Nov 13, 2021

ဆွဲခဲ့သော စာအုပ်မှ ဝတ္ထုတိုတပုဒ်

ချက်ကော့ဂန်းန်း ဆိုပြီး စာအရေးအသားမှာ ရှိတယ်။ ကျနော်လည်း သုံးတယ်။ (၂၀၁၉) ဟာ ဘယ်အချိန်ပြန်ဖတ်ဖတ် မရိုးနိုင်တဲ့ချက်ကော့ဝတ္ထုတိုတွေလိုပဲ။

ဆွဲခဲ့သော စာအုပ်မှ ဝတ္ထုတိုတပုဒ်
======================
ဆွဲခဲ့တာဆိုတာ ယူခဲ့တယ်ဆိုတဲ့ အသုံးအနှုန်းနဲ့တော့ ကွာတယ်။ ဆွဲခဲ့တာဆိုတာက နည်းနည်းပိုင်စိုးပိုင်နင်းရှိတဲ့သဘောပါတယ်။ ဟုတ်တယ်၊ စာအုပ်တအုပ် ဆွဲခဲ့တယ်။ ဘယ်ကလဲဆို ရန်ကုန်က၊ တိတိကျကျပြောရရင် စာအုပ်စင်လို့ပြောလို့မရတော့အောင် စာအုပ်ပုံလိုဖြစ်နေတဲ့ တအုပ်ကိုတအုပ်ဆင့်ထပ်ထားတဲ့စာအုပ်တွေထဲက တအုပ်ကို ဆွဲယူခဲ့တာပဲ။ ဘယ်သူဘယ်ဝါဝယ်ထားတဲ့စာအုပ်လည်းဆိုတာ လက်မှတ်လည်း မထိုးထားဘူး၊ ဝယ်တဲ့နေ့စွဲလည်း မတပ်ထားဘူး။ ပုံမှန်အားဖြင့် ရန်ကုန်အိမ်က စာအုပ်တော်တော်များများမှာ ဝယ်တဲ့သူက သူ့လက်မှတ်နဲ့ နေ့စွဲကို ဘော့ပင်လေးနဲ့ ရေးမှတ်ထားတာကိုတွေ့ရလေ့ရှိတယ်။ ပြဿနာမရှိပါဘူး၊ အိမ်သားထဲက စာဖတ်တဲ့တယောက်ယောက်ဝယ်ထားပြီး လက်မှတ်ထိုးဖို့မေ့တာနေမှာပဲ။ စာအုပ်ရဲ့ အတွင်းပိုင်းစာရွက်သားတွေက ၀ါကျင်ကျင်ဖြစ်နေပြီ။ စာသားတွေ ဖတ်လို့ရသေးတာကို ကျေးဇူးတင်ရမယ်။ စာအုပ်ဆွဲခဲ့တယ်ဆိုတာ ပြောခဲ့လား မပြောခဲ့လား မမှတ်မိတော့ဘူး၊ အသက်ကလည်း ကြီးလာပြီကိုး။
စာအုပ်နာမည်က ချက်ကော့ ဝတ္ထုတိုပေါင်းချုပ်၊ ဘာသာပြန်ဆိုသူက ဆရာကျော်အောင် ဖြစ်ပါတယ်။
ရန်ကုန်က ဆွဲခဲ့တဲ့စာအုပ်ကို စင်ကာပူမှာ တနေ့တပုဒ်နှုန်းနဲ့ ဖတ်ဖြစ်တယ်။ အစပိုင်းမှာ အစဉ်အတိုင်းဖတ်ဖြစ်ပေမယ့် ဒီနေ့မှာတော့ ကားစီးရင်း ဖတ်မိတာက စာအုပ်နောက်ပိုင်းလောက်မှာရှိတဲ့ ဝတ္ထုတိုတပုဒ်ပဲ။
“သတို့သမီး” လို့ ဘာသာပြန်ခေါင်းစဉ်တပ်ထားတယ် (အင်္ဂလိပ်လို ရေးတာမှာ The Bride ဖြစ်ရမှာကို g တလုံးထည့်ရိုက်မိပြီး The Bridge လို့မှားရိုက်ထားတာကို တွေ့ရတယ်)။ ဝတ္ထုကို ဖတ်ပြီးတဲ့အခါမှ ဒီဇာတ်လမ်းကို ဖတ်ဖူးတယ်ဆိုတာ အမှတ်ရမိတယ်။ ဖတ်ဖူးခဲ့တုန်းမှာ တချို့စာသားတွေကို အတော်များများကျော်ဖတ်ခဲ့ပုံရတယ်။ “ကျနော် ကျော်ဖတ်ခဲ့သော ဝတ္ထုများ” ဆိုပြီး ရေးကြည့်ဖို့ စိတ်ကူးဖြစ်မိတယ်။ သတို့သမီး ဝတ္ထုတိုကို အခုဖတ်ကြည့်တဲ့အခါမှာမှ ဝတ္ထုရဲ့ဆိုလိုရင်းရော ဇာတ်ကောင်တွေရဲ့ တွေးခေါ်ပုံတွေရော စာရေးဆရာပြောချင်တာရောကို ရေးတေးတေးမြင်လာမိတယ်။ ရေးတေးတေးမြင်လာတယ်ဆိုတော့ မဆိုးဘူးပြောရမှာပဲ။ မေ့လောက်တဲ့အခါကြမှ နောက်တခေါက်ထပ်ဖတ်ကြည့်ရင် သဲသဲကွဲကွဲမြင်လာပြီလို့ ပြောနိုင်ရင် ကောင်းမှာပဲ။

အဲဒီ Chekhov ရဲ့“သတို့သမီး” ဆိုတာကို လိုက်ရှာကြည့်တော့ Bethrothed (Short story) ဆိုပြီး ဝီကီမှာ မှတ်တမ်းတင်ထားတာ တွေ့ရတယ်။ ခေါင်းစဉ်ကို "The Fiancée" လို့လည်း ဘာသာပြန်နိုင်ပါတယ်တဲ့။ ၁၉၀၃ မှာရေးခဲ့တာ။

ဆရာကျော်အောင် ဘာသာပြန်ထားတာလေးတွေထဲက အချို့ကို ဖော်ပြခွင့်ပြုပါ။
{“ဉာဏ်ပညာ အလင်းရောင်ရတဲ့ လူသူတော်စင်လိုလူတွေဟာ စိတ်ဝင်စားစရာကောင်းတယ်။ အဲဒီလို လူမျိုးတွေ များများပေါ်ပေါက်လာဖို့လိုတယ်”
“အရေးကြီးဆုံးက ဘဝကို ပရစ်ဇမ်ခံပြီး ကြည့်တတ်ဖို့ပဲ”
နာဒယာသည် ပန်းခြံထဲတွင် လမ်းလျှောက်သည်။ လမ်းများသို့ ထွက်ကာလျှောက်သည်။ အိမ်များကိုလည်းကောင်း၊ မှုန်မှိုင်းမှိုင်းဝင်းထရံများကိုလည်းကောင်း ကြည့်ကာ မြို့သည် တဖြည်းဖြည်း အိုမင်းလာသည်ဟု ထင်မိသည်။ }

ဒီတခေါက် ရန်ကုန်က အပြန်မှာ စာအုပ်များများမယူလာမိခဲ့။ သမီးလေးအတွက်တော့ စာအုပ်စင်တလုံး ဝယ်ဆင်ပေးနိုင်ခဲ့သည်။
စာပေဖတ်၍ ထက်မြက်လာနိုင်ဖို့လည်း မမျှော်လင့်ရဲ။
စာပေချစ်၍ လွဲမှားသောအယူအဆဟောင်းများကို ပစ်ခွာချနိုင်ဖို့လည်း မတိုက်တွန်းရဲ။
စာပေမြတ်နိုး၍ အဖိုးတန်သော လူတယောက်ဖြစ်လာဖို့ကိုလည်း ဆုမတောင်းရဲ။
စာအုပ်စင်တွင် သူ့အရွယ်ဖတ်ရှုလေ့လာနိုင် ကြည့်ရှုနိုင်သည့်စာအုပ်များဖြင့် ပြည့်စေချင်မိတာတော့ ဖခင်တယောက်ရဲ့ စေတနာပင်ဖြစ်ပါကြောင်း။

ကျော်မောင်(တိုင်းတာရေး)
၂၆-အောက်တိုဘာ-၂၀၁၉

No comments: