Feb 15, 2023

ပဉ္စလက်ကတ် - ကျော်မောင်(တိုင်းတာရေး)

ရုံးပိတ်ရက်တမနက်မှာ အဖေက ကတ်ပြားလေးတကတ်ထုတ်ပြတယ်။ လက်ဝါးပေါ်တင်ကြည့်လို့ရလောက်တဲ့ ဒီကတ်ပြားလေးမှာ ဘာတွေမှန်းမသိတဲ့ ရုပ်ပုံတွေပါတယ်။ "ကြည့်ကြည့်" လိုပဲပြောတယ်။ ဘာပုံတွေမှန်း ဖော်မရတဲ့ကတ်မှာ အဖေက ကြည့်ကြည့်လို့ ပြောတာနဲ့ ပုံထဲ ဘာတွေ့မလဲဆိုပြီး ကြည့်ပါတယ်။

"ဘာမှ မတွေ့ရဘူး၊ ဒီပုံတွေကလည်း ဘာတွေမှန်းမသိဘူး"
"သေသေချာချာ ပြန်ကြည့်ဦး၊ တခုခုရှိတယ်"
တခုခုရှိတယ်လို့ ကြားလိုက်တယ်။ အဲဒါနဲ့ သေသေချာချာပြန်ကြည့်တယ်။ ကြည့်နေတဲ့အခိုက်မှာ အဖေက ဘေးကနေ ပြောပေးတယ်။
"အခု ကြည့်နေတဲ့ပုံထဲမှာ ပုံတစ်ပုံရှိတယ်။ အဲဒီပုံ မြင်လာအောင် ကြည့်ရမှာ"
သူပြောတဲ့စကားမှာ ပုံတစ်ပုံရှိတယ်ဆိုတာပါတယ်။ ဟုတ်ပြီ၊ အဲဒီပုံတစ်ပုံမြင်အောင် ကြည့်ရမယ်။
"ဒီဘာမှန်းမသိတဲ့ပုံတွေထဲမှာ ပုံတစ်ပုံရှိနေတာလား၊ အဖေက အဲဒါမြင်ရလား"
"အေး ဟုတ်တယ်၊ ငါမြင်ပြီးသွားပြီ၊ မင်း ကြည့်လို့ရ မရ ငါသိချင်တယ်"
သူက မြင်ပြီးသွားပြီလို့ ပြောတဲ့အခါ ကိုယ်က မြင်အောင်ကြည့်ဖို့ပဲလိုတယ်ဆိုတာ နားလည်သွားတယ်။ အကယ်၍များ ငါတော့ မမြင်သေးဘူး၊ မင်းများ မြင်မလား ကြည့်ကြည့်ကွာဆိုရင် နည်းနည်းတော့ တွန့်ဆုတ်မိမှာ အမှန်ပဲ။ ဒါမှမဟုတ်လည်း သူမမြင်ပေမယ့် ငါတော့ မြင်နိုင်ရင် မြင်နိုင်တာပဲလို့ ယူဆပြီး ပိုကြိုးစားကြည့်ရင်လည်း ကြည့်မှာပဲ။
အခုလို အဖေက ငါတော့ မြင်ပြီးသွားပြီ၊ မင်း မြင်အောင် ကြည့်လို့ တိုက်တွန်းတဲ့အခါ ပုံကားချပ်ကို လက်နဲ့ကိုင် မျက်စိရှေ့မှာ ရှေ့တိုးနောက်ငင် လုပ်ပြီး ကြည့်ရပြန်ပါတယ်။ ဒီလိုနဲ့ မိနစ်အနည်းငယ်အကြာမှာ "ဟာ တွေ့ပြီ၊ တွေ့ပြီ"လို့ ဝမ်းသာအားရ ထအော်လိုက်ပါတယ်။ Archimedes လို ရေချိုးဇလုံထဲကနေ "Eureka" လို့အော်ပြီး ထပြေးတာ မဟုတ်ပါ၊ ထိုင်နေရင်း ကြည့်တာဖြစ်လို့ မတ်တပ်ရပ်ပြီး ထအော်ရုံအော်လိုက်တယ်ပဲဆိုပါစို့။
"ဘာပုံတွေ့လဲ" မေးတဲ့အခါ တွေ့တဲ့ပုံကို ဘယ်သို့ဘယ်ပုံဆိုတာ ပြောပြလိုက်ပါတယ်။
"ကဲ ထပ်ကြည့်ဦးကွာ၊ ပြန်တွေ့ရသေးလား"
ပုံကို ပြန်ကြည့်တဲ့အခါ ပုံက ပျောက်နေတယ်။ ဒါပေမယ့်လည်း တခါတွေ့ဖူးပြီးသား ပုံဖြစ်တဲ့အတွက် ခဏအကြာမှာပဲ လုံးကြွတက်လာတဲ့ပုံကို ပြန်တွေ့ရပါတယ်။
"ပြန်တွေ့ပြီခင်ဗျ"
အဖေက မေးပါတယ်
"ပုံမြင်ရအောင် ဘယ်လိုကြည့်လဲ"
"သေသေချာချာ စိုက်ကြည့်လေ မတွေ့ရလေပဲ၊ အဲဒီတော့ ရီဝေဝေမျက်လုံးအနေအထားနဲ့ အလယ်တည့်တည့်ကို ကြည့်ကြည့်မှတွေ့တယ်"
အဖေက "ရီဝေဝေမျက်လုံးအနေအထား" ဆိုတဲ့စကားကို သဘောကျလို့ထင်ပါတယ်၊ ရယ်နေပါတယ်။
ဒီအဖြစ်အပျက်လေးက ဟိုးတုန်းက ဖြစ်ပျက်ခဲ့တာ။ ၂၀၂၃ မရောက်ခင် မနေ့ညမှာ ဒါကိုပြန်အမှတ်ရမိပြီး အင်တာနက်ထဲ လိုက်ရှာကြည့်ပါတယ်။ "magic eye pictures" "Autostereogram" ဆိုတာ သွားတွေ့မိတယ်။ နည်းနည်းဖတ်ကြည့်တဲ့အခါ သူ့မှာ အဲဒီရုပ်ပုံကားချပ်တွေကို ကြည့်တဲ့နည်းရှိတယ်ဆိုတာ လေ့လာရပါတယ်။ ကြည့်ခဲ့ရတုန်းမှာ ကြည့်တဲ့နည်းဆိုတာနဲ့ ကြည့်ခဲ့တာမဟုတ်ပါဘူး။ "ငါတော့ မြင်ပြီးသွားပြီ" ဆိုတဲ့ စကားတခွန်းအပေါ်အမှီပြုပြီး မြင်အောင် ကြည့်ရတာပါပဲ။
ဒီအဖြစ်အပျက်လေး ခေါင်းထဲပေါ်လာတာက တခြားတခုကို စဉ်းစားလေ့လာနေရင်း ပေါ်လာတာဖြစ်ပါတယ်။ တခြားတခုဆိုတာက အသိဉာဏ်ပညာပိုင်းနဲ့ဆိုင်တဲ့အပိုင်းပါ။ အသိဉာဏ်ပညာသည် ထိုထိုအသိဉာဏ်ပညာကို လေ့လာနည်း သင်ယူနည်းကို မသိဘဲနဲ့ ရရှိနိင်သလားဆိုတဲ့ မေးခွန်းပါ။
အသိဉာဏ်ပညာလို နက်နက်နဲနဲရှိတာကို autostereogram ပုံကားချပ်ပုံစံနဲ့ ခိုင်းနှိုင်းရတာ အမှန်တကယ်တော့ မသင့်လှပါ။ ဒါပေမယ့်လည်း တခုခုများ ပတ်သက်ချက်ရှိနေသလားဆိုပြီး ဇဝေဇဝါဖြစ်မိပါတယ်။
၂၀၂၃ နှစ်စမှာ စားမိတာလေးဖြစ်ပါတယ်။ အများစားဖို့ မျှဝေလိုက်ရပါတယ်။ ဖြည်းဖြည်းစားကြပါ။
၁-၁-၂၀၂၃

ပုံပြောသူတဦး၏ မှတ်စုများ (၁)

ပုံပြောသူကလည်း ပြောချင်၊ ပုံပြင်တွေကို နားထောင်ချင်သူကလည်း နားထောင်ချင်နဲ့ ညတိုင်း ညတိုင်းဆို သူတို့အိပ်ခန်းဟာ ပုံပြင်ရနံ့တွေနဲ့ မွှေးပျံ့လို့ နေတာပေါ့။ မယုံရင် ညတိုင်း ပုံပြင်ပြောကြည့်၊ တကယ်ကို ပုံပြင်ရနံ့တွေ ရလာရင် မှန်တယ်လို့ မှတ်။
မအိပ်ခင် ပုံပြောပြလို့ ဆိုတာနဲ့ ပုံပြောသူဟာ သူ့ရဲ့ ရှုပ်ထွေးလှတဲ့ ဦးနှောက်အကန့်တွေထဲမှာ သိမ်းထားခဲ့ဖူးတဲ့ သူကြားဖူးခဲ့တဲ့ ပုံပြင်တွေ၊ သူဖတ်ခဲ့ဖူးတဲ့ ပုံတိုပတ်စတွေကို ဆံပင်နက်တွေကြားထဲက ဆံပင်ဖြူငုတ်တိုလေးကို မွေးညှပ်နဲ့ ဆွဲနှုတ်ရသလို ဟိုတစ ဒီတစနဲ့ ခက်ခက်ခဲခဲ ဆွဲထုတ်ရင်း ဘယ်ပုံပြင်ကို အရင်ပြောပြရင် ကောင်းမလဲလို့ စဥ်းစားရတာဟာ ညတိုင်းပဲပေါ့။
စပြောမယ်လို့ ပြင်ခိုက်မှာပဲ နားထောင်မယ့်သူက ပုံပြင်အသစ်ပြောပြနော်၊ အဟောင်းတွေ နားမထောင်ချင်ဘူးလို့ တီတီတာတာ သတိပေးသံကြောင့် ရွေးထားတဲ့အပုဒ်ဟာ ပြောဖူးပြီးသားလား မပြောရသေးဘူးလားဆိုတာကို ပြန်လည်တွေးတောစိစစ်ယူရတာလည်း ပုံပြောသူအတွက် ကြိုမရှုပ်အောင် အပိုလုပ်ရတဲ့ လုပ်ငန်းစဉ်တခုပေပေါ့။ ကြိုမရှုပ်အောင် ဆိုတာက ဒီလို။ ပြောဖူးပြီးသားကို အတည်ပေါက်နဲ့ ထပ်ပြောဖို့ ကြိုးစားလို့ကတော့ အဲဒီညဟာ ပုံပြင်နားထောင်သူ ပရိသတ်လေးအတွက် ရကောက်နဲ့ ရစ်တဲ့ ညလေးအဖြစ် ပြောင်းလဲသွားနိုင်လို့ပါပဲ။
ဒါတွေကို ကြုံဖူးတဲ့အတွက် အရစ်မခံရအောင် ပုံပြင်အသစ်တွေဖတ်ရင်း ပုံပြောသူမှာလည်း ပုံပြင်ပြည့်ဝ စကားကြွယ်ဝတဲ့သူ ဖြစ်မှန်းမသိ ဖြစ်လာတာ ဘယ်သူပြောပြော မပြောပြော တဦးတည်းသော ပုံနားထောင်သူ ပရိသတ်ရဲ့ ချီးကျူးအားပေးခြင်းကို ရရှိတာကြောင့် တိုးတက်မှုမလျော့ပါးလေအောင် နေ့စဉ်လိုလို ပုံပြင်ဖတ်တဲ့ အမှုကို မှန်မှန်ကန်ကန်ပြုကျင့်ရပါတယ်။
ဒီညမှာလည်း အိပ်ခါနီးမှာ ပုံပြောပြဖို့ တောင်းဆိုပါတယ်။ ပုံပြောသူအတွက်ကလည်း ဒီလိုတောင်းဆိုမှုမျိုးကို မျှော်လင့်နေတာကြောင့်၊ မျှော်လင့်ဆို ဘယ်ပုံပြင်ကို ပြောပြရင် ကောင်းမလဲဆိုတာ ညစာစားနေရင်းနဲ့ ပထမထမင်းလုတ် ပါးစပ်ထဲမရောက်ခင်မှာကို အကန့်ထဲကနေ ရွေးထုတ်ပြီးသား ဖြစ်တာကြောင့် ရွေးပြီးသား ပုံပြင်လေး ပျောက်သွားမှာစိုးတာကြောင့်ပုံပြောပြဖို့ မြန်မြန်ဆန်ဆန်ပဲ ခြေဆင်းလိုက်ရပါတယ်။
သီချင်းတွေမှာပဲ ခြေဆင်းရှိတယ် မထင်ပါနဲ့။ ပုံပြင်မှာလည်း ခြေဆင်းရှိပါတယ်။ ပုံပြင်အတွက် ခြေဆင်းကတော့ ပုံပြင်ထဲမှာ ပါလာမယ့် ဇာတ်ကောင်တွေကို နားထောင်သူအတွက် အရင်ဦးဆုံး မိတ်ဆက်ပေးထားရတာပါပဲ။ အခုည ပြောမယ့် ပုံပြင်ထဲမှာပါမယ့် ဘီလူးဆိုတာက အဓိကဇာတ်ကောင်တစ်ကောင် ဖြစ်တော့ ပရိသတ်ကို ဘီလူးဆိုတာ ဘာလဲဆိုတာ ပြန်ပြီး နိဒါန်းပျိုးလိုက်ရတယ်။ အဲဒီလို အစွယ်ရှိတဲ့ ဘီလူးတွေရှိပေမယ့် အခုပုံပြင်ထဲက ဘီလူးကတော့ အစွယ်မပါဘူးကွယ့်။ ဒါနဲ့ အစွယ်မပါတဲ့ ဘီလူးဆိုတာ မြင်ဖူးသလားလို့ မေးကြည့်တော့ အရုပ်ထုတဲ့သူက အစွယ်မေ့ခဲ့လို့ ဖြစ်မှာပေါ့တဲ့။
ပုံတွေ ညတိုင်းပြောနေရတာ၊ တခါမှလည်း ပုံပြင်ဆုံးတဲ့အထိ နားထောင်တာ မတွေ့ဘူး၊ ပုံပြင်မပြီးသေးဘူး၊ ရှူး ရှဲ နဲ့ အိပ်တာပဲ ဆိုတော့ ပုံပြင်နားထောင်တဲ့ ပရိသတ်ဆီက ဒီလို တုံ့ပြန်ပါတယ်။
'အိပ်မက်ထဲမှာ ဆက်နားထောင်မယ်လေ' တဲ့။
တကယ်လည်း အိပ်မက်ထဲမှာ ဆက်နားထောင်နေပုံပါပဲ။ ပုံပြင်က အစပိုင်းပဲရှိသေး၊ အိပ်ပါလေရော။ ဒါကို ပုံပြောသူကလည်း သူ့ရဲ့ ပုံပြင်ပြောဟောနည်း အစွမ်းကြောင့်လို့ သူ့ကိုယ်သူ ဂုဏ်ယူလေ့ရှိပါတယ်။ ပုံပြင်ကို တုံးတိကြီး မဖြတ်ရက်လို့၊ မဖြတ်ရက်လို့ဆိုတာကလည်း ပုံတပုံထဲမှာ ပုံပြောကောင်းတဲ့ ဘုရင်ကြီးဟာ ပုံပြောနေတုန်း ဆက်မပြောနိုင်ဘဲ အိပ်ပျော်သွားတယ်လို့ ပါတယ်။ အဲဒီအခါ သူ့ပုံပြင်ကို လေလှိုင်းရှည်နဲ့ နားထောင်နေတဲ့ နတ်မင်းတွေ စိတ်ဆိုးပြီး ကျိန်စာတိုက်ကြသတဲ့။ ဒီပုံပြင်လေး ကြားဖူးထားတော့ ဟုတ်တာ မဟုတ်တာ ကိုယ့်အလုပ်မဟုတ်၊ ပုံဆိုတာ စပြောမိရင် အဆုံးထိရောက်အောင်ပြောရမယ် ဆိုပြီး စိတ်က ပိုင်းဖြတ်ထားလေတော့ ပြီးအောင် ဆက်ပြောနေမိတာပါပဲ။
အိပ်မက်ထဲမှာ ဆက်နားထောင်နေတဲ့အတွက် နောက်တနေ့ညကျ ပုံပြင်အသစ် ထပ်ပြောရမှာ ဖြစ်ပါတယ်။ ပုံပြင်အသစ်တွေကလည်း သူ့အကြောင်းပြောပါ ငါ့အကြောင်းပြောပါနဲ့ သူ့ထက်ငါ တိုးဝှေ့လို့ပေါ့။
ကျော်မောင်(တိုင်းတာရေး)
၁၄-ဇန်နဝါရီ-၂၀၁၉
မှတ်ချက်။ ။ အသစ်မရေးနိုင်သေးတဲ့အချိန် တက်လာတဲ့အဟောင်းလေးကိုပဲ နည်းနည်းပေါင်းသင်ပြီး ပြန်တင်ပါတယ်။ ကိုယ်ရေးထားတာ ကိုယ်ဖာသာ ပြန်ဖတ်ကြည့်တော့ ဟောင်းနေပေမယ့် ကောင်းနေဆဲရှိပါတယ်။ ပုံပြင်မပြောဖြစ်တာ ကြာပါပြီ။ ပြောဖို့ဆိုရင်လည်း ပုံပြင်တွေ ထပ်ဖတ်ရမှာပါ။ ဘယ်သူတွေများ ပုံပြင်အသစ်တွေ ရေးဖြစ်ကြပါလိမ့်။
 Aung Than

ကွမ်းစားတဲ့ ညီအစ်မ - ကျော်မောင်(တိုင်းတာရေး)

အငြိမ့်ပွဲ ဇာတ်ပွဲတွေမှာ လူရွှင်တော်တွေပြက်လုံးပြက်ကြတယ်။ ပြက်လုံးတလုံးပေါက်သွားရင် အဲဒီပြက်လုံးတလုံးကိုပဲ ပရိသတ်ရယ်စေချင်တိုင်း ပွဲပြီးတဲ့အထိ ခဏခဏပြန်ပြန်ပြက်လေ့ရှိတယ်။ ပရိသတ်ကလည်း ခဏခဏပြက်ပြတာကို မရိုးဘဲ ပျော်ရွှင်စွာရယ်မောကြတယ်။

အိမ်မှာလည်း အဲဒီလို ပေါက်သွားတဲ့ စကားလုံးတွေ ရှိတယ်။ အိမ်သားအချင်းချင်းပဲ သိတဲ့ မိသားစုပေါက်လုံးတွေဖြစ်တယ်။ ဒါမျိုးက တခြားမိသားစုတွေမှာလည်း ရှိကြပါတယ်။
အိမ်မှာ လူစုံတက်စုံရှိနေတဲ့အခိုက် ဘာမှလည်း ပြောစရာသိပ်မရှိဘူးဆိုရင် တယောက်က ပြောလေ့ရှိတယ်
“အမေတို့ ငယ်ငယ်တုန်းက ရုပ်သေးပွဲကြည့်တာလေး ပြန်ပြောပါလား”
အမေက ပြောမယ်ပြင်ရင်း တခိခိရယ်ပါတယ်။
အဖေပြောထားတာက “မင်းတို့ အမေ ရယ်စေချင်ရင် ရုပ်သေးပွဲအကြောင်းပြောခိုင်းလိုက်” ဆိုတာပါပဲ။
နောက်ပိုင်းမှာ “ရုပ်သေးပွဲ ကြည့်တုန်းက” ဆိုတာ မိသားစုပေါက်လုံးအနေနဲ့ ရှိလာပါတယ်။ အဲဒီလိုပါပဲ “ကွမ်းစားတဲ့ ညီအစ်မ”ဆိုတာလည်း မိသားစုပေါက်လုံးအနေနဲ့ ရှိလာခဲ့တာဖြစ်ပါတယ်။ ဈေးထဲတခုခုသွားဖို့ဆိုရင် “အမေ … ကွမ်းစားတဲ့ညီအစ်မဆီက ဝယ်ခဲ့ရမလား” လို့ ပြောကြလေ့ရှိပါတယ်။
ဒီပေါက်လုံးလေး ဖြစ်လာပုံက ဒီလို။
အမေက မနက်တိုင်း ပုံမှန်ဈေးသွားလေ့ရှိတယ်။ ပလတ်စတစ်ဆွဲခြင်းတောင်းလွတ်ထဲ ခေါက်ထီးလေးထည့်ပြီး ဈေးသွားတယ်။ ပြန်လာရင် တယောက်ယောက်က အောက်ထပ်ဆင်းကြိုပြီး ဈေးဆွဲခြင်းကို သယ်ပေးရတယ်။
သူဈေးမသွားနိုင်တဲ့နေ့ဆို အရွယ်ရောက်လာတဲ့ သားနှစ်ယောက်ထဲက တယောက်ယောက်ကို သွားခိုင်းတယ်။ သမီးငယ်က မူလတန်းကျောင်းသူဖြစ်လို့ ဈေးသွားခိုင်းလို့ရတဲ့ အရွယ်မရောက်သေးဘူး။ ဈေးသွားခိုင်းတဲ့အရွယ်ရောက်တဲ့အခါမှာလည်း သွားခိုင်းတာ မတွေ့မိဘူး။ အကြောင်းတော့ ရှိမှာပေါ့လေ။
စျေးသွားခိုင်းတဲ့ ပထမဆုံးအတွေ့အကြုံရသူက သားကြီးဖြစ်သူပဲ။ အဲဒီမှာ ကွမ်းစားတဲ့ ညီအစ်မဆိုတာ စကြားကြရတာ။
“သားရေ ဈေးထဲက သားငါးတန်းကိုသွား၊ ကွမ်းစားတဲ့ညီအစ်မရောင်းနေတဲ့ဆိုင်မှာ အမေက လွှတ်လိုက်တာလို့ပြော၊ သူတို့က အလေးချိန်မှန်တယ်၊ စေတနာလည်းကောင်းတယ်၊ သားငါးကလည်း လတ်တယ်”
အခိုင်းခံရတဲ့ သားကြီးဖြစ်သူကလည်း ဘာစောဒကမှ မတက်ဘဲ ဈေးသွားဝယ်တယ်။ အမေမှာတဲ့ဟင်းစားပါလာတယ်၊ ပိုတဲ့ပိုက်ဆံပြန်အပ်တယ်။ ချောလို့ မွေ့လို့။
ညီဖြစ်သူက ဈေးကပြန်လာတဲ့ အစ်ကိုကို မေးတယ်။
“ မင်း … ကွမ်းစားတဲ့ညီအစ်မကို တွေ့ခဲ့လား”
“အေး”
“သူတို့က ဈေးရောင်းရင်း ကွမ်းစားနေတာလား”
“အေး”
“မင်းရှေ့မှာ ကွမ်းတံတွေးထွေးသေးလား”
“အာ … မထွေးပါဘူး၊ ကွမ်းငုံထားကြတာ၊ အမေလွှတ်လိုက်တာလို့ ပြောတာ ဘယ်ကအမေလည်းဆိုတာတောင် မမေးဘူး၊ အမေ့ကို သိပုံရတယ်၊ တွေ့ချင်ရင် နောက်တခါ အမေဝယ်ခိုင်းရင် မင်းသွားဝယ်”
“ဟာ .. မတွေ့ချင်ပါဘူးကွာ၊ သွားလည်းမဝယ်ချင်ပါဘူး၊ သားငါးတန်းက အနံ့အသက်ကမကောင်း၊ ချက်ပြီးရင်သာ စားကောင်းတာ။ သူတို့က ဈေးရောင်းရင်း ကွမ်းစားတာလား၊ ကွမ်းစားရင်း ဈေးရောင်းတာလား သိချင်လို့၊ သားငါးတန်းက ကျန်တဲ့ဈေးသည်တွေကရော ကွမ်းမစားကြဘူးလား”
သူက ဘာမှ ပြန်မပြော။
မဝယ်ချင်ပါ မသွားချင်ပါဟု ဆိုခဲ့သော်လည်း တနေ့မှာ သူ့အလှည့်က ရောက်လို့လာပါတယ်။
“သားလေးရေ … သားအစ်ကိုကြီး အိမ်စာလုပ်နေလို့ ဈေးထဲ သားလေးသွားလိုက်”
“ကွမ်းစားတဲ့ညီအစ်မဆိုင်ကလား အမေ”
အမေက ပြုံးပြီး
“ဟုတ်တယ် အဲဒီဆိုင်ကပဲ။ သူတို့ဆိုင်က ဝယ်ပြီးရင် သူတို့ဆိုင်ရဲ့ ကျောချင်းကပ်ဆိုင်ကနေ ဝယ်ဖို့ရှိသေးတယ်။ ဒီမှာ ဈေးစာရင်းစာရွက်”
“ကျောချင်းကပ်ဆိုင်ကရော ကွမ်းမစားဘူးလား အမေ”
အမေက ရယ်တယ်။
ဈေးထဲရောက်တဲ့အခါ သားငါးတန်းမှာ ကွမ်းစားတဲ့ညီအစ်မဆိုတာကို လိုက်ရှာတော့ မတွေ့။ ဆိုင်တန်းတွေကို သုံးလေးခေါက်ပတ်နေတာကို သတိပြုမိတဲ့ ဈေးသည်တယောက်က မေးတယ်
“ကောင်လေး ဘာရှာနေတာလဲ”
“ဟိုဟာဗျာ … ကွမ်းစားတဲ့ညီအစ်မ ဈေးဆိုင်လိုက်ရှာတာ”
“ဟဲ့ ဒီမှာ နင်တို့ ဖောက်သည်”
သူက သူ့မျက်စောင်းထိုးစျေးဆိုင်က ခပ်ပိန်ပိန်အမျိုးသမီးတယောက်ကို လှမ်းပြောတယ်။
ဟင် ကွမ်းမှ မစားတာ ဟု တွေးနေတုန်း
“ဟိုအန်တီရဲ့ သားငယ်လားဟေ့၊ အကြီးမအားလို့ ထင်တယ်၊ ကဲ ပြော ဘယ်လောက်သား ချိန်ပေးရမလဲ” ဟု ရယ်ပြီး အပြောတွင် ပွင့်ထွက်လာသော ပါးစပ်ထဲမှ သွားများကို မြင်တွေ့သည်မှ အင်း ကွမ်းစားတဲ့ညီအစ်မဆိုင် အမှန်ပါပဲလားဟု စိတ်ချယုံကြည်ကာ အမေဝယ်ခိုင်းသည့်အတိုင်း ပြောဝယ်ခဲ့ပါတော့သတည်း။
(၁ နှစ် ၆ လပြည့် အမေ့ အမှတ်တရ)
၂-ဖေဖေါ်ဝါရီ-၂၀၂၃

မျဉ်းကြောင်းပါမှ ရေးတတ်သည် - ကျော်မောင်(တိုင်းတာရေး)

ကျောင်းတက်ဖို့ ကျောင်းသွားအပ်စဉ်မှာပင် ဆိုင်ရာအတန်းမှာ သုံးဖို့လိုအပ်သော စာအုပ်များကို ကျောင်းက ထုတ်ပေးသည်။ ထုတ်ပေးသည်ဆိုရာ၌ အလကားရသည်မဟုတ်။ စာအုပ်ဖိုးဟူသော ခေါင်းစဉ်အောက်တွင် ငွေပေးလိုက်ရခြင်းဖြစ်သည်။ စာအုပ်ဖိုးတွင် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် ခဲတံ စသည်တို့ပါသည်။ စသည်တို့ပါသည်ဟု ဆိုရခြင်းမှာ ဝယ်ရသည့်အခါ ပေတံ ခဲဖျက်များ ပါမပါ မမှတ်မိတော့၍ ဖြစ်သည်။

ပေတံမှာ အများအားဖြင့် သစ်သားပေတံများ ဖြစ်လေ့ရှိပါသည်။ သစ်သားပေတံများသည် မည်သို့သော သစ်ပင်အသားမှ ပေတံဖြစ်အောင် ဆောင်ရွက်ထားသည်မသိ၊ ပေါ့ပေါ့ပါးပါးရှိလှသည့်အတွက် ကျောင်းသူကျောင်းသားလေးများအဖို့ အဆင်ပြေတာပဲဟု ထင်စရာရှိသည်။ ပေတံ၏ အဓိကအလုပ်ဖြစ်သော မျဉ်းကြောင်းဖြောင့်ဖြောင့်ဆွဲရသော ကိစ္စတွင်မူ လွဲချော်မှုကြီးမားကြောင်း သုံးကြည့်သောအခါမှ ထင်ထင်ရှားရှားတွေ့သိကြရသည်။
ကျောင်းသုံးဗလာစာအုပ်သည် နာမည်နှင့်မလိုက်။ စာအုပ်ထဲရှိ စာရွက်များသည် ဗလာမဟုတ်ဘဲ မျဉ်းကြောင်းများနှင့်ဖြစ်သောကြောင့်ပင်။ ထိုကြောင့်ဖြစ်မည်၊ တချို့ကျောင်းသားမိဘများက ဗလာစာအုပ်ဟု မခေါ်ဘဲ မျဉ်းကြောင်းစာအုပ်ဟု ခေါ်ကြသည်။ မျဉ်းကြောင်းပါတဲ့စာအုပ်သွားဝယ်ချေဟု ပြောကြသည်။ ဗလာစာအုပ်တစ်အုပ်လောက် ပေးပါဟု ဈေးထဲတွင် ဝယ်လျှင် ပုံဆွဲစာအုပ်လားဟု ရောင်းသူက ပြန်မေးတတ်ကြသည်။ ပုံဆွဲစာအုပ်တွင် မျဉ်းကြောင်းများမပါ၊ ဗလာသက်သက်ဖြစ်သည်။ စာရွက်အသားက ဖြူပြီးထူသည်။
မျဉ်းကြောင်းစာအုပ်ရှိ မျဉ်းကြောင်းများသည် စာရွက်မျက်နှာပြင်တွင် အလျားလိုက် ရှိသည်။ စာမျက်နှာအပေါ် ပိုင်းတွင် တစ်လက်မသာသာ၊ အောက်ပိုင်းတွင် တစ်လက်မသာသာ မရှိတရှိ အလွတ်ထားသည်။ ထိုအလွတ်ထားသော အပေါ်အောက် စာမျက်နှာပြင်သည် သူ့အပေါ်တွင် ဘာစာမှ ရေးခြစ်ခွင့်မရှိဟု မကြေငြာထားသော်လည်း ကျောင်းသူကျောင်းသားအများစုမှာ ထိုမျက်နှာပြင်တို့ကို တို့ထိဝံ့သူ မရှိသလောက်နည်းပါးကြသည်။ မျဉ်းကြောင်းပေါ်တွင်သာ ရေးကြခြစ်ကြသည်။ စာကြွင်းအနေဖြင့် ထပ်ဖြည့်ရပါလျှင် စာမျက်နှာအပေါ်ထောင့်စွန်းလောက်တွင် နေ့စွဲရေးကြသည်လည်း ရှိသည်။
တစ်ရက်တွင် အဖေက ကျောင်းသုံးဗလာစာအုပ်ထဲတွင် ရေးထားသည်များကို တွေ့ပြီး
"ဘာဖြစ်လို့ ဒီအပေါ်က လွတ်နေတဲ့နေရာမှာ မရေးရတာလဲ" ဟု မေးသည်။
"မျဉ်းကြောင်းမှ မပါတာ အဖေ၊ ပြီးတော့ ဘယ်သူမှလည်း အဲဒီနေရာမှာ မရေးကြဘူး" ဟု ပြန်ဖြေသည့်အခါ
"မင်းတို့ကွာ နေရာလွတ်တွေ အများကြီးဖြစ်ကုန်တာပေါ့"ဟု ဆိုသည်။
"ရေးကွ၊ အဲဒီနေရာလွတ်မှာ တက်ရေးကွ"ဆိုပြီး တိုက်တွန်းသည်။
သူတိုက်တွန်းသည့်အတိုင်း စာမျက်နှာအပေါ်ပိုင်းများတွင် တက်ရေးသည်။ စာရွက်အောက်ပိုင်းက လွတ်သည့်နေရာတွင်လည်း ရံဖန်ရံခါရေးသည်။ ဆရာမ တစ်ယောက်နှစ်ယောက်လောက်က သတိပြုမိပြီး မေးကြသည်။ အိမ်က အဖေက ရေးခိုင်းတာဟု ခပ်တည်တည်ဖြေသည့်အခါ ဘာမှ ပြန်မပြောကြ မဆူကြပါ။ သူရေးသလို လိုက်ရေးကြဟု တခြားသူများကို မတိုက်တွန်းပါ။ ရေးသည်ကို မြင်သော ဘယ်အတန်းဖော်မှလည်း တုပပြီး လိုက်မရေးကြပါ။ ကိုယ်တိုင်ကတော့ ထိုသို့ရေးရသည်ကို နှစ်ခြိုက်မိခဲ့သည်။
တချို့က မျဉ်းကြောင်းနှစ်ကြောင်းကြားတွင် စတိုင်ထွင်ပြီး ရေးသည်။ သူငယ်ချင်းအတန်းဖော်တစ်ဦးမှာ မျဉ်းကြောင်းနှစ်ကြောင်းကြားတွင် စာရေးလေ့ရှိသည်။ သူရေးသည်ကို သဘောကျ အတုယူပြီး မျဉ်းကြောင်းကြားတွင် လိုက်ရေးဖူးသည်။ ဘောင်အတွင်း ရေးခြင်း၏ အကျိုးက စာမေးပွဲဖြေသည့်အခါ များစွာပေးသည်။
စာသင်သည့်အခါ မျဉ်းကြောင်းပါသော စာအုပ်များကို သုံးရသည်။ စာမေးပွဲဖြေသည့်အခါ မျဉ်းကြောင်းပါသော စာဖြေစာရွက်များကို ပေးမသုံးပါ။ ထူးခြားမှုဖြစ်ပါသည်။ ထူးခြားမှုဆိုသည်ထက် မညီမျှမှုဟု ပြောလျှင် ပိုသင့်ပါသည်။ ဒါကို မိဘများက ဆူဆူညံညံ ပြောကြသော်လည်း ကျောင်းနံရံများသည် အုတ်နံရံများဖြစ်သောကြောင့် အတွင်းသို့ မထိုးဖောက်နိုင်ပုံရသည်။
မိဘများက စာဖြေကျောင်းသူကျောင်းသားများကို နည်းမျိုးစုံဖြင့် ထိုအခက်အခဲကို ကူညီဖြေရှင်းပေးကြသည်။ မျဉ်းကြောင်းဆွဲထားသော ကတ်ထူပြားများ ယူသွားပြီး ဖြေလွှာစာရွက်အောက်တွင် ခံရေးခိုင်းသည်။ အောက်ခံတွင် မျဉ်းကြောင်းများကို မြင်ပြီး စာရေးရာတွင် ဖြောင့်ဖြောင့်တန်းတန်းရေးနိုင်သည်။ စာမေးပွဲဖြေသည့်အခါ ဘော့ပင် ခဲတံ ခဲဖျက် ပေတံမှ အပ မည်သည့်စာရွက်မှ မည်သည့်အောက်ခံပြားမှ ယူခွင့်မရှိဟု ကျောင်းက စာမေးပွဲစည်းမျဉ်းပြောင်းသည်။ ထိုတွင် မိဘများက သားသမီးများကို ဗလာစာရွက်ပေါ်တွင် ခဲတံဖြင့် မျဉ်းကြောင်း သုံးကြောင်းခပ်ဖွဖွရေးဆွဲပြီးမှ ဖြေဖို့ သင်ပေးကြသည်။
ဗလာစာရွက်တစ်ရွက်ပေးလိုက်ပြီး စာရေးခိုင်းလိုက်သည့်အခါ ဖြောင့်တန်းစွာရေးနိုင်သည့်သူသည် အာဂလူဟု ဆိုနိုင်ပေမည်လား။ မျဉ်းကြောင်းပါမှ ရေးတတ်သူသည် စာရေးသက်နည်းသေးသောသူဟု ဆိုနိုင်ပေမည်လား။
သေချာသည်ကတော့ စာရွက်ပေါ်တွင် စာရေးကိရိယာကိုင်ကာ စာရေးကြသောသူများ သိသိသာသာလျော့နည်းသွားပြီ ဖြစ်သည်။ လက်ရေးလေးက လှလိုက်တာဟု ချီးကျူးသံ ချီးမွမ်းသံ ကြားချင်ပါလျှင် လက်ရေးလှလှ ရေးကျင့်မှ ဖြစ်ပါမည်။ လက်ရေးလှလှ ရေးကျင့်ဖို့အတွက် မျဉ်းကြောင်းပါသော စာရွက်ကို ရွေးမည်လား ဗလာစာရွက်ကို ရွေးမည်လားဆိုသည်ထက် ခဲတံနှင့် ရေးမည့်သူဆိုပါက ခဲတံချွန်နည်းကို တတ်ကျွမ်းဖို့လိုပေလိမ့်မည်။
ခဲတံကောင်းကောင်းချွန်တတ်ပါလျှင် လက်ရေးကလည်း လှနေဖို့ သေချာနိုင်ပါသည်။ ခဲတံကောင်းကောင်းချွန်တတ်ဖို့ လေ့ကျင့်ပေးရပါမည်။ ခက်သည်မှာ ခဲတံချွန်စက်ဖြင့် ခဲတံကို ချွန်မည်လား၊ ခဲတံချွန်ဓားဖြင့် ခဲတံကို ချွန်မည်လားဟု ဝေခွဲမရ ဖြစ်နိုင်ပါသည်။ ချွန်ပြီးသောခဲတံကို ဖောင်းထားသောပါးတစ်ဖက်ပေါ်အသာတင်ကာ ခဲတံချွန်မချွန်စမ်းသပ်သောနည်းကိုလည်း တပါတည်းသင်ပေးလိုက်ကြဖို့လိုပါလိမ့်မည်။ မျဉ်းကြောင်းပါလည်း ရေးတတ်၊ မျဉ်းကြောင်းမပါလည်း ရေးတတ်သော ခဲတံကိုင်စာရေးသူများ ပေါ်ထွန်းလာဖို့ မျှော်လင့်မိပါသည်။
၂၂-ဇန်နဝါရီ-၂၀၂၃