Aug 25, 2014

"Plato and a Platypus.. Walk into a bar...Understanding Philosophy Through Jokes" Thomas Cathcart & Daniel Klein

သိပ္ပံပညာရှင်နဲ့ သူ့ဇနီးတို့ ကျေးလက်တောပိုင်းဘက် ကားမောင်းထွက်လာတယ်။
ဇနီးသည်က ပြောတယ် "အိုး.. ကြည့်ပါဦး၊ သိုးတွေကို အမွေးရိတ်ထားတယ်"
  "ဟုတ်တယ်၊ ဒီဖက်ခြမ်းမှာ" လို့ သိပ္ပံပညာရှင်က ပြောလိုက်ပါတယ်။

A scientist and his wife are out for a drive in the country. The wife says, Oh, look! Those sheep have been shorn.
Yes, says the scientist. On this side.
--------------------------------------...------
မတ်တပ်ရပ်နေတဲ့ စားကျက်ထဲက နွားနှစ်ကောင်၊ တစ်ကောင်က အခြားတစ်ကောင်ကို လှမ်းပြောတယ်
"နွားရူးရောဂါကို မင်းဘယ်လို မြင်လဲကွ"
ဟိုကောင်က ပြန်ပြောတယ်
"သောက် ဂရုစိုက်လို့ကွာ ... ငါက ဟယ်လီကော်ပတာပဲ"

Two cows are standing in the field. One says to the other, What do you think about this mad cow disease?
What do I care? Says the other. I’m a helicopter.
-------------------------------------------
ပက်ကျိတစ်ကောင်ဟာ လိပ်ကြီးနှစ်ကောင်ရဲ့ လုယက်တိုက်ခိုက်မှုခံခဲ့ရတယ်။ ဖြစ်ပုံကို ရဲကမေးတော့ သူဖြေလိုက်ပုံက ..
"ကျွန်တော်မသိလိုက်ဘူး၊ အဖြစ်အပျက်က အရမ်းမြန်လွန်းတော့လေ"

A snail was mugged by two turtles. When the police asked him what happened, he said, I don’t know. It all happened so fast.

From ...

ရယ်မောခြင်း၊ တွေးတောခြင်းဖြင့် ကျန်းမာနိုင်ကြပါစေ။

၁၇-သြဂုတ်-၂၀၁၄

Aug 24, 2014

အသုံးကျရဲ့လား (၁၂) ..... အသေးအမွှား

သားရေကွင်းလေး တစ်ပင်တောင် မရှိဘူး။ ဒါက အများပြောတတ်ကြတဲ့ စကားပါ။ ထုပ််ဖို့ စည်းဖို့ ပြင်နေချိန် စည်းတဲ့ သားရေကွင်း မရှိရင် လိုက်ရှာရတာ အလုပ်တစ်ခုပါ။ မတွေ့ရင် ရေရွတ်မိကြပါတယ်။ သားရေကွင်းလေး တစ်ပင်တောင် မရှိဘူး။ 

တစ်ခါတစ်လေတော့ အဝတ်အစားတွေ ချုပ်ဖို့ ဖာထေးဖို့ လုပ်တဲ့အချိန် အပ်က ရှာမတွေ့ဘူး။ ပြောကြပြန်ရော.. အပ်လေး တစ်ချောင်းတောင် မရှိဘူး။ တစ်ခုခု အမြန်မှတ်ဖို့ ကြုံလာတဲ့ အခါ ရေးမှတ်ဖို့ ဘော့ပင် ဒါမှမဟုတ် ခဲတံလိုအပ်၊ အဲဒီအခါ ..ရေးဖို့ ဘော့ပင်လေး တစ်ချောင်း၊ ခဲတံလေး တစ်ချောင်းတောင် မရှိဘူး ဆိုကြပြန်ရော။ 

အိမ်ရှင်မတွေ ဟင်းချက်ရင်း ကျက်ခါနီး မြည်း ၊ ပေါ့တာသိ၊ ဆားအိုးနှိုက်တော့ ဆားကကုန် ... ဆားလေးတောင် မရှိဘူး။ အတော်တွေ့ရပါတယ်၊ အင်ဂျင်နီယာဖြစ်ပြီး ဝက်အူလှည့်လေး တစ်ချောင်းတောင် မရှိဘူး (တစ်ချို့ အင်ဂျင်နီယာများက စောဒက တက်နိုင်ပါတယ် ၊ ဟေ့ ဒို့အလုပ်က ဝက်အူလှည့်မလိုဘူးကွ ဆိုရင်လည်းပဲ ဒီမှာတော့ အင်ဂျင်နီယာအများစုမှာ အခြေခံ ရှိသင့်တဲ့ ကိရိယာလို့ မှတ်ယူပေးပါ)။ ဆေးခန်းမှာ ဂွမ်းနည်းနည်းလေးတောင် မရှိဘူး။ အဲဒီထမင်းဆိုင်ဗျာ.. တို့စရာ ဟင်းသီးဟင်းရွက်လေးတောင် မရှိဘူး။ စသည်ဖြင့် စသည်ဖြင့် .... 

သတိရမိပါ၏။ တက္ကသိုလ်ဝင်တန်းတွင် မြန်မာဆရာကြီး ရွတ်ပြသော .. 

 For want of a nail the shoe was lost,
 for want of a shoe the horse was lost,
 for want of a horse the knight was lost,
 for want of a knight the battle was lost,
 for want of a battle the kingdom was lost.
 So a kingdom was lost—all for want of a nail.

မြင်းခွာသံတစ်ချောင်း ပျောက်နေတာနဲ့  တိုင်းပြည်ပါ နောက်ဆုံး ပျောက်သွားတဲ့ သတိပေး စကားပုံပါ။ 

အသေးအမွှား ဆိုပြီး အထင်သေး ဂရုမစိုက်ဘဲ မနေသင့်။ ဟိုတုန်းက ဘယ်လောက်ပဲ အရေးမကြီး တန်ဖိုးမရှိတာ ဖြစ်ပါစေ လိုအပ်ချိန်မှာ အဲဒါဟာ အဖိုးမဖြတ်နိုင်အောင် အသုံးဝင်တာတွေ့ပါလိမ့်မယ်။ 

မှတ်ချက်။ ။ ဒီမှာ အဝတ်လှန်းတဲ့အခါ ၀ါးလုံးထိုးထည့်ပြီး အဝတ်လှန်းနိုင်တဲ့ ပိုက်လုံးအခေါင်းပေါက်တွေ တိုက်ခန်းတွေရဲ့ မီးဖိုချောင်အပြင်ဖက် ကပ်လျှက် နံရံမှာ ထားပေးပါတယ်။ အဝတ်လှန်းပြီး ၀ါးလုံးသိမ်း တစ်ခါတည်း ပိုက်လုံးအခေါင်းပေါက်တွေကို ပလတ်စတစ်အဖုံးလေးတွေနဲ့ ပြန်ဖုံးအုပ်။  ပလတ်စတစ်အဖုံးလေးတွေကို ပိုက်လုံးမှာ ရာဘာကြိုးနဲ့ ချည်ထားတာ။ လှန်းတဲ့အခါ ပလတ်စတစ်အဖုံးလေးတွေကို ဖြုတ်လိုက်၊ သူ့ဟာသူ တွဲလောင်းကျနေ။ သွေးလွန်တုပ်ကွေးခြင်ပေါက်မှာစိုးလို့ စနစ်တကျကာကွယ်ထားတာပါ။ မနက်က အဝတ်လှန်းရင်း ပလတ်စတစ်အဖုံးဖြုတ်၊ ရာဘာကြိုးပြတ် အဖုံး တိုက်အောက်ပြုတ်ကျ၊ ပြန်ကောက်၊ ပိုက်လုံးမှာ ချည်ဖို့ သားရေကွင်း ရှာတော့ တော်တော်နဲ့ မတွေ့။ အဲဒီ အဖုံး ဖုံးထားတာ မတွေ့ရင် ဒီမှာ ဒဏ်ငွေရိုက်တယ်။ ကျော်မောင်(တိုင်းတာရေး) ဆီမှာ သားရေကွင်းလေး တစ်ပင်တောင် မရှိဘူး။  နောက်မှ ရှာတွေ့။ ဒါနဲ့ ဒီဆောင်းပါးလေး ရေးမိတာပါပဲ။ တော်သေးတာပေါ့ဗျာ .. ကွန်ပျူတာသုံးပြီး ရေးလို့၊ မဟုတ်ရင် ဘော့ပင်လေး တစ်ချောင်းတောင် မရှိဘူးလို့ ဆိုချင်ဆိုရဦးမှာ ..... 

  ကျော်မောင်(တိုင်းတာရေး)
  ၂၄-သြဂုတ်-၂၀၁၄

Aug 23, 2014

အသုံးကျရဲ့လား (၁၁) ... စာကြည့်တိုက်များ

သက်ရှိထဲမှာ စကားပြောနိုင်တာ လူပဲရှိတယ်။ လူအချင်းချင်း စကားပြော ဆက်သွယ်ရာမှ အရေးအသားတီထွင်ဖန်တီးလာတာ။ နေတဲ့ ကျောက်ဂူတွေထဲမှာ ဂဏန်းအက္ခရာ အမှတ်အသားလုပ်ရင်းနဲ့ စလာတာပါပဲ။ လူတွေဟာ ကမ္ဘာဦးထဲက သိမ်းထားတတ် စုဆောင်းထားတတ်တာ ၀ါသနာပါတယ်။ အမဲလိုက်လို့ရလာတဲ့ သားကောင်အရေအတွက် စတာတွေ မှတ်ရင်းနဲ့ အက္ခရာတွေ စတင်လာတာပဲ။ စာရေး စာဖတ်တတ်လာတော့ လူရဲ့ ဝသီအတိုင်း စုဆောင်းထားတတ်ကြတယ်။ အဲဒီလို စုဆောင်းရင်း ကိုယ့်အတွက် သူ့အတွက်နဲ့ စာကြည့်တိုက်တွေ ပေါ်ပေါက်လာတာပါပဲ။ စာပေ၊ ကျမ်းဂန်၊ မူုရင်း စာရွက်စာတမ်းတွေ သိမ်းဆည်းထားပြီး စာပေလိုက်စားသူတွေ၊ အသိဉာဏ် ဗဟုသုတရှာဖွေသူတွေ၊ အတတ်ပညာ ဆည်းပူးသူတွေအတွက် စာကြည့်တိုက်များက အထောက်အကူပြုပါတယ်။ ဘုံထားပြီး စနစ်တကျစုဆောင်း၊ စနစ်တကျ အသုံးပြုကြတာမှာ  စာကြည့်တိုက်တွေက စံထားလောက်ပါတယ်။

မြန်မာနိုင်ငံမှာ သက်ဦးဆံပိုင်ခေတ်ပိုင်း ဘုရင်၊ ဧကရာဇ်၊ မင်းညီမင်းသားများ ဖတ်ဖို့ နန်းတော်တွေထဲ စာကြည့်တိုက်တွေထားပါတယ်။ ဆရာတော်များ၊ ရဟန်းသံဃာများ အတွက် ဘုန်းကြီးကျောင်းစာကြည့်တိုက်များလည်း ရှိခဲ့ပါတယ်။ ပိဋကတ်တိုက်လို့ခေါ်ပါတယ်။ နောက်ပိုင်းခေတ် စာကြည့်တိုက်အတော်များများ ပေါ်ပေါက်လာပြီး အသင်းဝင်တွေ ငှားရမ်းဖတ်ရှုနိုင်တဲ့ အထိရောက်လာပါတယ်။ ငယ်ငယ်က စာစီစာကုံးရေးတာမှာ "ကျောင်းစာကြည့်တိုက်" ဆိုတဲ့ခေါင်းစဉ်ဆိုရင် အလွန်ခေါင်းစားရပါတယ်။ ရေးစရာ မရှိပေမယ့် စိတ်ကူးလေးနဲ့ ကြံဖန်ရေးခဲ့ရတာပါပဲ။ ဘာပြောကောင်းမလဲ၊ ကျောင်းစာကြည့်တိုက်ထဲမှာ ပုံပြင်၊ကာတွန်း၊ဂျာနယ် မှအစ နာမည်ကျော်စာရေးဆရာကြီးများရေးတဲ့ စာအုပ်တွေ၊ ရည်ညွှန်းတွေဖြစ်တဲ့ အဘိဓာန်၊ စွယ်စုံကျမ်း အတော်ရှိတယ်ပေါ့၊ တော်သေးတယ် အဲဒီတုန်းက "ကျော်မောင့်အတွေးထဲက ကျောင်းစာကြည့်တိုက်" လို့ ဆရာမ မပြင်ပေးလိုက်တာကံကောင်း။

နိုင်ငံတစ်နိုင်ငံရဲ့ကျောင်းစာကြည့်တိုက်၊ တက္ကသိုလ်ကောလိပ်စာကြည့်တိုက်၊ စက်ရုံအလုပ်ရုံတွေမှာဆိုရင်လည်း ပညာရပ် သုတရသ ဆိုင်ရာဆိုင်ရာ စာကြည့်တိုက်တွေ အဆင့်မြင့်ရင် အဲဒီနိုင်ငံလည်း တိုးတက်ပါတယ်။ ထိုကျောင်းတွေ၊ ကောလိပ် တက္ကသိုလ်တက်ခဲ့ရတဲ့ သူတွေက သူတို့ရပ်ရွာမှာ စာကြည့်တိုက်တွေ ဖြစ်ပေါ်အောင် ဆောင်ရွက်ကြမှာပဲ၊ စာကြည့်တိုက် အသုံးဝင်ပုံကို လက်တွေ့သိထားကြပြီကိုး။ စာကြည့်တိုက်တွေ ဖြစ်ပေါ်အောင် လုပ်ခဲ့ကြတဲ့ သာဓကတွေလည်း ရှိပါတယ်။ ဒါကြောင့် ကျောင်းစာကြည့်တိုက်၊ တက္ကသိုလ်ကောလိပ်စာကြည့်တိုက်တွေကို ဦးစားပေးပြီး တိုးတက်အောင် လုပ်သင့်တယ်။ ရပ်ကွက်စာကြည့်တိုက်၊ မြို့နယ်စာကြည့်တိုက်၊ ပုဂ္ဂလိက စာကြည့်တိုက်တွေမှာ အဲဒီလူတွေ ဦးဆောင်လာမှာ၊ ဦးဆောင်ခွင့်လည်း ပေးရမယ်။ စာအုပ်စာတမ်းတွေ လှူနေရုံ၊ စာဖတ်ကြပါ စာဖတ်ကြပါလို့ တိုက်တွန်းနေရုံနဲ့ မလုံလောက်သေးပါ။ အခု ရွေ့လျားစာကြည့်တိုက်တွေ လုပ်လာတာ သဘောကျတယ်၊ စာဖတ်ချင်သူတွေ စာအုပ်ရှိရာ မလာအားရင် စာအုပ်တွေက စာဖတ်သူတွေရှိရာလာမယ်။ အတော်ကောင်းပါတယ်။

တက္ကသိုလ်တွေမှာ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်စာကြည့်တိုက်များလို မလုပ်နိုင်တာတောင်မှ ဆိုင်ရာ စာအုပ်တွေ ပြည့်ပြည့်စုံစုံဖန်တီးပေးဖို့လိုတယ်။ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ ပြင်ပစာကြည့်တိုက်တွေ  အားကိုးမနေဘဲ ကိုယ့်ကျောင်း ကိုယ့်တက္ကသိုလ်က စာကြည့်တိုက်နဲ့ အလုပ်ဖြစ်စေချင်ပါတယ်။
တက္ကသိုလ်ကဘွဲ့ရတဲ့ နှစ်မှာ ဘွဲ့ရများဂုဏ်ပြုညစာ စားပွဲလုပ်တာထက် အဲဒီ ဘွဲ့ယူမောင်မယ်များ စုပေါင်းပြီး စာသင်ကြားခဲ့ရာ တက္ကသိုလ်ရဲ့ စာကြည့်တိုက်အတွက် လိုအပ်တဲ့ စာအုပ်စာတမ်းတွေ အထောက်အကူပြုပစ္စည်းတွေ အမှတ်တရလှူကြရင် သိပ်ကောင်းမှာပဲ။ လုပ်လည်းလုပ်ခဲ့တဲ့သူတွေ ရှိပါတယ်။ စဉ်ဆက်မပြတ်ဖို့လည်းလိုပါတယ်။ ဘွဲ့ယူကြတဲ့ နှစ်တိုင်း လုပ်ကြရင်တော့ စာအုပ်တွေထားဖို့ စာကြည့်တိုက်နေရာ ကျယ်ကျယ်မှ ရမှာပါ။

စာကြည့်တိုက် ဆိုတာသာ မရှိခဲ့ရင် စာတိုငညို ကနေ ဝန်ဇင်းမင်းရာဇာလို့ ခေါ်တဲ့ ဘုရင့်ပညာရှိ မင်းတိုင်ပင် အမတ်ဖြစ်လာစရာ မရှိဘူး။ သူသာ မင်းတိုင်ပင် အမတ် မဖြစ်ရင် ဘုရင်လည်း အသုံးကျချင်မှ ကျမယ်။ တိုင်းပြည်လည်း ကမောက်ကမ ဖြစ်ချင်ဖြစ်နိုင်တယ်။ (စာတိုငညိုဟာ သူ့ကျေးရွာက ဘုန်းကြီးကျောင်းပိဋကတ်တိုက် (စာကြည့်တိုက်)ကို အသုံးပြုပုံပေါ်ပါတယ်)။ စာကြည့်တိုက် ဆိုတာသာ မရှိခဲ့ရင် လင်ကွန်း လည်း သမ္မတဖြစ်လာစရာ မရှိဘူး။ ဟားဗတ်တက္ကသိုလ်မှာ စာကြည့်တိုက် မထားရင်၊ အောက်စ်ဖို့မှာ စာကြည့်တိုက် ကောင်းကောင်းမရှိရင် .....

ကဲဗျာ .. ကျွန်တော်တို့ တက္ကသိုလ်တွေမှာ စာကြည့်တိုက်ကောင်းကောင်းမရှိရင် ....
စာဖတ်သူများ ဆက်တွေးကြပါ။ တွေးပြီးရင်တော့ ဘာလုပ်ရမယ်ဆိုတာ သိလာမှာပါ။ စာကြည့်တိုက် အကျိုးသိပြီး ကောင်းမွန်စွာ အသုံးချနိုင်ကြပါစေ။ ။
   
 ကျော်မောင်(တိုင်းတာရေး)
 ၂၃-သြဂုတ်-၂၀၁၄

Aug 20, 2014

အသုံးကျပါတယ် (၁၀) .... ဟိုးရှေးရှေးတုန်းက

ပုံပြင်တွေ ပြောပြကြဖို့ပါ။ ဘယ်အရပ်ဒေသ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ကလေးပုံပြင်စာအုပ်တွေ ပုံပြောကောင်းသူတွေ များစွာလိုအပ်ပါတယ်။ ပုံပြင်ဟောင်းတွေ ပြန်လည်ဖော်ထုတ်ပြီး ပုံပြင်အသစ်တွေ ထပ်မံဖန်တီးရမှာပါ။ 

ပုံပြင်ဟာ ကလေးစာပေမှာ အဓိကကျပါတယ်။  "လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနဲ့ဖ" ဆိုတဲ့အတွက် ကလေးရဲ့ ဦးဆုံးဆရာသည် မိဘတွေပဲဖြစ်ပါတယ်။ ပုံပြင်ကောင်းကောင်း ပြောတတ်တဲ့ အဖေ အမေတွေ ဖြစ်ဖို့လိုပါတယ်။ မိဘအဖြစ်ရောက်သွားကြသူများ သူတို့ငယ်စဉ်ကလေးဘဝမှာ ပုံပြင်များစွာနားထောင်ခွင့်ရခဲ့မယ်ဆိုရင် သူတို့သားသမီးများအား  ထိုပုံပြင်များ ပြန်လည်ပြောပြနိုုင်မှာပါ။ ပုံပြင်အတော်များများ နားမထောင်ခဲ့ရ၊ မဖတ်ခဲ့ရတဲ့သူများအတွက် မိဘဖြစ်လာတဲ့အခါ ပုံပြင်တွေဖတ်ဖို့လိုအပ်ပါတယ်။ သူတို့ရဲ့ကလေးတွေကို ပုံပြောပြဖို့ပေါ့။ ကလေးတွေကို  ပုံပြင်စာအုပ်ဖတ်ပြတာကလည်း ပုံပြောခြင်းတစ်မျိုး ဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဖြင့် စာသင်ကျောင်း မတက်ရမီ ကျောင်းနေအရွယ်မတိုင်မီမှာ ပုံပြင်များစွာကို သူတို့လေးတွေ နားရည်ဝနေနိုင်ပြီပေါ့။
စာသင်ကျောင်းရောက်တဲ့အခါ ဆရာ ဆရာမများပြောပြတဲ့ တိုင်းရင်းသားရိုးရာပုံပြင်များ၊ နိုင်ငံတကာ ပုံပြင်များ စသည်ကို နားထောင်ပြီး ပုံပြင်ကို ပိုမိုနှစ်သက်လာနိုင်ပါတယ်။ ပုံပြောကောင်းတဲ့ ဆရာ ဆရာမ သင်တဲ့ဘာသာရပ်မှာ ထူးချွန်ထက်မြက်တဲ့ ကလေးတွေ အမြောက်အမြား ပေါ်ထွက်လာနိုင်ပါတယ်။

ပုံပြောပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ပုံပြင်တွေကို ကလေးများစိတ်ဝင်စားလာအောင် ပြုလုပ်နိုင်ပါတယ်။ စာကြည့်တိုက်တွေမှာ စာကြည့်တိုက်မှုးတွေက ကလေးတွေကို ပုံပြောပြကြတဲ့ အစီအစဉ်ရှိပါတယ်။ ကလေးတွေကိုယ်တိုင် စာဖတ်နိုင်တဲ့အခါ သူတို့နဲ့ သင့်တော်မယ့် ပုံပြင်စာအုပ်တွေ ညွှန်းပြရပါမယ်။ စာအုပ်အရာင်းဆိုင်တိုင်း ပုံပြင်စာအုပ်များ ရောင်းဖို့ လိုပါတယ်။ ပုံပြင်အတော်များများဟာ စိတ်ကူးသက်သက်မျှ ဖြစ်နိုင်ပေမဲ့ ထိုပုံပြင်တွေမှ တစ်ဆင့် စိတ်ကူးကောင်းတွေ၊ ဓလေ့ထုံးစံတွေ၊ အတွေးသစ် အမြင်သစ်တွေ ထပ်ဆင့်ပွားများစေပါတယ်။ ပုံပြင်များ နားထောင်ခြင်း ဖတ်ရှုခြင်းဖြင့် သက်ဆိုင်ရာ စကားလုံးဝေါဟာရများကြွယ်ဝလာနိုင်ခြင်း၊ ဇာတ်လမ်းဇာတ်ကွက် အစီအစဉ်နှင့်စီကာပတ်ကုံး ရေးဖွဲ့ထားမှုများအား သတိပြုမိလာစေခြင်း၊ ကလေးများ၏ စူးစမ်းလေ့လာချင်စိတ်များ ပိုမိုအားသန်လာစေခြင်း၊ အကောင်း အဆိုး အကြောင်း အကျိုးကို ပုံပြင်များမှပေးသော သင်ခန်းစာ အနေအဖြစ် စတင်သိရှိလာစေနိုင်ခြင်း၊ ပုံပြင်ပါ ဇာတ်ကောင်များ၏ ကောင်းမွန်သော အကျင့်နှင့်လုပ်ရပ်များအား အတုယူအားကျလာစေခြင်း စသည့် ကျေးဇူးတစ်ပုံတစ်ပင် ရစေနိုင်ပါတယ်။

ကလေးတွေက များသောအားဖြင့် ပုံပြင်အသစ်အသစ်တွေ နားထောင်ချင် ဖတ်ရှုချင်ကြတယ်။ ပုံပြင်ဟောင်းကို ပြန်ပြောမိပါက ပြောပြီးသားကြီးဆိုပြီး စောဒကတက်ပါလိမ့်မယ်။သူတို့စိတ်ဝင်စားလာတဲ့အခါ မျက်လုံး အဝိုင်းသားနဲ့ အားပါးတရ နားစွင့်ထားကြပါလိမ့်မယ်။ ပုံပြောသူရဲ့ လေယူလေသိမ်းကို လိုက်ပြီး ပုံပြင်ထဲမှာ မျောပါကြပါလိမ့်မယ်။ မရိုးနိုင်တဲ့  ပုံပြင်တွေအတွက် ထပ်ခါထပ်ခါ ပြောပြပေးဖို့ တောင်းဆိုမှုတွေ ရှိတတ်ပါတယ်။ အိပ်ရာဝင်ပုံပြင်တွေဟာ ကလေးများအဖို့ အိပ်ဆေးကောင်းတွေ ဖြစ်ပါတယ်။ ပုံပြင်တွေကို သူတို့ကိုယ်တိုင်ဖတ်တဲ့အခါ ထမင်းမေ့ ဟင်းမေ့ ဖြစ်တတ်ပါတယ်။ တစ်ချို့က ပုံပြင်တိုလေးတွေ၊ ပုံတိုပတ်စတွေ ဖတ်ရတာ နှစ်သက်ပြီး တစ်ချို့က ပုံပြင်ရှည်တွေကိုမှ တမေ့တမော စွဲွဲလမ်းးစွာ ဖတ်ရှုကြပါတယ်။

ပုံပြင်တွေကို အသံနေ အသံထား မှန်မှန်ကန်ကန်ဖြင့် လေ့ကျင့်ဖတ်ရှုပါက ပုံပြောကောင်းသူ ဖြစ်လာနိုင်ပါတယ်။ ပုံပြင်နားထောင်ခြင်း၊ ပုံပြင်ဖတ်ရှုခြင်းဖြင့််လည်း ပုံပြောကောင်းသူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

"ဟိုးရှေးရှေးတုန်းက" ၊ "တစ်ခါတုန်းက" လို့သာ စလိုက်ပါ။ ပုံပြင်ချစ်သူတွေ ဘယ်လောက်ရှိသလဲဆိုတာ တွေ့ရပါလိမ့်မယ်။   ။

 ကျော်မောင်(တိုင်းတာရေး)
  ၂၀-သြဂုတ်-၂၀၁၄

Aug 19, 2014

အသုံးကျရဲ့လား (၉) .... သိုင်းဝတ္ထုများ



ကောင်းကင်ကပြာလဲ့နေ၏။ လေညင်းက အနောက်ရပ်ဆီမှ သာသာလေး တိုက်နေ၏။ တလောကလုံး သစ်ရွက်လေတိုးသံ၊ ကျေးငှက်သံများမှ တပါး ငြိမ်သက်လျှက်ရှိသည်။ တောတောင်တခွင်၏ တိတ်ဆိတ်မှုအား အဝေးမှ မြင်းခွာသံများက ဖြိုခွင်းလိုက်ပေပြီ "ခွပ် .. ခွပ် .. ခွပ် .. ဖြောက် .. ဖြောက် .. ဖြောက်" ။

ငယ်ငယ်က စွဲစွဲဲမြဲမြဲဖတ်ခဲ့သော မြန်မာပြန်သိုင်းဝတ္ထုများ၏ စ နေ...ကြ မရိုးနိုင်သော ဝတ္ထုနိဒါန်း။ ဟိုခေတ်တုန်းက သိုင်းဝတ္ထုဘာသာပြန်စာရေးဆရာများ ဖြစ်ကြသော ဆရာမောင်နှင်းဆွေ၊ ဆရာတက္ကသိုလ်နေလင်းအောင်၊ဆရာဝင်းကြွယ်၊ ဆရာဘုန်းကြွယ်၊ ဆရာမိုးကျော်သူ စသူတို့၏ စာအုပ်များ ဖတ်ခဲ့ရသည်။

ဆရာနွမ်ဂျာသိုင်း အား သိုင်းဝတ္ထုရေး စာရေးဆရာထင်ပြီး သူ့စာအုပ်တစ်အုပ် ငှားဖတ်ခဲ့ဖူးသည်။ နောက်မှ ရန်ကုန်စက်မှုတက္ကသိုလ်( အာအိုင်တီ) နောက်ခံဇာတ်လမ်းဖြစ်သောကြောင့် အဆုံးထိဖတ်ရင်း နွမ်ဂျာသိုင်းမှ နွမ်ဂျာသိုင်း ဖြစ်ခဲ့ဖူးသည်။ သိုင်း ပါလို့ ငှားဖတ်ဖြစ်ပြီး အင်ဂျင်နီယာကျောင်းသားဖြစ်ချင်ခဲ့ကာ စာကြိုးစားခဲ့ရသည်။ သိုင်းဝတ္ထုစွဲလမ်းမှု၏ ကောင်းကျိုးတစ်ခုပင်။

တက္ကသိုလ်ဝင်တန်းရောက်ချိန် မြန်မာစာဆရာ၏ သိုင်းဝတ္ထုနဲ့ပတ်သက်သော ကောက်ချက်ကြောင့် ဆယ်တန်းဖြေပြီး နောက်ပိုင်းကာလမှ တက္ကသိုလ်တက်ချိန်အထိ အားရင်အားသလို သိုင်းဝတ္ထုဆက်ဖတ်ဖြစ်သည်။ ဆရာပြောခဲ့တာက "ဆရာတို့တော့ သိုင်းဝတ္ထုတွေ ကြိုက်တယ်၊ အဲဒီ ဇာတ်လမ်းတွေထဲမှာ အဖြူရောင်သိုင်းသမားနဲ့ အနက်ရောင်သိုင်းသမားဆိုပြီးရှိတယ်၊ အဖြူရောင်သိုင်းသမားလို့ခေါ်တဲ့သူတွေက လူကောင်းတွေ၊ အနက်ရောင်တွေက လူဆိုးလူညစ်တွေ၊ သူတို့တွေ သိုင်းချ၊ ဇာတ်သိမ်းမှာ အဖြူရောင်သိုင်းသမားတွေ နိုင်ပွဲရ။ ဒီလိုချည်းပဲ။ အညစ်အပတ် မပါဘူး။ လူကောင်းနဲ့လူဆိုးမှာ လူကောင်းနိုင်တာကို ပြတယ်။ မတရားလုပ်သူတွေ မိုက်ဇာတ်သိမ်းတယ်။ ဘာပဲပြောပြော သိုင်းဝတ္ထုတွေက ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် ဆိုတာ သင်ခန်းစာပေးတယ်၊ ဆရာတော့ သိပ်ကြိုက်တာပဲ" သူကြိုက်သလို ကိုယ်ကလည်း သိုင်းဝတ္ထုလုံးချင်းချည်းဖတ်သည်မှ အုပ်တွဲလိုက်များဖတ်သည်အထိ တိုးတက်ခဲ့သည်။

ငယ်စဉ်အခါက ဝတ္ထုစာအုပ်စဖတ်ဖြစ်သည်မှာ အပြည့်အစုံမဟုတ်တော့သော မောင်နှင်းဆွေ ဘာသာပြန် သိုင်းဝတ္ထုတစ်ပိုင်းတစ်စ စာအုပ်အဟောင်းမှစသည်။ အတွင်းအား၊ ကိုယ်ဖော့ပညာ၊ အကြောပိတ်ခြင်း၊ လက်နက်ပုန်း၊ ဂူအောင်းကာသိုင်းကျင့်ခြင်း၊ ၀ါးစိမ်းရွက်အရက်(သိုင်းသမားတွေ အရက်ကြိုက်တာ တစ်ခုတော့ ချွင်းချက်ထားရမလို ၊ အားကျပြီး စမ်းသောက်ခဲ့လျှင် ဂျက်ကီချန်း သရုပ်ဆောင်သလို အရက်မူးသိုင်းသမား မဖြစ်ဘဲ အသည်းကွဲသိုင်းသမားဖြစ်သွားမလား မပြောတတ်) ဘာသိုင်းညာသိုင်း၊ ဟိုဂိုဏ်း ဒီဂိုဏ်း စသော သိုင်းဝတ္ထုဝေါဟာရများ ယဉ်ပါးလာသည်။ သိုင်းဝတ္ထုထဲတွင် တွေ့ရတတ်သော "မည်သို့မည်ပုံလုပ်လိုက်သည်မသိ" ဟူသော စာသားအား အလွန် သဘောကျသည်။ သိုင်းဝတ္ထုဖတ်သက်ရင့်လာသောအခါ စာဖတ်မြန်လာတာ သတိထားမိသည်။ ကျောင်းစာများ မှတ်ရ ဖတ်ရသည်တွင် ထိုသို့ သိုင်းစာပေ၊ သိုင်းဝတ္ထုဖတ်သည့်အလေ့အထက အထောက်အကူကောင်းကောင်းပြုသည်။စာအတော်သွားသည်။ စာဖတ်အား ကောင်းလာသည်။ တစ်ခြားသူတွေတော့ မသိ၊ ကိုယ့်အတွက်တော့ ဝတ္ထုဖတ်ခြင်းအစ သိုင်းဝတ္ထုများက ဟုဆိုရပါမည်။ တခါတလေ စာကြီးပေကြီးဖတ်နေရင်းမှ သိုင်းဝတ္ထုများ ကောက်ကိုင်မိသည်။ ကျေးဇူးရှင် သိုင်းဝတ္ထုများအား မမေ့စကောင်း အလေးထားဖတ်ဖြစ်သည်။

မိုးသောက်ပန်း၊ အပတ်စဉ်ထုတ် ရွှေသွှေးဂျာနယ်၊ လစဉ်ထုတ် ရတနာမွန်မဂ္ဂဇင်း၊ ကာတွန်း ၊ ပုံပြင်စာအုပ်များမှသည် သိုင်းဝတ္ထု၊ ထိုမှသည် ဆရာမင်းသိင်္ခ၏ ဆားပုလင်းနှင်းမောင၊် ဆရာရာဇဂဏီ၏ လူသူတော် သျှောင်တစ်စောင်း ၊ ဆရာရွှေဥဒေါင်း၏ စုံထောက်ကြီး ဦးစံရှား ၊ ဆရာမြသန်းတင့် ဘာသာပြန်သော ရှားလော့ဟုမ်း၊ ဆရာဒဂုန်ရွှေမျှား၏ ဦးထင်ကျော် စွန့်စားခန်းများ စသည် စသည်မှ ဆရာမဂျူး၏ ပင်လယ်နှင့်တူသော မိန်းမများ၊ ဆရာမခင်နှင်းယု၏ မွှေး၊ ဆရာမြသန်းတင့် ဘာသာပြန်ခဲ့သော လီယိုတော်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေး စသော ဝတ္ထုရှည်ကြီးများ ၊ အတ္ထုပ္ပတ္တိ စာပေများ၊ မှန်နန်းရာဇဝင် ကဲ့သို့ ရာဇဝင်စာအုပ်များ စုံစုံလင်လင်ဖြင့်သာမက ၊အချစ်ဝတ္ထု၊ ဘဝသရုပ်ဖော်ဝတ္ထု၊ ဒသနစာပေ၊ ဘာသာရေး စာပေပါမကျန် ဖတ်ရှုခဲ့ရသည်။ ဟိုတုန်းက စာကျက်သော်လည်း စာမရနိုင်ဖြစ်ကာ အခက်တွေ့ပြီး ဆက်မကျက်ချင်အောင် ပျင်းနေလျှင် "ဟို ကောင်လေး .. သိုင်းဝတ္ထုတွေကျတော့ သုံးလေးငါးအုပ် ညဉ့်နက်သန်းခေါင်ထိ ဖတ်၊ စာလေး တစ်ပုဒ်ကျတော့ ဇွဲလေး အားထည့်ပြီး ကျက်တာမဟုတ်ဘူး"ဟု သိုင်းဝတ္ထုများနှင့် နှိုင်းယှဉ်ကာ အဖေ အမေတို့၏ အားပေးတိုက်တွန်းသံများဖြင့် အတန်းတွေ တစ်တန်းပြီး တစ်တန်း အောင်ခဲ့ရသည်။

ထိုသို့ အသုံးကျခဲ့သော အနှီ မြန်မာပြန်သိုင်းဝတ္ထုများအား မြန်မာစာပေ၏ မည်သည့်နေရာတွင် ထည့်သွင်းကြပါမည်နည်း။ စာဖတ်ချင်စိတ်အား နှိုးဆွနိုင်စွမ်းရှိသော၊ အဖြူ အမည်း အကောင်း အဆိုး သဘောကို ရိုးရှင်းပေါ်လွင်အောင် ဖွဲ့နွဲ့ထားသော၊ စာဖတ်နှုန်း မြန်စေသော ထိုဝတ္ထုမျိုးများအား မည်သို့ သတ်မှတ်ကြပါမည်နည်း။ မည်သို့ပင်ဆိုစေ သိုင်းဝတ္ထုများသည် ကလေးစာပေမှ လူကြီးစာပေသို့ အကူး ပေါင်းကူးပေးသော စာပေတံတား အမျိုးအစားတစ်ခုဟု သတ်မှတ်ပါသည်။

ဆရာမောင်ထင်၏ ကိုဒေါင်း ဝတ္ထုမှ နာမည်ကျော်စာကြောင်းဖြစ်သော "ကိုဒေါင်းကား သေလေပြီ၊ ကိုဒေါင်း သက်တော်ရာကျော် ရှည်ပါစေသတည်း" ကို တုပယူသုံးခွင့်ပြုပါ "သိုင်းဝတ္ထုများကား မှိန်စပြုလေပြီ။ သိုင်းဝတ္ထုများ သက်တော်ရာကျော် ရှည်ပါစေသတည်း"။ ။

ကျော်မောင်(တိုင်းတာရေး)
၁၉-သြဂုတ်-၂၀၁၄

Aug 15, 2014

အသုံးကျရဲ့လား (၈) ... သတင်း

တစ်ယောက်နဲ့ တစ်ယောက်မေးလေ့ရှိတယ် "ဘာသတင်းထူးသေးလဲ" ပြန်ပြောတယ် "အရင်လိုပါပဲ၊ ဘာမှ မထူးပါဘူး" ။ ဒါဆိုရင် "သြော် သတင်းမဖတ်ရသေးဘူး ထင်တယ်" ၊ တချို့မေးလေ့ရှိတာ "ဟို သတင်းကြားပြီးပြီလား" အဲဒီနောက် သတင်းဖလှယ်ကြ။ သတင်းရေးတဲ့သူ သတင်းသမားက သတင်းသစ်ရအောင်ရှာ၊ သတင်းနောက်ကို လိုက်၊ သတင်းရေး၊ သတင်းဖတ်သူ နားထောင်သူ သတင်းကြည့်သူက ဖတ်၊ နားေ...ထာင် ကြည့်။ သတင်းဖတ်သူထဲမှာ အပေါ်ရံ ဖတ်သူ၊ နှိုက်နှိုက်ချွတ်ချွတ်ဖတ်သူ၊ သတင်းကို သိပြီး အသုံးချသူဆိုပြီး ခွဲနိုင်ပါတယ်။ သတင်းကို အသုံချနိုင်သူ အတွက် သတင်းဟာ အသုံးကျပါတယ်။သတင်းစာဆရာကြီး လူထုစိန်ဝင်း က "သတင်းဆိုတာဟာ အစီရင်ခံစာမဟုတ်ဘူး၊ အစည်းအဝေး မှတ်တမ်းမဟုတ်ဘူး၊ လူ့လောက၌ ဖြစ်ရိုးဖြစ်စဉ်ထက် ဆန်းကြယ်တဲ့ ဖြစ်ရပ်အကြောင်းအရာများကို စကားပြေနဲ့ အတိုဆုံး အရှင်းဆုံး ရေးသားတင်ပြထားတဲ့စာ" လို့ ဖွင့်ဆိုပြခဲ့ပါတယ်။

ရှေးခေတ်က သတင်းဆိုတာ "လူ့သတင်း လူချင်းဆောင်"၊ ခြေမြန်တော် ဆိုတာ ထိုခေတ်တွေက သတင်းပေးပို့ရတဲ့ ကိစ္စပါလုပ်ရတယ်။ မြန်မှရတာကိုး။ အေသင်တွေ ပါရှန်းကို စစ်ပွဲနိင်တဲ့သတင်း မာရသွန် အရပ်က အသက်စွန့်ပြီးပို့တဲ့ ဖိုင်ဒိအိဒိ (Pheidippides) ကို အေသင်မြို့မှ အပြေးသမားဆိုပြီး ဂုဏ်ပြုကြတယ်၊ သူသည် သတင်းကို အသက်ပေးကာ ပို့တဲ့ သတင်းသမားလည်းဖြစ်တယ်။ သူက ခြေမြန်တော်။

ဒီဖက်ခေတ်မှာ သတင်း ယူနိင်၊ပို့နိုင်တဲ့ နည်းလမ်းအတော်များများရှိလာပါပြီ။ သတင်းဖတ်သူတွေ ကြည့်သူတွေ နားထောင်သူတွေ အတွက်လည်း သတင်းရနိုင်တဲ့ နည်းလမ်းများစွာ ရှိလာပါပြီ။ သတင်းစာ၊ ဂျာနယ် တွေအပြင် အင်တာနက်ဆိုတာ သတင်းအတွက် အသုံးကျတဲ့ လက်နက်တစ်ခုဖြစ်လာတယ်။ လူမှုကွန်ရက် (social networking) တွေက တဆင့် သတင်းတွေ ဖလှယ်ကြတယ်။ အဲဒီထဲမှာ Facebook က သတင်းစုံတယ်။ တစ်ချို့ Facebook သုံးသူတွေက ကိုယ်အကြောင်းကိုယ် ရေးတယ်။ သူများအကြောင်း ပြန်ရေးတယ၊် သတင်းဌာနတွေက သတင်းတွေ ပြန်ညွှန်းကြတယ်။ သာမန်မဟုတ်တဲ့ ထူးခြားဖြစ်ရပ်ပါရင် သတင်းဖြစ်သွားတယ်။ အခု သတင်းထူးတစ်ခုရ၊ ချက်ချင်း တည်းဖြတ် ချက်ချင်းတင်၊ သတင်းကို ချက်ချင်းသိနိုင်တဲ့ ခေတ်မျိုး ရောက်နေပါပြီ။ အဲဒီမှာ သတင်းရဲ့ အမြန်နှုန်းကို ပြောစရာ မရှိနိုင်တော့ပေမဲ့ အရေးကြီးတဲ့ တစ်ချက် ကျန်ပါတယ်... ရတဲ့ သတင်းရဲ့ တိကျခိုင်မာမှု။ အမှန်ဆုံး သတင်း။ သတင်းများများဖတ်သူဟာ သတင်းရဲ့ မှန်ကန်နိုင်မှု ပမာဏကို အနည်းအများ သူ့အလိုလို မှန်းဆတတ်နိုင်သွားတယ်။

 နေ့တိုင်း သတင်းဖတ်ဖို့လိုပါတယ်။ စင်ကာပူမှာ မနက်စောစော ဘူတာရုံတို့ ကားမှတ်တိုင်တို့နား အခမဲ့ဝေတဲ့ သတင်းစာတွေရှိတယ်။ ရုံးသွား ကျောင်းသွားရင်း လမ်းမှာ ဖတ်နိုင်အောင် လုပ်ထားတာ။ ပြေးပြေးလွှားလွှားနဲ့ ဖတ်ကြတာတွေ့ရတယ်။ တချို့ လက်ကိုင်ဖုန်းသုံးပြီး အင်တာနက်မှာ သတင်းဖတ်ကြတယ်။ သတင်းတစ်ခုကို စောစောသိသူဟာ တစ်ခြားသူထက် သာပါတယ်။ ဒါကြောင့် မနက် စောစောမှာ သတင်းဖတ်ဖို့လိုပါတယ်။ ဘာသတင်းပဲဖြစ်ဖြစ် ဖတ်ပါ။ နောက်ပိုင်းမှာ ကိုယ်သိချင်တဲ့ သတင်းမျိုး ရွေးချယ်ဖတ်တတ်သွားပါလိမ့်မယ်။ အများသိဖို့ရေးထားတဲ့ သတင်းမျိုးတွေ ကိုယ်လည်း သိအောင် ဖတ်ဖို့လိုပါတယ်။ လူဟာ အကြိုက်ချင်း မတူသလို သိချင်တဲ့ သတင်းလည်း မတူတတ်ပါဘူး။ သတင်း သိပြီးတဲ့အခါ အဲဒီသတင်းကို အခြေခံပြီး ကိုယ့်အတွက် အများအတွက် အသုံးချနိုင်ရင် အကောင်းဆုံးပါ။
သတင်းရဲ့ ကောင်းကျိုးကိုသိရှိပြီး သတင်းကို မှန်ကန်စွာ အသုံးချတတ်ကြပါစေ။ ။

၁၅-သြဂုတ်-၂၀၁၄

Aug 12, 2014

အသုံးကျရဲ့လား (၇) .... ပေါင်ချိန်စက်

အဖေနဲ့ မွေးနေ့တူ သမီးလေး မွေးလာတော့ (၆)ပေါင် (၁၅) အောင်စ။ ဆေးရုံရဲ့ ပေါင်ချိန်စက်က ပြောတာ။(၇) ပေါင် တစ်အောင်စ လျော့လို့လည်း ပြောလို့ရတယ်။ တိကျရဲ့လား၊ဆေးရုံက ပေါင်ချိန်စက်  မှန်ရဲ့လား လို့တော့ စောဒက မတက်မိခဲ့။ယူနစ်ပြောင်းကြည့်တော့ (၃.၁၄၆၈) ကီလို။ ပေါင် တွေ အောင်စ တွေ သုံးနှုန်းနေဆဲ၊  SI ယူနစ် စနစ် ပြောင်းဖို့ တာစူနေဆဲ ကိုယ့်နိုင်ငံမှာ သမီးမွေးလာတဲ့ အတွက် ဂုဏ်ယူတယ်။
သမီးကြီးလာရင်  ဒို့မွေးတုန်းက ဒို့နိုင်ငံဟာ ကမ္ဘာမှာ International System of Unit (SI) မပြောင်းသေးဘဲ ကျန်နေတဲ့ သုံးနိုင်ငံထဲက တစ်နိုင်ငံ အဖြစ်ရှိနေသေးတယ်လို့ သူများတွေကို သမီး ပြောပြနိုင်တယ်လေ..
အဲဒီ သုံးနိုင်ငံက မြန်မာ၊ လိုက်ဘေးရီးယား နဲ့ အမေရိကန်။
တစ်ခါ စူပါမားကတ်ထဲ လျှောက်ကြည့်။ စပျစ်သီးပုံထားတဲ့နားမှာ ပေါင်ချိန်စက် တွေ့ ၊ ဘာအတွက်လည်း မေးတော့ စပျစ်သီးချိန်တာတဲ့။ ကဲ လုပ်ပြပါဦး ဆိုတော့ စပျစ်သီး တစ်တွဲ တင်၊ ပြတဲ့ ကျပ်သား (မြန်မာ အတိုင်းအတာ)ကို ပေါက်စျေးနဲ့ မြှောက်ပြတယ်။ ဒီပေါင်ချိန်စက် မှန်ရဲ့လား မေးတော့ မှန်ပါတယ်တဲ့။ ဘာကိုကြည့်ပြီး မှန်ပါတယ်လို့ ပြောတာပါလည်းဆိုတော့ ဟီး ... ကျွန်မလည်း မသိဘူးတဲ့။
နောက်တစ်ခါ ရွှေဆိုင်တွေဆီ ရောက်သွား။ ဒီတစ်ခါတော့ ရွှေချိန်စက်လို့ ခေါ်မလားပဲ။ OHAUS တံဆိပ်နဲ့ ပေါင်ချိန်စက်တစ်လုံး ဆိုင်တစ်ဆိုင်မှာ သေသေချာချာထားတာ တွေ့တော့ ဟာ... အဲဒါကြီး ဘာလုပ်တာလည်း မေးတော့ ဒါ ရွှေအရည်အသွေးစစ်စက် အရမ်းမှန်တယ်တဲ့။ မှန်ကြောင်းလည်း ဘာမှ အထောက်အထား မတွေ့ရပါလား ဆိုတော့ ဘုကြည့် ကြည့်တာ ခံရပြီး အမလေး.. ရွှေဆိုင်တိုင်း ဒါမျိုးသုံးနေကြတာပဲ.. မမှန်ရင် သုံးပါ့မလား... ဆိုပြီး စျေးဆက်ရောင်း.. အင်း... ရိုက်ထုတ်မခံရတာ ကံကောင်းတာပဲ..
ပေါင်ချိန်စက်မှသည် တိကျမှန်ကန်သော တိုင်းတာမှုသုံး အတိုင်းအတာပစ္စည်း ကိရိယာများအား မှန်ကန်စွာ သုံးပြီး သကာလ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ဆောက်လုပ်ရေး၊ စက်မှု လက်မှု တီထွင်မှုများ အစရှိသည့် ပြည်တွင်းလုပ်ငန်းများပါမက နိုင်ငံတကာနှင့် ဆက်သွယ်လုပ်ဆောင်ရသည်များတွင် ပိုမိုအဆင်ပြေစေဖို့ ကျွန်တော်တို့ ကြိုးပမ်းရဦးမည် ဖြစ်ပါကြောင်း မိတ်ဆွေများအား  တိုက်တွန်းရေးသားလိုက်ရပါသည်။

   ကျော်မောင်(တိုင်းတာရေး)
   ၉-သြဂုတ်-၂၀၁၄

အသုံးကျရဲ့လား (၆) ... နေရာ

နောက်ဆို ရထားစီးစီး ကားစီစီး  ဒါမျိုးလုပ်မယ်ဆိုပြီး စိတ်ပိုင်းဖြတ်ထားပါတယ်။ ရထားပေါ် ကားပေါ်ရောက်တာနဲ့ ထိုင်ခုံလွတ် တွေ့ရင် ဝင်ထိုင်လိုက်ရမယ်။ ဘယ်နေရာ ဖြစ်ဖြစ်၊ ဒီမှာက Reserved Seat လို့ခေါ်တဲ့ ဦးစားပေး ထိုင်ခုံတွေက ရထားတွေ ကားတွေမှာ ရှိတယ်။ အဲဒီနေရာ တွေ့ရင်လည်း ကိုယ်က ဦးရင် အရင်ဝင် ထိုင်။ ဟာ ဒီကောင် ဦးစားပေး ထိုင်ခုံတောင် မရှောင်ဘူး၊ တော်တော်ဆိုးတဲ့ကောင်.. နေဦး..  ကိုယ်နေရာ ရပြီးမှ ဘေးပတ်ပတ်လည်ကို ကြည့် မယ်။ ပထမ ကိုယ်ဝန်ဆောင်၊ ဒုတိယ မသန်စွမ်း(သို့)ထိခိုက်ဒဏ်ရာ ရထားသူ၊ တတိယ သက်ကြီးရွယ်အို၊ စတုတ္ထ ရင်ခွင်ပိုက် ကလေးငယ် ချီပိုးထားတဲ့ မိခင် ဖခင် အုပ်ထိန်းသူ၊  ပဥ္စမ ငါးနှစ်အောက် ကလေး ၊နောက်ပြီးတော့ အထုပ်အပိုးနဲ့သူ .... အစဉ်အတိုင်း ဦးစားပေးနိုင်ရင် ပေး ၊ မပေးနိုင်လည်း အဲဒီအထဲမှာ ပါတဲ့သူ ပေးရမယ်။ ဘာပေးမှာလည်း ...
ခုနက ဝင်ထိုင်လိုက်တဲ့ နေရာ။ အဲဒီ နေရာကို ဝမ်းပန်းတသာ လှိုက်လှိုက်လှဲလှဲနဲ့ မြန်မြန်ပေးရမယ်။
အစ ကတည်းက ထိုင်ပြီး စီးနင်း လိုက်ပါဖို့ မရည်ရွယ်၊ အမှန်တကယ် လိုအပ်သူတွေကို ပေးဖို့ နေရာဦးတာ ဖြစ်တယ်။ နည်းလမ်းက လွတ်တာတွေ့ ဝင်ထိုင်၊ ထိုင်ပြီး ဝန်းကျင်ကြည့်၊ လိုအပ်သူကို နေရာပေး .... အတိုကောက် မှတ်ရင် ထိုင်၊ ကြည့်၊ ပေး ။ ဒါလေးပဲ... မြန်မြန်လုပ်ရမယ် ... ထိုင်၊ ကြည့်၊ ပေး။
ဒါကို တွေးမိတာက ဒီလို.. ပြီးခဲ့တဲ့ တနင်္ဂနွေက အဘိဓမ္မာ သင်တန်းတက်ဖို့ ဘွန်လေး (Boon Lay) ကို ရထားနဲ့ အသွား၊ ထိုင်ခုံ နေရာ မရ၊ ကိစ္စ မရှိ။ ပိတ်ရက်ဆိုတော့ ရထားမှာ လူ မကျပ်ဘူး။ အဲဒီမှာ မိသားစု တစ်စု တက်လာတယ်။ အဖေလုပ်တဲ့ သူက (၆)နှစ် အရွယ် သား ကို လက်ဆွဲလို့၊ အမေက သုံး လေး လ သား အရွယ် ကလေးကို ရင်ခွင်ပိုက်အိတ် (baby carrier) နဲ့ ချီပိုးထားလို့။ ထိုင်ခုံ ထိုင်နေသုူများ သူတို့ သားအမိကို မြင်တယ်။  ဒါပေမဲ့  ဘယ်သူမှ နေရာမပေး။ ဒီလိုလား .. ရိုးရိုးထိုင်ခုံမှာ ထိုင်နေသူတွေထဲမှာ ခုနက အပေါ်မှာ စဉ်ပေးထားသူတွေ မပါဘူး။ အားလုံး သက်လယ်ပိုင်းတွေ။ ဒီသားအမိ ကို တွေ့မှပဲ အိပ်ချင်ယောင်ဆောင်သူတွေ တွေ့ရတယ်။ အားနာပြီး ထပေးရမှာ စိုးလို့ ဖြစ်မယ်။ ရှေ့ ဘူတာရောက်ခါနီး ရှေ့က ထိုင်ခုံနှစ်လုံး လွတ်ပြီ။ ဝင်မထိုင်သေးဘဲ ဝမ်းသာသာနဲ့ နေရာလွတ်ကလေး ဟိုမိသားစုတွေ့အောင် အချက်ပေးမလို့ရှိသေး ဂိမ်းကစားနေတဲ့ (၁၀)နှစ် အရွယ် ကောင်လေးနဲ့ သူ့အမေ အပြေးလာထိုင်သွားတယ်။ ခပ်တည်တည်ပါပဲ။ ဒါကို တစ်ခြားသူတွေ မြင်တယ်။ မြင်တဲ့ အဆင့်ပဲ။ ဟိုလူတွေ မထ ပေး ၊ ငါတော့ ထပေး မယ် စိုးစဉ်းမရှိ။
နောက် ဘူတာရောက်တော့ လွတ်သွားတဲ့ ခပ်လှမ်းလှမ်းက ထိုင်ခုံကို  သားသည်အမေကို လက်ညှိုုးထိုးပြ၊ သူတို့ထိုင်တော့မှ သက်ပြင်းချရပါတယ်။ ဒီလို အဖြစ်မျိုုး ခဏ ခဏကြုံရတယ်။ ထိုင်ခုံလွတ်တွေ့၊ မထိုင်ဘဲ ထိုင်ဖို့လိုုအပ်သူကို ဝင်ထိုင်ဖို့ အချက်ပေးလိုက်ချိန် တစ်ခြား သန်သန်မာမာ လူက  ခပ်တည်တည်ဝင်ထိုင်၊ တစ်ချို့များ စမတ်ဖုန်း လေး ချက်ချင်းထုတ်ပြီး အလုပ်များတဲ့ ပုံစံဖမ်း။ အဲဒီလို ကြုံကြုံနေလို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကပဲ ထိုင်၊ ကြည့်၊ ပေး ဆိုတာလေး စလုပ်ဖြစ်မယ်လို့ စိတ်ကူးရတာပါပဲ ၊ နေရာ ဆိုတာ လိုအပ်တဲ့ သူတွေအတွက် အတော် အသုံးကျမှာပါ။    ။

  ကျော်မောင်(တိုင်းတာရေး)
  ၅-သြဂုတ်-၂၀၁၄


အသုံးကျရဲ့လား (၅) ... လက်တွေ လက်ချောင်းတွေ

လက်မနှစ်ဖက်  တဖျတ်ဖျတ်...
လက်ကိုင် စမတ်ဖုန်းမှာ စာရိုက်ရင်  လက်မနှစ်ဖက်လုံး သုံးတာက ပိုမြန်တယ်။ ဖုန်းကိုင်နည်းက ... ဖုန်းက လေးထောင့်ပုံစံ။ ဒီတော့ လက်နှစ်ဖက်နဲ့ ဖုန်းကိုကိုင်၊ ဒေါင်လိုက်ဖြစ်ဖြစ် အလျားလိုက်ဖြစ်ဖြစ် ကိုယ်သန်သလို ကိုင်။ ဟိုခေတ်က တီဗီဂိမ်း ကစားတဲ့အခါ ဂိမ်းခလုတ်ကို ကိုင်သလိုမျိုး ။ လက်မနှစ်ဖက်က ဖုန်းရဲ့မျက်နှာပြင်ပေါ်မှာ ရှိနေရမယ်။ ဖုန်းရဲ့အောက်ဖက်ထောင့်နှစ်ခုကို လက်ဖနောင့် နှစ်ဖက်နဲ့ ခပ်ဖွဖွညှပ်။ လက်ညှိုးနှစ်ဖက်နဲ့ အပေါ်ထောင့်စွန်းနှစ်ဖက်ကို ထိန်းကိုင်ထား။ ကျန်လက်ချောင်းတွေကို ဖုန်းရဲ့နောက်ဖက်မှာထား၊ ကိုင်သူဖက်ကို နည်းနည်း ကွေးထား ။ ကဲ အခုဆိုရင်  ဖုန်းလက်ကွက်မှာ လက်မ နှစ်ဖက်နဲ့ လျင်မြန်စွာ စာရိုက်နိုင်ပါပြီ။ ဒီနည်းသုံးပြီး လက်မ တွေ ညောင်းလာမယ်ဆိုရင် အညောင်းဖြေနည်းက လက်မ နပန်းလှဲတာပါပဲ။ အဲဒါက တစ်ယောက်တည်း ကစားလို့မရတော့ ကစားဖော်ရှာပြီး ကစားရတဲ့နည်းပါ။ ကစားမယ့်နှစ်ယောက် လက်ဆွဲနှုတ်ဆက်တဲ့ပုံစံ လက်တွေ ဆန့်တန်းလိုက်ရမယ်။ လက်မထောင်လျှက်နဲ့ ကျန်လက်ချောင်းများ လက်ချောင်းချင်းချိတ်လိုက်ပြီး လက်မ တစ်ဖက်နဲ့တစ်ဖက် ဖိနှိပ်နိုင်အောင် လှုပ်ရှားပြီး ကစားရတာပါ။ တစ်ဖက်သူရဲ့ လက်မကို တစ်ကနေ တစ်ဆယ်အထိ ဆက်တိုက်ဖိထားနိုင်သူက နိုင်တယ်။ ညာလက်ပြီး ဘယ်လက်ပေါ့။ အညောင်းပြေရင် ဖုန်းမှာ စာဆက်ရိုက်နိုင်ပါပြီ။ ဖုန်းမှာ စာရိုက်မြန်ရင် ဖုန်းနဲ့စကားပြောချိန် နည်းသွားနိုုင်ပြီး ကားစီး ရထားစီး အများနဲ့ သွားနေ ရှိနေတဲ့အချိန် တခြားသူများ နားငြီးသက်သာနိုင်ပါတယ်။
လက်နှစ်ဖက်နဲ့ တစ်ကနေ တစ်ရာထိရေကြမယ်...
အဖေပြောပြတဲ့နည်းပါ။ ခု၊ ဆယ်၊ ရာ ဒီလိုသွားမယ်။ လက်နှစ်ဖက်မှာ တစ်ဖက်ကို ခု၊ တစ်ဖက်ကို ဆယ် ဆိုပြီး သတ်မှတ်လိုက်၊ ဆိုပါတော့ ညာသန်အတွက် ညာဖက်က လက်ချောင်းတွေက ခု၊ ဘယ်ဖက်က ဆယ် အတွက်။ စစခြင်း လက်ဝါးတွေဖြန့်ထား။ တစ် ဆိုရင် ညာဘက်လက်က လက်မ စချိုး၊ နှစ် က လက်ညှိုုး ..လက်သန်းအထိ ဆက်ချိုး .. ငါး အထိ ရပြီ။ ချိုးထားတဲ့ လက်ငါးချောင်းက လက်မ ပြန်ထုတ်၊ အဲဒါ ခြောက် ၊ ပြီး လက်ညှိုုး လက်ခလယ် လက်သူကြွယ် လက်သန်း အစဉ်အတိုင်း ပြန်ဖြန့် ၊ ခုနစ် ရှစ် ကိုး တစ်ဆယ်။ တစ်ဆယ်အရောက်မှာ ဘယ်ဖက်လက်က လက်မကို ချိုးထားလိုက်။ ညာဖက်က လက်ဝါးဖြန့်ထားတဲ့ ပုံစံပြန်ရောက်။ ညာဖက်နဲ့ ခုနက အတိုင်း ပြန်ရေ၊ ဒီတစ်ခါ ဆယ် မှာ လက်မချိုးထားတော့ တစ်ဆယ့်တစ် တစ်ဆယ့်နှစ် ဆိုပြီးသွား ၊ နှစ်ဆယ်ရရင် ဘယ်ဖက်မှာ လက်ညှိုးချိုး။ အဲဒီအတိုင်း ညာဖက်လက်ချောင်းများ ချိုးတယ် ဖြန့်တယ်၊ ဘယ်ဘက် လက်ချောင်းများ ချိုးတယ် ဖြန့်တယ်နဲ့ ရေတွက် ၊ လက်နှစ်ဖက်ဖြန့်တဲ့ ပုံစံ ပြန်ရရင် (၁၀၀) ရပြီပေါ့။ ဒီနည်းက အစဉ်အတိုင်း ရေတွက်တာမှာ သုံးနိုင်ရုံ မကဘဲ တစ်ယောက်နဲ့ တစ်ယောက် လက်ချောင်းတွေ မြင်လောက်တဲဲ့ နေရာမှာ လက်နှစ်ဖက်သုံး သင်္ကေတ သဘောမျိုး သုံးနိုင်ပါသေးတယ်။ လက်ဝါး နှစ်ဖက်ဖြန့်ပြရင် (၁၀၀)၊ လက်ဝါး နှစ်ဖက်ဆုပ်ပြထားရင် (၅၅)၊ ညာလက်မ ထောင် ဘယ်လက်မ ကွေးပြရင် (၁၆)၊ ညာလက်သန်း တစ်ချောင်းပဲထောင် ဘယ်ဖက်မှာ လက်မနဲ့ လက်ညှိုးထောင်ရင် (၇၄) စသဖြင့် ကောင်းကောင်း အသုံးပြုနိုင်ပါတယ်။
လက်ချောင်းလေးတွေ အသုံးကျတာ တွေ့ရပြီး ၄င်းတို့အား ကောင်းမွန်စွာ တန်ဖိုးထားတတ်ပါစေကြောင်း ရည်ရွယ်ကာ စုစည်းဖော်ပြလိုက်ပါတယ်။   ။

 ကျော်မောင်(တိုင်းတာရေး)
 ၂-သြဂုတ်-၂၀၁၄


အသုံးကျရဲ့လား (၄) ... ဖုန်း တစ်လုံး ဘယ်လိုသုံးကြမလဲ (သို့) ဖုန်းဖြင့် စျေးဝယ်ခြင်း

ပြီးခဲ့တဲ့ မတ်လကုန်က ရန်ကုန် ခဏရောက်တုန်း တစ်မနက်ကျတော့ အမေ စျေးမသွားတာ သတိထားမ်ိတယ်။ အမေ့ကို မေးတဲ့အခါ အမေ မဖြေခင် အဖေက လှမ်းပြောတယ်။ မင်း အမေက စျေးသွားဖို့ မလိုတော့ဘူးကွ။ ခေတ်မီနေပြီ။ ဟမ်.. စျေးမသွားတာနဲ့ ခေတ်က ဘယ်လိုမီတာလဲ အဖေရ ဆိုတော့.. ဒီလိုကွ.. မင်းအမေက အရင်ဆုံး ဒီနေ့ ဘာချက်မယ်ဆိုတာ စဉ်းစားပြီးနောက်မှာ စျေးက ဟင်းသီးဟင်းရွက်ရောင်းသူ ဖြစ်ဖြစ်၊ သားငါးရောင်းသူ ဖြစ်ဖြစ် တစ်ယောက်ယောက်ကို ဖုန်းလှမ်းဆက်တယ်။ အဲဒီဆိုင်က သူဝယ်ချင်တာ မှာတယ်။ ပြီးတော့ အဲဒီဆိုင်နဲ့ အနီးအနား တစ်ခြားဆိုင်တွေက သုူမှာချင်တာတွေ ခုနက ဆိုင်ကိုပြောလိုက်တယ်။ ဟိုဆိုင်က လိုက်မှတ်ပြီး လိုအပ်တဲ့ အမယ်မျိုးစုံကို သူဆိုင်ကနေ အသံလွှင့်လိုက်တယ်။ လှမ်းအော်ပြောလိုက်မှာပေါ့ကွာ။ ဟိုဘက်က ခရမ်းချဉ်သီးသည်ရေ အန်တီ ဘယ်သူ့အတွက် ခရမ်းချဉ်သီးတစ်ဆယ်သားလောက် ဆိုပြီး  (Broadcast သဘောမျိုး ထင်သည်)။ အနီးအနားဆိုင်က မဟုတ်ဘဲ အလှမ်းဝေးရင်လည်း သူ့့ဆိုင်က တစ်ယောက်ယောက်ကို အဝယ်ခိုင်းရင်ခိုင်း၊ ဖုန်းဆက်ပြောရင်ပြော လုပ်လိုက်တယ်။ ကျသင့်ငွေတွေ သူစိုက်ထားတယ်။ အကုန်နီးပါးစုံရင် သူ့ဆို်င်က ဝယ်တာရော သူများဆီက သူဝယ်ပေးထားတာရော စာရင်းပေါင်းပြီး ဒို့ကို ဖုန်းပြန်ဆက်တယ်။ မင်းအမေက ဆိုက်ကားဆရာကို ဖုန်းဆက်ခေါ်၊ စျေးထဲက ဘယ်ဆိုင်မှာ မှာထားတာ သွားယူပေးပါ၊ ဒီမှာ ဆိုက်ကားခနဲ့ ဟိုဆိုင်ကို ပေးဖို့ငွေ ဆိုပြီး ပေးလိုက်တယ်။ ဆိုက်ကားဆရာက သွားယူပြီး အိမ်လာပို့။ ဒါပဲ။
အဖေပြောတာကို နားထောင်ပြီး စောဒကတက်ကြည့်တယ် ဝေဖန်ကြည့်တယ်။ ဟို အဲဒီဆိုင်က ဘာဖြစ်လို့ သူများဆိုင်ကဟာပါ ဝယ်ပေးရတာလည်း။ အေးကွ အဲဒါ အခု လက်ကိုင်ဖုန်းတွေ ကိုင်လာကြပြီးနောက်ပို်င်းမှာ ခေတ်စားလာတဲ့ ဝန်ဆောင်မှုပဲ။ တစ်ချို့အတော်များများလည်း မင်းအမေလို မှာသလို ဆိုင်တွေကို မှာကြတယ်။ သူဝယ်ပေးတယ်ဆိုတာက စျေးဝယ်က သူ့ဆီကဟာကို အရင်ဝယ်တာလေ။ သူက တစ်ခြားဆိုင်တွေဆီက ဝယ်ပေးသလို တစ်ခြားဆိုင်တွေကလည်း သူ့ဆီမှာ လာဝယ်ပေးကြတာရှိတယ်။ ရောင်းသူအချင်းချင်း ဝယ်ပြီးတော့ လာယူသူဆီပေးလိုက်တဲ့၊ ဖုန်းနဲ့ စျေးဝယ်စျေးရောင်းကြတဲ့ နည်းပဲ။ ရောင်းသူ ဝယ်သူ ယုံကြည်မှုရှိဖို့တော့ လိုတာပေါ့။ ဝယ်တဲ့ပစ္စည်း လတ် မ လတ် ဘယ်လိုသိမှာလည်း ဆိုတော့ အဲဒီမှာ အမေက ဝင်ပြောတယ်၊ သားရယ် စျေးသည်တွေနဲ့ ခင်သွားတော့ ပိုပြီး အဆင်ပြေတာပေါ့။ စေတနာလည်း ပါကြတယ်။ ကောင်းတာတွေ လတ်တာတွေ ဝယ်ပေးကြတာပေါ့ ။ ဒါ ဒီမှာ ဖုန်းကို အဲဒီလို သုံးလာကြတာပဲ။ အဖေက ဖြည့်စွက်ပြီးပြောတယ်။
နားထောင်ပြီးတော့ ဒို့မြန်မာတွေ အတော်သွားတာပဲလို့ ကောက်ချက်ချမိပါတယ်။ အခုဆိုရင် စမတ်ဖုန်းသုံးပြီး ဝယ်တဲ့သူက ဝယ်ချင်တာတွေ ဖုန်းနဲ့ စာ (message) ပို့၊ တစ်ဖက်က ကျသင့်ငွေ ပမာဏကို စာပြန်ပို့၊ လာပို့တဲ့သူကို ပိုက်ဆံရှင်း၊ မှာလိုက်တာ ယူ။ စကားပြောဖို့တောင် မလိုတော့ပါဘူး။ နောင််ဆိုရင် စမတ်ဖုန်းနဲ့ အင်တာနက်သုံး ၊ ပြီး ibanking နဲ့ ထိုထို ဆိုင်တွေကို ငွေလွှဲ၊  လွှဲပြီးကြောင်း စာ(message) ပို့ပြီး အကြောင်းကြားတာတွေ အထိ ဖြစ်ဖို့ သိပ်မဝေးတော့ဘူးလို့ ထင်ပါကြောင်း.....

ကျော်မောင် (တိုင်းတာရေး)
 ၃၁-ဇူလိုင်-၂၀၁၄


အသုံးကျရဲ့လား (၃) ... မြန်မာအက္ခရာစဉ်

တက္ကသိုလ်မှာ တက်တုန်းက အက္ခရာစဉ် ဆိုတာ သင်ရပါတယ်။ မြန်မာအက္ခရာစဉ်ပါ။ ဗျည်းစဉ်၊ သရ နှင့် အသတ်စဉ် ၊ဗျည်းတွဲစဉ် တို့ပေါ့။ အက္ခရာစဉ်ကို ပထမဆုံး လေ့လာသင်ယူရတဲ့ အတန်းချိန်အပြီး မြန်မာစာ ဆရာ အခန်းထဲက အထွက်မှာ လိုက်မေးခဲ့ပါတယ်။

ဆရာ ကျွန်တော်တို့ ဘာကြောင့် အက္ခရာစဉ် သင်ရပါလည်း ခင်ဗျာ ပေါ့။ ဆရာ က ဖြေပါတယ်။ ခင်ဗျားတို့ အဘိဓာန်ကြည့်လို့ရတာပေါ့ တဲ့။ အဲဒီတုန်းက ဆရာရဲ့ သင်ပြမှု ကောင်းတာကြောင့် အက္ခရာ စဉ်တတ်ခဲ့ပါတယ်။ စာမေးပွဲမှာလည်း သေသေချာချာ စဉ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ အက္ခရာစဉ်တဲ့နည်းကို အသုံးပြုပြီး မြန်မာအဘိဓာန် မကြည့်ခဲ့တာ ကတော့ အမှန်ပါပဲ။ ငါ မြန်မာပဲ ၊ ငါ ဖတ်တဲ့ မြန်မာလိုရေးထားတဲ့ ကာတွန်း ကဗျာ ဆောင်းပါး ဝတ္ထု အစုစုမှာ မြန်မာအဘိဓာန် သုံးရလောက်တဲ့ စကားလုံး မပါပါဘူး၊ ပါရင်လည်း တတ်သိနားလည်တဲ့ လူကြီးသူမတွေ မေးနိုင်တာပဲ ဆိုပြီး တကယ်လည်း အဘိဓာန်ကို သေသေချာချာ မသုံးခဲ့ဘူး၊ အဘိဓာန်ကြည့်ရင်လည်း အက္ခရာစဉ်နည်းကို မသုံးဘဲ လျှောက်ပြီး  လှန်လျောရှာဖွေတာပဲ များပါတယ်။

ဒီမှာ အလျဉ်းသင့်လို့ ဆရာ တစ်ယောက်ပြောပြဖူးတာ ပြန်ပြောပါရစေ။ သူပြောတာက ခင်ဗျားတို့ သတိထားမိကြလား၊ အင်္ဂလိပ်စာဟာ ဘာကြောင့် နိုင်ငံအတော်များများမှာ အသုံးပြုကြတာလည်းတဲ့။ အင်္ဂလိပ်စာမှာ အက္ခရာက အေ ကနေ ဇက် အထိ (၂၆) လုံးပဲရှိပြီး အဲဒီ (၂၆) လုံးနဲ့ပဲ စကားလုံးတွေ ဖြစ်လောက်အောင် ရိုးရှင်းလို့ပဲတဲ့။ ဒါ ဆရာ့ အယူအဆ။ အင်္ဂလိပ်အဘိဓာန်သုံးပြီး စကားလုံးအဓိပ္ပါယ် ရှာရတာ အလွန်လွယ်ကူပါတယ်။ သူု့အက္ခရာ အစဉ်အတိုင်းသွားတာပဲ၊ မြန်မာစာလို ဗျည်းစဉ်၊ သရ နှင့် အသတ်စဉ် ၊ဗျည်းတွဲစဉ် ဆိုတာတွေ မရှိပါဘူး။

မြန်မာစာ မြန်မာစကားနဲ့ပတ်သက်လို့ ဖတ်ထား မှတ်ထားတာလေး တစ်ခုကျတော့ ... တစ်ခါက နိုင်ငံခြားသူ ဘိုမကြီးတစ်ယောက် မြန်မာပြည်မှာ မြန်မာစကားလေ့လာ၊ အတော်တတ်ပြီဆိုပြီး သူ့နိုင်ငံပြန်မယ်ပြင်၊ ရထားဘူတာအရောက် သူ့ရဲ့ များပြားလှတဲ့ အထုပ််ကြီး အထုပ််ငယ်တွေကြည့်ပြီး နယ်ခံ အဒေါ်ကြီးတစ်ယောက် လှမ်းပြောလိုက်တဲ့ ဒီဘိုမကလည်း ဗြုတ်စဗျင်းတောင်းတွေ များလှချည်လား ဆိုတဲ့စကားက  ဗြုတ်စဗျင်းတောင်း ဆိုတာကို နားမလည်လို့ မပြန်ဖြစ်တော့ဘဲ မြန်မာစာဆက်သင်ရတဲ့အကြာင်းလေး သတိရမိပါတယ်။ (ဗြုတ်စဗျင်းတောင်း/ဗျုတ်စာ့ဗျင်းဒေါင်း/န-အမျိုးစုံ ရောနှောနေသည့် အသေးအဖွဲပစ္စည်းစု) 

အက္ခရာစဉ် အကြာင်း ပြန်ဆက်ပါ့မယ်။ မြန်မာပြည်က စင်ကာပူကို လာဖို့ ပြင်တော့ လိုရမယ်ရဆိုပြီး မြန်မာစာအဖွဲ့ဦးစီးဌာနက ထုတ်တဲ့ ခရီးဆောင်မြန်မာအဘိဓာန် စာအုပ်ယူလာခဲ့တယ်။ တစ်နှစ် နှစ်နှစ်ကြာတဲ့ အထိ မသုံးဖြစ်၊ ကဲ ဘာသာပြန်ရေးမယ် ဆောင်းပါးတွေ ရေးမယ်ဆိုမှ ကိုယ်ရေးမယ့် စကားလုံး တကယ်သိအောင် အဘိဓာန် သုံးရပါတယ်။ အဲဒီမှာ စပြီး တိုင်ပတ်တာပဲ။ အချိန်က မရတဲ့အထဲ မြန်မာအဘိဓာန်မှာ ရှာချင်တဲ့ စကားလုံးကို လှန်လျောရှာနေတာနဲ့ပဲ မပြီးနိုင်။ ကျောင်းတုန်းက သင်ခဲ့ရတာကလည်း မေ့တေ့တေ့ဖြစ်။ သင်ပြီး တတ်ပြီးကတည်းက အမြဲမဟုတ်တောင် ရံခါလောက် သုံးနေရင် အတော်အသုံးဝင်မှာပဲ။ ဒီမှာ စောဒက တက်စရာက မြန်မာအဘိဓာန်များဗျာ ဆော့ဝဲလ် ဖြစ်ဖြစ်၊ စီဒီ ဖြစ်ဖြစ်  ကွန်ပျူတာနဲ့ သုံးပေါ့လို့ ဆိုချင်ဆိုနိုင်ပါတယ်။ မှန်ပါတယ် ၊ အဲဒါတွေ သုံးမယ်ဆိုရင်တော့ အက္ခရာစဉ်နည်း တတ်ဖို့ မလိုအပ်ပါ။  မြန်မာအဘိဓာန် ဆော့ဝဲလ် ရေးသူတွေ ကတော့ အက္ခရာစဉ် တတ်ဖို့လိုတာပေါ့။ ဒါတွေမြင်လို့ ကျောင်းမှာ အက္ခရာစဉ် သင်ခဲ့တာဖြစ်မယ် ထင်တယ်။ အခုထိ ကျောင်းမှာသင်ဆဲပဲဆိုရင် သင်ကြားခြင်း ရည်ရွယ်ချက်က အဘိဓာန်ဖတ်တတ်ဖို့ မဟုတ်တော့ဘဲ အဘိဓာန်ပြုစုဖို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးမှာတော့ တတ်ထားတဲ့ ပညာအသုံးချရကောင်းမှန်း မသိတာ၊ အသုံးမချခဲ့တာနဲ့ လိုအပ်တဲ့ အချိန်မှာ မသုံးတတ်တော့တာကို ဖော်ပြလိုခြင်း အရင်းခံ ဖြစ်ပါတယ်။

တတ်ထားသော ပညာရပ်များ အသုံးကျအောင် အသုံးချနိုင်သော ပညာရှင်များဖြစ်ပေါ်လာရန် ရည်သန်ကာ တိုက်တွန်းရေးသားလိုက်ရပါကြောင်း ။   ။
(မှတ်ချက်။ ။   စာရွက်ပေါ်မှာ လွန်ခဲ့သော တစ်နှစ်လောက်က ချရေးဖူးတာလေး ပြန်လည်ပြင်ဆင်ကာ ရေးလိုက်သော ဆောင်းပါး ဖြစ်ပါတယ်) 

ကျော်မောင် (တိုင်းတာရေး)

အသုံးကျရဲ့လား (၂) ... အင်တာနက်မှာ မြန်မာလိုဘာသာပြန်မယ်

အင်တာနက်သုံးခြင်း၏ ရည်ရွယ်ချက်များတွင် လိုအပ်သောအချက်အလက်ရှာဖွေခြင်း ပါဝင်သည်။ အင်တာနက် သုံးနေသည်ဟုဆိုလျှင် ထိုသူသည် တစ်ဦးတည်း မဟုတ်တော့၊ မြန်မာတွင် သုံးလျှင် မြန်မာသည် မြန်မာတစ်နိုင်ငံတည်းတွင် မဟုတ်၊ မြန်မာနိုင်ငံတွင် နေရင်းပင် တစ်ကမ္ဘာလုံးရှိ ကွန်ရက်များနှင့် ချိတ်ဆက်ထားပြီဖြစ်သည်။ ထိုသို့ဆိုလျှင် သူ့ဆီက အချက်အလက် ကိုယ်ကယူရုံမက ကိုယ့်ဆီက အချက်အလက်များ သူတို့လာကြည့်ကြတော့သည်။ ကိုယ်က သူတို့ဆီမှ သိချင်တာ သိနိုင်ရန် သူတို့ရေးထား၊ ပြောထားတာကို နားလည်ဖို့ လိုသည်။ ထိုတွင် အင်တာနက် ခေတ်မစားခင်က မြန်မာပြည်တွင် ကြိုးစားကြသော ရှိပြီးဖြစ်သော ဟောင်းသော်လည်း ကောင်းနေဆဲ ဖြစ်သော နည်းလမ်းကို သုံးကြပါစို့။ ဘာသာပြန်ခြင်း ဖြစ်ပါသည်။
၄င်းကို နိုင်ငံခြားဘာသာရပ်စကား တတ်ထားသူများ၊ အသိ်ပညာ နည်းပညာအထူးပြုပုဂ္ဂိုလ်များက ဆောင်ရွက်ရပါမည်။ မြန်မာမှသည် တခြားဘာသာစကားသို့ ၊ တခြားဘာသာစကားမှသည် မြန်မာသို့ သွင်သွင်ပြန်ကြရပါမည်။ နိုင်ငံခြားဘာသာရပ်အထူးပြု ပုဂ္ဂိုလ်များနှင့် အသိ်ပညာ နည်းပညာအထူးပြုပုဂ္ဂိုလ်များ ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ နောက်တစ်နည်းမှာ နိုင်ငံခြားဘာသာရပ်အထူးပြုများက စိတ်ဝင်စားရာ အတတ်ပညာ နည်းပညာများအား လေ့လာပြီး မြန်မာဘာသာသို့ ပြန်ဆိုလျက် အတတ်ပညာ နည်းပညာအထူးပြုများကလည်း ဘာသာစကားများ ပိုမိုတတ်ကျွမ်းအောင် ကြိုးစားကာ မြန်မာဘာသာသို့ ပြန်ဆိုရပါမည်။ သုတ ရသနှင့် လုပ်ငန်းဆောင်တာများအား မြန်မာမှု များများပြုနိုင်ပါက ဘာသာစကားအားနည်းသူများအတွက် လွန်စွာအထောက်အကူပြုမည် ထင်ပါသည်။ တချိန်တည်းမှာပင် လူငယ်လူရွယ်များအား ဘာသာစကားတတ်ကျွမ်းဖို့ တွန်းအားပေး တိုက်တွန်းကြရပါမည်။ အင်တာနက်တွင် မြန်မာပြန်ထားသည်များ များစွာရှိလာပါက၊ သို့မဟုတ် အသိ်ပညာ နည်းပညာကျွမ်းကျင်သူများမှ သူတို့၏ အသိ အတတ် အတွေ့အကြုံ ပေါင်းစုံတို့အား မြန်မာဘာသာဖြင့် ပြန်လည် မျှဝေခြင်းများ များစွာရှိလာပါက အင်တာနက်သုံးသော မြန်မာလူမျိုးများ အသိပညာ အတတ်ပညာများ ပိုမိုတိုးပွားကာ အင်တာနက်၏ အသုံးကျမှုအား လက်တွေ့ သိနိုင်မည် ဖြစ်ပါကြောင်း ။ ။ အင်တာနက်သုံးခြင်း၏ ရည်ရွယ်ချက်များတွင် လိုအပ်သောအချက်အလက်ရှာဖွေခြင်း ပါဝင်သည်။ အင်တာနက် သုံးနေသည်ဟုဆိုလျှင် ထိုသူသည် တစ်ဦးတည်း မဟုတ်တော့၊ မြန်မာတွင် သုံးလျှင် မြန်မာသည် မြန်မာတစ်နိုင်ငံတည်းတွင် မဟုတ်၊ မြန်မာနိုင်ငံတွင် နေရင်းပင် တစ်ကမ္ဘာလုံးရှိ ကွန်ရက်များနှင့် ချိတ်ဆက်ထားပြီဖြစ်သည်။ ထိုသို့ဆိုလျှင် သူ့ဆီက အချက်အလက် ကိုယ်ကယူရုံမက ကိုယ့်ဆီက အချက်အလက်များ သူတို့လာကြည့်ကြတော့သည်။ ကိုယ်က သူတို့ဆီမှ သိချင်တာ သိနိုင်ရန် သူတို့ရေးထား၊ ပြောထားတာကို နားလည်ဖို့ လိုသည်။ ထိုတွင် အင်တာနက် ခေတ်မစားခင်က မြန်မာပြည်တွင် ကြိုးစားကြသော ရှိပြီးဖြစ်သော ဟောင်းသော်လည်း ကောင်းနေဆဲ ဖြစ်သော နည်းလမ်းကို သုံးကြပါစို့။ ဘာသာပြန်ခြင်း ဖြစ်ပါသည်။ ၄င်းကို နိုင်ငံခြားဘာသာရပ်စကား တတ်ထားသူများ၊ အသိ်ပညာ နည်းပညာအထူးပြုပုဂ္ဂိုလ်များက ဆောင်ရွက်ရပါမည်။ မြန်မာမှသည် တခြားဘာသာစကားသို့ ၊ တခြားဘာသာစကားမှသည် မြန်မာသို့ သွင်သွင်ပြန်ကြရပါမည်။ နိုင်ငံခြားဘာသာရပ်အထူးပြု ပုဂ္ဂိုလ်များနှင့် အသိ်ပညာ နည်းပညာအထူးပြုပုဂ္ဂိုလ်များ ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ နောက်တစ်နည်းမှာ နိုင်ငံခြားဘာသာရပ်အထူးပြုများက စိတ်ဝင်စားရာ အတတ်ပညာ နည်းပညာများအား လေ့လာပြီး မြန်မာဘာသာသို့ ပြန်ဆိုလျက် အတတ်ပညာ နည်းပညာအထူးပြုများကလည်း ဘာသာစကားများ ပိုမိုတတ်ကျွမ်းအောင် ကြိုးစားကာ မြန်မာဘာသာသို့ ပြန်ဆိုရပါမည်။ သုတ ရသနှင့် လုပ်ငန်းဆောင်တာများအား မြန်မာမှု များများပြုနိုင်ပါက ဘာသာစကားအားနည်းသူများအတွက် လွန်စွာအထောက်အကူပြုမည် ထင်ပါသည်။ တချိန်တည်းမှာပင် လူငယ်လူရွယ်များအား ဘာသာစကားတတ်ကျွမ်းဖို့ တွန်းအားပေး တိုက်တွန်းကြရပါမည်။ အင်တာနက်တွင် မြန်မာပြန်ထားသည်များ များစွာရှိလာပါက၊ သို့မဟုတ် အသိ်ပညာ နည်းပညာကျွမ်းကျင်သူများမှ သူတို့၏ အသိ အတတ် အတွေ့အကြုံ ပေါင်းစုံတို့အား မြန်မာဘာသာဖြင့် ပြန်လည် မျှဝေခြင်းများ များစွာရှိလာပါက အင်တာနက်သုံးသော မြန်မာလူမျိုးများ အသိပညာ အတတ်ပညာများ ပိုမိုတိုးပွားကာ အင်တာနက်၏ အသုံးကျမှုအား လက်တွေ့ သိနိုင်မည် ဖြစ်ပါကြောင်း ။ ။

ကျော်မောင် (တိုင်းတာရေး)

Aug 11, 2014

အသုံးကျရဲ့လား (၁) ... ပြန်သုံးပစ္စည်း

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ထင်တယ်၊ တနင်္ဂနွေ တစ်ရက် မြို့ထဲအသွား ရထားပေါ်မှာ (စင်ကာပူအခေါ် MRT - Mass Rapid Transit) ထိုင်ခုံမရဘဲ မတ်တပ်စီးလိုက်ပါနေတုန်း .... ဘူတာတစ်ခုရောက်တော့ ဆယ်ကျော်သက် ကလေးမတယောက် တက်လာတယ်။ စတိုင်ကျကျဝတ်စားထားပြီး အားလပ်ရက် ရည်းစားနဲ့ လျှောက်လည်မယ့်ပုံစံ။ ထင်တဲ့အတိုင်း နောက် သုံးဘူတာ လောက်မှာ ကောင်လေးတက်လာတယ်။ သူလည်း ရှိုးနဲ့မိုးနဲ့ပေါ့ ။ ကောင်လေးက သူု့ကောင်မလေး ကိုတွေ့တွေ့ချင်းပဲ ဘောလ်ပင်တစ်ချောင်း ပေးလိုက်တယ်၊ " For you " တဲ့ ၊ ရှေ့မှာဆိုတော့ အဲဒီဘောလ်ပင် ကိုသေသေချာချာမြင်ရတယ်၊ စိတ်ထဲက ပြောမိတယ် ဒီကောင် ငတုံး ဆိုပြီး ၊  ဒိတ်တဲ့နေ့မှာ လက်ဆောင်ပေးတာက ရိုးရိုးဘောလ်ပင် တစ်ချောင်း၊ အရောင်က ဖြူလျလျ၊ မမွဲတမွဲ၊ ကောင်မလေး စိတ်ညစ်သွားပုံရတယ်၊ တစ်ချက်ကြည့်ပြီး အိတ်ထဲ ထည့်ဖို့ အိတ်ကိုဖွင့်တယ်၊ အဲဒီမှာမှ ကောင်လေးက ပြောတယ် " That pen, recycle one " ကောင်မလေး အိတ်ကိုပိတ်လိုက်တယ် ပြီးတော့ ဘောလ်ပင်ကို သေသေချာချာ ကြည့်တယ်၊ ကောင်လေးကို ပြုံးပြုံးလေးနဲ့ ပြောလိုက်တာက "Thank you!" တဲ့ ။ အဲဒီနောက် သူ့တို့စုံတွဲ ရထားပေါ်က ဆင်းသွားတယ်၊ recycle-pen လို့သိတာနဲ့ ကောင်မလေး ဘာကြောင့်သဘောကျသွားတာလဲ၊ ကောင်လေးကရော ဒီ recycle pen ကိုမှ လက်ဆောင်ပေးဖို့ ဘယ်လို စိတ်ကူးရခဲ့တာလဲ။ သေချာတာက သူတို့နှစ်ယောက်စလုံး recycle အသုံး ကောင်းကောင်းသိပုံ ရကြပါတယ်။ ပစ္စည်းတစ်ခုဟာ သူ့့ရဲ့ ပုံမှန်အသုံးပြုနိုင်တာထက် ပိုပြီး သုံးနိုင်ရင်၊  သုံးပြီးနောက် စွန့်ပစ်ပစ္စည်းဖြစ်သွားတောင်မှ တခြားပစ္စည်းအသစ်အနေနဲဲ့ဖြစ်ဖြစ်၊ အလားတူ ပစ္စည်းအနေနဲ့ဖြစ်ဖြစ် ပြန်လည်ထုတ်လုပ် အသုံးပြုနိုင်မယ်ဆိုရင် စွမ်းအင် ဖြုန်းတီးမှုု ကာကွယ်ရာ ရောက်ပြီး၊ အသုံးကျမှု ကတော့ တိုင်းတာလို့ မရနိုင်လောက်အောင် ဖြစ်မှာပါ။ ပတ်ဝန်းကျင် ထိန်းသိမ်းရာလည်း ရောက်ပါတယ်။ အသုံးကျမှု မကျမှုကို သိမှသာ အလုပ်တွင်မှာဖြစ်ပါတယ်။
ဒါကတော့ တွေ့မိ ကြားမိတာလေး မျှကြည့်တာပါ။

ကျော်မောင် (တိုင်းတာရေး)

Feb 1, 2014

Under the sun shine















Going out with friends, taking photos the things under the sunshine. Do not know how to give the name, later gave the name as Under the Sunshine. Realize myself that there is far away to study this subject, photography, it is interesting! Viewing the things through the len , Ha Ha.