Dec 26, 2022

လူအိုတို့၏ စကားဝိုင်း - ကျော်မောင်(တိုင်းတာရေး)

အကြောင်းများပေါင်းဆုံမိသည့်အတွက် တိုက်ခန်းကျဉ်းကျဉ်းလေး၏ ဖယောင်းပုဆိုးခင်းထားသော ဧည့်ခန်းပိစိကြမ်းပြင်ပေါ်တွင် ညတစ်ညစာ သူတို့ဆုံမိကြသည်။ မည်သို့သော အကြောင်းများပေါင်းဆုံမိကြသနည်းဟူ ဆွေမျိုးသက်ကြီးပိုင်းတစ်ယောက်ဆုံးပါးသွားခြင်း၊ ထိုနာရေးသို့ လာရောက်ကြခြင်း၊ နာရေးအိမ်တွင် လူများနေသဖြင့် နေထိုင်ရာနယ်များသို့မပြန်ကြမီ ယခုအိမ်သို့လာရောက်ညအိပ်ခြင်း၊ မတွေ့ရသည်မှာ ကြာပြီဖြစ်သဖြင့်ရှေးဟောင်းနှောင်းဖြစ်များ ပြောလိုကြခြင်း ဟူသည့် အကြောင်းများ ပေါင်းဆုံကြသဖြင့် ဖြစ်သည်။
ဆွေမျိုးထဲတွင် သာရေးနာရေးရှိမှ သူတို့ဆုံနိုင်ကြသည်။ တရွာစီနေ တနယ်စီနေ တမြို့စီနေကြသူများ ဖြစ်သဖြင့် ဆုံကြတုန်းမှာ ပြောစရာတွေက မကုန်။ တချို့မှာ အသက်အရွယ်အရ ကျန်းမာရေးအရ မလာရောက်နိုင်ကြသူများ ရှိသည်။ ရွာမှာကျန်ခဲ့တဲ့ ဘယ်သူ့ကိုတော့ ငါမေးတယ်ဆိုတာ ပြောပြလိုက်စမ်းပါဟု မှာကြသည်။
အဖိုးကြီး အဖွားကြီး အရွယ် ဆံဖြူသွားကျိုးများ ဖြစ်နေသော်လည်း ငယ်စဉ်ကအကြောင်းများ ပြောကြပြီဆိုလျှင် သူတို့မှာ ထိုစဉ်က အသက်အရွယ်အတိုင်း နုပျိုသွားကြသည်ကဲ့သို့ ဖြစ်နေကြသည်။ အဖြစ်အပျက်တစ်ခုကို ပြောကြပြီး ရယ်မောကြသည်။ အဲဒါ ငါလည်း မသိခဲ့ပါလားဆိုလျှင် မသိသူသည် အဟားခံရလေသည်။ မင်းက/နင်က အဲဒီတုန်းက ဘယ်ရောက်နေတာတုန်းဆိုပြီး မေးသည့်အခါ အမေးခံရသူကလည်း သူ့အကြောင်းကို ပြန်ပြောင်းပြောပြရလေသည်။ ထိုအခါ ဇာတ်ကြောင်းသည် ပိုမိုပြည့်စုံလာရလေသည်။ ဆုံးပါးကွယ်လွန်သွားသူ၏ အကြောင်းကိုလည်း သူတို့ပြောသည့်အကြောင်းအရာထဲတွင် ကြားရသည်။ ဆွေမျိုးတော်သည်သာမက သူတို့နှင့်ရွယ်တူဖြစ်သည့်အတွက် သူငယ်ချင်းကဲ့သို့ မိတ်ဆွေကဲ့သို့ဖြစ်ခဲ့သူတစ်ဦး၏အကြောင်းလည်းဖြစ် ထိုသူ၏နာရေးလည်း ဖြစ်သည့်အတွက် ထိုသို့ပြောကြရာတွင် ဆွေးဆွေးမြေ့မြေ့ပြောကြလေသည်။ နားထောင်သူတို့မှာ ပိုမိုပြီး နှမြောသတိရခြင်းဖြစ်ရသည်။
သက်ကြီးပိုင်းတို့ ဝိုင်းဖွဲ့သည်၏နောက်နားတွင် သက်လတ်ပိုင်းတို့က နောက်နားရှိ လွတ်သည့်ကြမ်းပြင်ပေါ်တွင် ထိုင်နေသည့်သူက ထိုင်သည်။ ရေနွေးကုန်သွားသည့်အခါ ထပ်ဖြည့်ပေးဖို့ အဆင်သင့်ရှိနေသည့်သူက ရှိသည်။ သက်ငယ်ပိုင်းနှင့် မြေးအရွယ်ကလေးများမှာကား အကြီးဝိုင်း အလတ်ဝိုင်းထဲမဝင်သာ။ ကြားရရုံလောက်ရှိသည့် နေရာမှသာ မတ်တပ်ရပ်နားစွင့်ကြရလေသည်။
စကားဝိုင်းအလယ်တွင် ဇွန်းသုံးလေးငါးချောင်းပါသောလက်ဖက်သုပ်တစ်ပန်းကန်၊ ရေနွေးကရားအိုး၊ ကြွေရေနွေးခွက်လေးငါးလုံးနှင့် မက်ခွက်တချို့သာ ချထားသည်။ တခေါင်းလုံးဖြူနေသော အဖွားကြီးတယောက်ကတော့ ပြောင်းဖူးဖက်ဆေးပေါ့လိပ်ကြီးကို ဖွာနေသည်။ သူ၏ အမှတ်တံဆိပ်မှာ ထိုပြောင်းဖူးဖက်ဆေးပေါ့လိပ်ကြီး ဖြစ်သည်။ နောင်းလူတို့ကို သူ့အကြောင်းညွှန်းလိုသည့်အခါ သူ့နာမည်ကို ပြောပြရုံမက အဲဒီအဖွားက သူ့ကြည့်လိုက်ရင် ပြောင်းဖူးဖက်ဆေးပေါ့လိပ်ကြီး အမြဲတမ်းဖွာနေတဲ့သူပေါ့ဟု ထည့်ပြောရသူဖြစ်သည်။ သူ့အဖိုးကြီးကတော့ အသက်ကြီးသည်အထိ ယာထဲကိုင်းထဲအလုပ်လုပ်နေဆဲဖြစ်ပြီး သန်သန်မာမာရှိလှသည်။ သူ၏ အမှတ်တံဆိပ်မှာ မာဖလာတဘက်ထည်ကို လည်ပင်းတွင်ဖြစ်စေ ပုခုံးထက်တွင်ဖြစ်စေ တင်ထား ဆောင်ထားတတ်ခြင်းဖြစ်သည်။
ဘကြီး ဘာတွေမစားသလဲ ဘာတွေရှောင်သလဲဟု မေးလျှင် ဟေ့ ငါက အကုန်စားတယ် ဘာမှ မရှောင်ဘူးဟု ဆိုသူဖြစ်သည်။ သူက ထမင်းစားလျှင် ကြမ်းပြင်ပေါ်ဆိုပါက ဆောင့်ကြောင့်ထိုင်သာ စားလေ့ရှိသည်။ ဒီဘကြီး ထိုင်ခုံပေါ်ထိုင်စားလျှင် မည်သို့စားမည်နည်းဟု သွားကြည့်သည့်အခါ ထိုင်ခုံပေါ်တွင်လည်း ဆောင့်ကြောင့်ထိုင် စားသည့်သူဖြစ်သည်။
ထိုဘကြီး၏ညီလား အစ်ကိုလား မမှတ်မိတော့သည့် ဘကြီးတယောက်မှာ ပိန်ပိန်ရှည်ရှည်နှင့်ဖြစ်ပြီး ဟာသဉာဏ်ရွှင်ပုံရလေသည်။ စကားဝိုင်းတွင် သူက ဦးဆောင်ပြောနေသည်က များသည်။ ဟေ့ မင့်သားက ဆေးကျောင်းတက်မှာလားကွ၊ အရိုးတွေအတွက်တော့ မပူနဲ့ငါ့ကောင်၊ ငါတို့ရွာမှာ ပေါတယ်၊ လာပို့ဆို လာပို့ပေးမယ်ဟု ခပ်တည်တည်ပြောသူဖြစ်သည်။ ထိုဘကြီးမှာ ပြောသည့်အတိုင်း လုပ်မည့်သူဟု ယုံကြည်မိသည်။
သူတို့မှာ ခေတ်ကာလမျိုးစုံကို ဖြတ်သန်းခဲ့ဖူးကြသည့်အတွက် အတွေ့အကြုံများစွာရှိကြသည်။ ပြောနေကြသည်ကို နားထောင်ရသူတို့မှာ ထိတ်တလန့်လန့်ဖြစ်ရသည်။ သူတို့မှာကား ထိုထိုအဖြစ်အပျက်များကို ယခုအခါတွင် ရယ်ရွှင်ဖွယ်များအဖြစ်ပြောင်းပြီး ပြောနိုင်နေကြလေသည်။
သူတို့စကားပြောကြ ဆိုကြသည်ကို နားထောင်ရသည်မှာ အိပ်ဖို့ကိုပင်လျှင် မေ့နေသည်အထိဖြစ်ရသည်။ အဖေ အမေကလည်း မင်းတို့တွေ သွားအိပ်ကြတော့ဟု မပြောအား။ သူတို့ကိုယ်တိုင်ကလည်း အခုလို စကားဝိုင်းမျိုးကို ကြားချင်နားထောင်နေကြချင်သူများဖြစ်သည်။ ကလေးတွေလည်း နားထောင်ရတာပေါ့ဟု စိတ်ထဲရှိချင်ရှိကြပါလိမ့်မည်။
သူတို့ဘာတွေပြောကြသည်ဆိုသည်ကို ပြန်လည်မမှတ်မိတော့ပါ။ နားထောင်စဉ်ကမူ မကြားဖူးသည့်အကြောင်းအရာများဖြစ်သည့်အတွက် လွန်စွာစိတ်ဝင်စားမိခဲ့သောအကြောင်းများဖြစ်သည်။ အဖိုးကြီး အဖွားကြီးများသည် စကားပြောကောင်းကြသူများ ဖြစ်ကြသည်ဟု ထည့်သွင်းဖွဲ့ဆိုရပေမည်။
နောက်တနေ့တွင် သူတို့သည် သူတို့သားမြေးမြစ်များရှိရာ သူတို့နေရာဒေသအသီးသီးသို့ ပြန်ကြရလေသည်။ တခြားသော ဆွေမျိုးတယောက်ယောက်၏ သာရေးနာရေးကို အကြောင်းပြုပြီး တခြားသော အိမ်တစ်အိမ်အိမ်တွင် သူတို့ဆုံကောင်းဆုံနိုင်ပြီး ယခုကဲ့သို့ စကားများများပြောကြ ဆိုကြ ရယ်မောကြ လွမ်းမောကြပေလိမ့်ဦးမည်။ ထိုသို့ဆုံလျှင် ယခုတခေါက်တွေ့သည့်လူတိုင်း ပါနိုင် မပါနိုင်ကို သူတို့မစဉ်းစားကြပါ။ သာရေးနာရေးသည် ယခုတွေ့သည့်အထဲမှ သူအိုတဦးဦးကို အကြောင်းပြုသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သေးသည်ဆိုသည်ကိုလည်း သူတို့ကောင်းကောင်းသိကြလေသည်။
သူတို့အားလုံးသည် လောကတွင် မရှိတော့ပြီ။ သူတို့မရှိတော့သော်လည်း ညတစ်ညတွင် သူတို့ဆုံခဲ့ကြသည့် စကားဝိုင်းအကြောင်းကို ထိုစဉ်က နားထောင်သူဖြစ်ခဲ့သည့်သူတစ်ဦးက အမှတ်တရအနေဖြင့် ပြန်လည်ပြောပြကာ ရေးဖွဲ့နေသည့်အကြောင်းကိုလည်း သူတို့ သိမသွားကြ။ ပြန်ပြောပြသူသာ ပန်းချီဆွဲတတ်ပါလျှင် "လူအိုတို့၏ စကားဝိုင်း" အမည်ရ ပန်းချီပုံတစ်ပုံလောက် ဆွဲဖြစ်ပေလိမ့်မည်။ လူအိုတို့၏ စကားဝိုင်းသည် နုပျိုလှပနေလေပြီတကား။
၂၅-ဒီဇင်ဘာ-၂၀၂၂

မူချားချို - ကျော်မောင်(တိုင်းတာရေး)

မူချားချိုဆိုတာ “Muchachos” ကို မြန်မာမှုပြုကြည့်တာဖြစ်ပါတယ်။ မူချားချိုဆိုတာကို စသိလာတာက မူချားချိုတွေကြောင့်ပါပဲ။ တမြန်နေ့က နိုင်ငံလုံးကျွတ်အောင်ပွဲခံကြတဲ့အခါ အောင်ပွဲခံပြည်သူပြည်သားတွေဟာ ပျော်ပျော်ပါးပါး မူချားချိုကြတယ်။ ကစားနေကြတဲ့ ပွဲစဉ်တလျှောက်လုံးမှာလဲ အားပေးတဲ့ပရိသတ်ကလည်း မူချားချို၊ ကွင်းထဲကန်တဲ့ကစားသမားတွေကလည်း မူချားချို၊ အဝတ်လဲခန်းမှာလည်း သူတို့ဆိုကြတာ မူချားချို။

လက်သီးလက်မောင်းတန်းတာမဟုတ်တဲ့ လက်ဟန်အနေအထားတခုနဲ့ လက်ကိုထားကြပြီး သီဆိုကြတဲ့ ရွတ်ဆိုကြတဲ့ သံပြိုင်ဟစ်ကြွေးကြတဲ့သီချင်းက မူချားချို။ ဒီမူချားချိုသီချင်းထဲ ဘာတွေပါသလဲ သိချင်မိတယ်။
မူချားချိုဟာ ၆၂ နှစ်အရွယ်ဂီတပညာရှင်နဲ့ အသက် ၃၀ အရွယ်ကျောင်းဆရာလေးတို့ရဲ့ ဖန်တီးမှုကြောင့်မွေးဖွားလာခဲ့တယ်လို့ဆိုရမယ်။ (၂၀၂၀)နိုဝင်ဘာမှာ ကမ္ဘာကျော်ဘောလုံးသမားကြီး မာရာဒိုနာ ကွယ်လွန်တယ်။ နောက်တနှစ် (၂၀၂၁)မှာ အာဂျင်တီးနားဘောလုံးအသင်းဟာ Copa America ချန်ပီယံဖြစ်တယ်။ ကျောင်းဆရာ Fernando Romero က သူတို့ဘောလုံးအသင်းမှာ မာရာဒိုနာရဲ့ ဘောလုံးထူးချွန်တဲ့စိတ်ဓါတ်တွေ ကိန်းအောင်းနေတဲ့အတွက် ဒါကို ဂုဏ်ပြုတဲ့အနေနဲ့ သီချင်းတပုဒ်ဖန်တီးတယ်။
“Muchachos, Esta Noche Me Emborracho” ဆိုတဲ့သီချင်းက (၂၀၀၃)မှာ Guillermo Novellis က ဆိုထားတာရှိတယ်။ ကျောင်းဆရာနဲ့သူ့မိတ်ဆွေနှစ်ဦးသားက ဒီသီချင်းရဲ့သံစဉ်တေးသွားကိုယူပြီး စာသားထည့်တယ်။ ဒီသီချင်း ပေါက်သွားတယ်။ အဆိုတော်ကြီး Novellis ကတောင် အံ့အားသင့်ဖြစ်စေခဲ့တယ်။ ဒီသီချင်းနဲ့ပတ်သက်လို့ Novellis ကို အင်တာဗျူးထားတာရော Romero ကို ဗျူးထားတာရော အင်တာနက်မှာ ရှာကြည့်နိုင်တယ်။
မူချားချိုထဲမှာ Diego နဲ့ Lionel ဆိုတဲ့ နာမည်တွေ။ Diego Armando Maradona နဲ့ Lionel Andres Messi ကို ထည့်ရေးတယ်။ ငါတို့ဟာ ဒီနှစ်ယောက်နေတဲ့တိုင်းပြည်မှာနေတယ်လို့ ဂုဏ်ယူထားတာ။ ဖောက်ကလန်စစ်ပွဲမှာ ကျဆုံးသွားတဲ့စစ်သည်တွေကိုလည်း မမေ့ဘူး၊ ဂုဏ်ပြုတယ်၊ de los pibes de Malvinas။ မာရာဒိုနာရဲ့ မိဘတွေနာမည်တွေပါ ပါတယ်၊ Don Diego နဲ့ La Tota။
သီချင်းစာသားတွေနဲ့သီချင်းတေးသွားအလိုက်ဟာ ကမ္ဘာ့ဖလားသိမ်းပိုက်နိုင်ရေးအတွက် ကြီးစွာသော တွန်းအားဖြစ်ခဲ့ပုံရတယ်။
မူချားချိုတို့ရေ … သုံးကြိမ်မြောက်ချန်ပီယံဖြစ်ရမယ်ဆိုတဲ့ ငါတို့အိမ်မက် မက်နိုင်ပြီ
“Muchachos, Ahora Nos Volvimos A Ilusionar ….”
၂၀-ဒီဇင်ဘာ-၂၀၂၂
မှီငြမ်း (ref.)
“How Argentina’s Favorite Song Became the World Cup’s Soundtrack” by Rory Smith

ပန်းချီများကို ခံစားကြည့်ခြင်းမှသည် - ကျော်မောင်(တိုင်းတာရေး)

ပန်းချီကို ကောင်းကောင်းမဆွဲတတ်။ ကောင်းကောင်းမဆွဲတတ် ဆိုသဖြင့် မကောင်းတကောင်းတော့ ဆွဲတတ်မှာပဲဟု ပြောလျှင် မှန်ကောင်းမှန်ပါလိမ့်မည်။ စိတ်ပါလာ၍ စိတ်လိုလက်ရ ဆွဲဖြစ်လိုက်သော ပုံများမှာ ကြည့်ရှုခံစားမိသူများ၏ အမြင်တွင် "အိုး ... ဆွဲထားတာ မိုက်လိုက်တာ" ဟု ဖြစ်သွားချင် ဖြစ်သွားပေလိမ့်မည်။ ဝန်ခံရပါမူ သူသည် ပန်းချီကို ကောင်းကောင်းမဆွဲတတ်။

ပန်းချီဆွဲရာတွင် အသုံးပြုသော ကိရိယာတန်ဆာပလာ အသုံးအဆောင်များကိုလည်း သေသေချာချာသူမသိ။ သေသေချာချာမသိဟု ဆိုခြင်းမှာလည်း မသေမချာတော့ သိတယ်ပေါ့ဟု မေးလျှင် ဟုတ်တယ် တချို့ဟာတွေသိတယ် သုံးတတ်တယ် သုံးဖူးတယ်ဆိုတာလောက် ပြန်ပြောနိုင်ပေလိမ့်မည်။
ကြာလာသည့်အခါ "ဒီကောင်က အဲဒီအပိုင်းမှာ အဖြစ်လောက်တော့ ရှိတဲ့သူ" ဟု အိမ်က လူကြီးတွေ၏ ချီးမွမ်းကြခြင်းကို ခံဖူးသည်အထိ အောင်မြင်ခဲ့သည်။ ပန်းချီတွင် ထိုသို့ အဖြစ် ရှိသောသူက ပန်းချီကားများတွေ့လျှင် အငမ်းမရ ကြည့်တတ်သည့် အထုံဝါသနာကလည်း ရှိနေပြန်သည်။ ပန်းချီကားတိုင်းကို ကြည့်တာလား ဆိုလျှင် ဟုတ်တယ် ဘာပဲဆွဲထားဆွဲထား ကြည့်တယ်ဟု သူဖြေပါလိမ့်မည်။
သူ့တိုင်းပြည်မှ ပန်းချီဆရာများ လာပြသော ပန်းချီကားများရှိသည့် အရောင်းပြခန်းကို မအားသည့်ကြားမှ အချိန်ပေးပြီး သူအရောက်သွားသည်။ တကားချင်းစီကို ထောင့်မျိုးစုံမှ အကွာအဝေးမျိုးစုံမှ ကြည့်သည်။ ပြခန်းရှိ ပန်းချီကားများကို သုံးလေးငါးခါပတ်ပြီး ကြည့်သည်။ တချို့ပန်းချီကားများကို ခံစားသည့်အခါ ထိုပန်းချီကို ဆွဲသည့် ပန်းချီဆွဲသူမဟုတ်သည့်အတွက် ပန်းချီကားမှပေးချင်သည့်ခံစားမှုကို သူမရ။ ဥပမာပြောရပါလျှင် ရှုခင်းပန်းချီကားထဲတွင် တောင်တန်းပါသည် ငှက်များပျံနေတာပါသည် စီးဆင်းနေသောမြစ်ပါသည် မြစ်ထဲတွင် ရွက်လှေပါသည် မြစ်ကမ်းနားတွင် ထိုင်ခုံပါသည်။ ပါနေကြများ ပါနေသော ပန်းချီကားတွင် ပန်းချီဆွဲသူက ဘာပေးချင်မှန်း သူမသိခဲ့။ (စာကြွင်း-သုံးခါမြောက်လှည့်ပတ်ကြည့်ရင်း ပန်းချီဆရာကို မေးကြည့်သည်မှ ရေးနည်းအသစ်ဖြင့် ရေးထားသည့် ပန်းချီဟု သိရပြီး အံ့အားသင့်မိသည်)။
ပန်းချီကားညာဖက်ထောင့်နားတွင် မြက်ပင်လည်း မဟုတ် ဝါးပင်လည်းမကျ ဖြစ်နေသော ကောက်ကောက်ကွေးကွေးခြစ်ထားတာပါသည်။ ထိုသို့ခြစ်ထားချင်သလို ခြစ်ထားသည်မှာ ပန်းချီကားကြည့်သူအတွက် အရသာပျက်စေသည်ဟု သူက ယူဆသည်။ သေသေချာချာလေ့လာကြည့်ပါမှ ထိုကောက်ကောက်ကွေးကွေးမှာ ပန်းချီဆွဲသူ၏ လက်မှတ်ဖြစ်ကြောင်း သိရသည်။
ပန်းချီဆွဲရာတွင် အဖြစ်ရှိသည်ဟု သူ့ကို ချီးမွမ်းကြရာမှ ပန်းချီကြည့်ရာတွင်လည်းအဖြစ်ရှိသူဟု ဆိုကြပေလိမ့်ဦးမည်။
ပန်းချီဆွဲမသင်ဘဲ ပန်းချီကားများကြည့်နည်းသင်တန်းကို တက်ဖို့ သူကြိုးစားဖူးသည်။ ပန်းချီဆွဲတတ်အောင် သင်မှာမဟုတ်ပါ၊ ပန်းချီကားတွေကို ဘယ်လိုကြည့်ရလဲဆိုတာသာ သင်ပေးတဲ့အတန်းလေးများ ရှိသလားဟု သူမေးလျှင် ဘယ်လိုအူကြောင်ကြောင်လူလည်းဟု အထင်ခံရနိုင်ပါသည်။ သူ့ကို နားလည်သည့် ပန်းချီပညာရှင်များ ရှိကောင်းရှိလိမ့်မည်။ ပန်းချီကားကြည့်ရှုခံစားနည်းအကြောင်းကို သူတို့ထံမှ သင်ခွင့်ရကောင်းရနိုင်သည်။
စာကြည့်တိုက်မှာ စာအုပ်ငှားရင်း အမှတ်မထင် ကောက်ငှားမိလိုက်သော စာအုပ်တအုပ်က သူလေ့လာချင်သောအပိုင်းကို ရေးပြထားတာဖြစ်ကောင်းဖြစ်နိုင်သည်။ စာမြည်းကြည့်လိုက်သည့်အခါ အတော်ကောင်းတဲ့စာအုပ်လေးတအုပ်ကို ငှားလိုက်မိတာပဲဟု သူ့ဖာသာသူ ချီးကျူးမိသွားသည်။ ခက်သည်မှာ ထိုစာအုပ်သည် အနောက်တိုင်းပန်းချီကားများအတွက်သာ ဖြစ်သည်။
ပန်းချီကားများကြည့်ရှုခံစားတတ်ဖို့ ရှေးဦးစွာ ဖတ်မိသည့်စာအုပ်နှစ်အုပ် သူ့မှာရှိသည်။ ဆရာပေါ်သစ်၏ အလှရှာတော်ပုံ နှင့် အလှရှာတော်ပုံ(၂) ဖြစ်သည်။ အလှရှာတော်ပုံ စာအုပ်တွင် တတိယအကြိမ်၊ ၂၀၁၅ ဟု ထုတ်ဝေကြိမ်နှင့် ခုနှစ်ကို တွေ့ရသည်။ အလှရှာတော်ပုံ(၂) တွင် ပထမအကြိမ်၊ ၂၀၁၆ ဟု တွေ့ရသည်။ အလှရှာတော်ပုံစာအုပ်ပါ အမှာစကားများနှင့် စာရေးသူ၏ ကျေးဇူးစကား (ပေါ်သစ် ဇွန် ၁ ရက်၊ ၁၉၆၇ ခုနှစ်) များကို ဖတ်ရသည်။ အမှတ်မထင် ဝယ်ယူခဲ့မိသော ဆရာပေါ်သစ်၏ ထိုစာအုပ်နှစ်အုပ်သည် ပန်းချီကားများကို မည်သို့ ကြည့်ရှုခံစားရမည်ကို သိလိုသော သူ့အား အကျိုးကျေးဇူးများစွာ ပေးပါသည်။
လီယိုနာဒို၏ မိုနာလီဇာကိုသာ သိသောသူသည် ဆရာပေါ်သစ်ရေးသည်ကို ဖတ်ရမှ လီယိုနာဒို၏ ဂျနီဗရာ ဒီဘင်ချီကို သိရသည်။ အင်တာနက်တွင် ရှာကြည့်ပြီး မိုနာလီဇာနှင့် ဘာကွာသလဲဟု စူးစမ်းမိသည်အထိ သူ့မှာဖြစ်ရသည်။ ဗာမီယာ ရေးဆွဲသော စားဖိုမှူးပန်းချီကားကို တွေ့ရပြီး ဗာမီယာ ရေးဆွဲခဲ့သည့် ပန်းချီကား ၃၆ ကားကို သူစိတ်ဝင်စားမိသည်။
ဆရာပေါ်သစ်သည် မြန်မာပန်းချီ အရှေ့ တိုင်းလက်ရာ အနောက်ပန်းချီတို့ကို ဝေဖန်ရေးပြသည်သာမက ပန်းချီပညာရှင်များအကြောင်းကိုပါ ဖွဲ့နွဲ့ပြခဲ့ပါသည်။ မြန်မာမိုနာလီဇာ ဆောင်းပါးတွင် ပုံတူပန်းချီကားရေးဆွဲသူ ပန်းချီဆရာကယ်လီအကြောင်းရေးပြထားသည့်အပိုင်းကို ဖတ်မိသည်။ ကယ်လီဆွဲသော ပန်းချီလက်ရာတခုတွင် လက်မဆွဲတတ်ဘူးဟု ဝေဖန်ခံရသည့်အတွက် ကယ်လီသည် လုစ်ပြတိုက်ကြီးသို့သွားကာ ပန်းချီကားကြီးများတွင်ပါသော လက်နေလက်ထားများကို ကူးဆွဲလေ့ကျင့်ပုံမှာ မှတ်သားထိုက်သည့် အဖြစ်အပျက်တခုဖြစ်သည်။
ဆရာပေါ်သစ်၏ ထိုဆောင်းပါးများစုစည်းထားသော စာအုပ်နှစ်အုပ်ဖတ်မိသည်တွင် ပြုလုပ်ချင်သော အရာတခုမှာ ထိုစာအုပ်နှစ်အုပ်တွင်ပါသော ပန်းချီကားမူရင်းများကို အင်တာနက်ထဲတွင် လိုက်လံရှာဖွေပြီး ဆရာ့ဆောင်းပါးများနှင့်တွဲကာ ပြန်လည်ဖတ်ရှုလေ့လာဖို့ဖြစ်သည်။ ထိုဆန္ဒမျိုးမှာ မြန်မာကဗျာများအကြောင်းရေးထားသော စာအုပ်တအုပ်ကို ဖတ်ပြီး ထိုစာအုပ်ထဲမှ ရှေးဟောင်းကဗျာများ၊ ရှားပါးကဗျာများကို ရှာဖွေရလွယ်ကူရန် ကူးယူသိမ်းဆည်းထားခြင်း အသံဖြင့် ဖတ်ရှုမှတ်တမ်းတင်ထားခြင်း စသည်တို့ ပြုလုပ်လျှင်ကောင်းမည်ဟု စိတ်ကူးရှိခဲ့ခြင်းမျိုးနှင့် ပုံစံတူပါလိမ့်မည်။
သူသည် ပန်းချီများကို ခံစားကြည့်ရှုရာတွင် ပန်းချီရေးဆွဲသူ၏ ရှုထောင့်မှ မခံစားဘဲ ပန်းချီကြည့်ရှုသူ၏ ရှုထောင့်မှ ခံစားတတ်ဖို့ကိုပင် အချိန်အတော်ကြာကြာ လေ့လာရဦးမည်ဖြစ်သည်ကို နားလည်သဘောပေါက်ထားပါသည်။
စာရွက်ပိုင်းတခုပေါ်တွင် ကလေးတယောက် ကြောင်ခြစ်ခြစ်ထားသော ပုံတပုံကို ကြည့်တတ်ဖို့ကလည်း ထိုပုံကို ခံစားတတ်သော အမြင်ရှိဖို့ အချိန်မည်မျှကြာအောင် ကြိုးစားရဦးမည်ဆိုသည်ကို သူမခန့်မှန်းတတ်သေးသည်မှာလည်း သူ၏ အားနည်းချက်တခု ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
၁၈-ဒီဇင်ဘာ-၂၀၂၂

ဂိုးပေါက်တွေ ချဲ့ရမယ် - ကျော်မောင်(တိုင်းတာရေး)

 

"ဂိုးပေါက်တွေ ချဲ့လိုက်ရမယ်"

"ခင်ဗျာ"
"အေး ဟုတ်တယ်၊ ဘောလုံးပွဲတွေ ပိုကြည့်ကောင်းအောင်ဆိုရင် ဂိုးပေါက်တွေ ချဲ့လိုက်ဖို့ လိုတယ်"
"အဖေက ဂိုးပေါက်တွေပဲချဲ့ဖို့ပြောနေ၊ ဂိုးပေါက်က သူ့ဖာသာသူနေပါစေ အဖေရ၊ အခုအတိုင်းလဲ ကြည့်ကောင်းနေတာပဲ မဟုတ်လား"
"မင်းက ဘောလုံးလဲ ဟုတ်တိပတ်တိကန်ဖူးတာမဟုတ်တဲ့အပြင် ဘောပွဲကြည့်ပါးလည်း ဝပုံမပေါ်ဘူး"
ထောက်ပြတာမှန်နေသည့်အတွက် ဘာမျှပြန်မပြောသာ။ ဂိုးပေါက်ချဲ့ရေးအားဘာကြောင့်မှန်းမသိ ဆန့်ကျင်မိသလိုဖြစ်သွားသည့်အတွက် ယူထားသည့်အဆိုကို ကိုယ်တိုင် ထောက်ခံဖို့အတွက် စကားလုံးများရှာနေစဉ်တွင် အဖေက ဆက်ပြောသည်။
"အခုကာလမှာ ဂိုးသမားတွေက ပိုတော်လာတယ်ကွ၊ နောက်တန်းကစားသမားတွေကလည်း ဖြတ်ထုတ်တာ ဂိုးမရအောင် ကာကွယ်ကြတာမှာ မြန်ဆန်လာတယ်၊ ညံ့လာတာက ဂိုးသွင်းညံ့လာကြတာပဲ၊ ဂိုးချော်ကြတာ ခဏခဏဖြစ်ကြတယ်၊ ပယ်နယ်တီမှာလည်း ဂိုးဝင်အောင် မသွင်းနိုင်ကြဘူး၊ နောက်တခါ အသင်းတသင်းသင်းက ဗွေဆော်ဦးဂိုးရသွားပြီဆိုရင် ဂိုးပိတ်ကစားကြတာမျိုး ကစားတာနဲ့ ကစားပွဲဟာ ဘယ်လိုမှ ကြည့်မကောင်းတော့ဘူး"
"ဒါတွေကြောင့် ဂိုးတိုင်တွေချဲ့ဖို့လိုတယ်လို့ အဖေဆိုလိုချင်တာလား"
"အေးကွ၊ နောက်အကြောင်းပြချက်တွေလည်း အများကြီးရှိသေးတယ်"
"ကျနော် ပြောကြည့်မယ် အဖေ။ နှစ်ဖက်အသင်းဟာ ခြေညီနေတဲ့အခါ၊ အခုဆိုရင် ဘယ်သူ့ဘယ်သူမှ ဂိုးမသွင်းနိုင်သေးဘူးခင်ဗျလို့ ဘောပွဲကြေညာသူပြောသလို ဖြစ်နေတဲ့အခါ ကြည့်ရတာ ပျင်းစရာကောင်းသလိုဖြစ်နေတတ်တယ်"
"ဟုတ်တယ်"
အဖေက ဟုတ်တယ်ဟု စကားထောက်ပေးသည့်အခါ အားတက်လာပြီး အဝေးက ဘောလုံးကို အပြေးကန်လိုက်သလို လျှာခလုတ်တိုက်မတတ်ဆက်ပြောသည်
"နောက်တချက်ကတော့ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတွေ ကစားပွဲမှာ ထိခိုက်နာကျင်ပြီး လူစားလဲခံရတဲ့အခါ"
"ဒါလည်း ဟုတ်တယ်"
"တဖက်အသင်းက တလုံးအသာနဲ့ နိုင်နေချိန် ရှုံးနေတဲ့အသင်းက ချေပဂိုးသွင်းဖို့ခွင့်မသာတဲ့အခါ ရှုံးမဲမဲတယ်လို့ပြောကြသလိုမျိုး ညစ်တွန်းတွန်းပြီး ကြမ်းကြမ်းတမ်းတမ်းကစားနေတဲ့အခါ"
"မင်းပြောတာတွေ ငါသဘောတူပါတယ်"
"အဖေ သဘောတူပေမယ့် ဒီအချက်တွေကြောင့်မို့လို့ လက်ခံထားပြီးသား ဂိုးပေါက်အတိုင်းအတာကို ချဲ့ရမယ်ဆိုတာမျိုးကတော့ သိပ်ဘဝင်မကျဘူးခင်ဗျ"
အဖေက သူသောက်နေကျ ရေနွေးခွက်ကိုကိုင်ကာ မီးဖိုချောင်ဖက်ထသွားသည်။ ဒါက အဖေရဲ့ နည်းပညာဖြစ်ပုံရသည်။ သားဖြစ်သူကို ချေပဖို့ ရေနွေးထပ်သွားထည့်ရင်း လမ်းမှာ စဉ်းစားသွားပုံရသည်ထင်။ ထင်တာလွဲသည်။ အဖေက ပေါ့ပါးသွက်လက်စွာ မြန်မြန်ဆန်ဆန်ပြန်ရောက်လာပြီး
"ငါက ဂိုးပေါက်ချဲ့ဖို့ပဲ ပြောတာ၊ ဘယ်လိုချဲ့မလည်းဆိုတာ မင်းတို့လူငယ်တွေ ဆက်စဉ်းစားကြပေါ့"
ရေနွေးခွက်ထဲမှ အငွေ့တထောင်းထောင်းထနေသောရေနွေးကို တချက်နှစ်ချက်မှုတ်သောက်လိုက်ရင်း သူက ဆက်ပြောသည်။
"ချဲ့တာ မချဲ့တာ သဘောတူဖို့ မတူဖို့ အခုက ဆွေးနွေးနေကြတာမဟုတ်ဘူးလေကွာ၊ ချဲ့ပြီဆိုတဲ့အခါ ဘယ်လိုချဲ့မှာလဲဆိုတာကို ဆက်တွေးဖို့ပြောတာ"
"မဟုတ်ဘူးလေ အဖေရ၊ ဂိုးပေါက်သာ ချဲ့လိုက်မယ်ဆိုရင် ဘက်စကတ်ဘောလို ဂိုးတွေ တလုံးပြီးတလုံးသွင်းကုန်ကြမှာပေါ့"
"ဘက်စကတ်ဘောလို ဖြစ်ကုန်မှာပဲလို့ထင်ရင် မှားမှာပဲ၊ ကစားနည်းလည်း မတူ၊ ကွင်းလည်း မတူ၊ ဘာမှ မတူပါဘူးကွာ၊ သုံးတဲ့ ဘောတောင် မတူတဲ့ဟာ"
"ဟုတ်ပြီ အဖေ၊ ချဲ့ပြီဆိုရင် ဘေးတိုင်နှစ်ဖက်ကိုပဲ ချဲ့မှာလား၊ ဂိုးဘားတန်းကို နည်းနည်းမြင့်လိုက်မှာလား"
"အေးလေကွာ၊ ငါ ခုနက ပြောခဲ့ပြီပဲ၊ ဘယ်လိုချဲ့မလဲဆိုတာ မင်းတို့တွေးကြဆိုတာ၊ ငါက ချဲ့ဖို့လိုတယ်ဆိုတာပဲ ပြောတာ၊ ချဲ့လိုက်ရင်တော့ အချိန်ပိုကစားကြတယ်ဆိုတာမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ ကဲ အိပ်ချိန်တောင် ကျော်နေပြီ၊ မနက်စောစောထ၊ သွား သွား သွားအိပ်တော့"
အိပ်ရာထဲရောက်သည်အထိ ဂိုးချဲ့ရေး မချဲ့ရေးကို ပြန်တွေးရင်း အိပ်မရ။အိပ်မက်ထဲမှာ ဖီဖာအဖွဲ့ချုပ်ပြုလုပ်နေသော အစည်းအဝေးတခုတွင် ဂိုးပေါက်ချဲ့ရေး မချဲ့ရေးအတွက် မဲခွဲနေကြသည်ဟု မြင်မက်မိလေသည်။ နာမည်ကျော် ဂိုးသွင်းဘုရင်များ၊ ဂိုးဖမ်းသမားများနှင့် သူတို့၏ ပရိသတ်များမှာ ဂိုးမချဲ့ရေးအတွက် ကြွေးကြော်နေကြပြီး ကျန်သူများကမူ ဂိုးပေါက်သာ ချဲ့ခွင့်ပေးလိုက်ပါက မည်သို့သော အကျိုးဆက်များ ရရှိလာနိုင်မည်ကို တွက်ချက်အဖြေထုတ် စူးစမ်းနေကြပေလေသတည်း။
၁၃-ဒီဇင်ဘာ-၂၀၂၂

လုံးတဲ့ဘော - ကျော်မောင်(တိုင်းတာရေး)

ဘယ်အသင်းက ညာအသင်းကို အနိုင်ကန်ပြီး နောက်တဆင့် ဖြစ်တဲ့ ၁၆ သင်းထဲပါသွားပြီ၊ ဟိုအသင်းရဲ့ အငြင်းပွါးဖွယ်ရသွားတဲ့ဂိုးကြောင့် အသင်းကြီးတသင်း ဘိုင့်ဘိုင်ပြသွားရပြီ၊ နာမည်ကျော်ကစားသမား(ကြီး)ပါတဲ့အသင်းကို အနိုင်ကန်ခဲ့လို့ သူ့တို့နိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် ဂုဏ်ပြုပြီ၊ ဒီလို သတင်းတွေဟာ ခုတလောမှာ တွေ့မြင်ရနေတဲ့ သတင်းတွေဖြစ်တယ်။ ကမ္ဘာကပေးတဲ့ ဖလားဆိုတော့လည်း မက်ကြတာပါပဲ။ ပရိသတ်ကလည်း အားပေးကြမ်းကြလေသည်ပေါ့။ အာရှ အသင်းတွေဟာ အားပေးလို့တန်တယ်လို့ ပြောရလောက်အောင်လည်း ခြေစွမ်းပြနိုင်နေကြတာဖြစ်တယ်။

အဲဒါနဲ့ စိတ်ကူးယဉ်ခိုင်းကြည့်တယ်။
တကယ်လို့များ အာရှအသင်းထဲက တသင်းသင်းများ ဖလားကြီးရသွားခဲ့ရင်ဆိုတာမျိုး။
မဖြစ်နိုင်ဘူးလို့များ ထင်လို့ရမတဲ့လား။ ဖြစ်နိုင်တာပဲ။ ပြောကြတာရှိတယ် "ဘောလုံးဆိုတာ အလုံးကြီး" ဆိုတာ။ အပြတ်အသတ်နိုင်မယ်လို့ ကိုယ်မှန်းထားတဲ့အသင်းကြီးတွေ ဘောပွဲမှာ မရှုမလှ ရှုံးတဲ့အခါ ပြောတတ်ကြတယ်။ ဘောလုံးလုံးရတာနဲ့ အာရှအသင်းတသင်း ဖလားကြီးပိုင်ဖို့ဆိုတာ ဘယ်လိုဆိုင်ပါလိမ့်။
ဆိုင်အောင် ပြောရရင်တော့ ဘောလုံးဟာ လုံးသွားပြီး ကမ္ဘာကြီးဟာ ပြားသွားတာနဲ့ ဆိုင်တယ်ဆိုရမယ်။ တကယ်ကတော့ ကမ္ဘာကြီးဟာလည်း လုံးလုံးလျားလျားကြီး ပြားသွားတာမျိုးတော့ ဟုတ်ဟန်မတူဘူး။ ဘာကြောင့်ဆို ကိုဗစ်နာလန်ထ ကမ္ဘာဟာ ဘောလုံးပွဲတွေကိုတော့ စိတ်ဝင်စားပြီး ကွင်းထဲမှာ ဘောလုံးကဲ့သို့ အကန်ခံနေရတဲ့ လူသားတွေရဲ့ ဒုက္ခတွေကို မသိချင်ယောင်ဆောင်နေတာကြောင့်ဖြစ်တယ်။
ဘောပွဲကြောင့် ကမ္ဘာကြီးရဲ့ စီးပွားရေးတွေ ကျန်းမာရေးတွေ ပိုကောင်းလာနိုင်သလား။ ဘောပွဲကြောင့် လူတွေဟာ ပိုပြီး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်ဖြစ်သွားနိုင်သလား။ ဘောပွဲမှာ နိုင်သွားတာနဲ့အဲဒီနိုင်ငံက ဘာများပိုထူးသွားမလဲ။ ဘောကြည့်ပရိသတ်ကရော ဟိုဟိုဒီဒီကန်နေတဲ့ဘောပွဲကို မိနစ် ၉၀ ကြာကြာ အားပေးလိုက်ပြီးတဲ့အခါ အခုတလော ပြောပြောနေတဲ့ "မွန်းကျပ်မှုတွေကို ဖြေလျော့တာပါ"လို့ ပြောပြီး တကယ်ပဲ အဲဒီ မွန်းကျပ်မှုတွေဟာ ဖြေလျော့သွားနိုင်သလား။
ဆိုးတာကတော့ ဘောပွဲလောင်းတဲ့ လောင်းကစားသမားတွေပဲဖြစ်တယ်။ ဘောပွဲကြည့်တာတောင် လောဘကြီးကြီးပိုက်ထားပြီး ကြည့်ကြသူတွေပေါ့။ ငါ လောင်းထားတဲ့အသင်းနိုင်ပါစေ၊ တဖက်အသင်း ရှုံးပါစေဆိုတဲ့စိတ်နဲ့ ဘောပွဲကို ကြည့်ကြသူတွေဖြစ်တယ်။ ဒါမှမဟုတ်ရင်လည်း သူတို့ဟာ ဘောပွဲကို ရိုးရိုးမကြည့်ဘဲ စိတ်လှုပ်ရှားစွာကြည့်နိုင်အောင် ငွေနည်းနည်းပါးပါးလောင်းထားပြီး ကြည့်ကြပုံရတယ်။ လောင်းမှတော့ ကိုယ်လောင်းထားတဲ့အသင်းနိုင်ဖို့ စိတ်ထဲဆုတောင်းနေကြပြီး ကြည့်မှာဖြစ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အခုဖလားလုကြတဲ့ပွဲမှာ အာရှက အသင်းတသင်းသင်းကနေ အနိုင်လုနိုင်ဖို့ မျှော်လင့်ရမှာပဲ။ မျှော်လင့်သလိုသာ အာရှအသင်းက ဖလားလုနိုင်ခဲ့ရင် ပြောကြဆိုကြ ရေးသားကြ ဝေဖန်ကြ ချီးမွမ်းကြ ကဲ့ရဲ့ကြမယ့်စကားတွေ စာတွေလည်း နည်းမှာ မဟုတ်ပါ။
ကြံကြံဖန်ဖန် တွေးကြည့်တာတခုမှာ အသက်ငါးနှစ်အောက် ကမ္ဘာ့ဖလားသာကျင်းပပေးလိုက်ရင် ဘောပိုက်မွေးလာတယ်ဆိုတာရှိတဲ့ကလေးတွေ နိုင်ငံကသာ အနိုင်ရမှာ ဖြစ်ဖို့များတယ်။
ကလေးတွေကန်ဖို့ဆိုတဲ့အခါ လက်ရှိဘောကွင်းကို ဘယ်လောက်ကျဉ်းပေးရမလဲဆိုတာလည်း တွက်ချက်ကြည့်ဖို့ကောင်းတယ်။ ဂိုးတိုင်တွေကိုတော့ ဒီအတိုင်းထားရင် ကောင်းပါလိမ့်မယ်။ ဂိုးဖမ်းသမားကို နှစ်ယောက်ထားချင် ထား။ ကလေးဘောပွဲဆိုတဲ့အခါ ကလေးဒိုင်တွေပဲ အဆုံးအဖြတ်ပေးရမှာဖြစ်တယ်။ အဲဒီအခါ ပရိသတ်ကိုလည်း ဆယ်နှစ်အထက်များ ပေးမဝင်ရဆိုပြီး ကလေးများသာကြည့်ရန်လို့ လုပ်ချင်လည်း လုပ်ရမှာပဲ။ ကလေးဖလားဆိုပြီး ကန်တဲ့အခါ ဒီပွဲတွေကို အလောင်းအစားမလုပ်ဖို့ကိုလည်း စာတွေဘာတွေထုတ်ရမှာပဲ။ မက်ဆီတို့ ဒိုလေးတို့ထက် ခြေစွမ်းပြနိုင်တဲ့ ကလေးဘောသမားလေးတွေလည်း ပေါ်ပေါက်လာနိုင်တာပါပဲ။
တခုပါပဲ။
ဘောလုံးကို ဘယ်လောက်အထိ သေးအောင် ထားလိုက်မလဲဆိုတာ ဝိုင်းစဉ်းစားထားပေးကြဖို့ပါပဲ။
"ဘောလုံးဆိုတာ အလုံးကြီး" လို့ဆိုသတဲ့။
၃-ဒီဇင်ဘာ-၂၀၂၂

အခင်းအကျင်း - ကျော်မောင်(တိုင်းတာရေး)

အိမ်မှ မနက်စောစောထွက်သွားပြီး ညဖက်အိမ်ပြန်ရောက်သည့်အခါ အိမ်သည် နေဖူးသည့်အိမ်နှင့်မတူသကဲ့သို့ ရှိနေသည်ကို မြင်တွေ့ခံစားရသည်။ ညာဖက်တွင်ရှိခဲ့သည့် ထိုင်ခုံရှည်နှင့် စားပွဲတို့မှာ ဘယ်ဖက်သို့ရောက်သွားပြီး ‌ချောင်ထဲတွင်ရှိခဲ့သည့်စာကြည့်စားပွဲက အလင်းရောင်ပိုရသည့်အိမ်ရှေ့ပြတင်းပေါက်နားတွင် နေရာယူသွားသည်။ ဧည့်ခန်းမှာ အနည်းငယ်ကျယ်သွားသည့်နှယ် ဖြစ်လာသည်။ ပြတင်းပေါက်ခန်းဆီးများသည်လည်း မတွေ့ဖူးသည့် ခန်းဆီးများဖြစ်နေသည်။
ပါးပြင်နှစ်ဖက်ဝယ် သနပ်ခါးအဖွေးသားနှင့်အမေက တီဗီကြည့်နေရင်း လှမ်းပြုံးပြတော့မှ နားလည်သွားရသည်။ အမေက ဧည့်ခန်းကို တလတခါလောက် ဟိုပြောင်းဒီရွှေ့လုပ်ပြီး အမြင်သစ်ဖြစ်စေသည့် အလေ့အကျင့်ရှိသည်။ ထိုင်ခုံများ စားပွဲခုံများကို အိမ်ရှိ တယောက်ယောက်အကူအညီယူပြီး ရွှေ့ခြင်းဖြစ်သည်။ အပြင်မထွက်ဘဲ အိမ်မှာနေရင်း အားနေသည့်အခါမျိုးနှင့် ကြုံကြိုက်လျှင် အမေခိုင်းသည်ကို ပြုံးပြုံးရွှင်ရွှင်ဖြင့် ကူညီလုပ်ကိုင်ရသည်။
တခါတလေတွင် အမေက "သားရေ အမေ့ကို ဒီခန်းဆီးတွေ သွားလဲပေးထား"ဟု ဈေးက ဝယ်လာသည့်ခန်းဆီးသစ်များကို လှမ်းပေးပြီးပြောလျှင် ခန်းဆီးလဲပြီးသည့်နောက်၌ ထိုင်ခုံတလုံးဖြစ်ဖြစ် စားပွဲတလုံးဖြစ်ဖြစ်ကို နေရာပြောင်းပေးရမည့်အလုပ်သည် ကပ်ပါလာမည် ဖြစ်သည်ကား မမေးဘဲ အလိုလိုသိရှိနေပြီးဖြစ်ပါသည်။
ထူးဆန်းသည့်အချက်မှာ ထိုင်ခုံလေးတလုံး စားပွဲလေးတလုံးပြောင်းလိုက်ရုံဖြင့် ခန်းဆီးအသစ်လေးပြောင်းလိုက်ရုံဖြင့် အိမ်တွင်းအပြင်အဆင်သည် အမြင်ဆန်းသလိုဖြစ်ကာ သစ်သစ်လွင်လွင်ဖြစ်သွားခြင်းပင် ဖြစ်သည်။
အမေ့ကို အားကျပြီး အမေလုပ်သလို ဟိုခုံ ဒီရွှေ့ ဒီစားပွဲ ဟိုရွှေ့နှင့် ဟိုပြောင်းဒီရွှေ့လုပ်ကြည့်သည်။ စိတ်တိုင်းမကျသည့်အပြင် တခုခုလိုနေသလို ခံစားမိသည်။ ရွှေ့ပြီးသည့်အခါမှ ဒီပစ္စည်းဟာ ဒီနေရာမှာ ထားလိုက်တာဟာ မလိုက်ဖက်၊ ဟိုပစ္စည်းကသာ ဒီနေရာမှာ လာထားလိုက်ရမှာဟု မတင်မကျတွေးကြံမှုတွေ ဖြစ်ရပြန်သည်။
နာမည်ကြီးကုန်တိုက်ကြီးတခု၏ လုပ်ထုံးလုပ်နည်းကို အကြောင်းသင့်ရင်းလေ့လာခွင့်ရသည့်အခါမှ ဟိုပြောင်းဒီရွှေ့လုပ်ခြင်း၏ ပညာပိုင်းနှင့် အကျိုးဆက်ကို အနည်းငယ်မျှသဘောပေါက်နားလည်ခဲ့ရပါသည်။ ညဖက်ကုန်တိုက်မပိတ်မီ ငါးမိနစ် ဆယ်မိနစ်အချိန်သည် ကုန်တိုက်တွင်းရှိ ဆိုင်ရာဆိုင်ရာ အရောင်းမန်နေဂျာများ၏ အဖိုးတန်မိနစ်များဖြစ်သည်။ မန်နေဂျာများမှာ ဘယ်ပစ္စည်းကို ဘယ်မှာလာထားစသည်ဖြင့် ဝန်ထမ်းများကို ပါးစပ်ကလည်း ပြော၊ ကိုယ်တိုင်လည်း ဝင်လုပ်ဖြင့် ငါးမိနစ် ဆယ်မိနစ်အတွင်းတွင် အဆင်အပြင်ပြောင်းလဲမှုကို သွက်သွက်လက်လက်ပြောင်းလဲကြရသည်။
အဝတ်အထည်ရောင်းသည့်နေရာများမှာ ပြောင်းလဲမှု အများဆုံးပြုလုပ်ကြသော နေရာများဖြစ်သည်။ တွေ့ဖူးသည့် အဝတ်အထည်ရောင်းသည့်ဆိုင်တဆိုင်ရှိ ဝန်ထမ်းများမှာမူ ဆိုင်မပိတ်ခင် ဆယ်မိနစ် ငါးမိနစ်လောက်တွင် ပြောင်းလဲမှုလုပ်ကြသည့် အထက်ကကုန်တိုက်ကြီး၏ လုပ်ထုံးလုပ်နည်းပုံစံကို ဆန့်ကျင်ကြပုံပေါ်ပါသည်။ သူတို့မှာ အငြိမ်နေသည်မရှိ၊ ဝယ်သူများကိုလည်း ဟိုဝတ်စုံက ပိုလိုက်တယ်၊ ဒါလေးကတော့ ပိုလှတာပေါ့ပြောရင်း ရောင်းရင်း လက်ထဲမှာလည်းအဝတ်အထည်တခုခုကို ကိုင်ကာ ဒီစင်ကဟာ ဟိုစင်တွင် သွားချိတ်လိုက်၊ ဟိုစင်ကဟာ ဒီစင်မှာ လာချိတ်လိုက်ဖြင့် အမြဲအလုပ်များနေကြလေသည်။ ပြောင်းလဲမှုနှင့်ပတ်သက်ပြီး သူတို့ဆိုင်မှာလည်း သူတို့မူဖြင့် သူတို့ ရှိပုံရသည်။
စာကြည့်တိုက်များတွင် စာအုပ်များကို ဟိုပြောင်းဒီရွှေ့လုပ်ခြင်းကိုမူ သိပ်မနှစ်သက်လှပါ။ စာကြည့်တိုက်ရောက်ခိုက် ထိုတခေါက်တွင် မငှားဖြစ်သည့်အခါ ငှားချင်သည့်စာအုပ်ရှိသည့်နေရာ(စာအုပ်စင်)ကိုမှတ်ထားလိုက်သည်။ နောက်တခါသွားသည့်အခါ မှတ်ထားခဲ့သည့်စာအုပ်စင်တွင်လိုချင်သည့်စာအုပ်မရှိတော့သည်သာမက စာအုပ်စင်တစင်လုံးရှိစာအုပ်များပါ ပြောင်းခံရသည့်အထဲတွင် ပါသွားသည်ကို သတိထားမိသည်။ စာကြည့်တိုက်ဝန်ထမ်းများကို မေးမြန်းကြည့်မှ ပြောင်းရွှေ့သွားသည့်နေရာကို သိရသည်။ ထိုစာကြည့်တိုက်များတွင်လည်း ပြောင်းရွှေ့ရခြင်းအကြောင်းရှိပုံရပါသည်။ မမေးမိ၍ အကြောင်းကို မသိခဲ့ပါ။
တချို့တချို့သော စက်ရုံ အလုပ်ရုံများတွင် နေရာထားသိုပုံ၊ ရုံးခန်း အဆင်အပြင်နေရာချထားပုံ စသည်တို့နှင့်ပတ်သက်ပြီး အဆင်ပြေသလို အလွယ်တကူလုပ်လေ့မရှိဘဲ ထိုနည်းပညာနှင့်ပတ်သက်၍အထူးကျွမ်းကျင်သော ပြင်ပပညာရှင်များကို ငှားရမ်းကာ သေသေချာချာပြင်ဆင်ကြလေ့ရှိသည်။ ကရိန်းများ ဝန်တင်စက်များသုံးပြီး အတင်အချပြုလုပ်ကာ ပစ္စည်းများနေရာချရသည့်အလုပ်မျိုးဆိုလျှင် နေရာချထားပြီးပါက အလွယ်တကူ ပြောင်းရွှေ့ရန် ခက်ခဲသည်။
စစ်တုရင်ပြိုင်ပွဲတခုတွင် မြင်ဖူးလိုက်ရသည့်အငြင်းပွားမှုတခုမှာ ရွှေ့မရသည့် အရုပ်ကို လက်ဖြင့်ထိမိသည်မှ စသည်။ ကိုင်ကောင်ရွှေ့ ဟူသော စည်းမျဉ်းကိုကိုင်ကာ တဖက်က ကစားသမားမှ စောဒကတက်သည်။ အရုပ်ထိမိသော ကစားသမားမှလည်း မတော်တဆထိမိတာဟု အကြောင်းပြသည်။ ထိမိသော အရုပ်မှာလည်း ရွှေ့လို့မရသည့် အရုပ်ဖြစ်သည်ဟု ဆိုသည်။ ကျောင်းပေါင်းစုံ မြို့နယ်အဆင့်ကစားသောပွဲဖြစ်သည်။ မတော်တဆထိမိသော ကစားသမားကို တလှည့်လျော့စေခြင်းဖြင့် ကြီးကြပ်သူဆရာများက ဆုံးဖြတ်ပေးခဲ့ကြသည်။ တလှည့်လျော့ခံရသော ကစားသမားသာမက ပွဲကြည့်သူ တခြားကစားသမားများကပါ ထိုဆုံးဖြတ်ချက်ကို မကျေလည်ကြပါ။ ရွှေ့မရသော အရုပ်ကို ကိုင်မိပါက တလှည့်လျော့ဖို့ လို မလိုကို ထိုစဉ်က ကိုင်ကောင်ရွှေ့စည်းမျဉ်းတွင် ဖော်ပြထား မထား မသိပါ။ ကြီးကြပ်သူများ ဆုံးဖြတ်သည်ကို ဘဝင်မကျသည်တွင် မတော်တဆကိုင်မိသော ကစားသမားကိုလည်း ဘာကြောင့် လက်အငြိမ်မနေနိုင်ဘဲ သွားကိုင်ရသလဲဟု ကရုဏာဒေါသောဖြစ်ကြရပြန်ပါသည်။
လောကတွင် ရွှေ့ပြောင်းရ လွယ်ကူသော အရာများရှိသော်လည်း ရွှေ့ပြောင်းရ မလွယ်ကူသော အရာများလည်း ရှိကြပါလားဟူသော အသိကို ရခဲ့သည်ကသာ အမြတ်ရသည်ဟု ပြောနိုင်ပါသည်။
အမေက "သားရေ ခန်းဆီးလဲလိုက်စမ်းပါ"ဟု ပြောလျှင် မဆိုင်းမတွထကာ လဲပေးဖို့ အဆင်သင့်ဖြစ်နေမိသည်။ ခန်းဆီးလဲပြီးလျှင် ပရိဘောဂတခုခုကို ရွှေ့ဖို့ အမေက ခိုင်းဦးမည်။ အမေခိုင်းမည်ထက် ဘယ်ပရိဘောဂကို ဘယ်နေရာမှာပြောင်းလိုက်မည်လည်းဆိုသည်ကို ပိုမိုစိတ်ဝင်စားနေမိသည်။ ခုံလေးတခုံပြောင်းလိုက်သည်နှင့် အိမ်ခန်းတခန်းလုံးကို မြင်ရသောအမြင် ပြောင်းလဲသွားနိုင်ခြင်းအဖြစ်သည် ပညာပါသည်။ ထိုပညာကို မသင်လိုက်ရသဖြင့် (တနည်း) သင်ဖို့အခွင့်မသာတော့သဖြင့် အိမ်ခန်းတွင်းရှိ ဟိုဟိုဒီဒီပစ္စည်းများကို စိတ်ထဲက ရွှေ့ကြည့်ရင်း အလိုမကျဖြစ်လိုက် ပြန်ထားလိုက်၊ ထပ်ရွှေ့လိုက်ဖြင့် စိတ်အလုပ်များနေမိပါတော့သည်။
၃၀-နိုဝင်ဘာ-၂၀၂၂

မလွမ်းကြေး - ကျော်မောင်(တိုင်းတာရေး)

တခါမှာ ဒီလိုပြောတာ ကြုံခဲ့ရဖူးတယ်။ အိမ်ကို ကိစ္စတခုနဲ့ ရက်အတော်ကြာကြာတည်းတဲ့ နယ်က ဧည့်သည်တယောက်ရဲ့ မှတ်ချက်ဖြစ်တယ်။ သူက ဗေဒင်ဆရာလည်းဖြစ်တယ်။ သူတွက်ပေးတဲ့ဗေဒင်က တသက်စာဟောချက်လိုမျိုး အရှည်ကြီးဖြစ်တယ်။ အဖေနဲ့အမေကို တွက်ပေးတာမှာ တော်တော်များများဟာ မှန်ကန်နေတယ်ဆိုတာ တွေ့ရတယ်။ တွက်ပုံကတော့ ပြီးခဲ့တဲ့နှစ်များမှာ ကာယကံရှင်ဟာ ဘာဖြစ်ခဲ့တယ် ဟုတ်ပါသလားဆိုတာမျိုးကနေ အခုဘာဖြစ်နေတယ် နောက်ဘာဆက်ဖြစ်မယ်ဆိုတာမျိုးကို သူ့ပညာရပ်နဲ့ သုံးသပ်ပြီး လျှောက်လွှာစာရွက်ပေါ်မှာ ရေးပြသွားတာမျိုးဖြစ်တယ်။ အဲဒီဟောချက်တွေကို အဖေက သေသေချာချာ ဖိုင်တွဲထားပြီး သိမ်းထားတယ်။ နှစ်ပေါင်း(၃၅)နှစ်ကျော်လောက်ကြာပြီဆိုတော့ စာရွက်တွေကလည်း ဝါကျင့်ကျင့်ဖြစ်နေလောက်ပြီထင်တယ်။

အဲဒီဗေဒင်ဆရာက ပြောဖူးတာက ဒီလို။ အိမ်မှာ သီချင်းနားထောင်တဲ့အခါ အဲဒီကာလတုန်းက နာမည်ကြီးတဲ့သီချင်းတချို့(အများအားဖြင့် အလွမ်းသီချင်းတွေ)ကို ကက်ဆက်ဖွင့်နားထောင်ကြတယ်။ လိုက်ဆိုကြတဲ့အခါ သူက ပြောတာရှိတယ်။
"ဖြစ်နိုင်ရင် အလွမ်းသီချင်းတွေကို ဆိုလည်း မဆိုသင့်ဘူး၊ နားလည်း မထောင်သင့်ဘူး၊ ပျော်ရွှင်စေမယ့်သီချင်းတွေပဲ နားထောင်တာ ဆိုကြတာကောင်းတယ်" တဲ့။
အဲဒီလို မှတ်ချက်ပေးတဲ့စကားကို အဲဒီတုန်းက ခါးခါးသီးသီး ဆန့်ကျင်ခဲ့ဖူးတယ်။
"အလွမ်းသီချင်းတွေက နားထောင်ကောင်းတယ်ဗျ၊ အလွမ်းဓါတ်ခံရှိမှ ခံစားလို့ရတာ" ဆိုတာမျိုး ပြန်ပြောခဲ့ဖူးတယ်။
တဆက်တည်းမှာပဲ သူဟာ နယ်သူနယ်သားဖြစ်လို့ မြို့သူမြို့သားတွေရဲ့ လွမ်းချင်းဂီတသံကို နားမခံနိုင်တာပဲဖြစ်မယ်လို့ စိတ်ထဲမှာ လှောင်ပြောင်သလိုဖြစ်ခဲ့ဖူးတယ်။
အမှန်က လွမ်းတဲ့စိတ်နဲ့ လှုပ်ရှားနေရတာထက် ပျော်ရွှင်ပေါ့ပါးတဲ့စိတ်မျိုးနဲ့ လှုပ်ရှားနေရတာက ပိုမိုအလုပ်ဖြစ်စေတယ်။ အတော်ရင်းနှီးတဲ့မိတ်ဆွေတယောက်ကဆို ဟိုးတုန်းကတည်းက ဒီလိုမျိုး ပြောခဲ့ဖူးတယ်။
" ငါက ဗီဒီယိုကြည့်ကြည့် ရုပ်ရှင်ကြည့်ကြည့် ဟာသကားတွေ ရယ်စရာတွေပဲကြည့်တယ်၊ စာဖတ်လည်း ရယ်ရတဲ့စာတွေပဲ ဖတ်တယ်၊ ဘဝမှာ အချိန်မရတဲ့အထဲကွာ၊ အလွမ်းကားကြည့်ပြီး အလွမ်းဝတ္ထုတွေဖတ်ပြီး စိတ်ထဲမကောင်းဖြစ်၊ ဒါကြီးပြန်ပြန်တွေးပြီး ထပ်စိတ်မကောင်းဖြစ်နဲ့ ဘယ်မှာ ကောင်းကောင်းမွန်မွန် တက်တက်ကြွကြွ လှုပ်ရှားလို့ရမှာလဲ။ ဟာသကားကြည့်ပြီးသွားတဲ့အခါ အားပါးတရ ရယ်လိုက်ပြီးရင် လူလည်း လန်းဆန်းသွားတာပဲ၊ မင်းတို့လည်း ဇာတ်ကားကြည့်ရင် ရယ်စရာတွေပဲကြည့်ကြ၊ စာဖတ်ရင်လည်း ပျော်ရမယ့်ဟာတွေပဲဖတ်ကြ"
သူဒီလိုပြောတာကိုလည်း "ရယ်စရာကားတွေက ပေါတောတောတွေပါဗျာ၊ ကလိထိုးရယ်ခိုင်းနေတဲ့ဟာတွေပါ၊ အလွမ်းဝတ္ထုတွေက ဖီးလ်ဗျ၊ ဖတ်ပြီးရင် လည်ချောင်းထဲဆို့နင့်သွားတာပဲ၊ ဒါတွေကိုပြောပြလည်း နားလည်မှာမဟုတ်ပါဘူး" ဆိုပြီး မကျေမနပ်ပြောခဲ့ဖူးတယ်။
"စားကောင်းတဲ့အစားအသောက်စားရရင် ကိုယ်ချစ်ခင်တဲ့သူကို သတိရတယ်" ဆိုတာမျိုး ကြားဖူးကြပါလိမ့်မယ်။ ကိုယ်ချစ်ခင်တဲ့သူဟာ အနားမှာမရှိတော့ရင်၊ ဒါမှမဟုတ် ဘယ်လိုမှ ဆက်သွယ်လို့မရတော့တဲ့ ဘဝခြားကို ရောက်သွားရင် သတိရခြင်းကနေ အလွမ်းဆိုတာ ဖြစ်လာတော့တာပါပဲ။
"စားကောင်းတဲ့အစားအသောက်စားရရင်" ဆိုတဲ့နေရာမှာ တချို့စကားလုံးလေးတွေထည့်ကြည့်လို့ရပါတယ်။ "နေလို့ကောင်းတဲ့ သာယာရွှင်ပျော်ဖွယ်နေရာ" "ဖတ်လို့ကောင်းတဲ့စာအုပ်" "နားထောင်လို့ကောင်းတဲ့တေးသံ" "တန်ဖိုးရှိတဲ့တရား" စသဖြင့်ပေါ့။
သတိရခြင်းကနေ အလွမ်းဆိုတာ ဖြစ်လာတဲ့အခါ ဒီအလွမ်းကြီးကို ရင်ခွင်ထဲပိုက်ထားမလား၊ ဒီအလွမ်းကြီးနဲ့ နေ့စဉ်ပုံမှန်လှုပ်ရှားနေမလား။
မလွမ်းကြေး မိတ်ဆွေ၊ မလွမ်းကြေး။
ခင်ဗျားမှာ လွမ်းစိတ်လေးပေါ်လာရင် ခင်ဗျားရဲ့စိတ်ဟာ နွမ်းနယ်သွားလိမ့်မယ်။ စိတ်ဆိုတာ နွမ်းသွားတဲ့အခါ စိတ်ကြောင့်ဖြစ်လာမယ့် ရုပ်ပိုင်းဆိုင်ရာတွေလည်း နွမ်းကြေနေသော ရုပ်တွေသာ ထွက်လာ ဖြစ်လာပါလိမ့်မယ်။ ဆိုတော့ မလွမ်းအောင် ဘယ်လိုပြုလုပ်ရမယ်ဆိုတဲ့နည်းလမ်းတွေရှိကြတဲ့အထဲ အကြိုက်ဆုံးနည်းလမ်းကတော့ လက်ရှိအချိန်တည့်တည့်ကို ကြည့်တာပဲ။ ပစ္စုပ္ပန်တည့်တည့်ကို ရှုတာပဲ။ တည့်တည့်ကြည့်ဆိုတာ စောင်းမကြည့်နဲ့လို့ ပြောတာလည်း ဟုတ်တယ်။
အထက်က ဗေဒင်ဆရာပြောခဲ့သလို လိုက်လုပ်ရမှာပဲ၊ အလွမ်းသီချင်းတွေ နားမထောင်နဲ့။ နောက်တခါ အသိမိတ်ဆွေပြောသလို ဟာသတွေပဲ လိုက်ဖတ် လိုက်ကြည့်၊ (ပေါတောတောမဖြစ်ဖို့တော့ ပေါတောတောမဟုတ်တဲ့ ဟာသမျိုးကို ရွေးတတ်ဖို့တော့ လိုပါလိမ့်မယ်)။
ဒါပါပဲ။
မလွမ်းတတ်တဲ့စိတ်မျိုးရှိလာတဲ့အခါ ဘာလုပ်လုပ် အဆင်ပြေပါလိမ့်မယ်။ တသက်စာဗေဒင်ဟောပေးရရင် အလွမ်းတွေကို ကျော်လွန်နိုင်တဲ့သူဟာ ရန်စွယ်မာန်စွယ်တွေကို အောင်နိုင်တဲ့သူဖြစ်လာမှာ မလွဲဧကန်ပါ။
မလွမ်းကြေး ကိုယ့်လူ၊ မလွမ်းကြေး။
၂၈-အောက်တိုဘာ-၂၀၂၂

ကျေးငှက်ကမြူး - ကျော်မောင်(တိုင်းတာရေး)

တမနက်မှာ ကဗျာတွေဖတ်ရင်း ဒီကဗျာတွေဟာ ဘာအတွက်ရယ်ကြောင့် ဖတ်လို့ကောင်းနေလည်းဆိုတာ စိတ်ထဲဖြစ်လာတယ်။ အဲဒါတင်မကပဲ ကဗျာစပ်ချင်လာတယ်။ ဒါနဲ့ပဲ ကဗျာတလွဲတွေ လျှောက်စပ်မိတယ်ဆိုပါစို့။ ကိုယ်စပ်တဲ့ကဗျာ ကိုယ်ပြန်ဖတ်တယ်၊ သဘောမကျဘူး။
တညမှာ အဖေက ရုံးမှာ ညတာဝန်(night duty)ကျတဲ့အခါ ကလေးသဘာဝအတိုင်း အဖေနဲ့ လိုက်သွားတယ်။ သူကလည်း သူ့တာဝန်နဲ့သူ ရုံးကလူတွေနဲ့ ညဖက် စကားပြောဘာပြောလုပ်နေချိန် ကဗျာစပ်ချင်နေတဲ့သူကလည်း စာရွက်တရွက်ယူပြီး ကဗျာတွေစပ်တယ်ပေါ့။ အဖေပြန်လာတဲ့အခါ ရေးပြီးတဲ့ကဗျာတွေ ရေးလက်စကဗျာတွေတွေ့သွားရင်း သူက ဖတ်ကြည့်တယ်။ ဘာမှ မှတ်ချက်မပေးဘဲ သူက ကဗျာတပုဒ်ကို ရေးပြပြီး ဒီဟာလေး မင်းသိလားလို့ မေးတယ်။ ကဗျာက "တောင်တောရယ်သာ၊ မာလာကငုံဖူး၊ တပင်ကို နှစ်ပင်ယှက်တယ်၊ ကျေးငှက်ကမြူး" ဆိုတဲ့ ကဗျာလေးဖြစ်တယ်။ ဟာ သိရုံဘယ်ကမလဲ၊ အလွတ်ပါ ရနေတဲ့ဟာပဲ။ အဲဒီတုန်းက သင်ခဲ့ကျက်ခဲ့ရာမှာ တပင်ကို တပင်ယှက်တယ်ဆိုတာမျိုး (မူကွဲ) ရှိတယ်ဆိုတာ မသိခဲ့သေး။
အဲဒီမှာ အဖေက "သာ" "မာလာ" ယှက်" "ငှက်" "ဖူး" "မြူး" ဆိုတဲ့စကားလုံးတွေကို ဝိုင်းပြပြီး ကာရန်သဘောကို မိတ်ဆက်ပေးခဲ့တယ်။ အဲဒီအခါပါပဲ၊ နောက်ပိုင်းမှာ ဝတ္ထုဆောင်းပါးဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုတာရှိပေမယ့် ကဗျာနဲ့ပတ်သက်ပြီး ဘာမှ မပြောပါ။
ဒီကဗျာလေး တလောက ပြန်ဖတ်မိပြီး အသံထွက်ဆိုမိတဲ့အခါ ကာရန်တင်မကဘဲ အဓိပ္ပါယ်ကိုပါ သဘောကျမိတယ်။ တောဖွဲ့ တောင်ဖွဲ့ဟာ မယ်ဖွဲ့ မောင်ဖွဲ့ထက် ပိုပြီးလေးနက်ပါတယ်။
မာလာငုံဖူးတာနဲ့ ကျေးငှက်ဟာ မြူးရတာလား၊
တပင်ကို နှစ်ပင်(တပင်)ယှက်တာနဲ့ ကျေးငှက်ကို ကဗျာထဲ ထည့်လိုက်ရတာလား၊
မာလာငုံဖူးတာဟာ တောင်တောသာလို့ပဲပေလား၊
တောင်တောရယ်သာ ဆိုတော့ တောင်တောဟာ ဘာအတွက်ကြောင့် သာ ရသလဲ။
ခင်ဗျားလည်း ဒီကဗျာတိုလေး ဆိုဖူးသူ ဖတ်ဖူးသူ ဖြစ်ပါလိမ့်မယ်။ အခုပြန်ဆိုကြည့်တဲ့အခါ အရင်ကဖတ်ခဲ့တာမျိုးမဟုတ်ဘဲ ဖတ်လို့ပိုကောင်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဆိုကြည့်လိုက်ပါ။
"တောင်တောရယ်သာ
မာလာကငုံဖူး
တပင်ကို နှစ်ပင်ယှက်တယ်
ကျေးငှက်ကမြူး"
၂၃-အောက်တိုဘာ-၂၀၂၂

ရွတ်ဆိုရန် ကဗျာဟု ဆိုသတဲ့ - ကျော်မောင်(တိုင်းတာရေး)

ကဗျာရွတ်ဆိုသံကြားမိတာနဲ့ လိုက်ဆိုကြည့်မိတယ်။ ငယ်ငယ်တုန်းက အော်ဆိုခဲ့ရတဲ့ကဗျာပေပဲ။ တပိုင်းတစ အလွတ်ရနေဆဲ။

“ပင်ဝါးရုံ လေယူသိမ်းတယ်
ယိမ်းနွဲ့ မြောက်တောင်”
အဲဒီမှာ ယိမ်းနွဲ့တာက ဘာကြောင့် မြောက်တောင်ဖြစ်ရတာလဲဆို အပေါ်က တကြောင်းကြောင့်ဖြစ်တာ ဖြစ်ပုံရတယ်။
အပေါ်တကြောင်းက
“စိမ်းလဲ့ငယ်တဲ့ ညိုရောင်။” ဆိုတာ။
“ရောင်” ယူထားလို့ “တောင်” ရွေးလိုက်တာလား။ ဒါမှမဟုတ်လည်း ဘယ်ညာယိမ်းတာကို ဆိုလိုတာလည်း ဖြစ်နိုင်တာပါပဲ။ ရှေ့နောက်ယိမ်းတာကို ကဗျာစာဆိုက သဘောမကျလို့လည်း ဆိုစရာရှိတယ်။
“မြူခိုးရယ် မှောင်” ရတာလည်း “ညိုရောင်” “မြောက်တောင်” တို့ရဲ့ ပယောဂကြောင့်ပေလား။
မှောင်ပြီးတဲ့အခါ “တောင်” ဆိုတာ တခါပြန်လာပြန်တယ်။ စကားလုံး ရွေးရခက်ခဲလို့ ဟုတ်ဟန်မတူ။ တောင်ကြော့ ခါးပန်းကို ပြချင်တာကြောင့်ဖြစ်မယ်။ ရိုးရိုးမပြဘဲ “ဟိုတောင်ကြော့ ခါးပန်း” ဆိုတဲ့အတွက် လက်ညှိုးထိုးညွှန်ပြီး ပြသလို ထင်ယောင်မြင်ယောင် ဖြစ်လာရတယ်။
“ဟိုတောင်ကြော့ ခါးပန်း။ “
ရွတ်ဆိုရန်ကဗျာဖြစ်လို့ “ခါးပန်း” ကိုရွတ်တဲ့အခါ ခါးမှာပေါက်လို့ ခါးပန်းလို့ ထင်အောင် ရွတ်နိုင်တာပါပဲ။ အဲဒီလို ရွတ်ရင်တော့ ကြားရသူထဲ တတ်သိနားလည်သူပါလာရင် ရယ်မောပြီး ပြင်ပေးလိမ့်မယ်။
“ရွှေဥဒေါင်းငယ်တို့” တဲ့။
အစမှာကတည်းက “စိမ်းလဲ့ငယ်တဲ့ ညိုရောင်”မှာ “ငယ်” ပါတယ်။ ဒါကို “ရွှေဥဒေါင်းငယ်” ထပ်လုပ်ပြန်တယ်။
ဒေါင်းဆိုတဲ့အတွက် မြိုင်စောင်းဖြစ်လာရတယ်။
“မြိုင်စောင်းမှာ တွန်သံ ချိုလှတယ်”
ဒီတကြောင်းဟာ ဖတ်လို့ ဆိုလို့ အကောင်းဆုံးဖြစ်တယ်။
“စောင်း”ဆိုတာကို အသံထွက်တဲ့အခါ တီးခတ်ရတဲ့ တူရိယာ စောင်း ကို အသံထွက်ပုံနဲ့ တူလို့မရတာ သတိပြုရမယ်။
နားဝင် ချို
တွန်သံ ချို
တွန်သံ ချိုတယ်လို့ မဟုတ်ဘဲ “တွန်သံ ချိုလှတယ်” ဆိုပြီး လှ ဆိုတာကို အသုံးလှလှ သုံးပြလိုက်တယ်။
နောက်ဆုံး အချမှာ
“ကွန်းခိုတဲ့နန်း “ ဆိုတာကလည်း ခါးပန်းရဲ့ အကျိုးဆက်ဖြစ်ပုံရတယ်။
“ပန်း”ဆိုတဲ့အခါ “နန်း”ရတဲ့ပုံအင်။
အဲဒါနဲ့ပဲ ရွတ်ဆိုရန်ဆိုတဲ့ကဗျာကို အသံထွက်ပြီးတခေါက် ပြန်ရွတ်ဖတ်ကြည့်တယ်။ သတိထားပြီး သေသေချာချာ ကျကျနနပီပီသသဆိုရပါတယ်။ မပီမသဆိုတဲ့အခါ ကြားရသူအပေါင်း နားထဲ ကလိကလိနဲ့ နေမှာပါပဲ။
“စိမ်းလဲ့ငယ်တဲ့ ညိုရောင်။
ပင်ဝါးရုံ လေယူသိမ်းတယ်
ယိမ်းနွဲ့ မြောက်တောင်။
မြူခိုးရယ် မှောင်
ဟိုတောင်ကြော့ ခါးပန်း။
ရွှေဥဒေါင်းငယ်တို့
မြိုင်စောင်းမှာ တွန်သံချိုလှတယ်
ကွန်းခိုတဲ့နန်း။”
စာဆိုအမည်မသိတဲ့အခါ အမည်မသိရှေးစာဆိုလို့ ရေးကြတယ်။ စားမေးပွဲမေးခွန်းထဲ ကဗျာစာဆိုအမည်ဖော်ပြပါ ဆိုတဲ့အခါ ကိုယ်မသိရင် အမည်မသိ ရှေးစာဆိုလိုက်တာပါပဲ။
အခုဒီကဗျာကတော့ အမည်မသိ အညတရဖြစ်ဖြစ် တကယ့်စာဆိုကြီးဖြစ်ဖြစ် ဘယ်သူရေးဖွဲ့တယ် မသိပေမယ့် ဖတ်လို့ကောင်းနေဆဲ ရွတ်လို့ကောင်းနေဆဲ ကဗျာဖြစ်နေတဲ့အတွက် ရွတ်ဆိုဖူးသူများ ပြန်လည်အမှတ်ရစေဖို့ ပေရှည်လိုက်ရပါကြောင်း။
၁၉-အောက်တိုဘာ-၂၀၂၂

မိုတီယူခြင်း

စာသင်ခန်းထဲတွင် ဖြစ်သည်။ ဆရာမက ကလေးများကို "မပုကြွယ်နှင့်ခရုငယ်" ဇာတ်လမ်း ဖတ်ပြပြီး သင်ကြားနေခိုက်ဖြစ်သည်။ ကျောင်းခန်းအပြင်ဖက်တွင် မိုးဖွဲလေးများကျနေသဖြင့် ကလေးများအဖို့ ခရုငယ်ဇာတ်လမ်းကို နားထောင်ကောင်းနေချိန်လည်း ဖြစ်သည်။
ဇာတ်လမ်းဆုံးသောအခါ ဆရာမက မေးသည်။
"သားတို့သမီးတို့ရေ ... ဒီဇာတ်လမ်းထဲက မပုကြွယ်လေးဟာ အားကျဖို့မကောင်းဘူးလားကွဲ့"
"အားကျဖို့ ကောင်းပါတယ် ဆရာမ"
(တတန်းလုံးနီးပါး ပြိုင်တူဖြေကြသံ)
ကလေးမလေးတယောက်က ဘာမှ ဝင်မဖြေ။ သူက ဇာတ်လမ်းနားထောင်ရင်း မျက်လုံးပွင့်လျက် အိပ်ပျော်နေသူ။
"သမီးလေး ဖြေပါဦး၊ မပုကြွယ်လေးကို အားမကျဘူးလားကွယ်"
"မပုကြွယ်ကိုယ်တိုင်အားကျပြီး အတုယူရတဲ့ ခရုငယ်လေးကိုပဲ သမီးက သဘောကျမိတယ်။ ဒီခရုလေးသာ ငြိမ်နေမယ်ဆိုရင် မပုကြွယ်လည်း ဘယ်သတိထားမိပါ့မလဲနော် ဆရာမ"
ကောင်လေးတယောက်က ဝင်ပြောသည်
"သားရဲ့ ဖိုးဖိုးပြောပြတဲ့ပုံပြင်ထဲက ပင့်ကူလေးလိုပေါ့"
“ပင့်ကူလေးကြည့် အားယူပြီး ထီးနန်းပြန်ရသွားတဲ့ ဘုရင်ကြီးပုံပြင်ထဲက မဟုတ်လား"
နောက်တယောက်ကလည်း
"သမီးကတော့ ဖွားဖွားပြောတဲ့ ဟို မင်းသားစနည်းနာတဲ့အထဲက မုန့်ဆီကြော်သည်သားအမိ အပြန်အလှန်ပြောဆိုပုံတွေ ကြိုက်တယ် ဆရာမ"
"အဲဒါ စန္ဒဂုတ္တမင်းသားအကြောင်းထဲကလေ"
​ကျောင်းဆင်းခေါင်းလောင်းထိုးလေပြီ။
ကျောင်းဆရာမလေးသည် အိမ်အပြန်လမ်းတွင် လမ်းလျှောက်ရင်း ခရုငယ်ကိုလည်းကောင်း၊ ပင့်ကူလေးကိုလည်းကောင်း၊ မုန့်ဆီကြော်သည်သားအမိကိုလည်းကောင်း ကျေးဇူးတင်မိနေပါတော့သည်။
ကျော်မောင်(တိုင်းတာရေး)
၅-အောက်တိုဘာ-၂၀၂၂
Like
Comment