May 31, 2017

အဖွင့် အပိတ်

ရုံးက အပြန်တိုင်း ရထားစီးပြီး ကားထပ်စီးရတယ်။ ဟိုးတုန်းကတော့ ရထားဘူတာက ထွက်ရင် အိမ်ကို လမ်းလျှောက်ပြန်လေ့ရှိတယ်။ ကားမှတ်တိုင်က ရထားဘူတာရုံကနေဆို သိပ်မဝေးဘူး။ မီးပွိုင့်တစ်ခုကို ဖြတ်ကူးပြီးမှ ကားမှတ်တိုင်ကို ရောက်တယ်။ မီးပွိုင့်မကူးခင်ကနေ မှတ်တိုင်အထိဆို မီတာ တစ်ရာနီးပါးလောက်ပဲ ရှိတယ်။ မီးပွိုင့် မီးစိမ်းမှ တဘက်ကို ကူးလို့ရတယ်။ စီးမယ့်ကားက မီးမစိမ်းခင်မှာ ဝင်ရပ်ဖို့ သွားနေရင် နောက်ကားတစ်စီးကို ဆယ်မိနစ်လောက် စောင့်ရလေ့ရှိတယ်။ အဲဒီတော့ မှတ်တိုင်ကို ကားက ဝင်ရပ်နေတဲ့အချိန် မီးပွိုင့်ကလည်း စိမ်း၊ လမ်းကူးလို့ရပြီဆိုတာနဲ့ ကားစီးမယ့် သူတွေဟာ မှတ်တိုင်ရှိရာဆီ မီလိုမီငြား ပြေးလေ့ရှိကြတယ်။
ကားကပ္ပတိန်တွေက ငါ့ကား လူပြည့်မှ မှတ်တိုင်ကနေ ထွက်မယ်ဆိုတဲ့ သဘောထားရှိကြပုံမရပါ။သူ့ကားကို တက်နေတဲ့သူ မရှိတော့ရင် ကားတံခါးပိတ်ပြီး မှတ်တိုင်ကနေ မောင်းကြပါတယ်။
ဒီနေ့ကြုံခဲ့ရတာက ဒီလိုပါ။
မီးပွိုင့်မှာ စိမ်းတာကို စောင့်နေတုန်း (လူကူးအချက်ပြမီးစိမ်းတဲ့အခါလို့ ဆိုလိုတာ) စီးရမယ့် ကားက မှတ်တိုင်ကို ဝင်ဖို့ သွားနေတာ တွေ့လိုက်တယ်။ မှတ်တိုင်မှာလည်း အဲဒီကားကို လိုက်စီးမယ့် ခရီးသည်တွေ ရှိနိုင်တယ်။ ကားက မှတ်တိုင်မှာ ရပ်ပြီး ခရီးသည်တင်နေတဲ့အချိန်မှာမှ လူကူးအချက်ပြမီးက စိမ်းတယ်။ မီးပွိုင့်ကို ကူးတဲ့အခါ အေးအေးဆေးဆေးပဲ ကူးလိုက်တယ်။ နောက်ကားပဲ စောင့်စီးတော့မယ်ဆိုတဲ့ အတွေးနဲ့။ မီးပွိုင့်ကူးပြီးတဲ့အခါထိ ကားက ရပ်နေတုန်း။ ခရီးသည် သုံးယောက်လောက် တယောက်ချင်း ကားပေါ်တက်နေကြတာမြင်တယ်။ အဲဒီကား အဲဒီသုံးယောက်တင်ပြီးတာနဲ့ ကားတံခါးပိတ်ပြီး ထွက်မှာပဲ။ မပြေးတော့ဘူး။ ပြေးရင် အလကားနေ အလကား အင်အားကုန်ခန်းသွားမယ်။
ဒါမျိုးက ဖြစ်တတ်တဲ့ အတွေ့အကြုံရှိလို့ပါပဲ။ မီမယ်ဆိုပြီး ကားဆီကို အပြေးသွား၊ ကားတံခါးနားရောက်တော့ တံခါးပိတ်ပြီး ကားကထွက်၊ ပိတ်ပြီးသွားတဲ့ တံခါးကို ပြန်ဖွင့်ဖို့ဆိုတာ တော်တော်ခက်ပါတယ်။ တွေ့ဖူးတာမှာ အဲဒီလို တံခါးပိတ်သွားတော့ ပြေးလာတဲ့ တချို့ခရီးသည်တွေက ကားတံခါးကို လက်သီးတွေ လက်ဝါးတွေနဲ့ သွားထုကြ ရိုက်ကြ (ဖွဖွလေး)လုပ်ပြီး တံခါးဖွင့်ပေးဖို့ ပြောတာမျိုးပြုမူကြတယ်။ ကားကပ္ပတိန်တွေက အလေးမမူဘဲ မှတ်တိုင်ကနေ ကားကို ထွက်တယ်။ ထိုလူတွေမှာဟာ ကျန်ခရီးသည်တွေရဲ့ မျက်လုံးတွေကြားထဲ အနေခက် အထခက် ဖြစ်စေခဲ့တယ်။
အဲဒီလို မပြေးဘဲ ပုံမှန်လမ်းလျှောက်သွားနေတဲ့အခါ အရှေ့က လျှောက်နှင့်နေတဲ့ နှစ်ယောက်သုံးယောက်လောက်က ကားဆီကို စပြေးပါတယ်။ ကားပေါ်ကို နောက်ဆုံးခရီးသည်တစ်ယောက်တက်နေပါပြီ။ ပြေးတဲ့သူထဲက ခပ်သွက်သွက်ပြေးလိုက်တဲ့သူက တံခါးမပိတ်ခင် ရောက်သွားတယ်။ သူ ကားပေါ်တက်သွားတယ်။ အဲဒီမှာပဲ နောက်က လိုက်ပြေးသွားတဲ့သူတွေ ဆက်တက်ကြတယ်။ ဘေးနားမှာ လျှောက်နေတဲ့ အန်တီကြီးက ပုံမှန်လမ်းလျှောက်နေရာကနေ ဝုန်းဆို ထပြေးသွားတယ်။ ကားတံခါးဆီရောက်ဖို့ ခြေလှမ်း ၁၅ လှမ်းလောက် လှမ်းရမှာ။ အန်တီကြီး မီတော့မယ်။ ကားတံခါးက မပိတ်သေးဘူး။
လမ်းလျှောက်နေရင်း စဥး်စားတယ်။ အန်တီကြီးနောက် လိုက်ပြေးရင် ကောင်းမလားပဲ။ မီလိုမီငြားပေါ့။ အရမ်းမပြေးချင်တဲ့အတွက် ခြေလှမ်းတဲ့နှုန်းကိုသာ မြှင့်လိုက်တယ်။ ကားတံခါးက ပိတ်တော့မယ်။ ဟိုအန်တီကြီး ကားအပေါက်ဝက ခြေနင်းခုံကို တက်နေပြီ။ လှမ်းနေရင်းမှာ ဘေးကနေ အရိပ်တစ်ခုဖြတ်သွားတာ သတိထားမိလိုက်တယ်။ သူက ကျော်တက်သွားတယ်။ အန်တီကြီး နောက်တစ်ယောက်ပဲ။ လက်ထဲမှာ အထုပ်လေးတစ်ထုပ်တောင် ကိုင်ထားသေး။ သူက နောက်ကနေ အပြေးလေး လိုက်လာပြီး ရှေ့က အန်တီကြီးနောက် လိုက်တက်သွားတယ်။
ဘာမှ ချီတုံချတုံစဉ်းစားမနေတော့ဘဲ ကားပေါ်တက်လိုက်တယ်။ ဟုတ်တယ်လေ၊ ကားတံခါးဝလည်း ရောက်နေပြီ၊ တံခါးကလည်း မပိတ်သေးဘူး၊ အဲ ပိတ်တော့မယ့်ဆဲဆဲလေးမှာ။ ဒီအခြေအနေမှ တက်မလိုက်ရင် ငတုံးပဲ။ ကားစီးကဒ်ကို စက်ပေါ်တင်ပြီး ကားကပ္ပတိန်ကို ကြည့်လိုက်တော့ သူက ကားတံခါးကို ပိတ်လိုက်ပြီ။ ဒါပေမယ့် ကားမထွက်သေးဘဲ တံခါးကို ပြန်ဖွင့်တယ်။ လူငယ်တစ်ယောက် အမောတကောပြေးလာလို့ဖြစ်တယ်။ အဲဒီတစ်ယောက်ကားပေါ်ရောက်မှ တံခါးပိတ်ပြီး သူက ကားစထွက်ဖို့ပြင်တယ်။
ကားဘီးမလှိမ့်ခင်မှာ ခရီးသည်တစ်ယောက်ပြေးလာသေးတယ်။ ကားကပ္ပတိန်က တံခါးဖွင့်မပေးတော့ဘူး။ ဟိုလူလည်း မကျေမနပ်ဖြစ်ပြီး ကျန်ခဲ့တယ်။
အဲဒါနဲ့ ကားက မှတ်တိုင်ကနေ ထွက်လာပါတော့တယ်။
ကားစီးအတွေ့အကြုံတစ်ခုပေါ့။ စင်ကာပူမှာပါ။

အင်တာနက် ကနေ ရှာသည်

အကြောင်းအရာတခု ရေးနေတုန်း ထည့်ရေးရမယ့်အကြောင်းက အဓိကအချက်ထဲမှာ ပါနေတယ်။ ထင်ရာမြင်ရာ ရမ်းသန်းရေးလိုက်ဖို့ကလည်း မဖြစ်လေတော့ အဲဒီတုန်းက အတူတူပါခဲ့တဲ့ သူငယ်ချင်းကို စာရိုက်ပြီး အကူအညီလှမ်းတောင်းရတယ်။ ခင်ဗျား မှတ်မိလားဗျ ပေါ့။ သူကလည်း အဲဒီတုန်းက တခြားအပိုင်းကိုသာ စိတ်ဝင်စားခဲ့ပြီး အဲဒီအကြောင်းကိုတောင် သူ့ရဲ့ ဘလော့ဂ်မှာ တင်ခဲ့သေးတယ်ဆိုတာ ပြန်ပြောခဲ့တယ်။ သိချင်တဲ့ အကြောင်းက သူလည်း သေသေချာချာမမှတ်မိဘူး။
အဲဒါနဲ့ နောက်ကြောင်းပြန်လိုက်တယ်။ ဘယ်ပွဲမှာလည်း၊ ဘယ်နှစ်မှာလည်းပေါ့။ သူငယ်ချင်းရဲ့ ဘလော့ဂ်ကနေ ရက်စွဲရတယ်။ ခုနှစ်ရတယ်ဆိုပါစို့။ အဲဒီကနေ ဂူဂဲလ်မှာ လိုချင်တဲ့ စာသားထည့်ပြီး လိုက်ရှာတယ်။ တွေ့ပါတယ်။
အင်တာနက် ကနေ ရှာတာ ဖြစ်ပါတယ်။
တခါတုန်းကလည်း ရွှေတိဂုံဘုရားမှာ အမှတ်မထင် ရိုက်မိလိုက်တဲ့ ဓာတ်ပုံလေးကို ပြန်ကြည့်မိပါတယ်။ ကြေးမောင်း တစ်ခုကို ရိုက်မိခဲ့တာပါ။ အဲဒီမှာ လှူဒါန်းတဲ့ သူ နှစ်ယောက်နာမည်ကို ရေးထိုးထားတယ်။ နိုင်ငံခြားသူနဲ့ နိုင်ငံခြားသား နာမည်ပါ။ အင်တာနက်မှာ သူတို့နှစ်ယောက်နာမည်နဲ့ လိုက်ရှာကြည့်တဲ့အခါ တော်တော်စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းလေး တွေ့မိပါတယ်။ အကျယ်ချဲ့ရေးဦးမယ်လို့ တေးမှတ်ထားတဲ့ အကြောင်းအရာလေးပါ။
အင်တာနက် ကနေ ရှာတာ ဖြစ်ပါတယ်။
ဒီတခေါက် ရွှေပြည်ကြီးက ပြန်လာတော့ အဆိုင်းမင့်တွေပါလာတာထဲက တစ်ခုမှာ အကြောင်းအရာတစ်ခုကို ရှာဖို့ဆိုတာ ပါလာတယ်။ အဲဒီအကြောင်းက အင်္ဂလိပ်လိုရှာတဲ့အခါ တော်တော်များများ ရေးထားတာ ရှိပါတယ်။ ဒါပေမယ့် ရှာခိုင်းတဲ့သူက မြန်မာလိုရေးထားတာ ရှိမရှိ သိလိုတယ်လို့ပြောပါတယ်။ မြန်မာလို ရိုက်ပြီး ရှာပါတယ်။ မတွေ့ပါ။ စာအုပ်အဖြစ်ရှိမရှိ ဆိုတာကို မတွေ့ပါ။ အဲဒါနဲ့ အမြဲဝင်ရောက်ဖတ်ရှုနေတဲ့ website တစ်ခုမှာ ရှာကြည့်ပါတယ်။ ရှိနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ အဲဒီမှာက သူ့ website အတွင်းမှာ ရှိတဲ့ စာအုပ်စာတမ်းတွေကို ရှာနိုင်တဲ့ နေရာပေးမထားပါ။ တူတူရာရာ စုထားတဲ့ ခေါင်းစဉ်တွေကပဲ ဒါလေးများ ရှိနိုင်မလားဆိုပြီး ဝင်ရောက်ရှာလိုက် ပြန်ထွက်လိုက် နောက်တခုကို သွားဖွင့်လိုက်နဲ့ သိပ်မကြာပါဘူး လိုချင်တဲ့ စာအုပ်ကို တွေ့သွားတာပါပဲ။
အင်တာနက် ကနေ ရှာတာ ဖြစ်ပါတယ်။

Oct 25, 2016

အမှန်အကန် ပရိသတ်ဆိုတာ

တစ်ခါမှာ ဒို့တစ်တွေ ညီအစ်မတွေရယ်၊ ဒို့ကြီးတော်ရယ် မြို့မှာ လာလုပ်တဲ့ ရုပ်သေးပွဲကို ညလုံးပေါက် သွားကြည့်ကြတဲ့အခါမှာပေါ့။ ဒို့ကြီးတော်ဆိုတာက သားတို့လည်း မီလိုက်တယ်မဟုတ်လား၊ ပြောင်းဖူးဖက်ကြီးကို ခဲနေတတ်တာလေ၊ သူက တခြားရွာကြီးမှာ နေတာ၊ မြို့တက်လာတုန်း ရုပ်သေးပွဲနဲ့ ကြုံတာနဲ့ တူမတွေကို ခေါ်ပြီး သွားကြည့်ကြတာ။ 

ကြီးတော်က ပွဲကြည့်ရင် ရှေ့ဆုံးနားကပဲ ကြည့်တတ်တာ။ နေရာဦးတဲ့အခါ ရှေ့ဆုံးဘယ်ဘက်နားက ရလို့ ဒို့တတွေလည်း နှီးဖျာကြမ်းတွေ အပေါ်မှာ အိမ်က ယူလာတဲ့ သင်ဖြူးဖျာချောတွေ ထပ်ခင်း၊ အစားအသောက်တွေ နေရာချလို့ ရုပ်သေးပွဲကို အားပါးတရ ကြည့်ကြတာပေါ့။ အမေတို့ ညီအစ်မတွေက အဲဒီတုန်းက ဘယ်ရှိဦးမလဲ ခုနစ်တန်း ရှစ်တန်းအရွယ်တွေပေါ့။ ကြီးတော်က လေးဆယ်နားရှိပြီ၊ သန်တုန်းမြန်တုန်း အရွယ်ပေါ့။ သူ့တူမတွေကို လာမထိနဲ့ ရိသဲ့သဲ့လုပ်မယ် မဆိုထားနဲ့၊ ကြည့်သွားတာတောင် ကြိုက်တာ မဟုတ်ဘူး။ ပြောင်းဖူးဖက်ကတော့ လက်က မချစတမ်း ခဲတဲ့ ကြီးတော်။ ပွဲခင်းထဲမှာလည်း ထိုင်ဖွာနေတာပါပဲ။ 

အဲဒါနဲ့ ရုပ်သေးကကြရော ဆိုပါစို့။ ပရိသတ်ကလည်း ရုံ မပြည့်တပြည့်ပေါ့။ ဒို့လည်း ကြည့်ကောင်းကောင်းနဲ့ ကြည့်နေလိုက်ကြတာ ဘေးဘီဝဲယာတွေ နောက်ဘက်တွေကို သတိမထားမိလောက်အောင်ပါပဲ။ ကြီးတော်ကလည်း ပွဲကို အတော့်ကိုဝါသနာပါတဲ့သူဆိုတော့ ဒို့ရပ်ဌာနေအတိုင်း ဒူးခေါင်းတချောင်းထောင်ထားတဲ့အပေါ် တံတောင်ဆစ်တင်လို့၊ အဲဒီလက်မှာ ပြောင်းဖူးဖက်ဆေးလိပ်၊ မီးကို ရဲခနဲ ရဲခနဲနေအောင် ဖွာလို့ပေါ့။ 

ရုပ်သေးကြိုးဆွဲတဲ့သူတွေကို ဒို့တတွေက မြင်နေရတယ်။ ရှေ့က မင်းသား မင်းသမီး ရုပ်သေးရုပ်တွေကတော့ ဆိုင်းချက်နဲ့အညီ က နေကြတယ်။ အမှန်က ပွဲခင်းသိမ်းလို့ ရနေတဲ့ အချိန်၊ မိုးက လင်းတော့မယ်။ အဲဒီမှာ ရုပ်သေးဆွဲဆရာက ဇာတ်စာသားရွတ်နေရင်းနဲ့ ဘာကို ထည့်ပြောလည်း ဆိုတော့ 

"သြော် ဒို့တတွေကို အားပေးကြတဲ့ ပရိသတ်ကလည်း အခုထိတောင် ဇွဲကောင်းနေကြတုန်းပါပဲလား ဟရို့၊ အဲသဟာကြောင့် ဘယ်လိုဘယ်ပုံနဲ့ ဇာတ်ပွဲကို သိမ်းရပါ့မလဲ ညီနောင်တို့"

အဲဒီလိုမျိုး ခဏခဏ ရွတ်နေတာ။ သူတို့ အချင်းချင်းလည်း ပြောင်ရယ် နောက်ရယ် တို့ရယ် ဆိတ်ရယ်နဲ့ ရယ်ရယ်မောမော အလုပ်လုပ်နေကြတယ်။ ဒို့ကလည်း ရှေ့က ရုပ်သေးတွေထက် နောက်က ကြိုးဆွဲနေတဲ့သူတွေရဲ့ လှုပ်ရှားမှုတွေကို ပိုစိတ်ဝင်စားလို့ပေါ့။ ကြီးတော်ကတော့ ရုပ်သေးအကကိုပဲ မျက်တောင်မခတ်စတမ်း ကြည့်နေတယ်။ သူက အဲဒီလို ကြည့်လေလေ အထက်က စာသားကို ဇာတ်ဆရာက ရွတ်လေလေပါပဲ။ 

အဲဒါနဲ့ ဒို့လည်း သတိရပြီး နောက်ဘက်တွေ ညာဘေးဘက်တွေ လှည့်ကြည့်တဲ့အခါမှာမှ အခြေအနေကို သိသွားတာ။ ပွဲပြီးခါနီး မနက်ပိုင်းရောက်တော့မယ်ဆိုရင် ပွဲကို စိတ်ဝင်စားသူရော စိတ်မဝင်စားသူရော ဟန်မဆောင်နိုင်တော့ဘဲ အိပ်မောကျကုန်တာပါပဲ။ ဒို့တတွေပဲ ဆက်အားပေးနေတာ။ 
အဲဒါနဲ့ ကြီးတော်ကို လက်တို့ရတာပေါ့။ ကြီးတော်ကလည်း လက်တို့မှ ပိုဆိုးနေတယ်။ အမယ် ဒီကောင်မလေးတွေ ခဏနေကြဦး ဟိုမှာကြည့်လို့ကောင်းတုန်းလို့ ဆိုပါတယ်။ ကြီးတော်ကို နောက်ဘက်ရအောင်လှည့်ခိုင်းပြီး အခြေအနေကို ပြတဲ့အခါ ကြီးတော်က စင်ပေါ်ကို တချက်လှမ်းကြည့်ရင်း ကဲ ကောင်မလေးတွေ ပြန်မယ်တဲ့။ 

ပြန်ဖို့ ဟိုသိမ်း ဒီသိမ်းလုပ်နေတာကို ဇာတ်စင်ပေါ်က မြင်တဲ့အခါမှာ ဇာတ်ဆရာက ပွဲသိမ်းဖို့ သူ့လူတွေကို အချက်ပေးရင်း စာသားပြောင်းရွတ်ပါတယ် ပွဲကြည့်ပရိသတ်ကိုလည်း အထူးကျေးဇူးတင်ပါကြောင်း ဆိုတာပေါ့၊ အဲဒါကို လေးလေးစားစား ပြောသွားပါသေးတယ်။ 

ဒို့များဖြင့် ရယ်လိုက်ရတာ မပြောပါနဲ့တော့။ 

အမေက အဲဒီအဖြစ်လေးကို ပြောတိုင်းပြောတိုင်း သူရယ်နေတာကို မရယ်အောင် ပြောကြရင်းနဲ့ ဘာမှန်းမသိဘဲ နားထောင်သူတွေလည်း လိုက်ရယ်ကြ၊ အဲဒါနဲ့ ဘာဖြစ်သွားလည်းလို့ မေးရင်း မေးရင်းနဲ့ ဇာတ်လမ်းအဆုံးထိအောင် နားထောင်ကြရပါတယ်။ 

ကျနော်ကတော့ အမေ့ကြီးတော်ရဲ့ ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို ရဲခနဲနေအောင် ဖွာနေပုံကို အခုထိ မျက်စိထဲက မထွက်နိုင်သေးပါ။ 

ကျော်မောင်(တိုင်းတာရေး)
၈-အောက်တိုဘာ-၂၀၁၆

Aug 10, 2016

လက်တွဲဖော်

'ချစ်ရတဲ့သူနဲ့ လက်ထပ်မယ့်သူ' တယောက်တည်းပဲဖြစ်ရမယ်လို့ သန္နိဌာန်ချထားတဲ့ ကျမအတွက် အိမ်မက်လေးတခုမှတဆင့် ချစ်သူအဖြစ်ရွေးချယ်စေခဲ့သူ …

အိမ်မက်ကိုအသက်သွင်း ချစ်သက်သေထူ တသက်တခါဆင်နွဲ မင်္ဂလာပွဲကို ချစ်မိုးသွန်းဖြိုး တူယှဉ်တွဲလျက် တင့်တယ်လှပစွာ ဘဝတခုလုံး နှင်းအပ်စေခဲ့သူ …

လင့်ဝတ္တရားငါးပါး အလွတ်ရ မရ သေချာမသိသော်ငြား မိသားစုဘဝရဲ့လိုအပ်ချက်တွေကို မေတ္တာစေတနာအပြည့်နဲ့ အပုံအပင် ဖြည့်ဆည်းပေးသူ … 

တုနှိုင်းမရ ဖခင်တယောက်ရဲ့ ချစ်ခြင်းနဲ့ သမီးလေးအပေါ် ပျော်ရွှင်ငြိမ်းချမ်းမှုတွေ ဆောင်ကြဉ်းပေးသူ …

မိဘကျေးဇူး အထူးသိတတ် အလှူရေစက် လက်နဲ့မကွာ ဒါနမျိုးစေ့ စိုက်ပျိုးမှန်စွာ အများကောင်းကျိုး ကိုယ်စွမ်းရှိသလောက် ရွက်သယ်ပိုးသူ …

မိတ်ဆွေ အပေါင်းအသင်းကြား အပြုမနောဆောင် ပြောတတ် ဆိုတတ် ပေါင်းသင်းတတ်သူ …

ဘာသာတရား သိမြင်နှံ့စပ် မမေ့မလျော့ မပေါ့မဆ သတိလက်ကိုင်ထား ဘဝခရီးလျှောက်လှမ်းနေသူ …

စာပေတန်ဖိုးချစ်မြတ်နိုး၍ သုတရသ သိစွမ်းသမျှ လက်ဆင့်ကမ်းပေးဝေသူ …

သက်မွေးအလုပ် လေးစားကျေပွန် အခက်အခဲဟူသမျှ ကြိုးစားကျော်ဖြတ်သူ …

ရံဖန်ရံခါ တရံတခါ မီးဖိုချောင်ဝင် လျှာလည်အရသာ ထိုထိုဟင်းလျာတချို့ကို ကူညီချက်ပြုတ်ပေးတတ်လေသူ ....

သူ သူ သူ ..... သူဟာ သစ္စာခိုင်မြဲ ကျမလက်ကိုတွဲလို့ မိသားစုကို စိတ်တူကိုယ်တူ ပဲ့ကိုင်မယ့်သူ …

ကြည်လင်အေးမြတောက်ပအပြုံးတွေနဲ့ ဘဝလုံခြုံမှု အစဉ်အမြဲပေးမယ့် အရှင်သခင် သူလိုလူအား ကမ႓ာတည်သ၍ မပျက်နိုင်မယ့်နေမင်းကြီးအလား  ပုံနှိုင်းရရင်ဖြင့် ...

အိမ်သူသက်ထား