Aug 20, 2023

အဖြူလား အနက်လား


အခုနေအခါ စစ်တုရင်ထိုးဖို့ ပြိုင်ဖက်ရှာကြည့်တဲ့အခါ အတော်ရှားသွားတာကို တွေ့ရတယ်။ ငယ်ငယ်ကတော့ အပျော်တမ်းထိုးဖြစ်တာ များပါတယ်။ ပြိုင်ပွဲအနေနဲ့ထိုးဖူးတာကလည်း ကျောင်းပွဲမှာပဲဖြစ်ပြီး ပက်ပက်စက်စက်ရှုံးဖူးပါတယ်။ နိုင်တယ်ဆိုတာကလည်း များသောအားဖြင့် အိမ်ကျယ်လောက် လမ်းကျယ်လောက်ပါပဲ။ ရပ်ကွက်မှာ မကျယ်ရဲခဲ့ပါ။ ရပ်ကွက်မှာကလည်း မာစတာတွေသာ မဟုတ်တာ၊ စာအုပ်တအုပ် နှစ်အုပ်လောက်တော့ ဖတ်သားဖူးပြီးသားတွေဖြစ်တဲ့အပြင် ပွဲအတွေ့အကြုံတွေကလည်း များများစားစားရှိတဲ့သူတွေဖြစ်တဲ့အတွက် ဒီလိုပြိုင်ဖက်မျိုးတွေနဲ့ဆိုရင် အတတ်နိုင်ဆုံးတော့ လက်ရှောင်လေ့ရှိပါတယ်။ ထိပ်တိုက်တွေ့ပြီး ထိုးတဲ့အခါမှာလည်း ရှုံးတဲ့ပွဲကနေ မပြုံးတပြုံးလေးနဲ့ သင်ခန်းစာယူခဲ့ရတာပါပဲ။

မှတ်မှတ်ရရ တညရှိခဲ့ဖူးတယ်။ နာရေးအတွက် ထိုးထားတဲ့အမိုးအကာအောက်မှာ ဖဲဝိုင်းသုံးလေးဝိုင်းက အုတ်အုတ်ကျက်ကျက်နဲ့ ရှိနေချိန် စစ်တုရင်ခုံလေးယူသွားပြီး ကစားခဲ့တဲ့ည။ ကစားဖော်ကလည်း ဖဲရိုက်တတ်ပေမယ့် ဖဲပွဲထက် စစ်တုရင်ပွဲကို ပိုသဘောကျလို့ထင်။ အိမ်ပေါ်ကနေ အဖေက ဟေ့ကောင် ညနက်နေပြီလို့ သတိပေးလှမ်းခေါ်မှ ဒီပွဲပြီးရင် တက်လာခဲ့မယ်လို့ ပြန်ဖြေခဲ့တဲ့ည။
လက်ဦးဆရာကတော့ အဖေနဲ့ ဦးလေးတို့ပါပဲ။ သူတို့တွေ ဘယ်ကနေဘယ်လို ဒီလိုကစားနည်းကို တတ်ခဲ့သလဲဆိုတာကို မမေးဖြစ်ခဲ့ဘူး ထင်တာပါပဲ။ သင်ပေးပြီးလို့ တတ်တဲ့အခါ သူတို့အတွက်ကတော့ ကစားဖော်တယောက်ရသွားသလို ရှိမှာပါပဲ။ သင်ပေးတဲ့ဆရာတွေကို အနိုင်ယူကစားပြပြီးတဲ့နောက်ပိုင်းမှာတော့ ရပ်ကွက်ထဲမှာ လက်စမ်းခွင့်ရခဲ့တာဖြစ်ပါတယ်။
ထိုးသာထိုးတယ် လက်ရည်က မတက်ဆိုတာမျိုး ဖြစ်တာကတော့ အခုပြန်တွေးကြည့်တဲ့အခါမှာ အပျော်ထိုးလို့ဖြစ်တာလားဆိုတာ ဆန်းစစ်မိပါတယ်။ ပြိုင်ပွဲဝင်ပြိုင်တဲ့အခါမှ ဒီစည်းမျဉ်းက ဒီလိုရှိပါလား၊ ဟိုအကွက်က ဒီလိုပါလား ဆိုတာမျိုး သိသွားတာက သိပ်မနိပ်လှပါဘူး။
ဒါနဲ့ပဲ အခုတော့ အိမ်က မူလတန်းကျောင်းသူကြီးကို စစ်တုရင်သင်ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီဆုံးဖြတ်ချက်ချထားကတော့ အတော်ကြာခဲ့ပါပြီ။ ကလေးကတော့ အရုပ်တွေကို ကြည့်ရင်း ဒါက ဘာအရုပ်တွေလည်းလို့ စူးစမ်းပါတယ်။
ပထမဆုံးသင်ပေးတာကတော့ ခုံမှာရှိတဲ့ အကွက်တွေပေါ် အကောင်လေးတွေမှန်အောင် စီထားပေါ့။ ဂိမ်းသမားဖြစ်နေတဲ့ကလေးဟာ တခါစီပြတာနဲ့ နှစ်ခါထပ်ပြောစရာမလိုဘဲ သူ့ဖာသာသူ ပြန်စီပြပါတယ်။
အဲဒီနောက် နှစ်လလောက် ဘာမှ မပြောဘဲ စစ်တုရင်ခုံပေါ်မှာ ကျားပဲထိုးနေကြပါတယ်။ checkers ဆိုတဲ့ ကျားကလည်း ကလေးတွေအဖို့ သင်ရတာလွယ်တယ်ဆိုပေမယ့် သင်ပေးတဲ့သူကို အနိုင်ယူဖို့ဆိုတာက သူတို့အတွက် ခက်ခဲနေပြန်ပါသေးတယ်။ သင်ပေးတဲ့သူကလည်း ကျားကောင်းကောင်းထိုးတတ်လား ဆိုတော့ အဖြစ်လောက်ပဲတတ်တဲ့သူ ဖြစ်နေပြန်ပါတယ်။
ပစ်ထားတဲ့ စစ်တုရင်ဖက် ပြန်လှည့်ပြီး ဘယ်အကောင်ကတော့ ဘယ်လိုသွားတာ၊ ဘယ်အကောင်က ဘယ်လိုအားသာချက်ရှိပြီး ဘယ်အကောင်က ဘယ်လိုအားနည်းတာ စသည်ဖြင့် ပြောမလား၊ ဒါမှမဟုတ် Chess for Kids : how to play ဖြစ်ဖြစ် Chess for Beginners ခေါင်းစဉ်ရှိတဲ့ စာအုပ်ပဲဖြစ်ဖြစ် ငှားလာပြီး ရော့ ဖတ်ကြည့်ပြီးရင် ကစားကြမယ်လို့ ချဲလင့်ပဲခေါ်ရမလား တွေးရခက်နေပါတော့တယ်။
မှတ်မိတာကတော့ စစ်တုရင်စသင်ခဲ့တုန်းမှာ အဖေက အဖွင့်ကွက်တခုကို သင်ပေးခဲ့တာမှာ ဒီအဖွင့်ကွက်ဟာ အဖြူကောင်တွေကို ကိုင်တဲ့သူအတွက် အားသာချက်ရှိတယ်လို့ မြင်ပြီးနောက်ပိုင်း အဖြူထက် အနက်ကို ပိုကိုင်ပြီး ကစားဖြစ်ခဲ့တာပါပဲ။ နောက်ပိုင်းမှာ အနက်ချည်းပဲကိုင်ထိုးနေလို့ အဖြူလည်း တခေါက်လောက် ကိုင်ကစားကွာလို့ အပြောခံရတဲ့အထိပါပဲ။
သမီးကို စစ်တုရင်သင်ပေးဖို့က စောများနေမလား။ သူတတ်သွားရင်တော့ စစ်တုရင်ထိုးဖော်တယောက် ပြိုင်ဖက်တယောက် ရတာပါပဲလေ။
ကျော်မောင်(တိုင်းတာရေး)
၁၈-ဩဂုတ်-၂၀၂၃

အသုံးကျရဲ့လား - ရေ


အိမ်က လူကြီးတစ်ယောက်ယောက်က မီးဖိုချောင်မှာသုံးတဲ့ ဓားမကိုယူပြီး အုန်းသီးခွဲနေတာတွေ့ရင် မယောင်မလည်နဲ့ အနီးအနားမှာ ရစ်သီရစ်သီလုပ်နေတတ်တယ်။ အုန်းသီးကို ကိုယ်တိုင်မခွဲတတ်ခင်ကပေါ့။ အခုလည်း ကျွမ်းကျွမ်းကျင်ကျင် မရှိသေးဘူး။ ဒါမျိုးဆိုတာက လေ့ကျင့်ပါများမှ လက်ယဉ်လာတာမျိုး။ အုန်းရည်အရသာချိုချိုလေးကို ကြိုက်တတ်ကြတာ ကလေးဘ၀ကတည်းကပဲ။ အုန်းရည်သောက်ရမယ်ဆိုတဲ့အသိနဲ့ အုန်းရည်ထည့်ဖို့ ခွက်ကြီးကြီးတောင် အသင့်ယူထားပြီး ဘေးနားမှာ မတ်တပ်ရပ်စောင့်နေတတ်တယ်။

အုန်းသီးခွဲနေသူက "ဟေ့ ခွက်မြန်မြန်သွားယူ" လို့ နောက်လှည့်ပြောမှ အနားမှာ ခွက်ကိုင်စောင့်နေတဲ့သူကို သတိပြုမိသွားတတ်ကြတာ။ အုန်းရည်တွေ ခွက်ထဲကို ရောက်လာပြီးတဲ့အခါ အုန်းသီးခွဲသူက ပထမမြည်းတယ်။ သူ့မျက်နှာကို ကျန်သူတွေက ကြည့်ရတယ်။
"အား ချိုသွားတာပဲ" ဆိုရင် ခွက်ကို ကမ်းတဲ့လက်တွေ များတယ်။ "ဟေး မသောက်နဲ့ မသောက်နဲ့ ချဉ်စုတ်နေတာပဲ" ဆိုရင် ထပြေးကြတာများတယ်။
ချိုသွားတာပဲလို့ ပြောတဲ့အခါ ဒုတိယသောက်ခွင့်ရတဲ့သူက အုန်းရည်ခွက်ကို စကိုင်တယ်။ အဲဒီအခါ အဖေက တားတယ်။
"ဟေ့ကောင် နေဦး၊ ရော့ ဒါအရင်သောက်" ဆိုပြီး ခွက်တစ်ခွက် လှမ်းပေးတယ်။ ပေးတာကို ယူပြီး ဘာမှ မစဉ်းစားဘဲ သောက်လိုက်ပြီးမှ "အင် ဒါ သောက်ရေပဲ" လို့ပြောတဲ့အခါ "ရပြီ အုန်းရည်ကို တစ်ငုံသောက်" လို့ဆိုပြန်တယ်။ ပြီးတော့မေးတယ်
"ဘယ်လိုလဲ အရသာ"
"ချိုတယ်"
"ကဲ နောက်တစ်ယောက် ... အုန်းရည်မသောက်ခင် ဒါလေးသောက်ကြ"
ကျန်သူတွေလည်း အုန်းရည်မသောက်ခင်မှာ သောက်ရေကို အာဆွတ် လျှာဆွတ်ရုံလောက်သောက်ကြရတယ်။
ဘာကြောင့် ရေအရင်သောက်ရတာလည်းလို့ မေးတာကို အဖေက အဖြေမပေးပါဘူး။ ဒါက ငယ်ငယ်တုန်းကပါ။ ကြီးလာတဲ့အခါမှာလည်း အုန်းရည်သောက်ချင်လွန်းအားကြီးပြီး ရေမသောက်မိဘဲ အုန်းရည်ကို သောက်ဖို့ပြင်တဲ့အခါ အဖေက "ဟေ့ကောင် ... ဟိုဟာလေး သွားသောက်လိုက်ဦး" လို့ ပြောပါတယ်။
အဲဒီအခါ ခပ်မြန်မြန်လေး ပြေးသွားရပါတယ်။ သောက်ရေအိုးရှိတဲ့နေရာဖြစ်ဖြစ်၊ သောက်ရေရှိတဲ့နေရာဖြစ်ဖြစ်ကိုပေါ့။ သောက်ပြီးမှ အုန်းရည်ကို တမော့မော့ပါတယ်။
နောက်ပိုင်း အုန်းရည်သောက်မယ်ပြင်တဲ့အခါ သောက်ရေကို အရင်သောက်တဲ့အကျင့်ဖြစ်သွားတယ်။ သူများတွေကိုလည်း ရေအရင်သောက်ဖို့ တိုက်တွန်းဖြစ်တယ်။
ဘာကြောင့် ရေကို အရင်သောက်ရသလဲဆိုတာသိချင်သပဆိုရင် ကိုယ်တိုင်စမ်းသပ်ကြည့်ဖို့ ပြောပါရစေ။
အုန်းသီးတစ်လုံး၀ယ်ချင်ရင်၀ယ်၊ ဒါမှမဟုတ် အသင့်သောက်ဖို့ စီမံပေးထားတဲ့ အုန်းရည်ကို ၀ယ်ချင်၀ယ်၊ ပြီးရင် ရေအရင်သောက်ပြီးမှ အုန်းရည်ကို သောက်ကြည့်ပေါ့။
အဲဒီအခါ ရေရဲ့ အသုံးကျပုံကို လက်တွေ့သိရပါလိမ့်မယ်။
ရေရဲ့ အသုံးကျပုံတွေကတော့ အများကြီးပါ။
ကျော်မောင်(တိုင်းတာရေး)
၁၆-သြဂုတ်-၁၆
(မှတ်ချက် ။ ။ ရေရဲ့ အသုံးဝင်ပုံက ပြောမကုန်နိုင် ရေးမကုန်နိုင်ပါဘူး။ ဟိုက်ဒရိုဂျင်နှစ်ဆ အောက်ဆီဂျင်တဆ ဆိုတာမှတ်လိုက်ကတည်းက စပြီးလည်ပါတယ်။ တစုံတယောက် တစုံတခုရဲ့ အသုံးဝင်ပုံကို သိချင်တဲ့အခါ အဲဒါမရှိရင် ဘာဖြစ်နိုင်မလဲ ဆိုတာကနေ တွေးကြည့်ပါ)
၁၆-ဩဂုတ်-၂၀၂၃

ခရီးတို စာစုများ(၆) - ကျေးဇူးတင်ပါတယ်


မနက်က ရုံးတက်ဖိုု့သွားရင်း ဘတ်စ်ကားစီးရာမှာ ကြုံရတာလေးပေါ့။ ဂိတ်စက စီးတဲ့အတွက် ထိုင်ခုံနှစ်ခုံတွဲလျက်ရှိတဲ့နေရာက မှန်နားကပ်လျက်ထိုင်ခုံမှာ ထိုင်စီးလိုက်တယ်။ နှစ်မှတ်တိုင်မြောက်လောက်မှာ ဘေးနားထိုင်ခုံကို နယ်ခံတယောက် လာထိုင်တယ်၊ သူက ကျောပိုးအိတ်ကို အောက်ချထားပြီး ဖုန်းကြည့်နေတယ်။ နောက်တမှတ်တိုင်မှာ တက်တဲ့သူများတဲ့အတွက် နောက်က ထိုင်ခုံတွေ လူပြည့်သွားပုံရတယ်။ ကားက မှတ်တိုင်ကနေ ထွက်တယ်။ နောက်နားကပ်လျက်ထိုင်ခုံကနေ အမျိုးသမီးတယောက်အသံကြားရတယ်။ သူက တရုတ်စကားနဲ့ပြောပေမယ့် စကားလုံးတလုံးကတော့ တရုတ်စကားမဟုတ်ဘူးဆိုတာ သိလိုက်တယ်။

vomit ဆိုတာ ကြားလိုက်သလိုပဲ။ နောက်လှည့်မကြည့်ဘဲနဲ့ မှန်းကြည့်မိတာက သားအမိနှစ်ယောက်ပြောနေဆိုနေကြတာ။ ဒီအထိ ဘာပြဿနာမှ မရှိသေး။ ထပ်ပြောနေတဲ့ စကားတွေထဲမှာ vomit စကားလုံးကို သုံးလေးခါ ကြားရပြီးတဲ့နောက် ပလတ်စတစ်ထုတ်သံ၊ အမေဖြစ်သူက သမီးဖြစ်သူကို မြည်တွန်တောက်တီးသံကို တဆက်တည်းကြားလိုက်ရတယ်။ အသံတွေနဲ့အတူ အနံ့ပါ ရလိုက်တယ်၊ အဲကွန်းကားဖြစ်လို့ထင်ပါရဲ့၊ ပေါင်မုန့်နံ့ စူးစူးလေးဖြစ်ပါတယ်။
ကားက မှတ်တိုင်ဝင်ရပ်နေပြီ။ အမေဖြစ်သူက သမီးကို ဆွဲခေါ်ပြီး ကားပေါ်ကနေ အမြန်ဆင်းသွားကြတယ်။ ကြည့်မိလိုက်တော့ ကလေးမလေးက ခြောက်နှစ် ခုနစ်နှစ်အရွယ်၊ ဘောင်းဘီရှည်ဝတ်ထားပြီး ဥသြဆွဲာထားတာတွေကို သူ့ရဲ့ အနွေးထည်ဂျာကင်လေးနဲ့ အုပ်ထားလျက်၊ ပုံစံကြည့်ရတာ ကလေးမလေး အစာမကြေဖြစ်ပြီး ဥသြဆွဲတာ ဖြစ်နိုင်တယ်။ သူတို့ ကားပေါ်က ဆင်းတဲ့အခါ အတက်အဆင်း တံခါးနားမှာ မတ်တပ်ရပ်စီးနေတဲ့ ခရီးသည် လူကြီးတယောက်က ကူညီပေးတယ်။ မှတ်တိုင်ကနေ ကားထွက်တယ်။
ခုနက ခရီးသည်ကြီးဟာ လွတ်သွားတဲ့ထိုင်ခုံကို မထိုင်ခင်မှာ သူမြင်လိုက်ရတဲ့ မြင်ကွင်းကို ကားကပ္ပတိန်ကို သွားအကြောင်းကြားတယ်။ ကားကပ္ပတိန်က ကားမောင်းနေရင်း နားထောင်တယ်။ နောက်တမှတ်တိုင်ရောက်တဲ့အခါ အတက်အဆင်းခရီးသည်မရှိပေမယ့် ကားရပ်ပြီး ကားကပ္ပတိန်က ထိုင်ခုံကနေထလာတယ်။ သူလက်ထဲမှာလည်း ရေဗူးနှစ်ဗူးယူလာတယ်။ ခရီးသည်ကြီးက ပြောတာမှာ ရေနဲ့မရဘူး၊ စက္ကူဖြစ်ဖြစ် အဝတ်စုတ်ဖြစ်ဖြစ်နဲ့မှ ရမယ်လို့ ကြားလိုက်တယ်။ ကားကပ္ပတိန်လည်း နောက်နားက ခရီးသည်တွေကို ခင်ဗျားတို့မှာ စက္ကူအပိုများ ရှိကြသလားလို့ မေးသံကြားရတယ်။ ခရီးသည်ကြီးမှာ ရှိတာက တစ်သျှူးစက္ကူပါးပါးလေးပဲရှိတယ်။ ဘေးနားက ဖုန်းပွတ်နေတဲ့ လူက ပလတ်စတစ်ယူမလားလို့ မေးပြီး သူ့ကျောပိုးအိတ်ထဲကနေ ထုံးထားတဲ့ ပလတ်စတစ်အိတ်တခုကို ဖြည်ပေးနေတယ်။ ကျနော်လည်း အဲဒီမှ အိတ်ထဲမှာ အပိုထည့်လာတဲ့ မီးဖိုချောင်သုံးစက္ကူနှစ်ပိုင်းကို ထုတ်ပြီး ပေးလိုက်တယ်။ ခရီးသည်ကြီးလည်း ရလာတဲ့ စက္ကူတွေ ပလတ်စတစ်တွေနဲ့ ထိုင်ခုံသန့်ရှင်းရေးလုပ်ငန်းကို လုပ်တယ်။
လေးရက်ပိတ်ပြီး အလုပ်ပြန်ဝင်ကြတဲ့နေ့ဖြစ်လို့ ကားပေါ်ပါတဲ့ တချို့ခရီးသည်တွေလည်း ရုံးနောက်ကျမှာကို တွေးပူနေမိကြမယ်ဆိုတာ ခရီးသည်ကြီးက နားလည်ပုံရတယ်။ ဘာကြောင့်လဲဆို အမှိုက်ထုပ်ကို မှတ်တိုင်မှာရှိတဲ့ အမှိုက်ပုံးထဲသွားထည့်ပြီး ကားပေါ်ပြန်တက်လာချိန်မှာ ကျန်တဲ့ခရီးသည်တွေကို သူက ဆောရီးပါလို့ တောင်းပန်နေတယ်။ ကားက မှတ်တိုင်ကနေ ထွက်တယ်။ ခရီးသည်ကြီးက သူသန့်စင်ပေးလိုက်တဲ့ ထိုင်ခုံနှစ်ခုံက တခုံမှာ ဝင်ထိုင်ရင်း ပလတ်စတစ်အိတ်ထုတ်ပေးခဲ့တဲ့ ဖုန်းသုံးနေဆဲလူကို ကျေးဇူးတင်ကြောင်း ပြောနေတယ်။ စက္ကူပိုင်းပေးတဲ့သူဟာ ကျေးဇူးတင်စကားမရသေးဘဲ ဒီခရီးသည်ကြီးရဲ့ လုပ်ပုံကိုင်ပုံတွေကို စိတ်ထဲကနေ ချီးမွမ်းနေမိတယ်။ သူသာ မလုပ်ရင် ခရီးတလျှောက်လုံး ပေါင်မုန့်နံ့လည်း သင်းနေမယ်၊ ထိုင်ခုံနှစ်ခုံလည်း ထိုင်သူမဲ့မယ်။
ဆင်းရမယ့် မှတ်တိုင်ရောက်တဲ့အခါ ဆင်းဖို့ပြင်တယ်။ ထိုင်ခုံကနေ ထွက်လို့ရအောင် ဖုန်းကိုင်နေဆဲလူက တဖက်ကို ကို်ယ်လေးယို့ပြီး နေပေးတယ်။ နောက်မှာထိုင်နေတဲ့ ခရီးသည်ကြီးက လှမ်းပြောတယ်၊
“ဟေ့ ... စက္ကူပိုင်း ပေးတဲ့အတွက် ခင်ဗျားကို ကျေးဇူးတင်ပါတယ်” တဲ့။
ဒီလိုလူမျိုးတွေ ဒီနိုင်ငံမှာ ရှိနေတယ်။
ကျော်မောင်(တိုင်းတာရေး)
၁၃-သြဂုတ်-၂၀၁၉
(၂၀၁၉ တုန်းက ရေးခဲ့တဲ့စာ ပြန်ဖတ်ကြည့်တော့ ဒါလေးကို ဇာတ်လမ်းတိုရိုက်ရင် အတော်ကြည့်ကောင်းမှာပဲတွေး)

Aug 13, 2023

အတိုကောက်များ

 

ဒါလေးတွေက ဆောင်ထားရင် အဆင်ပြေတယ်။ အသုံးဝင်တယ်။ တချို့လည်း အခုအထိကို အလွတ်ရနေတဲ့သူတွေ ရှိကောင်းရှိနိုင်တယ်။ ရွတ်လို့လည်း ကောင်းတယ်၊ ပြန်ဖော်ရတာလည်း လွယ်ကူတယ်ဆိုတဲ့ စာလုံးတွေဟာ စတင်မှတ်ခဲ့ချိန်ကနေပြီး စိတ်ထဲစွဲနေတဲ့အချိန်အထိ အသိဉာဏ်နဲ့တပါတည်း လိုက်ပါနေတတ်တယ်။

ဥပမာဆိုပါစို့၊ မြန်မာတွေရဲ့ ခေတ်တွေကို ပုဂံခေတ်ကနေ စပြောပါဆိုတဲ့အခါ "ပု ပင်း အင်း တောင် ညောင်ရမ်းနောင် ကုန်းဘောင် ကိုလိုနီ" ဆိုတာမျိုး မှတ်ထားလိုက်ကြတယ်။ ကုန်းဘောင်ခေတ် ဘုရင်တွေ ဆိုကြည့်ပါဆိုရင်လည်း "လောင်း နောင် ဆင် စဉ့် မောင် ဘိုး ဘ သာ ပု မင်း သီ" ဆိုတာမျိုး ပါးစပ်က ရွတ်လိုက်ကြတာပါပဲ။

တရက် အိမ်မှာ လူစုံတုန်း တယောက်က မေးတယ်။
"ဒီလက ၃၀ နဲ့ ရက်သတ်တာလား၊ ၃၁ နဲ့ ရက်သတ်တာလား"
မေးချင်တာက လကုန်ရက်ဟာ ၃၀ လား ၃၁ လားဆိုတာ မေးတာပါပဲ။

အဲဒီမှာ "ရက်သုံးဆယ်မှာ စက်တင်ဘာ၊ ဧပြီ ဇွန်နဲ့ နိုဝင်ဘာ၊ ကျန်သောလမှာ သုံးဆယ့်တစ်၊ ဖေဖေါ်ဝါရီ နှစ်ဆယ့်ရှစ်၊ ရက်ထပ်နှစ်မှာ တရက်တိုး၊ ဖေဖေါ်ဝါရီ နှစ်ဆယ့်ကိုး" ဆိုတာကို ကျယ်ကျယ်ဆိုပြတော့တာ။

အဖေက နားထောင်ရင်း "ငါတို့တော့ ဒီလောက်ကြီး မဆိုဘူးကွ၊ အေ ဇွန် နို စက် သုံးဆယ်မှတ်လို့ ခပ်တိုတိုလေး မှတ်ထားလိုက်တာပဲ" လို့ ပြောပါတယ်။ အကျယ်ကတော့ ရွတ်ဆိုလို့ကောင်းလို့ ကျက်ထားမှတ်ထားပေမယ့် အဖေပြောတဲ့ "အေ ဇွန် နို စက် သုံးဆယ်မှတ်" ဆိုတာလေးက ပိုပြီး တာသွားတဲ့အတွက် အသုံးကျအောင် စိတ်ထဲစွဲလို့သွားပါတယ်။

အတိုကောက်သုံးတာဟာ အင်းဝခေတ်ကတည်းက ရှိခဲ့ဟန်တူပါတယ်။ ဒီထက်စောတဲ့ ခေတ်တွေမှာလည်း သုံးကောင်း သုံးခဲ့နိုင်ပါတယ်။ အင်းဝခေတ်မှာ စာဆို ရှင်မဟာရဋ္ဌသာရက "သု စိ ပု ဘာ ဝိ လိ သိ ဓာ" ဆိုပြီး အတိုကောက်ကို သုံးခဲ့တယ်။ ဒီဆုံးမစာကို သင်ရတဲ့အခါ သု = သုဏေယျ၊ စိ =စိန္တေယျ စသည်ဖြင့် အတိုကောက်တွေ ပြန်ဖော်ထားကို မှတ်ရတယ်။ တခါ သုဏေယျဆိုတာ နာကြားရာ၏၊ စိန္တေယျ ဆိုတာ ကြံစည်ရာ၏၊ ဆိုပြီး မြန်မာပြန်အနက်ကို မှတ်ထားရပြန်တယ်။ အဲဒါနဲ့ မြန်မာပြန်အနက်တွေရဲ့ ရှေ့ဆုံးစကားလုံးမျိုးတွေယူပြီး "ကြား ကြံ မေး ပြော စူးစမ်း ရေးမှတ် လေ့ကျင့် နှုတ်တက်" ဆိုပြီး အတိုမှတ်လိုက်တယ်။ စာမေးပွဲဖြေတဲ့အခါမှာလည်း အနက်အတွက် စိတ်ပူစရာမလိုတော့တဲ့အပြင် အခုထက်ထိကို မှတ်မိနေဆဲဖြစ်တဲ့ စာလုံးလေးတွေဖြစ်သွားပါတယ်။

အတိုကောက်တွေတွေ့ရင် ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ မှတ်သားထားတတ် ပြန်ဖော်တတ်တာက အလေ့အကျင့်လိုဖြစ်နေပါတော့တယ်။ တခါမှာ အိုင်ဒီခေ အိုင်ဒီခေနဲ့ ပြောနေတာကြားလို့ မဖော်နိုင်ဘဲ ဘာပါလိမ့်ဆိုပြီး မေးတဲ့အခါ ဟာ ဒီစာလုံးလေးက အလွယ်လေးလေ၊ အိုင် ဒုန့် နိုး ကို ပြောတာဆိုပြီး ဟားတာခံရပါတယ်။

ဆိုင်ရာဆိုင်ရာ ပညာရပ်တွေ လုပ်ငန်းခွင်တွေမှာ အသုံးဝင်နေဆဲဖြစ်တဲ့ အတိုကောက်စာလုံးလေးတွေ ရှိကြပါတယ်။ ဒီအတိုကောက်တွေဟာ ပညာရပ်လေ့လာနေကြသူတွေ လုပ်ငန်းတူလုပ်နေကြသူတွေထဲမှာ သွားလာလှုပ်ရှားပြီး အသုံးတည့်နေကြပါတယ်။

ငယ်ငယ်တုန်းက လူကြီးတွေ သင်ပေးခဲ့တဲ့ စကားလုံးသုံးလုံးကို မှတ်မိပါသေးတယ်။
"ပု ဒိ အာ" တဲ့။
သင်ပေးတဲ့သူကလည်း သိပ်ပြီး အရှည်ကြီးတွေ ရှင်းပြမနေတော့ပဲ အဲဒီသုံးလုံးကို ရွတ်ကြည့်ကွလို့ပဲ ပြောပါတယ်။ ကိုယ်တိုင်ကလည်း ဘာလို့ရွတ်ရမှာလဲ အဓိပ္ပါယ်သိမှ ရွတ်နိုင်မယ် ဘာမယ် စောဒကမတက်ဘဲ "ပု ဒိ အာ" လို့ ဆိုကောင်းကောင်းနဲ့ ဆိုနေတာပါပဲ။ နောက်တော့မှ "ပု ဒိ အာ" ဆိုတာ ဘာကိုဆိုလိုမှန်း သိတဲ့အခါ ရွတ်ခိုင်းတဲ့သူနဲ့ ဒီအကြောင်းကို ဆွေးနွေးဖြစ်ကြပါတယ်။ ဘာဖြစ်လို့ ဟိုငယ်ငယ်တုန်းက အနက်ကို မရှင်းပြဘဲ ဒီစကားလုံးကို ရွတ်ခိုင်းရတာလဲဆိုတာ အဲဒီမှာ နားလည်သွားပါတယ်။

အတိုကောက်တွေဟာ ဆောင်ရတာ မှတ်ရတာလည်း လွယ်တယ်၊ အသုံးလည်းတည့်တယ်၊ အနက်သိတဲ့အခါ ပိုပြီးအကျိုးများပါတယ်ဆိုတာပါပဲ။

ငယ်ငယ်တုန်းက ဖတ်ခဲ့ မှတ်ခဲ့ ကျက်ခဲ့ အော်ဆိုခဲ့တဲ့ အတိုကောက်များရှိရင်လည်း တဦးနဲ့တဦး ပြန်လည်ဝေငှကြရင် အတိုကောက်လေးတွေ အသုံးဝင်နေဆဲဖြစ်နေပါလိမ့်မယ်။

ကျော်မောင်(တိုင်းတာရေး)
၁၂-ဩဂုတ်-၂၃