Feb 15, 2023

ကွမ်းစားတဲ့ ညီအစ်မ - ကျော်မောင်(တိုင်းတာရေး)

အငြိမ့်ပွဲ ဇာတ်ပွဲတွေမှာ လူရွှင်တော်တွေပြက်လုံးပြက်ကြတယ်။ ပြက်လုံးတလုံးပေါက်သွားရင် အဲဒီပြက်လုံးတလုံးကိုပဲ ပရိသတ်ရယ်စေချင်တိုင်း ပွဲပြီးတဲ့အထိ ခဏခဏပြန်ပြန်ပြက်လေ့ရှိတယ်။ ပရိသတ်ကလည်း ခဏခဏပြက်ပြတာကို မရိုးဘဲ ပျော်ရွှင်စွာရယ်မောကြတယ်။

အိမ်မှာလည်း အဲဒီလို ပေါက်သွားတဲ့ စကားလုံးတွေ ရှိတယ်။ အိမ်သားအချင်းချင်းပဲ သိတဲ့ မိသားစုပေါက်လုံးတွေဖြစ်တယ်။ ဒါမျိုးက တခြားမိသားစုတွေမှာလည်း ရှိကြပါတယ်။
အိမ်မှာ လူစုံတက်စုံရှိနေတဲ့အခိုက် ဘာမှလည်း ပြောစရာသိပ်မရှိဘူးဆိုရင် တယောက်က ပြောလေ့ရှိတယ်
“အမေတို့ ငယ်ငယ်တုန်းက ရုပ်သေးပွဲကြည့်တာလေး ပြန်ပြောပါလား”
အမေက ပြောမယ်ပြင်ရင်း တခိခိရယ်ပါတယ်။
အဖေပြောထားတာက “မင်းတို့ အမေ ရယ်စေချင်ရင် ရုပ်သေးပွဲအကြောင်းပြောခိုင်းလိုက်” ဆိုတာပါပဲ။
နောက်ပိုင်းမှာ “ရုပ်သေးပွဲ ကြည့်တုန်းက” ဆိုတာ မိသားစုပေါက်လုံးအနေနဲ့ ရှိလာပါတယ်။ အဲဒီလိုပါပဲ “ကွမ်းစားတဲ့ ညီအစ်မ”ဆိုတာလည်း မိသားစုပေါက်လုံးအနေနဲ့ ရှိလာခဲ့တာဖြစ်ပါတယ်။ ဈေးထဲတခုခုသွားဖို့ဆိုရင် “အမေ … ကွမ်းစားတဲ့ညီအစ်မဆီက ဝယ်ခဲ့ရမလား” လို့ ပြောကြလေ့ရှိပါတယ်။
ဒီပေါက်လုံးလေး ဖြစ်လာပုံက ဒီလို။
အမေက မနက်တိုင်း ပုံမှန်ဈေးသွားလေ့ရှိတယ်။ ပလတ်စတစ်ဆွဲခြင်းတောင်းလွတ်ထဲ ခေါက်ထီးလေးထည့်ပြီး ဈေးသွားတယ်။ ပြန်လာရင် တယောက်ယောက်က အောက်ထပ်ဆင်းကြိုပြီး ဈေးဆွဲခြင်းကို သယ်ပေးရတယ်။
သူဈေးမသွားနိုင်တဲ့နေ့ဆို အရွယ်ရောက်လာတဲ့ သားနှစ်ယောက်ထဲက တယောက်ယောက်ကို သွားခိုင်းတယ်။ သမီးငယ်က မူလတန်းကျောင်းသူဖြစ်လို့ ဈေးသွားခိုင်းလို့ရတဲ့ အရွယ်မရောက်သေးဘူး။ ဈေးသွားခိုင်းတဲ့အရွယ်ရောက်တဲ့အခါမှာလည်း သွားခိုင်းတာ မတွေ့မိဘူး။ အကြောင်းတော့ ရှိမှာပေါ့လေ။
စျေးသွားခိုင်းတဲ့ ပထမဆုံးအတွေ့အကြုံရသူက သားကြီးဖြစ်သူပဲ။ အဲဒီမှာ ကွမ်းစားတဲ့ ညီအစ်မဆိုတာ စကြားကြရတာ။
“သားရေ ဈေးထဲက သားငါးတန်းကိုသွား၊ ကွမ်းစားတဲ့ညီအစ်မရောင်းနေတဲ့ဆိုင်မှာ အမေက လွှတ်လိုက်တာလို့ပြော၊ သူတို့က အလေးချိန်မှန်တယ်၊ စေတနာလည်းကောင်းတယ်၊ သားငါးကလည်း လတ်တယ်”
အခိုင်းခံရတဲ့ သားကြီးဖြစ်သူကလည်း ဘာစောဒကမှ မတက်ဘဲ ဈေးသွားဝယ်တယ်။ အမေမှာတဲ့ဟင်းစားပါလာတယ်၊ ပိုတဲ့ပိုက်ဆံပြန်အပ်တယ်။ ချောလို့ မွေ့လို့။
ညီဖြစ်သူက ဈေးကပြန်လာတဲ့ အစ်ကိုကို မေးတယ်။
“ မင်း … ကွမ်းစားတဲ့ညီအစ်မကို တွေ့ခဲ့လား”
“အေး”
“သူတို့က ဈေးရောင်းရင်း ကွမ်းစားနေတာလား”
“အေး”
“မင်းရှေ့မှာ ကွမ်းတံတွေးထွေးသေးလား”
“အာ … မထွေးပါဘူး၊ ကွမ်းငုံထားကြတာ၊ အမေလွှတ်လိုက်တာလို့ ပြောတာ ဘယ်ကအမေလည်းဆိုတာတောင် မမေးဘူး၊ အမေ့ကို သိပုံရတယ်၊ တွေ့ချင်ရင် နောက်တခါ အမေဝယ်ခိုင်းရင် မင်းသွားဝယ်”
“ဟာ .. မတွေ့ချင်ပါဘူးကွာ၊ သွားလည်းမဝယ်ချင်ပါဘူး၊ သားငါးတန်းက အနံ့အသက်ကမကောင်း၊ ချက်ပြီးရင်သာ စားကောင်းတာ။ သူတို့က ဈေးရောင်းရင်း ကွမ်းစားတာလား၊ ကွမ်းစားရင်း ဈေးရောင်းတာလား သိချင်လို့၊ သားငါးတန်းက ကျန်တဲ့ဈေးသည်တွေကရော ကွမ်းမစားကြဘူးလား”
သူက ဘာမှ ပြန်မပြော။
မဝယ်ချင်ပါ မသွားချင်ပါဟု ဆိုခဲ့သော်လည်း တနေ့မှာ သူ့အလှည့်က ရောက်လို့လာပါတယ်။
“သားလေးရေ … သားအစ်ကိုကြီး အိမ်စာလုပ်နေလို့ ဈေးထဲ သားလေးသွားလိုက်”
“ကွမ်းစားတဲ့ညီအစ်မဆိုင်ကလား အမေ”
အမေက ပြုံးပြီး
“ဟုတ်တယ် အဲဒီဆိုင်ကပဲ။ သူတို့ဆိုင်က ဝယ်ပြီးရင် သူတို့ဆိုင်ရဲ့ ကျောချင်းကပ်ဆိုင်ကနေ ဝယ်ဖို့ရှိသေးတယ်။ ဒီမှာ ဈေးစာရင်းစာရွက်”
“ကျောချင်းကပ်ဆိုင်ကရော ကွမ်းမစားဘူးလား အမေ”
အမေက ရယ်တယ်။
ဈေးထဲရောက်တဲ့အခါ သားငါးတန်းမှာ ကွမ်းစားတဲ့ညီအစ်မဆိုတာကို လိုက်ရှာတော့ မတွေ့။ ဆိုင်တန်းတွေကို သုံးလေးခေါက်ပတ်နေတာကို သတိပြုမိတဲ့ ဈေးသည်တယောက်က မေးတယ်
“ကောင်လေး ဘာရှာနေတာလဲ”
“ဟိုဟာဗျာ … ကွမ်းစားတဲ့ညီအစ်မ ဈေးဆိုင်လိုက်ရှာတာ”
“ဟဲ့ ဒီမှာ နင်တို့ ဖောက်သည်”
သူက သူ့မျက်စောင်းထိုးစျေးဆိုင်က ခပ်ပိန်ပိန်အမျိုးသမီးတယောက်ကို လှမ်းပြောတယ်။
ဟင် ကွမ်းမှ မစားတာ ဟု တွေးနေတုန်း
“ဟိုအန်တီရဲ့ သားငယ်လားဟေ့၊ အကြီးမအားလို့ ထင်တယ်၊ ကဲ ပြော ဘယ်လောက်သား ချိန်ပေးရမလဲ” ဟု ရယ်ပြီး အပြောတွင် ပွင့်ထွက်လာသော ပါးစပ်ထဲမှ သွားများကို မြင်တွေ့သည်မှ အင်း ကွမ်းစားတဲ့ညီအစ်မဆိုင် အမှန်ပါပဲလားဟု စိတ်ချယုံကြည်ကာ အမေဝယ်ခိုင်းသည့်အတိုင်း ပြောဝယ်ခဲ့ပါတော့သတည်း။
(၁ နှစ် ၆ လပြည့် အမေ့ အမှတ်တရ)
၂-ဖေဖေါ်ဝါရီ-၂၀၂၃

မျဉ်းကြောင်းပါမှ ရေးတတ်သည် - ကျော်မောင်(တိုင်းတာရေး)

ကျောင်းတက်ဖို့ ကျောင်းသွားအပ်စဉ်မှာပင် ဆိုင်ရာအတန်းမှာ သုံးဖို့လိုအပ်သော စာအုပ်များကို ကျောင်းက ထုတ်ပေးသည်။ ထုတ်ပေးသည်ဆိုရာ၌ အလကားရသည်မဟုတ်။ စာအုပ်ဖိုးဟူသော ခေါင်းစဉ်အောက်တွင် ငွေပေးလိုက်ရခြင်းဖြစ်သည်။ စာအုပ်ဖိုးတွင် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် ခဲတံ စသည်တို့ပါသည်။ စသည်တို့ပါသည်ဟု ဆိုရခြင်းမှာ ဝယ်ရသည့်အခါ ပေတံ ခဲဖျက်များ ပါမပါ မမှတ်မိတော့၍ ဖြစ်သည်။

ပေတံမှာ အများအားဖြင့် သစ်သားပေတံများ ဖြစ်လေ့ရှိပါသည်။ သစ်သားပေတံများသည် မည်သို့သော သစ်ပင်အသားမှ ပေတံဖြစ်အောင် ဆောင်ရွက်ထားသည်မသိ၊ ပေါ့ပေါ့ပါးပါးရှိလှသည့်အတွက် ကျောင်းသူကျောင်းသားလေးများအဖို့ အဆင်ပြေတာပဲဟု ထင်စရာရှိသည်။ ပေတံ၏ အဓိကအလုပ်ဖြစ်သော မျဉ်းကြောင်းဖြောင့်ဖြောင့်ဆွဲရသော ကိစ္စတွင်မူ လွဲချော်မှုကြီးမားကြောင်း သုံးကြည့်သောအခါမှ ထင်ထင်ရှားရှားတွေ့သိကြရသည်။
ကျောင်းသုံးဗလာစာအုပ်သည် နာမည်နှင့်မလိုက်။ စာအုပ်ထဲရှိ စာရွက်များသည် ဗလာမဟုတ်ဘဲ မျဉ်းကြောင်းများနှင့်ဖြစ်သောကြောင့်ပင်။ ထိုကြောင့်ဖြစ်မည်၊ တချို့ကျောင်းသားမိဘများက ဗလာစာအုပ်ဟု မခေါ်ဘဲ မျဉ်းကြောင်းစာအုပ်ဟု ခေါ်ကြသည်။ မျဉ်းကြောင်းပါတဲ့စာအုပ်သွားဝယ်ချေဟု ပြောကြသည်။ ဗလာစာအုပ်တစ်အုပ်လောက် ပေးပါဟု ဈေးထဲတွင် ဝယ်လျှင် ပုံဆွဲစာအုပ်လားဟု ရောင်းသူက ပြန်မေးတတ်ကြသည်။ ပုံဆွဲစာအုပ်တွင် မျဉ်းကြောင်းများမပါ၊ ဗလာသက်သက်ဖြစ်သည်။ စာရွက်အသားက ဖြူပြီးထူသည်။
မျဉ်းကြောင်းစာအုပ်ရှိ မျဉ်းကြောင်းများသည် စာရွက်မျက်နှာပြင်တွင် အလျားလိုက် ရှိသည်။ စာမျက်နှာအပေါ် ပိုင်းတွင် တစ်လက်မသာသာ၊ အောက်ပိုင်းတွင် တစ်လက်မသာသာ မရှိတရှိ အလွတ်ထားသည်။ ထိုအလွတ်ထားသော အပေါ်အောက် စာမျက်နှာပြင်သည် သူ့အပေါ်တွင် ဘာစာမှ ရေးခြစ်ခွင့်မရှိဟု မကြေငြာထားသော်လည်း ကျောင်းသူကျောင်းသားအများစုမှာ ထိုမျက်နှာပြင်တို့ကို တို့ထိဝံ့သူ မရှိသလောက်နည်းပါးကြသည်။ မျဉ်းကြောင်းပေါ်တွင်သာ ရေးကြခြစ်ကြသည်။ စာကြွင်းအနေဖြင့် ထပ်ဖြည့်ရပါလျှင် စာမျက်နှာအပေါ်ထောင့်စွန်းလောက်တွင် နေ့စွဲရေးကြသည်လည်း ရှိသည်။
တစ်ရက်တွင် အဖေက ကျောင်းသုံးဗလာစာအုပ်ထဲတွင် ရေးထားသည်များကို တွေ့ပြီး
"ဘာဖြစ်လို့ ဒီအပေါ်က လွတ်နေတဲ့နေရာမှာ မရေးရတာလဲ" ဟု မေးသည်။
"မျဉ်းကြောင်းမှ မပါတာ အဖေ၊ ပြီးတော့ ဘယ်သူမှလည်း အဲဒီနေရာမှာ မရေးကြဘူး" ဟု ပြန်ဖြေသည့်အခါ
"မင်းတို့ကွာ နေရာလွတ်တွေ အများကြီးဖြစ်ကုန်တာပေါ့"ဟု ဆိုသည်။
"ရေးကွ၊ အဲဒီနေရာလွတ်မှာ တက်ရေးကွ"ဆိုပြီး တိုက်တွန်းသည်။
သူတိုက်တွန်းသည့်အတိုင်း စာမျက်နှာအပေါ်ပိုင်းများတွင် တက်ရေးသည်။ စာရွက်အောက်ပိုင်းက လွတ်သည့်နေရာတွင်လည်း ရံဖန်ရံခါရေးသည်။ ဆရာမ တစ်ယောက်နှစ်ယောက်လောက်က သတိပြုမိပြီး မေးကြသည်။ အိမ်က အဖေက ရေးခိုင်းတာဟု ခပ်တည်တည်ဖြေသည့်အခါ ဘာမှ ပြန်မပြောကြ မဆူကြပါ။ သူရေးသလို လိုက်ရေးကြဟု တခြားသူများကို မတိုက်တွန်းပါ။ ရေးသည်ကို မြင်သော ဘယ်အတန်းဖော်မှလည်း တုပပြီး လိုက်မရေးကြပါ။ ကိုယ်တိုင်ကတော့ ထိုသို့ရေးရသည်ကို နှစ်ခြိုက်မိခဲ့သည်။
တချို့က မျဉ်းကြောင်းနှစ်ကြောင်းကြားတွင် စတိုင်ထွင်ပြီး ရေးသည်။ သူငယ်ချင်းအတန်းဖော်တစ်ဦးမှာ မျဉ်းကြောင်းနှစ်ကြောင်းကြားတွင် စာရေးလေ့ရှိသည်။ သူရေးသည်ကို သဘောကျ အတုယူပြီး မျဉ်းကြောင်းကြားတွင် လိုက်ရေးဖူးသည်။ ဘောင်အတွင်း ရေးခြင်း၏ အကျိုးက စာမေးပွဲဖြေသည့်အခါ များစွာပေးသည်။
စာသင်သည့်အခါ မျဉ်းကြောင်းပါသော စာအုပ်များကို သုံးရသည်။ စာမေးပွဲဖြေသည့်အခါ မျဉ်းကြောင်းပါသော စာဖြေစာရွက်များကို ပေးမသုံးပါ။ ထူးခြားမှုဖြစ်ပါသည်။ ထူးခြားမှုဆိုသည်ထက် မညီမျှမှုဟု ပြောလျှင် ပိုသင့်ပါသည်။ ဒါကို မိဘများက ဆူဆူညံညံ ပြောကြသော်လည်း ကျောင်းနံရံများသည် အုတ်နံရံများဖြစ်သောကြောင့် အတွင်းသို့ မထိုးဖောက်နိုင်ပုံရသည်။
မိဘများက စာဖြေကျောင်းသူကျောင်းသားများကို နည်းမျိုးစုံဖြင့် ထိုအခက်အခဲကို ကူညီဖြေရှင်းပေးကြသည်။ မျဉ်းကြောင်းဆွဲထားသော ကတ်ထူပြားများ ယူသွားပြီး ဖြေလွှာစာရွက်အောက်တွင် ခံရေးခိုင်းသည်။ အောက်ခံတွင် မျဉ်းကြောင်းများကို မြင်ပြီး စာရေးရာတွင် ဖြောင့်ဖြောင့်တန်းတန်းရေးနိုင်သည်။ စာမေးပွဲဖြေသည့်အခါ ဘော့ပင် ခဲတံ ခဲဖျက် ပေတံမှ အပ မည်သည့်စာရွက်မှ မည်သည့်အောက်ခံပြားမှ ယူခွင့်မရှိဟု ကျောင်းက စာမေးပွဲစည်းမျဉ်းပြောင်းသည်။ ထိုတွင် မိဘများက သားသမီးများကို ဗလာစာရွက်ပေါ်တွင် ခဲတံဖြင့် မျဉ်းကြောင်း သုံးကြောင်းခပ်ဖွဖွရေးဆွဲပြီးမှ ဖြေဖို့ သင်ပေးကြသည်။
ဗလာစာရွက်တစ်ရွက်ပေးလိုက်ပြီး စာရေးခိုင်းလိုက်သည့်အခါ ဖြောင့်တန်းစွာရေးနိုင်သည့်သူသည် အာဂလူဟု ဆိုနိုင်ပေမည်လား။ မျဉ်းကြောင်းပါမှ ရေးတတ်သူသည် စာရေးသက်နည်းသေးသောသူဟု ဆိုနိုင်ပေမည်လား။
သေချာသည်ကတော့ စာရွက်ပေါ်တွင် စာရေးကိရိယာကိုင်ကာ စာရေးကြသောသူများ သိသိသာသာလျော့နည်းသွားပြီ ဖြစ်သည်။ လက်ရေးလေးက လှလိုက်တာဟု ချီးကျူးသံ ချီးမွမ်းသံ ကြားချင်ပါလျှင် လက်ရေးလှလှ ရေးကျင့်မှ ဖြစ်ပါမည်။ လက်ရေးလှလှ ရေးကျင့်ဖို့အတွက် မျဉ်းကြောင်းပါသော စာရွက်ကို ရွေးမည်လား ဗလာစာရွက်ကို ရွေးမည်လားဆိုသည်ထက် ခဲတံနှင့် ရေးမည့်သူဆိုပါက ခဲတံချွန်နည်းကို တတ်ကျွမ်းဖို့လိုပေလိမ့်မည်။
ခဲတံကောင်းကောင်းချွန်တတ်ပါလျှင် လက်ရေးကလည်း လှနေဖို့ သေချာနိုင်ပါသည်။ ခဲတံကောင်းကောင်းချွန်တတ်ဖို့ လေ့ကျင့်ပေးရပါမည်။ ခက်သည်မှာ ခဲတံချွန်စက်ဖြင့် ခဲတံကို ချွန်မည်လား၊ ခဲတံချွန်ဓားဖြင့် ခဲတံကို ချွန်မည်လားဟု ဝေခွဲမရ ဖြစ်နိုင်ပါသည်။ ချွန်ပြီးသောခဲတံကို ဖောင်းထားသောပါးတစ်ဖက်ပေါ်အသာတင်ကာ ခဲတံချွန်မချွန်စမ်းသပ်သောနည်းကိုလည်း တပါတည်းသင်ပေးလိုက်ကြဖို့လိုပါလိမ့်မည်။ မျဉ်းကြောင်းပါလည်း ရေးတတ်၊ မျဉ်းကြောင်းမပါလည်း ရေးတတ်သော ခဲတံကိုင်စာရေးသူများ ပေါ်ထွန်းလာဖို့ မျှော်လင့်မိပါသည်။
၂၂-ဇန်နဝါရီ-၂၀၂၃

ဇာတ်တော်တပုဒ်အား လမ်းလျှောက်ရင်း ပြောဖြစ်ခဲ့လေသည်

ဒီတလောအတွင်းမှာ အိမ်သူနဲ့ စကားပြောတဲ့အခါတိုင်း ဝူဟန် ဆိုတာခဏခဏသုံးဖြစ် ပြောဖြစ်တော့ သူက ဒီလိုပြောတယ်

"ဝူဟန်ဆိုတာကြီး မပါဘဲ တခြားဟာလေးတွေ ပြောလို့မရဘူးလား"
"အေးပါကွာ ဒါဆိုလည်း တခြားအကြောင်းတွေ ပြောကြတာပေါ့"လို့ နှစ်သိမ့်ပြီး တခြားထွေရာလေးပါးတွေ ပြောကြတယ်။
တခြားအကြောင်းတွေ ပြောနေပေမယ့် စိတ်ထဲသိပ်တော့ ကျေလည်လှတယ်မဟုတ်ဘူး။ ဘာကြောင့်လဲဆို ဒီ ဝူဟန်အကြောင်းက နောက်ဆုံးပေါ်သတင်းကိုလည်း သိရအောင် သတင်းတွေကို မနက် နေ့လည် ည ဖတ်ကြည့်ထားရတာ၊ ဒီဝူဟန်ဗိုင်းရပ်စ်ဆိုတာ ဘာလည်း၊ ဘယ်လောက်အထိ ဖြစ်နိုင်တယ်လို့ သတင်းတွေက ရေးကြလဲ၊ ဘယ်လိုကာကွယ်ရမလဲက အစ၊ ဟိုနိုင်ငံတွေမှာဖြစ်ပြီး ဘာဖြစ်လို့ ကိုယ့်နိုင်ငံမှာမဖြစ်လည်းက အဆုံး လျှောက်ဖတ်ကြည့်ထားရတာ၊ လွယ်တာမှတ်လို့၊ ဒါလေးတွေ သိထားတာကို ဘေးနားရှိတဲ့သူနဲ့ပဲ ပြောနေတာဆိုတော့ သူ့မှာလည်း ဒါချည်းပဲထပ်နေလို့ထင်တယ် တခြားဟာပြောပါလို့ တောင်းပန်ရတဲ့အထိ။
မနေ့ညနေ မှောင်ရီပျိုးစမှာ နှစ်ယောက်သား အနီးအနားကို လမ်းလျှောက်ထွက်ကြတယ်။ အဲဒီမှာ မပွားရင် မနေနိုင်တဲ့အတွက် ဘာအကြောင်းပွားရင် ကောင်းမလဲလို့ ကြံရင်း ဒီလို အစပျိုးလိုက်တယ်။
"ဒို့တတွေ လမ်းလျှောက်ရင်းနဲ့ စကားပြောကြတာပေါ့"
"အင်း ပြောလေ"
"အေးကွ၊ သိထားတဲ့အကြောင်းအရာထဲကများဖြစ်မလားပဲ၊ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ဃောသကသူဌေးအကြောင်း"
"သေသေချာချာ မကြားဘူးဖူး"
"သာမာဝတီဆိုတာတော့ ကြားဖူးမှာပေါ့"
"ဟုတ်တယ် ကြားဖူးတယ်"
"အိုကေ အခုပြောမယ့် ဃောသကသူဌေးဆိုတာက နောက်ပိုင်းမှာ သာမာဝတီနဲ့ ပတ်သက်လာမယ့်သူ"
အဲဒီလို ခြေဆင်းလေးပျိုးပေးပြီး ဃောသကသူဌေးရဲ့ အရင့်အရင် ဘဝတွေက စလို့ ပြောလိုက်တာ သူဌေးဖြစ်ပြီး အလှူအတန်းတွေ ပေးနေတဲ့အချိန်အထိ ပြောဖြစ်တယ်။
"သူဌေးဘွဲ့ကို ဘုရင်ဆီမှာ သွားယူတော့ လမ်းမှာ ရေအိုင်လေးတွေ့၊ ခုန်ကျော်သွား၊ အပြန် သူဌေးဘွဲ့ရထားပြီးတဲ့အခါ ရေအိုင်လေးကို အလာတုန်းကလို ကမြင်းကြောထ မခုန်လွှားတော့ဘဲ ဖိနပ်ချွတ်ပြီး ရေထဲဆင်းလျှောက်၊ ဘုရင်က အားနေတဲ့အတွက် အလာရော အပြန်ရောကို လေသာပြတင်းပေါက်က တွေ့လို့ ပြန်ခေါ်ပြီး အကျိုးအကြောင်းမေး၊ အဲဒီဘုရင်ဆိုတာ ဥတေနမင်းကြီး၊ သူ့မှာလည်း သူ့ဇာတ်နဲ့သူ ရှိတယ်"
"ဟိုခုံတန်းလေးမှာ ထိုင်ရင်း ဆက်ပြောပါလား (ပြောနေတဲ့သူက မမောဘူး၊ နားထောင်တဲ့သူက မောနေပုံရတယ်)"
"ကောင်းသားပဲ"
"အဲဒီလို ဃောသကသူဌေးလေးကနေ နှစ်တွေကြာလာတော့ ဃောသကသူဌေးကြီးဖြစ်လာတယ်၊ သူက သူလှူတဲ့ အလှူပေးဇရပ်တွေဆီက ဆူညံဆူညံအသံတွေကြားရင် ပီတိဖြစ်လို့၊ ဒီဆူညံသံတွေဟာ သူဆင်းရဲတွေက အစားအသောက်တွေ အလုအယက်တောင်းယူကြ တိုးဝှေ့ကြလို့ ရန်ဖြစ်ကြတာကနေ ထွက်ပေါ်လာတဲ့ အသံတွေ၊ ဒီအသံတွေရှိရင် သူ့အလှူရှိနေတာပဲလို့ ခံယူထားတဲ့ သူဌေးကြီး၊ သာမာဝတီလာတော့မှ တန်းလေးတွေရိုက်ပြီး စနစ်တကျ အလှူခံယူတဲ့ပုံစံလုပ်ပေးလိုက်တာ၊ ကို ထင်တယ်ကွ၊ ဒီဇာတ်တော်ကို ဟိုးကတည်းက ဒို့မြန်မာတွေ သိထားတာ၊ ဒါပေမယ့် အခုအထိတန်းစီစနစ်က ဖရိုဖရဲဖြစ်တုန်း၊ သမခေတ်တုန်းက တန်းစီတာတော့ ခဏထားပေါ့။ စင်ကာပူက သာမာဝတီဝတ္ထုကို ဖတ်ပြီး လက်တွေ့အကောင်အထည်ဖော်သွားပုံရတယ်"
"သာမာဝတီဟာ နောက်တော့ ဃောသကသူဌေးကြီးက သမီးအဖြစ် မွေးစားလိုက်ပြီး ဘုရင် ဥတေနမင်းကြီးရဲ့ မိဖုရားဖြစ်လာတယ်။ အစေအပါးဖြစ်တဲ့ ခုဇ္ဇုတ္တရာရဲ့ ကျေးဇူးကြောင့် တရားသိခွင့်ရတယ်။ ခုဇ္ဇုတ္တရာဆိုတာကလည်း သူ့ဇာတ်လမ်းနဲ့သူရှိတယ်"
"အင်း အဲဒါ သိတယ်လေ၊ သူဘာလို့ ခါးကုန်းရတယ်ဆိုတာ"
"သာမာဝတီ မိဖုရားဖြစ်တဲ့အခါ မာဂဏ္ဍီမိဖုရားဆိုတာက မနာလိုဖြစ်။ အဲဒီ မာဂဏ္ဍီမိဖုရားဆိုတာကလည်း သူ့ဇာတ်လမ်းနဲ့ သူ သပ်သပ်ရှိပြန်တယ်။ အခုတော့ ဃောသကသူဌေးကြီးရဲ့ သမီးဖြစ်သွားတဲ့ သာမာဝတီအကြောင်းပဲ ဆက်ရအောင်၊ မာဂဏ္ဍီလုပ်တာနဲ့ သာမာဝတီနဲ့ သူ့ရံရွေတော်တွေဟာ မီးလောင်တိုက်သွင်းခံရပြီး သေကြရတယ်၊ သူတို့တွေ ဒီဘဝမှာ ဒီလိုဖြစ်တာကလည်း အရင်ဘဝတခုတုန်းက သူတို့ပြုလုပ်ခဲ့တဲ့ အကြောင်းတခုကြောင့်ဖြစ်တယ်"
"အဲဒီ သာမာဝတီဆိုတာ ဃောသကသူဌေးကြီးဆီ ဘယ်လိုရောက်လာခဲ့လည်း ဆိုတော့ သူတို့နေတဲ့မြို့မှာ ယင်နာရောဂါဖြစ်"
"ယင်နာရောဂါဆိုတာ"
"ကူးစက်ရောဂါလေ၊ အခုဖြစ်နေတဲ့ ဝူဟန်ဗိုင်းရပ်စ်လိုဖြစ်မှာပေါ့၊ နေဦးကွ ဝူဟန်ဗိုင်းရပ်စ်ဆိုတာ ………"
ကျော်မောင်(တိုင်းတာရေး)
၂၇-ဇန်နဝါရီ-၂၀၂၀
(မှတ်ချက် - မန်မိုတက်လာတာကို ပြန်ဖတ်ကြည့်တော့ ခေါင်းစဉ်ကို “သူ့ဇာတ်လမ်းနဲ့သူ” လို့ ပြောင်းလိုက်ဖို့သင့်တယ်။ သူ့ဇာတ်လမ်းနဲ့သူဆိုပေမယ့် အားလုံးဟာ အနည်းအများဆက်နွယ်နေကြတာဖြစ်တယ် )
၂၇-ဇန်နဝါရီ-၂၀၂၃

Dec 26, 2022

လူအိုတို့၏ စကားဝိုင်း - ကျော်မောင်(တိုင်းတာရေး)

အကြောင်းများပေါင်းဆုံမိသည့်အတွက် တိုက်ခန်းကျဉ်းကျဉ်းလေး၏ ဖယောင်းပုဆိုးခင်းထားသော ဧည့်ခန်းပိစိကြမ်းပြင်ပေါ်တွင် ညတစ်ညစာ သူတို့ဆုံမိကြသည်။ မည်သို့သော အကြောင်းများပေါင်းဆုံမိကြသနည်းဟူ ဆွေမျိုးသက်ကြီးပိုင်းတစ်ယောက်ဆုံးပါးသွားခြင်း၊ ထိုနာရေးသို့ လာရောက်ကြခြင်း၊ နာရေးအိမ်တွင် လူများနေသဖြင့် နေထိုင်ရာနယ်များသို့မပြန်ကြမီ ယခုအိမ်သို့လာရောက်ညအိပ်ခြင်း၊ မတွေ့ရသည်မှာ ကြာပြီဖြစ်သဖြင့်ရှေးဟောင်းနှောင်းဖြစ်များ ပြောလိုကြခြင်း ဟူသည့် အကြောင်းများ ပေါင်းဆုံကြသဖြင့် ဖြစ်သည်။
ဆွေမျိုးထဲတွင် သာရေးနာရေးရှိမှ သူတို့ဆုံနိုင်ကြသည်။ တရွာစီနေ တနယ်စီနေ တမြို့စီနေကြသူများ ဖြစ်သဖြင့် ဆုံကြတုန်းမှာ ပြောစရာတွေက မကုန်။ တချို့မှာ အသက်အရွယ်အရ ကျန်းမာရေးအရ မလာရောက်နိုင်ကြသူများ ရှိသည်။ ရွာမှာကျန်ခဲ့တဲ့ ဘယ်သူ့ကိုတော့ ငါမေးတယ်ဆိုတာ ပြောပြလိုက်စမ်းပါဟု မှာကြသည်။
အဖိုးကြီး အဖွားကြီး အရွယ် ဆံဖြူသွားကျိုးများ ဖြစ်နေသော်လည်း ငယ်စဉ်ကအကြောင်းများ ပြောကြပြီဆိုလျှင် သူတို့မှာ ထိုစဉ်က အသက်အရွယ်အတိုင်း နုပျိုသွားကြသည်ကဲ့သို့ ဖြစ်နေကြသည်။ အဖြစ်အပျက်တစ်ခုကို ပြောကြပြီး ရယ်မောကြသည်။ အဲဒါ ငါလည်း မသိခဲ့ပါလားဆိုလျှင် မသိသူသည် အဟားခံရလေသည်။ မင်းက/နင်က အဲဒီတုန်းက ဘယ်ရောက်နေတာတုန်းဆိုပြီး မေးသည့်အခါ အမေးခံရသူကလည်း သူ့အကြောင်းကို ပြန်ပြောင်းပြောပြရလေသည်။ ထိုအခါ ဇာတ်ကြောင်းသည် ပိုမိုပြည့်စုံလာရလေသည်။ ဆုံးပါးကွယ်လွန်သွားသူ၏ အကြောင်းကိုလည်း သူတို့ပြောသည့်အကြောင်းအရာထဲတွင် ကြားရသည်။ ဆွေမျိုးတော်သည်သာမက သူတို့နှင့်ရွယ်တူဖြစ်သည့်အတွက် သူငယ်ချင်းကဲ့သို့ မိတ်ဆွေကဲ့သို့ဖြစ်ခဲ့သူတစ်ဦး၏အကြောင်းလည်းဖြစ် ထိုသူ၏နာရေးလည်း ဖြစ်သည့်အတွက် ထိုသို့ပြောကြရာတွင် ဆွေးဆွေးမြေ့မြေ့ပြောကြလေသည်။ နားထောင်သူတို့မှာ ပိုမိုပြီး နှမြောသတိရခြင်းဖြစ်ရသည်။
သက်ကြီးပိုင်းတို့ ဝိုင်းဖွဲ့သည်၏နောက်နားတွင် သက်လတ်ပိုင်းတို့က နောက်နားရှိ လွတ်သည့်ကြမ်းပြင်ပေါ်တွင် ထိုင်နေသည့်သူက ထိုင်သည်။ ရေနွေးကုန်သွားသည့်အခါ ထပ်ဖြည့်ပေးဖို့ အဆင်သင့်ရှိနေသည့်သူက ရှိသည်။ သက်ငယ်ပိုင်းနှင့် မြေးအရွယ်ကလေးများမှာကား အကြီးဝိုင်း အလတ်ဝိုင်းထဲမဝင်သာ။ ကြားရရုံလောက်ရှိသည့် နေရာမှသာ မတ်တပ်ရပ်နားစွင့်ကြရလေသည်။
စကားဝိုင်းအလယ်တွင် ဇွန်းသုံးလေးငါးချောင်းပါသောလက်ဖက်သုပ်တစ်ပန်းကန်၊ ရေနွေးကရားအိုး၊ ကြွေရေနွေးခွက်လေးငါးလုံးနှင့် မက်ခွက်တချို့သာ ချထားသည်။ တခေါင်းလုံးဖြူနေသော အဖွားကြီးတယောက်ကတော့ ပြောင်းဖူးဖက်ဆေးပေါ့လိပ်ကြီးကို ဖွာနေသည်။ သူ၏ အမှတ်တံဆိပ်မှာ ထိုပြောင်းဖူးဖက်ဆေးပေါ့လိပ်ကြီး ဖြစ်သည်။ နောင်းလူတို့ကို သူ့အကြောင်းညွှန်းလိုသည့်အခါ သူ့နာမည်ကို ပြောပြရုံမက အဲဒီအဖွားက သူ့ကြည့်လိုက်ရင် ပြောင်းဖူးဖက်ဆေးပေါ့လိပ်ကြီး အမြဲတမ်းဖွာနေတဲ့သူပေါ့ဟု ထည့်ပြောရသူဖြစ်သည်။ သူ့အဖိုးကြီးကတော့ အသက်ကြီးသည်အထိ ယာထဲကိုင်းထဲအလုပ်လုပ်နေဆဲဖြစ်ပြီး သန်သန်မာမာရှိလှသည်။ သူ၏ အမှတ်တံဆိပ်မှာ မာဖလာတဘက်ထည်ကို လည်ပင်းတွင်ဖြစ်စေ ပုခုံးထက်တွင်ဖြစ်စေ တင်ထား ဆောင်ထားတတ်ခြင်းဖြစ်သည်။
ဘကြီး ဘာတွေမစားသလဲ ဘာတွေရှောင်သလဲဟု မေးလျှင် ဟေ့ ငါက အကုန်စားတယ် ဘာမှ မရှောင်ဘူးဟု ဆိုသူဖြစ်သည်။ သူက ထမင်းစားလျှင် ကြမ်းပြင်ပေါ်ဆိုပါက ဆောင့်ကြောင့်ထိုင်သာ စားလေ့ရှိသည်။ ဒီဘကြီး ထိုင်ခုံပေါ်ထိုင်စားလျှင် မည်သို့စားမည်နည်းဟု သွားကြည့်သည့်အခါ ထိုင်ခုံပေါ်တွင်လည်း ဆောင့်ကြောင့်ထိုင် စားသည့်သူဖြစ်သည်။
ထိုဘကြီး၏ညီလား အစ်ကိုလား မမှတ်မိတော့သည့် ဘကြီးတယောက်မှာ ပိန်ပိန်ရှည်ရှည်နှင့်ဖြစ်ပြီး ဟာသဉာဏ်ရွှင်ပုံရလေသည်။ စကားဝိုင်းတွင် သူက ဦးဆောင်ပြောနေသည်က များသည်။ ဟေ့ မင့်သားက ဆေးကျောင်းတက်မှာလားကွ၊ အရိုးတွေအတွက်တော့ မပူနဲ့ငါ့ကောင်၊ ငါတို့ရွာမှာ ပေါတယ်၊ လာပို့ဆို လာပို့ပေးမယ်ဟု ခပ်တည်တည်ပြောသူဖြစ်သည်။ ထိုဘကြီးမှာ ပြောသည့်အတိုင်း လုပ်မည့်သူဟု ယုံကြည်မိသည်။
သူတို့မှာ ခေတ်ကာလမျိုးစုံကို ဖြတ်သန်းခဲ့ဖူးကြသည့်အတွက် အတွေ့အကြုံများစွာရှိကြသည်။ ပြောနေကြသည်ကို နားထောင်ရသူတို့မှာ ထိတ်တလန့်လန့်ဖြစ်ရသည်။ သူတို့မှာကား ထိုထိုအဖြစ်အပျက်များကို ယခုအခါတွင် ရယ်ရွှင်ဖွယ်များအဖြစ်ပြောင်းပြီး ပြောနိုင်နေကြလေသည်။
သူတို့စကားပြောကြ ဆိုကြသည်ကို နားထောင်ရသည်မှာ အိပ်ဖို့ကိုပင်လျှင် မေ့နေသည်အထိဖြစ်ရသည်။ အဖေ အမေကလည်း မင်းတို့တွေ သွားအိပ်ကြတော့ဟု မပြောအား။ သူတို့ကိုယ်တိုင်ကလည်း အခုလို စကားဝိုင်းမျိုးကို ကြားချင်နားထောင်နေကြချင်သူများဖြစ်သည်။ ကလေးတွေလည်း နားထောင်ရတာပေါ့ဟု စိတ်ထဲရှိချင်ရှိကြပါလိမ့်မည်။
သူတို့ဘာတွေပြောကြသည်ဆိုသည်ကို ပြန်လည်မမှတ်မိတော့ပါ။ နားထောင်စဉ်ကမူ မကြားဖူးသည့်အကြောင်းအရာများဖြစ်သည့်အတွက် လွန်စွာစိတ်ဝင်စားမိခဲ့သောအကြောင်းများဖြစ်သည်။ အဖိုးကြီး အဖွားကြီးများသည် စကားပြောကောင်းကြသူများ ဖြစ်ကြသည်ဟု ထည့်သွင်းဖွဲ့ဆိုရပေမည်။
နောက်တနေ့တွင် သူတို့သည် သူတို့သားမြေးမြစ်များရှိရာ သူတို့နေရာဒေသအသီးသီးသို့ ပြန်ကြရလေသည်။ တခြားသော ဆွေမျိုးတယောက်ယောက်၏ သာရေးနာရေးကို အကြောင်းပြုပြီး တခြားသော အိမ်တစ်အိမ်အိမ်တွင် သူတို့ဆုံကောင်းဆုံနိုင်ပြီး ယခုကဲ့သို့ စကားများများပြောကြ ဆိုကြ ရယ်မောကြ လွမ်းမောကြပေလိမ့်ဦးမည်။ ထိုသို့ဆုံလျှင် ယခုတခေါက်တွေ့သည့်လူတိုင်း ပါနိုင် မပါနိုင်ကို သူတို့မစဉ်းစားကြပါ။ သာရေးနာရေးသည် ယခုတွေ့သည့်အထဲမှ သူအိုတဦးဦးကို အကြောင်းပြုသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သေးသည်ဆိုသည်ကိုလည်း သူတို့ကောင်းကောင်းသိကြလေသည်။
သူတို့အားလုံးသည် လောကတွင် မရှိတော့ပြီ။ သူတို့မရှိတော့သော်လည်း ညတစ်ညတွင် သူတို့ဆုံခဲ့ကြသည့် စကားဝိုင်းအကြောင်းကို ထိုစဉ်က နားထောင်သူဖြစ်ခဲ့သည့်သူတစ်ဦးက အမှတ်တရအနေဖြင့် ပြန်လည်ပြောပြကာ ရေးဖွဲ့နေသည့်အကြောင်းကိုလည်း သူတို့ သိမသွားကြ။ ပြန်ပြောပြသူသာ ပန်းချီဆွဲတတ်ပါလျှင် "လူအိုတို့၏ စကားဝိုင်း" အမည်ရ ပန်းချီပုံတစ်ပုံလောက် ဆွဲဖြစ်ပေလိမ့်မည်။ လူအိုတို့၏ စကားဝိုင်းသည် နုပျိုလှပနေလေပြီတကား။
၂၅-ဒီဇင်ဘာ-၂၀၂၂