တခါမှာ ဒီလိုပြောတာ ကြုံခဲ့ရဖူးတယ်။ အိမ်ကို ကိစ္စတခုနဲ့ ရက်အတော်ကြာကြာတည်းတဲ့ နယ်က ဧည့်သည်တယောက်ရဲ့ မှတ်ချက်ဖြစ်တယ်။ သူက ဗေဒင်ဆရာလည်းဖြစ်တယ်။ သူတွက်ပေးတဲ့ဗေဒင်က တသက်စာဟောချက်လိုမျိုး အရှည်ကြီးဖြစ်တယ်။ အဖေနဲ့အမေကို တွက်ပေးတာမှာ တော်တော်များများဟာ မှန်ကန်နေတယ်ဆိုတာ တွေ့ရတယ်။ တွက်ပုံကတော့ ပြီးခဲ့တဲ့နှစ်များမှာ ကာယကံရှင်ဟာ ဘာဖြစ်ခဲ့တယ် ဟုတ်ပါသလားဆိုတာမျိုးကနေ အခုဘာဖြစ်နေတယ် နောက်ဘာဆက်ဖြစ်မယ်ဆိုတာမျိုးကို သူ့ပညာရပ်နဲ့ သုံးသပ်ပြီး လျှောက်လွှာစာရွက်ပေါ်မှာ ရေးပြသွားတာမျိုးဖြစ်တယ်။ အဲဒီဟောချက်တွေကို အဖေက သေသေချာချာ ဖိုင်တွဲထားပြီး သိမ်းထားတယ်။ နှစ်ပေါင်း(၃၅)နှစ်ကျော်လောက်ကြာပြီဆိုတော့ စာရွက်တွေကလည်း ဝါကျင့်ကျင့်ဖြစ်နေလောက်ပြီထင်တယ်။
အဲဒီဗေဒင်ဆရာက ပြောဖူးတာက ဒီလို။ အိမ်မှာ သီချင်းနားထောင်တဲ့အခါ အဲဒီကာလတုန်းက နာမည်ကြီးတဲ့သီချင်းတချို့(အများအားဖြင့် အလွမ်းသီချင်းတွေ)ကို ကက်ဆက်ဖွင့်နားထောင်ကြတယ်။ လိုက်ဆိုကြတဲ့အခါ သူက ပြောတာရှိတယ်။
"ဖြစ်နိုင်ရင် အလွမ်းသီချင်းတွေကို ဆိုလည်း မဆိုသင့်ဘူး၊ နားလည်း မထောင်သင့်ဘူး၊ ပျော်ရွှင်စေမယ့်သီချင်းတွေပဲ နားထောင်တာ ဆိုကြတာကောင်းတယ်" တဲ့။
အဲဒီလို မှတ်ချက်ပေးတဲ့စကားကို အဲဒီတုန်းက ခါးခါးသီးသီး ဆန့်ကျင်ခဲ့ဖူးတယ်။
"အလွမ်းသီချင်းတွေက နားထောင်ကောင်းတယ်ဗျ၊ အလွမ်းဓါတ်ခံရှိမှ ခံစားလို့ရတာ" ဆိုတာမျိုး ပြန်ပြောခဲ့ဖူးတယ်။
တဆက်တည်းမှာပဲ သူဟာ နယ်သူနယ်သားဖြစ်လို့ မြို့သူမြို့သားတွေရဲ့ လွမ်းချင်းဂီတသံကို နားမခံနိုင်တာပဲဖြစ်မယ်လို့ စိတ်ထဲမှာ လှောင်ပြောင်သလိုဖြစ်ခဲ့ဖူးတယ်။
အမှန်က လွမ်းတဲ့စိတ်နဲ့ လှုပ်ရှားနေရတာထက် ပျော်ရွှင်ပေါ့ပါးတဲ့စိတ်မျိုးနဲ့ လှုပ်ရှားနေရတာက ပိုမိုအလုပ်ဖြစ်စေတယ်။ အတော်ရင်းနှီးတဲ့မိတ်ဆွေတယောက်ကဆို ဟိုးတုန်းကတည်းက ဒီလိုမျိုး ပြောခဲ့ဖူးတယ်။
" ငါက ဗီဒီယိုကြည့်ကြည့် ရုပ်ရှင်ကြည့်ကြည့် ဟာသကားတွေ ရယ်စရာတွေပဲကြည့်တယ်၊ စာဖတ်လည်း ရယ်ရတဲ့စာတွေပဲ ဖတ်တယ်၊ ဘဝမှာ အချိန်မရတဲ့အထဲကွာ၊ အလွမ်းကားကြည့်ပြီး အလွမ်းဝတ္ထုတွေဖတ်ပြီး စိတ်ထဲမကောင်းဖြစ်၊ ဒါကြီးပြန်ပြန်တွေးပြီး ထပ်စိတ်မကောင်းဖြစ်နဲ့ ဘယ်မှာ ကောင်းကောင်းမွန်မွန် တက်တက်ကြွကြွ လှုပ်ရှားလို့ရမှာလဲ။ ဟာသကားကြည့်ပြီးသွားတဲ့အခါ အားပါးတရ ရယ်လိုက်ပြီးရင် လူလည်း လန်းဆန်းသွားတာပဲ၊ မင်းတို့လည်း ဇာတ်ကားကြည့်ရင် ရယ်စရာတွေပဲကြည့်ကြ၊ စာဖတ်ရင်လည်း ပျော်ရမယ့်ဟာတွေပဲဖတ်ကြ"
သူဒီလိုပြောတာကိုလည်း "ရယ်စရာကားတွေက ပေါတောတောတွေပါဗျာ၊ ကလိထိုးရယ်ခိုင်းနေတဲ့ဟာတွေပါ၊ အလွမ်းဝတ္ထုတွေက ဖီးလ်ဗျ၊ ဖတ်ပြီးရင် လည်ချောင်းထဲဆို့နင့်သွားတာပဲ၊ ဒါတွေကိုပြောပြလည်း နားလည်မှာမဟုတ်ပါဘူး" ဆိုပြီး မကျေမနပ်ပြောခဲ့ဖူးတယ်။
"စားကောင်းတဲ့အစားအသောက်စားရရင် ကိုယ်ချစ်ခင်တဲ့သူကို သတိရတယ်" ဆိုတာမျိုး ကြားဖူးကြပါလိမ့်မယ်။ ကိုယ်ချစ်ခင်တဲ့သူဟာ အနားမှာမရှိတော့ရင်၊ ဒါမှမဟုတ် ဘယ်လိုမှ ဆက်သွယ်လို့မရတော့တဲ့ ဘဝခြားကို ရောက်သွားရင် သတိရခြင်းကနေ အလွမ်းဆိုတာ ဖြစ်လာတော့တာပါပဲ။
"စားကောင်းတဲ့အစားအသောက်စားရရင်" ဆိုတဲ့နေရာမှာ တချို့စကားလုံးလေးတွေထည့်ကြည့်လို့ရပါတယ်။ "နေလို့ကောင်းတဲ့ သာယာရွှင်ပျော်ဖွယ်နေရာ" "ဖတ်လို့ကောင်းတဲ့စာအုပ်" "နားထောင်လို့ကောင်းတဲ့တေးသံ" "တန်ဖိုးရှိတဲ့တရား" စသဖြင့်ပေါ့။
သတိရခြင်းကနေ အလွမ်းဆိုတာ ဖြစ်လာတဲ့အခါ ဒီအလွမ်းကြီးကို ရင်ခွင်ထဲပိုက်ထားမလား၊ ဒီအလွမ်းကြီးနဲ့ နေ့စဉ်ပုံမှန်လှုပ်ရှားနေမလား။
မလွမ်းကြေး မိတ်ဆွေ၊ မလွမ်းကြေး။
ခင်ဗျားမှာ လွမ်းစိတ်လေးပေါ်လာရင် ခင်ဗျားရဲ့စိတ်ဟာ နွမ်းနယ်သွားလိမ့်မယ်။ စိတ်ဆိုတာ နွမ်းသွားတဲ့အခါ စိတ်ကြောင့်ဖြစ်လာမယ့် ရုပ်ပိုင်းဆိုင်ရာတွေလည်း နွမ်းကြေနေသော ရုပ်တွေသာ ထွက်လာ ဖြစ်လာပါလိမ့်မယ်။ ဆိုတော့ မလွမ်းအောင် ဘယ်လိုပြုလုပ်ရမယ်ဆိုတဲ့နည်းလမ်းတွေရှိကြတဲ့အထဲ အကြိုက်ဆုံးနည်းလမ်းကတော့ လက်ရှိအချိန်တည့်တည့်ကို ကြည့်တာပဲ။ ပစ္စုပ္ပန်တည့်တည့်ကို ရှုတာပဲ။ တည့်တည့်ကြည့်ဆိုတာ စောင်းမကြည့်နဲ့လို့ ပြောတာလည်း ဟုတ်တယ်။
အထက်က ဗေဒင်ဆရာပြောခဲ့သလို လိုက်လုပ်ရမှာပဲ၊ အလွမ်းသီချင်းတွေ နားမထောင်နဲ့။ နောက်တခါ အသိမိတ်ဆွေပြောသလို ဟာသတွေပဲ လိုက်ဖတ် လိုက်ကြည့်၊ (ပေါတောတောမဖြစ်ဖို့တော့ ပေါတောတောမဟုတ်တဲ့ ဟာသမျိုးကို ရွေးတတ်ဖို့တော့ လိုပါလိမ့်မယ်)။
ဒါပါပဲ။
မလွမ်းတတ်တဲ့စိတ်မျိုးရှိလာတဲ့အခါ ဘာလုပ်လုပ် အဆင်ပြေပါလိမ့်မယ်။ တသက်စာဗေဒင်ဟောပေးရရင် အလွမ်းတွေကို ကျော်လွန်နိုင်တဲ့သူဟာ ရန်စွယ်မာန်စွယ်တွေကို အောင်နိုင်တဲ့သူဖြစ်လာမှာ မလွဲဧကန်ပါ။
မလွမ်းကြေး ကိုယ့်လူ၊ မလွမ်းကြေး။
၂၈-အောက်တိုဘာ-၂၀၂၂
No comments:
Post a Comment