတတ်တာ ၀ါသနာပါတယ်။ အမဲလိုက်လို့ရလာတဲ့ သားကောင်အရေအတွက် စတာတွေ မှတ်ရင်းနဲ့ အက္ခရာတွေ စတင်လာတာပဲ။ စာရေး စာဖတ်တတ်လာတော့ လူရဲ့ ဝသီအတိုင်း စုဆောင်းထားတတ်ကြတယ်။ အဲဒီလို စုဆောင်းရင်း ကိုယ့်အတွက် သူ့အတွက်နဲ့ စာကြည့်တိုက်တွေ ပေါ်ပေါက်လာတာပါပဲ။ စာပေ၊ ကျမ်းဂန်၊ မူုရင်း စာရွက်စာတမ်းတွေ သိမ်းဆည်းထားပြီး စာပေလိုက်စားသူတွေ၊ အသိဉာဏ် ဗဟုသုတရှာဖွေသူတွေ၊ အတတ်ပညာ ဆည်းပူးသူတွေအတွက် စာကြည့်တိုက်များက အထောက်အကူပြုပါတယ်။ ဘုံထားပြီး စနစ်တကျစုဆောင်း၊ စနစ်တကျ အသုံးပြုကြတာမှာ စာကြည့်တိုက်တွေက စံထားလောက်ပါတယ်။
မြန်မာနိုင်ငံမှာ သက်ဦးဆံပိုင်ခေတ်ပိုင်း ဘုရင်၊ ဧကရာဇ်၊ မင်းညီမင်းသားများ ဖတ်ဖို့ နန်းတော်တွေထဲ စာကြည့်တိုက်တွေထားပါတယ်။ ဆရာတော်များ၊ ရဟန်းသံဃာများ အတွက် ဘုန်းကြီးကျောင်းစာကြည့်တိုက်များလည်း ရှိခဲ့ပါတယ်။ ပိဋကတ်တိုက်လို့ခေါ်ပါတယ်။ နောက်ပိုင်းခေတ် စာကြည့်တိုက်အတော်များများ ပေါ်ပေါက်လာပြီး အသင်းဝင်တွေ ငှားရမ်းဖတ်ရှုနိုင်တဲ့ အထိရောက်လာပါတယ်။ ငယ်ငယ်က စာစီစာကုံးရေးတာမှာ "ကျောင်းစာကြည့်တိုက်" ဆိုတဲ့ခေါင်းစဉ်ဆိုရင် အလွန်ခေါင်းစားရပါတယ်။ ရေးစရာ မရှိပေမယ့် စိတ်ကူးလေးနဲ့ ကြံဖန်ရေးခဲ့ရတာပါပဲ။ ဘာပြောကောင်းမလဲ၊ ကျောင်းစာကြည့်တိုက်ထဲမှာ ပုံပြင်၊ကာတွန်း၊ဂျာနယ် မှအစ နာမည်ကျော်စာရေးဆရာကြီးများရေးတဲ့ စာအုပ်တွေ၊ ရည်ညွှန်းတွေဖြစ်တဲ့ အဘိဓာန်၊ စွယ်စုံကျမ်း အတော်ရှိတယ်ပေါ့၊ တော်သေးတယ် အဲဒီတုန်းက "ကျော်မောင့်အတွေးထဲက ကျောင်းစာကြည့်တိုက်" လို့ ဆရာမ မပြင်ပေးလိုက်တာကံကောင်း။
နိုင်ငံတစ်နိုင်ငံရဲ့ကျောင်းစာကြည့်တိုက်၊ တက္ကသိုလ်ကောလိပ်စာကြည့်တိုက်၊ စက်ရုံအလုပ်ရုံတွေမှာဆိုရင်လည်း ပညာရပ် သုတရသ ဆိုင်ရာဆိုင်ရာ စာကြည့်တိုက်တွေ အဆင့်မြင့်ရင် အဲဒီနိုင်ငံလည်း တိုးတက်ပါတယ်။ ထိုကျောင်းတွေ၊ ကောလိပ် တက္ကသိုလ်တက်ခဲ့ရတဲ့ သူတွေက သူတို့ရပ်ရွာမှာ စာကြည့်တိုက်တွေ ဖြစ်ပေါ်အောင် ဆောင်ရွက်ကြမှာပဲ၊ စာကြည့်တိုက် အသုံးဝင်ပုံကို လက်တွေ့သိထားကြပြီကိုး။ စာကြည့်တိုက်တွေ ဖြစ်ပေါ်အောင် လုပ်ခဲ့ကြတဲ့ သာဓကတွေလည်း ရှိပါတယ်။ ဒါကြောင့် ကျောင်းစာကြည့်တိုက်၊ တက္ကသိုလ်ကောလိပ်စာကြည့်တိုက်တွေကို ဦးစားပေးပြီး တိုးတက်အောင် လုပ်သင့်တယ်။ ရပ်ကွက်စာကြည့်တိုက်၊ မြို့နယ်စာကြည့်တိုက်၊ ပုဂ္ဂလိက စာကြည့်တိုက်တွေမှာ အဲဒီလူတွေ ဦးဆောင်လာမှာ၊ ဦးဆောင်ခွင့်လည်း ပေးရမယ်။ စာအုပ်စာတမ်းတွေ လှူနေရုံ၊ စာဖတ်ကြပါ စာဖတ်ကြပါလို့ တိုက်တွန်းနေရုံနဲ့ မလုံလောက်သေးပါ။ အခု ရွေ့လျားစာကြည့်တိုက်တွေ လုပ်လာတာ သဘောကျတယ်၊ စာဖတ်ချင်သူတွေ စာအုပ်ရှိရာ မလာအားရင် စာအုပ်တွေက စာဖတ်သူတွေရှိရာလာမယ်။ အတော်ကောင်းပါတယ်။
တက္ကသိုလ်တွေမှာ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်စာကြည့်တိုက်များလို မလုပ်နိုင်တာတောင်မှ ဆိုင်ရာ စာအုပ်တွေ ပြည့်ပြည့်စုံစုံဖန်တီးပေးဖို့လိုတယ်။ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ ပြင်ပစာကြည့်တိုက်တွေ အားကိုးမနေဘဲ ကိုယ့်ကျောင်း ကိုယ့်တက္ကသိုလ်က စာကြည့်တိုက်နဲ့ အလုပ်ဖြစ်စေချင်ပါတယ်။
တက္ကသိုလ်ကဘွဲ့ရတဲ့ နှစ်မှာ ဘွဲ့ရများဂုဏ်ပြုညစာ စားပွဲလုပ်တာထက် အဲဒီ ဘွဲ့ယူမောင်မယ်များ စုပေါင်းပြီး စာသင်ကြားခဲ့ရာ တက္ကသိုလ်ရဲ့ စာကြည့်တိုက်အတွက် လိုအပ်တဲ့ စာအုပ်စာတမ်းတွေ အထောက်အကူပြုပစ္စည်းတွေ အမှတ်တရလှူကြရင် သိပ်ကောင်းမှာပဲ။ လုပ်လည်းလုပ်ခဲ့တဲ့သူတွေ ရှိပါတယ်။ စဉ်ဆက်မပြတ်ဖို့လည်းလိုပါတယ်။ ဘွဲ့ယူကြတဲ့ နှစ်တိုင်း လုပ်ကြရင်တော့ စာအုပ်တွေထားဖို့ စာကြည့်တိုက်နေရာ ကျယ်ကျယ်မှ ရမှာပါ။
စာကြည့်တိုက် ဆိုတာသာ မရှိခဲ့ရင် စာတိုငညို ကနေ ဝန်ဇင်းမင်းရာဇာလို့ ခေါ်တဲ့ ဘုရင့်ပညာရှိ မင်းတိုင်ပင် အမတ်ဖြစ်လာစရာ မရှိဘူး။ သူသာ မင်းတိုင်ပင် အမတ် မဖြစ်ရင် ဘုရင်လည်း အသုံးကျချင်မှ ကျမယ်။ တိုင်းပြည်လည်း ကမောက်ကမ ဖြစ်ချင်ဖြစ်နိုင်တယ်။ (စာတိုငညိုဟာ သူ့ကျေးရွာက ဘုန်းကြီးကျောင်းပိဋကတ်တိုက် (စာကြည့်တိုက်)ကို အသုံးပြုပုံပေါ်ပါတယ်)။ စာကြည့်တိုက် ဆိုတာသာ မရှိခဲ့ရင် လင်ကွန်း လည်း သမ္မတဖြစ်လာစရာ မရှိဘူး။ ဟားဗတ်တက္ကသိုလ်မှာ စာကြည့်တိုက် မထားရင်၊ အောက်စ်ဖို့မှာ စာကြည့်တိုက် ကောင်းကောင်းမရှိရင် .....
ကဲဗျာ .. ကျွန်တော်တို့ တက္ကသိုလ်တွေမှာ စာကြည့်တိုက်ကောင်းကောင်းမရှိရင် ....
စာဖတ်သူများ ဆက်တွေးကြပါ။ တွေးပြီးရင်တော့ ဘာလုပ်ရမယ်ဆိုတာ သိလာမှာပါ။ စာကြည့်တိုက် အကျိုးသိပြီး ကောင်းမွန်စွာ အသုံးချနိုင်ကြပါစေ။ ။
ကျော်မောင်(တိုင်းတာရေး)
၂၃-သြဂုတ်-၂၀၁၄
No comments:
Post a Comment