တရက်မှာ လမ်းထဲက အိမ်တအိမ်က ရှင်ပြုမင်္ဂလာပွဲအတွက် ညဖက် ဆိုင်းနဲ့ ဧည့်ခံပါတယ်။ ညဦးပိုင်းမှာ သားဖြစ်သူက ဆိုင်းဝင်တီးပါတယ်။ သူကလည်း နှယ်နှယ်ရရမဟုတ်ပါ။ လူငယ်ဖြစ်ပေမယ့် ပရိသတ်ကို အတော်လေးဆွဲဆောင်နိုင်ပြီး စိတ်ပါလက်ပါတီးနိုင်သွားတာ ကြားရတယ်။
ကြားရတယ်ဆိုတာက လမ်းထဲတင် အိမ်အောက်မျက်စောင်းထိုးလောက်ဆိုတော့ အိမ်ပေါ်အထိ ဆိုင်းသံဗုံသံ စည်းဝါးလိုက်သံက ကြားနေရတာကိုး။ နားမထောင်ချင် အိမ်ရှေ့တံခါး ပိတ်ထားရုံပါပဲ။ ဆိုင်းဆရာလေးတီးနေတာက ခေတ်ပေါ်သီချင်းတွေများတယ်။ လာကြည့်တဲ့ပရိသတ်အကြိုက် တပုဒ်ပြီး တပုဒ်တီး၊ ဆုချတဲ့သူတွေကလည်း ဘာသီချင်းလေး တီးပြပါဦးဆိုပြီး ဆုချ။
ညနက်လာတော့ ပရိသတ်ကလည်း အိမ်ပြန်အိပ်၊ လာကြည့်သူနည်းသွားတော့ ဆိုင်းဆရာလေးလည်း တီးရတာမော၊ ခဏနား။
တအောင့်နေတဲ့အခါ ဆိုင်းတီးသံကြားရပြန်ပါတယ်။ လက်သံက ခုနက တီးတာနဲ့မတူ၊ အင်မတန် ပိပါပေတယ်။ လက်သံတော်တော်ပိတာပဲလို့ ဒီလိုဆိုရမယ်။ ဆိုင်းနောက်ထက အခုတီးနေတာကတော့ ရွာစားကြီးဘယ်သူပါလို့ မိတ်ဆက်သံကြားတော့မှ ဒါဆိုင်းဆရာလေးရဲ့ အဖေပဲ။ ခုနက သူဝင်မတီးဘဲ သူ့သားကို ပွဲထုတ်တာဖြစ်မယ်။ အခု သူတီးတာတွေက ခေတ်ပေါ်သီချင်းမဟုတ်၊ ကြားရခဲတဲ့ သီချင်းကြီးတွေဖြစ်နေတယ်။ ဂန္ထဝင်တီးလုံးတီးကွက်တွေပေါ့။ ပရိသတ်က ပြန်ကုန်ကြလို့ လာကြည့်သူမရှိပေမယ့် ရွာစားကြီးဟာ သူ့ရဲ့ပညာစွမ်းကို မလျှော့ဘဲ တီးနေတဲ့အတွက် အိမ်ပေါ်က နားထောင်နေတဲ့သူအတွက်က အားရကျေနပ်မှုတွေ ဖြစ်မိတယ်။
ကျောင်းတုန်းက သူငယ်ချင်းနဲ့ နားထောင်ခဲ့ဖူးတဲ့ ဆိုင်းဝိုင်းကြီးအကြောင်းကိုလည်း ပြန်သတိရမိတယ်။ သူငယ်ချင်းက ငါတို့အိမ်နားမှာ ဆိုင်းဝိုင်းလာတီးမယ်။ မင်းလာခဲ့ကွာ ဆိုတာနဲ့ အဲဒီညမှာ သွားကြည့်၊ သူက သူ့အိမ်က ထိုင်ခုံတွေ ယူလာပြီး ကြည့်ကြ နားထောင်ကြ။ အဲဒီ ဆိုင်းဆရာဟာ အသက်ငယ်ငယ်နဲ့ အင်မတန်တော်တဲ့ ပညာရှင်ဖြစ်တယ်။ လက်သံစိပ်စိပ်နဲ့ တီးနိုင်ပြီး သူ့ဗုံသံကလည်း နားထောင်လို့ အလွန်ကောင်းတယ်။ အဲဒီပွဲဟာ အဲဒီဆိုင်းဆရာရဲ့ နောက်ဆုံးပွဲ ဟုတ်မဟုတ် သေချာမသိပေမယ့် ကြည့်ခဲ့ နားထောင်ခဲ့သူအဖို့ ဒီဆိုင်းဆရာနဲ့ ပြန်မဆုံနိုင်ခဲ့ပါ။ ဆိုင်းဆရာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့တဲ့အတွက်ပါ။
ခုနက ဆိုင်းဆရာလေးရဲ့ အဖေလက်သံဟာလည်း ဗုံသံဟာ ပီလွန်းတယ်လို့ ဆိုရပါမယ်။ မနက်မိုးလင်ခါနီးမှ ဆိုင်းဝိုင်းသိမ်းပါတယ်။ အဲဒီအခါကျမှ အိမ်ပေါ်ထပ် ခုံတန်းရှည်ပေါ်မှာ လှဲအိပ်ပြီး မြန်မာ့ဂီတပညာကို အားရကျေနပ်စွာနားထောင်နေသူလည်း အိပ်ရာဝင်ပါတယ်။
ဒီဆိုင်းဝိုင်းအကြောင်း၊ အဖေနဲ့သားနဲ့ လက်သံပိပုံကွာတဲ့အကြောင်း၊ အဖေဖြစ်သူ ဆိုင်းဆရာကြီး တီးနေတဲ့အခါ နားထောင်သူမရှိကြောင်း၊ ရပ်ဝေးကနေ ခဏပြန်ရောက်လာတဲ့ အဖေ့ကို ပြောပြတော့ သူက ဒီလို မချိတင်ကဲပြန်ပြောပါတယ်
"မင်းကွာ တိုက်အောက်လေး ဆင်းပြီး ဆိုင်းဝိုင်းရှေ့ထိုင်ပြီး အားပေးဖို့ ကောင်းတယ်၊ အတော်ညံ့တဲ့ကောင်"
အဲဒီအခါမှ ဟာ ဟုတ်ပါလားပေါ့၊ အဖေပြောသလို အောက်ဆင်း ဆိုင်းဝိုင်းရှေ့ထိုင်ပြီး အားပေးရင် တီးနေတဲ့ဆိုင်းဆရာကြီးလည်း အားတက်မှာ အမှန်ပဲဆိုပြီး နောင်တရမိပါတယ်။
လက်သံပိတဲ့ ရွာစားကြီးနဲ့ အဖေပြောပြပုံလေး အမှတ်တရပေါ့။
"မန်းတောင်လကျ်ာ" သီချင်းဟာ သားအဖတွေ ကက်ဆက်ဖွင့်လိုက် ရပ်လိုက် နောက်ပြန်ရစ်လိုက် စာသားချရေးလိုက်နဲ့ လုပ်ရင်း အလွတ်ဆိုနိုင်ခဲ့တဲ့ ပထမဆုံးသော သီချင်းကြီးဖြစ်ခဲ့ပါတယ်။
လက်သံပိတဲ့အခါ အားပေးပါတယ်။
မြန်မာ့ဆိုင်းဝိုင်းကြီး တိုးတက်အောင်မြင်ပါစေသောဝ်။
ကျော်မောင်(တိုင်းတာရေး)
၁၅-အောက်တိုဘာ-၂၀၂၁
No comments:
Post a Comment