Oct 25, 2016

အမှန်အကန် ပရိသတ်ဆိုတာ

တစ်ခါမှာ ဒို့တစ်တွေ ညီအစ်မတွေရယ်၊ ဒို့ကြီးတော်ရယ် မြို့မှာ လာလုပ်တဲ့ ရုပ်သေးပွဲကို ညလုံးပေါက် သွားကြည့်ကြတဲ့အခါမှာပေါ့။ ဒို့ကြီးတော်ဆိုတာက သားတို့လည်း မီလိုက်တယ်မဟုတ်လား၊ ပြောင်းဖူးဖက်ကြီးကို ခဲနေတတ်တာလေ၊ သူက တခြားရွာကြီးမှာ နေတာ၊ မြို့တက်လာတုန်း ရုပ်သေးပွဲနဲ့ ကြုံတာနဲ့ တူမတွေကို ခေါ်ပြီး သွားကြည့်ကြတာ။ 

ကြီးတော်က ပွဲကြည့်ရင် ရှေ့ဆုံးနားကပဲ ကြည့်တတ်တာ။ နေရာဦးတဲ့အခါ ရှေ့ဆုံးဘယ်ဘက်နားက ရလို့ ဒို့တတွေလည်း နှီးဖျာကြမ်းတွေ အပေါ်မှာ အိမ်က ယူလာတဲ့ သင်ဖြူးဖျာချောတွေ ထပ်ခင်း၊ အစားအသောက်တွေ နေရာချလို့ ရုပ်သေးပွဲကို အားပါးတရ ကြည့်ကြတာပေါ့။ အမေတို့ ညီအစ်မတွေက အဲဒီတုန်းက ဘယ်ရှိဦးမလဲ ခုနစ်တန်း ရှစ်တန်းအရွယ်တွေပေါ့။ ကြီးတော်က လေးဆယ်နားရှိပြီ၊ သန်တုန်းမြန်တုန်း အရွယ်ပေါ့။ သူ့တူမတွေကို လာမထိနဲ့ ရိသဲ့သဲ့လုပ်မယ် မဆိုထားနဲ့၊ ကြည့်သွားတာတောင် ကြိုက်တာ မဟုတ်ဘူး။ ပြောင်းဖူးဖက်ကတော့ လက်က မချစတမ်း ခဲတဲ့ ကြီးတော်။ ပွဲခင်းထဲမှာလည်း ထိုင်ဖွာနေတာပါပဲ။ 

အဲဒါနဲ့ ရုပ်သေးကကြရော ဆိုပါစို့။ ပရိသတ်ကလည်း ရုံ မပြည့်တပြည့်ပေါ့။ ဒို့လည်း ကြည့်ကောင်းကောင်းနဲ့ ကြည့်နေလိုက်ကြတာ ဘေးဘီဝဲယာတွေ နောက်ဘက်တွေကို သတိမထားမိလောက်အောင်ပါပဲ။ ကြီးတော်ကလည်း ပွဲကို အတော့်ကိုဝါသနာပါတဲ့သူဆိုတော့ ဒို့ရပ်ဌာနေအတိုင်း ဒူးခေါင်းတချောင်းထောင်ထားတဲ့အပေါ် တံတောင်ဆစ်တင်လို့၊ အဲဒီလက်မှာ ပြောင်းဖူးဖက်ဆေးလိပ်၊ မီးကို ရဲခနဲ ရဲခနဲနေအောင် ဖွာလို့ပေါ့။ 

ရုပ်သေးကြိုးဆွဲတဲ့သူတွေကို ဒို့တတွေက မြင်နေရတယ်။ ရှေ့က မင်းသား မင်းသမီး ရုပ်သေးရုပ်တွေကတော့ ဆိုင်းချက်နဲ့အညီ က နေကြတယ်။ အမှန်က ပွဲခင်းသိမ်းလို့ ရနေတဲ့ အချိန်၊ မိုးက လင်းတော့မယ်။ အဲဒီမှာ ရုပ်သေးဆွဲဆရာက ဇာတ်စာသားရွတ်နေရင်းနဲ့ ဘာကို ထည့်ပြောလည်း ဆိုတော့ 

"သြော် ဒို့တတွေကို အားပေးကြတဲ့ ပရိသတ်ကလည်း အခုထိတောင် ဇွဲကောင်းနေကြတုန်းပါပဲလား ဟရို့၊ အဲသဟာကြောင့် ဘယ်လိုဘယ်ပုံနဲ့ ဇာတ်ပွဲကို သိမ်းရပါ့မလဲ ညီနောင်တို့"

အဲဒီလိုမျိုး ခဏခဏ ရွတ်နေတာ။ သူတို့ အချင်းချင်းလည်း ပြောင်ရယ် နောက်ရယ် တို့ရယ် ဆိတ်ရယ်နဲ့ ရယ်ရယ်မောမော အလုပ်လုပ်နေကြတယ်။ ဒို့ကလည်း ရှေ့က ရုပ်သေးတွေထက် နောက်က ကြိုးဆွဲနေတဲ့သူတွေရဲ့ လှုပ်ရှားမှုတွေကို ပိုစိတ်ဝင်စားလို့ပေါ့။ ကြီးတော်ကတော့ ရုပ်သေးအကကိုပဲ မျက်တောင်မခတ်စတမ်း ကြည့်နေတယ်။ သူက အဲဒီလို ကြည့်လေလေ အထက်က စာသားကို ဇာတ်ဆရာက ရွတ်လေလေပါပဲ။ 

အဲဒါနဲ့ ဒို့လည်း သတိရပြီး နောက်ဘက်တွေ ညာဘေးဘက်တွေ လှည့်ကြည့်တဲ့အခါမှာမှ အခြေအနေကို သိသွားတာ။ ပွဲပြီးခါနီး မနက်ပိုင်းရောက်တော့မယ်ဆိုရင် ပွဲကို စိတ်ဝင်စားသူရော စိတ်မဝင်စားသူရော ဟန်မဆောင်နိုင်တော့ဘဲ အိပ်မောကျကုန်တာပါပဲ။ ဒို့တတွေပဲ ဆက်အားပေးနေတာ။ 
အဲဒါနဲ့ ကြီးတော်ကို လက်တို့ရတာပေါ့။ ကြီးတော်ကလည်း လက်တို့မှ ပိုဆိုးနေတယ်။ အမယ် ဒီကောင်မလေးတွေ ခဏနေကြဦး ဟိုမှာကြည့်လို့ကောင်းတုန်းလို့ ဆိုပါတယ်။ ကြီးတော်ကို နောက်ဘက်ရအောင်လှည့်ခိုင်းပြီး အခြေအနေကို ပြတဲ့အခါ ကြီးတော်က စင်ပေါ်ကို တချက်လှမ်းကြည့်ရင်း ကဲ ကောင်မလေးတွေ ပြန်မယ်တဲ့။ 

ပြန်ဖို့ ဟိုသိမ်း ဒီသိမ်းလုပ်နေတာကို ဇာတ်စင်ပေါ်က မြင်တဲ့အခါမှာ ဇာတ်ဆရာက ပွဲသိမ်းဖို့ သူ့လူတွေကို အချက်ပေးရင်း စာသားပြောင်းရွတ်ပါတယ် ပွဲကြည့်ပရိသတ်ကိုလည်း အထူးကျေးဇူးတင်ပါကြောင်း ဆိုတာပေါ့၊ အဲဒါကို လေးလေးစားစား ပြောသွားပါသေးတယ်။ 

ဒို့များဖြင့် ရယ်လိုက်ရတာ မပြောပါနဲ့တော့။ 

အမေက အဲဒီအဖြစ်လေးကို ပြောတိုင်းပြောတိုင်း သူရယ်နေတာကို မရယ်အောင် ပြောကြရင်းနဲ့ ဘာမှန်းမသိဘဲ နားထောင်သူတွေလည်း လိုက်ရယ်ကြ၊ အဲဒါနဲ့ ဘာဖြစ်သွားလည်းလို့ မေးရင်း မေးရင်းနဲ့ ဇာတ်လမ်းအဆုံးထိအောင် နားထောင်ကြရပါတယ်။ 

ကျနော်ကတော့ အမေ့ကြီးတော်ရဲ့ ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို ရဲခနဲနေအောင် ဖွာနေပုံကို အခုထိ မျက်စိထဲက မထွက်နိုင်သေးပါ။ 

ကျော်မောင်(တိုင်းတာရေး)
၈-အောက်တိုဘာ-၂၀၁၆

No comments: