Nov 13, 2021

 Johannes Vermeer ဆိုသည့်နာမည်ကို အရင်က မကြားဖူးခဲ့။ Girl with Pearl Earring ကောင်မလေးကိုတော့ ရင်းရင်းနှီးနှီးမြင်ဖူးနေသည်။ မြင်ဖူးဆို Google မှာ classic paintings ဟု ရိုက်ရှာတိုင်း မိုနာလီဇာနှင့်အပြိုင် တွေ့ရမြဲဖြစ်လို့ ဖြစ်မည်။

မိုနာလီဇာက ကိန်းခန်းကြီးပြီး ပုလဲနားဆွဲနှင့်ကောင်မလေးက နှစ်လိုဖွယ်ရှိသည့်အကြည့်ကို မိုနာလီဇာထက် ပိုင်ဆိုင်ထားသူဟု နှိုင်းယှဉ်မိပါသည်။
Johannes Vermeer ရေးသည့် ပန်းချီကားတွေအကြောင်း သိချင်လာသည်ကလည်း ပုလဲနားဆွဲကောင်မလေးပန်းချီကားကြောင့်ပင်ဖြစ်ပါလိမ့်မည်။
ဆရာပေါ်သစ်ရေးထားသည့် ဆောင်းပါးတွေထဲ ရှာကြည့်မိသည်။ "အလှရှာတော်ပုံ" (တတိယအကြိမ်ထုတ်) ​၏ စာမျက်နှာ ၁၂၀ တွင် ပန်းချီကားပုံတစ်ပုံနှင့်အတူ ဗာမီယာအကြောင်းကို ဆရာပေါ်သစ်က စာကြောင်းလေးကြောင်းဖြင့် မိတ်ဆက်ပေးခဲ့ပါသည်။ ပန်းချီကားပုံမှာ The Milkmaid ဖြစ်သည်။

ပန်းချီကားနှစ်ကားထဲမှ တစ်ကားရမည်ဆ်ိုပါလျှင် မည်သည့်ပန်းချီကားကို ရွေးချယ်ပါမည်နည်း။
"မျက်သွယ်" သီချင်းနားထောင်ပြီး Girl with Pearl Earring ပန်းချီကားကို ခံစားပါမည်လော။
ပေါင်မုန့်နှင့် နွားနို့ပူပူလေးသောက်ကာ The Milkmaid ပန်းချီကားကို ခံစားပါမည်လော။
ကျနော်ကတော့ ဖြစ်နိုင်လျှင် ပန်းချီကား နှစ်ကားစလုံးကို နံရံတွင် သေသေချာချာ ကျကျနနကြီး ချီတ်ဆွဲထားချင်မိပါသည်။ ထိုပန်းချီကားနှစ်ချပ်အကြောင်း တချိန်ချိန်တွင် အကျယ်ရေးဖြစ်ဦးမည်ဟု မျှော်လင့်မိပါသည်။
ကျနော်က စာရေးနေရသည်ကို ပျော်နေသူတစ်ယောက်သာ ဖြစ်ပါသည်။

ကျော်မောင်(တိုင်းတာရေး)
၁၂-နိုဝင်ဘာ-၂၀၂၁
(စာကြွင်း - ပူးတွဲပါ ပုံနှစ်ပုံမှာ အင်တာနက်ထဲမှ ရှာထားသောပုံများသာ ဖြစ်ပါသည်။)

 


✍️ ✍️ စာရေးရတာ ✍️ ✍️

ရှည်ကြာစွာ စွဲမြဲနေတဲ့ အယူအဆ(ဟောင်း)တွေ အတွေးအခေါ်(ဟောင်း)တွေဟာ လွယ်လွယ်ကူကူနဲ့ ဖျောက်ဖျက်ပစ်နိုင်ဖို့ ခဲယဉ်းကောင်း ခဲယဉ်းနေလိမ့်မယ်။ တုံးတုံးတိတိကြီး လုပ်ဖြစ်နိုင်ဖို့ဆိုတာ ရိုးရိုးလူတွေ လုပ်နိုင်တဲ့ ကိစ္စဟုတ်ဟန် မတူ။

ဒါဆို ရိုးရိုးလူနဲ့ ဆန်းဆန်းလူ ဘာကွာနေသတဲ့လဲ။
ဥပမာအားဖြင့် နတ်ကိုးကွယ်မှုလို ဘိုးတော်ကိုးကွယ်မှုလို ဗေဒင် လက္ခဏာ နက္ခတ် အစီအရင် စတာတွေလိုကနေ နိမိတ်ကောက်တာတွေဟာ လက်ခံကျင့်သုံးနေသူပေါ် မူတည်ပြီး တည်တံ့နေတယ်။
မတတ်ကောင်းတဲ့ အရာ ဘာမှ မရှိ။
နေရာမှန်မှာ အသုံးချတတ်ဖို့ လိုပါလိမ့်မယ်။

ခက်ခဲနက်နဲတဲ့ ရှေးဟောင်းသီချင်းကြီးတပုဒ်ကို ရှေးဟောင်းသီချင်းကို လက်ခံတဲ့ အသိုင်းအဝန်းမှာ ပိုင်နိုင်စွာ ဆိုပြနိုင်ရင် ချီးကျူးခံရနိုင်​ပေမယ့် လမ်းမပေါ်ဖြစ်ဖြစ် ကားဂိတ် ဘူတာ သင်္ဘောဆိပ်လိုနေရာမျိုးမှာ ဖြစ်ဖြစ် ဆိုပြနေရင် အကျိုးမဲ့ပဲ ဖြစ်ပါလိမ့်မယ်။

ဘားဆိုင်မှာ တယောက်တည်း သောက်နေတဲ့ ဇာတ်လိုက်ရဲ့ စားပွဲရှေ့ လူတယောက်ရောက်လာပြီး လွတ်တဲ့ထိုင်ခုံမှာ ထိုင်ခွင့်တောင်းပါတယ်။ ရောက်လာတဲ့သူက သူ့ကိုယ်သူ မိတ်ဆက်ရင်း သူဟာ ဒီမြို့မှာ တာဝန်ယူရမယ့် အလုပ်လေးတခုရှိလို့ လာတာပါလို့ပြောတယ်။ အဲဒီမြို့မှာက မနက်ဖန် မနက်ဆိုရင် ရာဇဝတ်ကောင် လေးယောက်ကို ကြိုးပေးဖို့ ရှိတယ်။ ဒီလူက ကြိုးပေးသမား ပါးကွပ်သား ဖြစ်တယ်။ သူက စားပွဲကနေ ထတော့ ဇာတ်လိုက်ကို နှုတ်ဆက်တယ်။

"I hope to see you again, Sir.
Of course not professionally” တဲ့။

ညမအိပ်ခင် စာရိုက်တယ်။ အရေးကြီးတာ အရင်လုပ်ဆိုတဲ့အတွက် အရေးကြီးတာတွေ ချရေးရင်း အရေးမပါတဲ့ အကြောင်းအရင်းတွေကို အခန်းထောင့်မှာ လုံးထွေးပြီး ပုံထားလိုက်တယ်။ ပြီးတဲ့အခါ စာရွက်လွတ်တရွက်ပေါ်မှာ ချရေးလိုက်တယ်။

"အရေးမပါသော အကြောင်းအရင်းများအား ဖယ်ထုတ်လိုက်နိုင်ခြင်း (မှတ်ချက် - လုပ်ဆောင်ပြီး)"

သက်ပြင်းရှည်ကြီးတခု အသံထွက်အောင် အောက်ကိုဆွဲချလိုက်ပါလေရော။ ဘေးအိမ်က ရုပ်ရှင်ကြည့်နေကြတဲ့အတွက် ရုပ်ရှင်ထဲက အသံပေါင်းစုံဟာ ပိတ်ထားတဲ့ ပြတင်းပေါက်မှန်ကို ဖြတ်ပြီး တချက်တချက်မှာ ကြမ်းကြမ်းတမ်းတမ်း ပြေးဆောင့်နေတယ်။

နင်တို့ ပိတ်မှ ငါလည်း အိပ်တော့မယ်လို့ အောက်ထပ်က အဘိုးအိုက ဒေါသတကြီး အော်ဟစ်နေတာ သုံးခါမက။

ဒီလိုနဲ့ တရက်ကုန်ခဲ့ပြန်တယ်။
စာရေးရတာ ပျော်တယ်။

I hope to see you again, Sir.
Of course not professionally ဆိုတာပဲ ပြန်ပြန်ရွတ်မိနေတော့တယ်။

ကျော်မောင်(တိုင်းတာရေး)
၁၁-၁၁-၂၀၂၁

(ပုံကတော့ ဖြည့်စွက်အနေနဲ့ ထည့်လိုက်တာပါ၊ ပလာတာဆိုတာ အပူပေးလိုက်ရင် ပွလာတဲ့ဝါးစရာပဲ၊ မတူးဖို့တော့ ကျွမ်းကျင်ရမှာပေါ့၊ လေးငါးခုလောက် မလှမပဖြစ်ပြီးရင် ပလာတာအပူပေးရာမှာ ပရို ဖြစ်နိုင်တဲ့အခွင့်အရေးရရှိနိုင်ပါတယ်)


လေ့ကျင့်ပါ

လေ့ကျင့်တာနဲ့ ပတ်သက်လို့ စနစ်တခုထားပြီး ဆောင်ရွက်ရင် အတိုင်းအတာတခုအထိ ထိရောက်မှုရှိတာတွေ့ရတယ်။

ဂိုးပေါက်ထဲ ဘောလုံးရွှတ်ကစားကြတာကို အပျော်ဆော့ကြပေမယ့် ကလေးတယောက်ကတော့ ကစားပွဲပြီးတာတောင် အိမ်မပြန်သေးဘဲ ညမှောင်တဲ့အထိ တယောက်ထဲ လေ့ကျင့်တယ်။
နောက်နေ့တွေမှာလည်း ညမှောင်တဲ့အထိ ထပ်လေ့ကျင့်တယ်။
ရက်အနည်းငယ်အတွင်းမှာ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ဟာ တက်လာတာ တွေ့ရတယ်။
အရုပ်ထောင်ပစ်တဲ့ ကစားနည်းမှာ တော်တော်များများဟာ ကစားပွဲမှာပဲ ကိုယ့်မှာရှိတဲ့အရုပ်နဲ့ရင်းပြီး အတွေ့အကြုံယူကြပါတယ်။ ကလေးတယောက်ကတော့ သူ့ဖာသာသူ သူ့အရုပ်လေးတွေထောင်ပြီး လေ့ကျင့်ပါတယ်။ တပတ်လောက် စိတ်တိုင်းကျ လေ့ကျင့်ပြီးတဲ့အခါမှ ကစားပွဲကို ဝင်ကစားပါတယ်။ သူ အမြဲနိုင်လေ့ရှိပါတယ်။
သံပရာရည်ဖျော်သောက်လေ့ရှိတဲ့ ဦးလေးတယောက်ဟာ သံပရာရည်မဖျော်ခင်မှာ သံပရာသီးနှစ်လုံးကို လက်တဖက်တည်းနဲ့ တလှည့်စီ မြှောက်လိုက် ဖမ်းလိုက် ကစားပြလေ့ရှိတယ်။ သူ့တူတယောက်က ဒါကိုသဘောကျပြီး လိုက်လေ့ကျင့်တယ်။ အစပိုင်းမှာ ခက်ခဲတယ်။ နောက်ပိုင်းမှာ ကျွမ်းကျင်သွားပြီး နှစ်လုံးမြှောက်ကစားရတာကို ငြီးငွေ့လာတဲ့အခါ သုံးလုံးမြှောက်ကစားဖို့ ကြိုးစားတယ်။ နှစ်လုံးတုန်းက တွေ့ကြုံခဲ့တဲ့အခက်အခဲကာလလိုမျိုးကိုလွန်မြောက်ပြီး သုံးလုံးကစားတာကို အတော်ကစားနိုင်လာခဲ့တယ်။
အလေ့အကျင့်ပါပဲ။
တခါတရံမှာ နေ့တိုင်းလေ့ကျင့်နေပေမယ့် မတိုးတက်သလို ဖြစ်လာရင် စနစ်မှာ ပညာပံ့ပိုးလိုက်ဖို့လိုပါတယ်။ ရိုးရာခြင်း အတော့ လေ့ကျင့်သလို တချို့နေရာတွေမှာ လိုက်နာရမယ့် ပညာ(အထာ) လိုပါတယ်။
လေ့ကျင့်ပါ။
ပုံမှန်လေ့ကျင့်ပါ။
အခက်အခဲဖြစ်လာရင် ရအောင် ကျော်လွှားပါ။
ကစားရတာ ငြီးငွေ့လာတဲ့အခါ တဆင့်ခက်တဲ့ကစားနည်းကို ဆက်လေ့ကျင့်ပါ။
ကျော်မောင်(တိုင်းတာရေး)
၉-နိုဝင်ဘာ-၂၀၂၁
ပုံကတော့ ကန်တမာ့ (kentama) ခေါ်တဲ့ ကစားနည်းက ကစားစရာပုံပါ။

လက်သံပိ

တရက်မှာ လမ်းထဲက အိမ်တအိမ်က ရှင်ပြုမင်္ဂလာပွဲအတွက် ညဖက် ဆိုင်းနဲ့ ဧည့်ခံပါတယ်။ ညဦးပိုင်းမှာ သားဖြစ်သူက ဆိုင်းဝင်တီးပါတယ်။ သူကလည်း နှယ်နှယ်ရရမဟုတ်ပါ။ လူငယ်ဖြစ်ပေမယ့် ပရိသတ်ကို အတော်လေးဆွဲဆောင်နိုင်ပြီး စိတ်ပါလက်ပါတီးနိုင်သွားတာ ကြားရတယ်။
ကြားရတယ်ဆိုတာက လမ်းထဲတင် အိမ်အောက်မျက်စောင်းထိုးလောက်ဆိုတော့ အိမ်ပေါ်အထိ ဆိုင်းသံဗုံသံ စည်းဝါးလိုက်သံက ကြားနေရတာကိုး။ နားမထောင်ချင် အိမ်ရှေ့တံခါး ပိတ်ထားရုံပါပဲ။ ဆိုင်းဆရာလေးတီးနေတာက ခေတ်ပေါ်သီချင်းတွေများတယ်။ လာကြည့်တဲ့ပရိသတ်အကြိုက် တပုဒ်ပြီး တပုဒ်တီး၊ ဆုချတဲ့သူတွေကလည်း ဘာသီချင်းလေး တီးပြပါဦးဆိုပြီး ဆုချ။
ညနက်လာတော့ ပရိသတ်ကလည်း အိမ်ပြန်အိပ်၊ လာကြည့်သူနည်းသွားတော့ ဆိုင်းဆရာလေးလည်း တီးရတာမော၊ ခဏနား။
တအောင့်နေတဲ့အခါ ဆိုင်းတီးသံကြားရပြန်ပါတယ်။ လက်သံက ခုနက တီးတာနဲ့မတူ၊ အင်မတန် ပိပါပေတယ်။ လက်သံတော်တော်ပိတာပဲလို့ ဒီလိုဆိုရမယ်။ ဆိုင်းနောက်ထက အခုတီးနေတာကတော့ ရွာစားကြီးဘယ်သူပါလို့ မိတ်ဆက်သံကြားတော့မှ ဒါဆိုင်းဆရာလေးရဲ့ အဖေပဲ။ ခုနက သူဝင်မတီးဘဲ သူ့သားကို ပွဲထုတ်တာဖြစ်မယ်။ အခု သူတီးတာတွေက ခေတ်ပေါ်သီချင်းမဟုတ်၊ ကြားရခဲတဲ့ သီချင်းကြီးတွေဖြစ်နေတယ်။ ဂန္ထဝင်တီးလုံးတီးကွက်တွေပေါ့။ ပရိသတ်က ပြန်ကုန်ကြလို့ လာကြည့်သူမရှိပေမယ့် ရွာစားကြီးဟာ သူ့ရဲ့ပညာစွမ်းကို မလျှော့ဘဲ တီးနေတဲ့အတွက် အိမ်ပေါ်က နားထောင်နေတဲ့သူအတွက်က အားရကျေနပ်မှုတွေ ဖြစ်မိတယ်။
ကျောင်းတုန်းက သူငယ်ချင်းနဲ့ နားထောင်ခဲ့ဖူးတဲ့ ဆိုင်းဝိုင်းကြီးအကြောင်းကိုလည်း ပြန်သတိရမိတယ်။ သူငယ်ချင်းက ငါတို့အိမ်နားမှာ ဆိုင်းဝိုင်းလာတီးမယ်။ မင်းလာခဲ့ကွာ ဆိုတာနဲ့ အဲဒီညမှာ သွားကြည့်၊ သူက သူ့အိမ်က ထိုင်ခုံတွေ ယူလာပြီး ကြည့်ကြ နားထောင်ကြ။ အဲဒီ ဆိုင်းဆရာဟာ အသက်ငယ်ငယ်နဲ့ အင်မတန်တော်တဲ့ ပညာရှင်ဖြစ်တယ်။ လက်သံစိပ်စိပ်နဲ့ တီးနိုင်ပြီး သူ့ဗုံသံကလည်း နားထောင်လို့ အလွန်ကောင်းတယ်။ အဲဒီပွဲဟာ အဲဒီဆိုင်းဆရာရဲ့ နောက်ဆုံးပွဲ ဟုတ်မဟုတ် သေချာမသိပေမယ့် ကြည့်ခဲ့ နားထောင်ခဲ့သူအဖို့ ဒီဆိုင်းဆရာနဲ့ ပြန်မဆုံနိုင်ခဲ့ပါ။ ဆိုင်းဆရာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့တဲ့အတွက်ပါ။
ခုနက ဆိုင်းဆရာလေးရဲ့ အဖေလက်သံဟာလည်း ဗုံသံဟာ ပီလွန်းတယ်လို့ ဆိုရပါမယ်။ မနက်မိုးလင်ခါနီးမှ ဆိုင်းဝိုင်းသိမ်းပါတယ်။ အဲဒီအခါကျမှ အိမ်ပေါ်ထပ် ခုံတန်းရှည်ပေါ်မှာ လှဲအိပ်ပြီး မြန်မာ့ဂီတပညာကို အားရကျေနပ်စွာနားထောင်နေသူလည်း အိပ်ရာဝင်ပါတယ်။
ဒီဆိုင်းဝိုင်းအကြောင်း၊ အဖေနဲ့သားနဲ့ လက်သံပိပုံကွာတဲ့အကြောင်း၊ အဖေဖြစ်သူ ဆိုင်းဆရာကြီး တီးနေတဲ့အခါ နားထောင်သူမရှိကြောင်း၊ ရပ်ဝေးကနေ ခဏပြန်ရောက်လာတဲ့ အဖေ့ကို ပြောပြတော့ သူက ဒီလို မချိတင်ကဲပြန်ပြောပါတယ်
"မင်းကွာ တိုက်အောက်လေး ဆင်းပြီး ဆိုင်းဝိုင်းရှေ့ထိုင်ပြီး အားပေးဖို့ ကောင်းတယ်၊ အတော်ညံ့တဲ့ကောင်"
အဲဒီအခါမှ ဟာ ဟုတ်ပါလားပေါ့၊ အဖေပြောသလို အောက်ဆင်း ဆိုင်းဝိုင်းရှေ့ထိုင်ပြီး အားပေးရင် တီးနေတဲ့ဆိုင်းဆရာကြီးလည်း အားတက်မှာ အမှန်ပဲဆိုပြီး နောင်တရမိပါတယ်။
လက်သံပိတဲ့ ရွာစားကြီးနဲ့ အဖေပြောပြပုံလေး အမှတ်တရပေါ့။
"မန်းတောင်လကျ်ာ" သီချင်းဟာ သားအဖတွေ ကက်ဆက်ဖွင့်လိုက် ရပ်လိုက် နောက်ပြန်ရစ်လိုက် စာသားချရေးလိုက်နဲ့ လုပ်ရင်း အလွတ်ဆိုနိုင်ခဲ့တဲ့ ပထမဆုံးသော သီချင်းကြီးဖြစ်ခဲ့ပါတယ်။
လက်သံပိတဲ့အခါ အားပေးပါတယ်။
မြန်မာ့ဆိုင်းဝိုင်းကြီး တိုးတက်အောင်မြင်ပါစေသောဝ်။
ကျော်မောင်(တိုင်းတာရေး)
၁၅-အောက်တိုဘာ-၂၀၂၁

အကျင့်

ဒီည

ကဗျာရေးရမလား
စာတို စာရှည်ရေးရမလား
ပုံတပုံကူးဆွဲရမလား
လမ်းပဲဆင်းလျှောက်ရမလား
ရွရွလေးပြေးရရင်ကောင်းမလား
တရေးအိပ်ရရင်ကောင်းမလား။
ဒီနေ့ညနေက
ဒီလို ကြားနာလိုက်ရတယ်
"သူငယ်ချင်းတယောက်ဟာ
တရားအကြောင်းတွေ
လက်တန်းပြောနိုင်တယ်တဲ့
အတော်ပြောနိုင်တာပဲ ချီးကျူးတော့
အထင်မကြီးပါနဲ့ အထင်မကြီးပါနဲ့
ငါက ကျက်ထားတာတွေပြန်ပြောတာ ဆိုသတဲ့
အကျင့်သာ အရေးကြီးတယ်လို့
ဇာတ်ကြောင်းပြန်သူက ကောက်ချက်ချ"
နားထောင်သူ ကြားနာသူက
သက်ပြင်းတွေ မသိမသာ ချ။
အကျင့်
အကျင့်
အကျင့်တွေ ပြင်ဖို့
ဘယ်လိုကိရိယာဆင်ရမလဲ။
အကျင့်
အကျင့်
အကျင့်တွေ ဖြူစင်ဖို့
ဘယ်လိုဆပ်ပြာနဲ့လျှော်ရင်ရမလဲ။
အကျင့်
အကျင့်
တနေ့ နှစ်ဆယ့်လေးနာရီ ကျင့်နိိုင်ရင်
ခရီးမဖင့်နိုင်ဘူး မဟုတ်လား။
ဒါနဲ့ပဲ
ဒီလိုဆိုမိတယ် -
"ဟုတ်မှန်သော
တရားကိုသာ
ကျင့်ကြံလို။
ဟုတ်မှန်သော
စကားများကိုသာ
ပြောကြား နားဆင်လို။
ဟုတ်မှန်သော
ပုဂ္ဂိုလ်များနှင့်သာ
တွေ့ဆုံလို။ "
ဆိုမိသောစာ
လိုမိသောစာ
ပြည့်ဝစေဖို့
သင်ကိုယ်တိုင်
ကျင့်ကြံဖို့လိုသည်။
မအိပ်မနေ ကျင့်ကြံကြပေတော့။
မအိပ်မနေ ကြိုးစားကြပေတော့။
မအိပ်မနေ အားတင်းထားပေတော့။
ပန်းတိုင် မရောက်မချင်း
အိပ်စက်ခြင်း အလျဉ်းမပြုရ
အိပ်မက်တွေ ဝေးကွာတဲ့အထိ ကျင့်ကြံနိုင်ရမည်။ ။
ကြာပေါ်
၂၃-အောက်တိုဘာ-၂၀၂၁

ဆွဲခဲ့သော စာအုပ်မှ ဝတ္ထုတိုတပုဒ်

ချက်ကော့ဂန်းန်း ဆိုပြီး စာအရေးအသားမှာ ရှိတယ်။ ကျနော်လည်း သုံးတယ်။ (၂၀၁၉) ဟာ ဘယ်အချိန်ပြန်ဖတ်ဖတ် မရိုးနိုင်တဲ့ချက်ကော့ဝတ္ထုတိုတွေလိုပဲ။

ဆွဲခဲ့သော စာအုပ်မှ ဝတ္ထုတိုတပုဒ်
======================
ဆွဲခဲ့တာဆိုတာ ယူခဲ့တယ်ဆိုတဲ့ အသုံးအနှုန်းနဲ့တော့ ကွာတယ်။ ဆွဲခဲ့တာဆိုတာက နည်းနည်းပိုင်စိုးပိုင်နင်းရှိတဲ့သဘောပါတယ်။ ဟုတ်တယ်၊ စာအုပ်တအုပ် ဆွဲခဲ့တယ်။ ဘယ်ကလဲဆို ရန်ကုန်က၊ တိတိကျကျပြောရရင် စာအုပ်စင်လို့ပြောလို့မရတော့အောင် စာအုပ်ပုံလိုဖြစ်နေတဲ့ တအုပ်ကိုတအုပ်ဆင့်ထပ်ထားတဲ့စာအုပ်တွေထဲက တအုပ်ကို ဆွဲယူခဲ့တာပဲ။ ဘယ်သူဘယ်ဝါဝယ်ထားတဲ့စာအုပ်လည်းဆိုတာ လက်မှတ်လည်း မထိုးထားဘူး၊ ဝယ်တဲ့နေ့စွဲလည်း မတပ်ထားဘူး။ ပုံမှန်အားဖြင့် ရန်ကုန်အိမ်က စာအုပ်တော်တော်များများမှာ ဝယ်တဲ့သူက သူ့လက်မှတ်နဲ့ နေ့စွဲကို ဘော့ပင်လေးနဲ့ ရေးမှတ်ထားတာကိုတွေ့ရလေ့ရှိတယ်။ ပြဿနာမရှိပါဘူး၊ အိမ်သားထဲက စာဖတ်တဲ့တယောက်ယောက်ဝယ်ထားပြီး လက်မှတ်ထိုးဖို့မေ့တာနေမှာပဲ။ စာအုပ်ရဲ့ အတွင်းပိုင်းစာရွက်သားတွေက ၀ါကျင်ကျင်ဖြစ်နေပြီ။ စာသားတွေ ဖတ်လို့ရသေးတာကို ကျေးဇူးတင်ရမယ်။ စာအုပ်ဆွဲခဲ့တယ်ဆိုတာ ပြောခဲ့လား မပြောခဲ့လား မမှတ်မိတော့ဘူး၊ အသက်ကလည်း ကြီးလာပြီကိုး။
စာအုပ်နာမည်က ချက်ကော့ ဝတ္ထုတိုပေါင်းချုပ်၊ ဘာသာပြန်ဆိုသူက ဆရာကျော်အောင် ဖြစ်ပါတယ်။
ရန်ကုန်က ဆွဲခဲ့တဲ့စာအုပ်ကို စင်ကာပူမှာ တနေ့တပုဒ်နှုန်းနဲ့ ဖတ်ဖြစ်တယ်။ အစပိုင်းမှာ အစဉ်အတိုင်းဖတ်ဖြစ်ပေမယ့် ဒီနေ့မှာတော့ ကားစီးရင်း ဖတ်မိတာက စာအုပ်နောက်ပိုင်းလောက်မှာရှိတဲ့ ဝတ္ထုတိုတပုဒ်ပဲ။
“သတို့သမီး” လို့ ဘာသာပြန်ခေါင်းစဉ်တပ်ထားတယ် (အင်္ဂလိပ်လို ရေးတာမှာ The Bride ဖြစ်ရမှာကို g တလုံးထည့်ရိုက်မိပြီး The Bridge လို့မှားရိုက်ထားတာကို တွေ့ရတယ်)။ ဝတ္ထုကို ဖတ်ပြီးတဲ့အခါမှ ဒီဇာတ်လမ်းကို ဖတ်ဖူးတယ်ဆိုတာ အမှတ်ရမိတယ်။ ဖတ်ဖူးခဲ့တုန်းမှာ တချို့စာသားတွေကို အတော်များများကျော်ဖတ်ခဲ့ပုံရတယ်။ “ကျနော် ကျော်ဖတ်ခဲ့သော ဝတ္ထုများ” ဆိုပြီး ရေးကြည့်ဖို့ စိတ်ကူးဖြစ်မိတယ်။ သတို့သမီး ဝတ္ထုတိုကို အခုဖတ်ကြည့်တဲ့အခါမှာမှ ဝတ္ထုရဲ့ဆိုလိုရင်းရော ဇာတ်ကောင်တွေရဲ့ တွေးခေါ်ပုံတွေရော စာရေးဆရာပြောချင်တာရောကို ရေးတေးတေးမြင်လာမိတယ်။ ရေးတေးတေးမြင်လာတယ်ဆိုတော့ မဆိုးဘူးပြောရမှာပဲ။ မေ့လောက်တဲ့အခါကြမှ နောက်တခေါက်ထပ်ဖတ်ကြည့်ရင် သဲသဲကွဲကွဲမြင်လာပြီလို့ ပြောနိုင်ရင် ကောင်းမှာပဲ။

အဲဒီ Chekhov ရဲ့“သတို့သမီး” ဆိုတာကို လိုက်ရှာကြည့်တော့ Bethrothed (Short story) ဆိုပြီး ဝီကီမှာ မှတ်တမ်းတင်ထားတာ တွေ့ရတယ်။ ခေါင်းစဉ်ကို "The Fiancée" လို့လည်း ဘာသာပြန်နိုင်ပါတယ်တဲ့။ ၁၉၀၃ မှာရေးခဲ့တာ။

ဆရာကျော်အောင် ဘာသာပြန်ထားတာလေးတွေထဲက အချို့ကို ဖော်ပြခွင့်ပြုပါ။
{“ဉာဏ်ပညာ အလင်းရောင်ရတဲ့ လူသူတော်စင်လိုလူတွေဟာ စိတ်ဝင်စားစရာကောင်းတယ်။ အဲဒီလို လူမျိုးတွေ များများပေါ်ပေါက်လာဖို့လိုတယ်”
“အရေးကြီးဆုံးက ဘဝကို ပရစ်ဇမ်ခံပြီး ကြည့်တတ်ဖို့ပဲ”
နာဒယာသည် ပန်းခြံထဲတွင် လမ်းလျှောက်သည်။ လမ်းများသို့ ထွက်ကာလျှောက်သည်။ အိမ်များကိုလည်းကောင်း၊ မှုန်မှိုင်းမှိုင်းဝင်းထရံများကိုလည်းကောင်း ကြည့်ကာ မြို့သည် တဖြည်းဖြည်း အိုမင်းလာသည်ဟု ထင်မိသည်။ }

ဒီတခေါက် ရန်ကုန်က အပြန်မှာ စာအုပ်များများမယူလာမိခဲ့။ သမီးလေးအတွက်တော့ စာအုပ်စင်တလုံး ဝယ်ဆင်ပေးနိုင်ခဲ့သည်။
စာပေဖတ်၍ ထက်မြက်လာနိုင်ဖို့လည်း မမျှော်လင့်ရဲ။
စာပေချစ်၍ လွဲမှားသောအယူအဆဟောင်းများကို ပစ်ခွာချနိုင်ဖို့လည်း မတိုက်တွန်းရဲ။
စာပေမြတ်နိုး၍ အဖိုးတန်သော လူတယောက်ဖြစ်လာဖို့ကိုလည်း ဆုမတောင်းရဲ။
စာအုပ်စင်တွင် သူ့အရွယ်ဖတ်ရှုလေ့လာနိုင် ကြည့်ရှုနိုင်သည့်စာအုပ်များဖြင့် ပြည့်စေချင်မိတာတော့ ဖခင်တယောက်ရဲ့ စေတနာပင်ဖြစ်ပါကြောင်း။

ကျော်မောင်(တိုင်းတာရေး)
၂၆-အောက်တိုဘာ-၂၀၁၉

ပလန်ဘီ ပလန်စီ

တနှစ်မှာ ဂျူနီယာနဲ့ စီနီယာတွေ နှစ်တန်းပေါင်းပြီး ဆရာကန်တော့ကြတယ်။ ဆရာကန်တော့ပွဲအတွက် ပြင်ဆင်စရာတွေရှိတာကို ဝိုင်းဝန်းပြင်ဆင်ကြတယ်။ ထောင့်စေ့အောင် စီစဉ်ကာမှ လိုအပ်ချက်အတော်များများရှိသွားခဲ့တဲ့ပွဲဖြစ်ခဲ့ရတယ်။

မှတ်မိတာတွေထဲက တစ်ခုက ဒီလို။
ကန်တော့ခံ ဆရာကြီး ဆရာမကြီးတွေက စည်းဝေးခန်းမကြီးဆီ ကြွရောက်လာကြတော့မယ့်အချိန်၊ ကျောင်းသူ ကျောင်းသားတွေကလည်း ဆရာကန်တော့ဖို့ ခန်းမကြီးရဲ့ ကြမ်းပြင်ပေါ်တွေမှာ ထိုင်နေကြ၊ ကြွရောက်လာမယ့် ဆရာ ဆရာမတွေကို နေရာထိုင်ခင်းရှိရာဆီ ရိုရိုသေသေ ခေါ်ဆောင်သွားကြဖို့ ပြင်ဆင်ကြနဲ့။
အသံချဲ့စက်ကိုင်တဲ့သူက မရှိတာလား၊ တမင်ပဲ လာမကိုင်ပေးတာလားမသိ၊ ကန်တော့ပွဲခန်းမမှာ အသံချဲ့စက်ပဲ တွေ့ရတယ်၊ အသံညှိ အသံထိန်းပေးမယ့်သူ မရှိဘူးဖြစ်နေတယ်။
ဂျူနီယာတွေကို မေးရတယ်။ အကူအညီတောင်းရတယ်။
"ဒီဟာကြီး အဲ ဒီအသံချဲ့စက်ကိုင်တတ်တဲ့သူ ဘယ်သူများရှိသလဲခင်ဗျ၊ တယောက်ဆိုရပါပြီ"
ချက်ချင်းပဲ ဂျူနီယာတယောက်က လက်ညှိုးထောင်ပြီး ထလာတယ်။ သူ့မြင်တာနဲ့ လူပုံကြည့်ပြီး ဒီပုဂ္ဂိုလ်ဟာ ဒီလိုစက်မျိုးကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်တတ်မှန်း ခန့်မှန်းမိတယ်။
ဒါပေမယ့် သေချာအောင် ထပ်မေးရတယ်။
"ကျေးဇူးပဲဗျ၊ စက် သုံးဖူးပုံပဲ"
သူက တချက်ပြုံးပြရင်း "စိတ်မပူနဲ့ အစ်ကို၊ ကျနော် လုပ်ဖူးတယ်"
သူထလာတဲ့နားက သူ့သူငယ်ချင်းတွေကလည်း ဘဲကြီး ကျနော်တို့သူငယ်ချင်းက အဲဒီအပိုင်းမှာ ဆရာပဲလို့ မပြောပေမယ့် သူတို့ဘော်ဒါကို ထောက်ခံတဲ့အကြည့်တွေနဲ့ ဖြစ်နေတယ်။
မှန်ပါတယ်။ ကန်တော့ပွဲပြီးတဲ့အထိ အသံတွေကို ညှိပေးထိန်းပေးသွားတာ သေသပ်တယ်ပြောရမယ်။ သူက သူ့အလုပ်သူ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်လုပ်ပေးသွားတယ်။
ဟုတ်ပြီ။
မေးစရာရှိလာတယ်။
အကယ်၍များ အသံချဲ့စက်ကိုင်တတ်သူ တယောက်မှ မရှိခဲ့ရင် ဘာများလုပ်မလဲ။
အသံချဲ့စက်ကိုင်တတ်သူ တယောက် ရှိကိုရှိနေရမယ်လို့ တွေးထားတာလား။
မရှိခဲ့ရင်တော့ မိုက်မခဲဘဲ ပင်ကိုယ်အသံနဲ့ ကြဲကြမလား။
နည်းနည်းနားလည်သူကိုပဲ ကလိခိုင်းမလား။
ကဲ ခင်ဗျားဆိုရင်ကော ..
ပလန်ဘီ ပလန်စီက ဘာတွေများဖြစ်မလဲ။
ကျော်မောင်(တိုင်းတာရေး)
၁-နိဝင်ဘာ-၂၀၂၁

ညက


နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်
မနက်က
ငါးနာရီတိတိမှာ နိုးတယ်
ဘာက
မင်းအနားမှာ ဆိုလား
ပလန်ဘီ ပလန်စီများ
အိပ်မက်ထဲတွင် ပြတ်ကျန်ခဲ့ပြီ
ငါကား
လွတ်မြောက်ခြင်းပန်းတိုင်သို့ ပက်ကျိသွား သွားနေဆဲ။
ကြာပေါ်
၂-နိုဝင်ဘာ-၂၀၂၁

စီမံကိန်း

<><><>

ပလန်ဘီလည်း မရှိဘူး
ပလန်စီလည်း မထားဘူး
နိုးပလော်ပလန်ဆိုရင်
ဒိုးသာဒိုး ဒူးသာဒူး
ငဗစ်နဲ့ ယှဉ်တွဲနေထိုင်ရခြင်းဆိုတာ
စွန့်စားခန်းရုပ်ရှင်တွေမှာပါတတ်တဲ့
ဖြတ်ပြေးတောရိုင်းကောင်လေးလောက်
ဖီလင်မလာဘူး
အဲဒီတော့
လောလောဆယ်ဆယ်မှာ
အပိုင်ရထားတဲ့ ဂူနှစ်ပေါက်ဟာ
ကျယ်ဖို့ပဲ အကြောင်းဖန်လာတယ်
ဟိုဟာလုပ်ချင် ဒီဟာလုပ်ချင်တဲ့စိတ်
ထိန်းရခက်တာနဲ့ လွှတ်ထားပေးလိုက်တဲ့အခါ
ထောင့်တထောင့်မှာ အသာလေးငြိမ်သွားတယ်
နောက်နေ့ဘာဖြစ်မယ်မှန်းမသိနိုင်တဲ့ လောကမှာ
ပလန်ဘီ ပလန်စီများ ရေးဆွဲခြင်း သည်းခံ။
ကြာပေါ်
၂-နိုဝင်ဘာ-၂၀၂၁