Dec 26, 2022

မလွမ်းကြေး - ကျော်မောင်(တိုင်းတာရေး)

တခါမှာ ဒီလိုပြောတာ ကြုံခဲ့ရဖူးတယ်။ အိမ်ကို ကိစ္စတခုနဲ့ ရက်အတော်ကြာကြာတည်းတဲ့ နယ်က ဧည့်သည်တယောက်ရဲ့ မှတ်ချက်ဖြစ်တယ်။ သူက ဗေဒင်ဆရာလည်းဖြစ်တယ်။ သူတွက်ပေးတဲ့ဗေဒင်က တသက်စာဟောချက်လိုမျိုး အရှည်ကြီးဖြစ်တယ်။ အဖေနဲ့အမေကို တွက်ပေးတာမှာ တော်တော်များများဟာ မှန်ကန်နေတယ်ဆိုတာ တွေ့ရတယ်။ တွက်ပုံကတော့ ပြီးခဲ့တဲ့နှစ်များမှာ ကာယကံရှင်ဟာ ဘာဖြစ်ခဲ့တယ် ဟုတ်ပါသလားဆိုတာမျိုးကနေ အခုဘာဖြစ်နေတယ် နောက်ဘာဆက်ဖြစ်မယ်ဆိုတာမျိုးကို သူ့ပညာရပ်နဲ့ သုံးသပ်ပြီး လျှောက်လွှာစာရွက်ပေါ်မှာ ရေးပြသွားတာမျိုးဖြစ်တယ်။ အဲဒီဟောချက်တွေကို အဖေက သေသေချာချာ ဖိုင်တွဲထားပြီး သိမ်းထားတယ်။ နှစ်ပေါင်း(၃၅)နှစ်ကျော်လောက်ကြာပြီဆိုတော့ စာရွက်တွေကလည်း ဝါကျင့်ကျင့်ဖြစ်နေလောက်ပြီထင်တယ်။

အဲဒီဗေဒင်ဆရာက ပြောဖူးတာက ဒီလို။ အိမ်မှာ သီချင်းနားထောင်တဲ့အခါ အဲဒီကာလတုန်းက နာမည်ကြီးတဲ့သီချင်းတချို့(အများအားဖြင့် အလွမ်းသီချင်းတွေ)ကို ကက်ဆက်ဖွင့်နားထောင်ကြတယ်။ လိုက်ဆိုကြတဲ့အခါ သူက ပြောတာရှိတယ်။
"ဖြစ်နိုင်ရင် အလွမ်းသီချင်းတွေကို ဆိုလည်း မဆိုသင့်ဘူး၊ နားလည်း မထောင်သင့်ဘူး၊ ပျော်ရွှင်စေမယ့်သီချင်းတွေပဲ နားထောင်တာ ဆိုကြတာကောင်းတယ်" တဲ့။
အဲဒီလို မှတ်ချက်ပေးတဲ့စကားကို အဲဒီတုန်းက ခါးခါးသီးသီး ဆန့်ကျင်ခဲ့ဖူးတယ်။
"အလွမ်းသီချင်းတွေက နားထောင်ကောင်းတယ်ဗျ၊ အလွမ်းဓါတ်ခံရှိမှ ခံစားလို့ရတာ" ဆိုတာမျိုး ပြန်ပြောခဲ့ဖူးတယ်။
တဆက်တည်းမှာပဲ သူဟာ နယ်သူနယ်သားဖြစ်လို့ မြို့သူမြို့သားတွေရဲ့ လွမ်းချင်းဂီတသံကို နားမခံနိုင်တာပဲဖြစ်မယ်လို့ စိတ်ထဲမှာ လှောင်ပြောင်သလိုဖြစ်ခဲ့ဖူးတယ်။
အမှန်က လွမ်းတဲ့စိတ်နဲ့ လှုပ်ရှားနေရတာထက် ပျော်ရွှင်ပေါ့ပါးတဲ့စိတ်မျိုးနဲ့ လှုပ်ရှားနေရတာက ပိုမိုအလုပ်ဖြစ်စေတယ်။ အတော်ရင်းနှီးတဲ့မိတ်ဆွေတယောက်ကဆို ဟိုးတုန်းကတည်းက ဒီလိုမျိုး ပြောခဲ့ဖူးတယ်။
" ငါက ဗီဒီယိုကြည့်ကြည့် ရုပ်ရှင်ကြည့်ကြည့် ဟာသကားတွေ ရယ်စရာတွေပဲကြည့်တယ်၊ စာဖတ်လည်း ရယ်ရတဲ့စာတွေပဲ ဖတ်တယ်၊ ဘဝမှာ အချိန်မရတဲ့အထဲကွာ၊ အလွမ်းကားကြည့်ပြီး အလွမ်းဝတ္ထုတွေဖတ်ပြီး စိတ်ထဲမကောင်းဖြစ်၊ ဒါကြီးပြန်ပြန်တွေးပြီး ထပ်စိတ်မကောင်းဖြစ်နဲ့ ဘယ်မှာ ကောင်းကောင်းမွန်မွန် တက်တက်ကြွကြွ လှုပ်ရှားလို့ရမှာလဲ။ ဟာသကားကြည့်ပြီးသွားတဲ့အခါ အားပါးတရ ရယ်လိုက်ပြီးရင် လူလည်း လန်းဆန်းသွားတာပဲ၊ မင်းတို့လည်း ဇာတ်ကားကြည့်ရင် ရယ်စရာတွေပဲကြည့်ကြ၊ စာဖတ်ရင်လည်း ပျော်ရမယ့်ဟာတွေပဲဖတ်ကြ"
သူဒီလိုပြောတာကိုလည်း "ရယ်စရာကားတွေက ပေါတောတောတွေပါဗျာ၊ ကလိထိုးရယ်ခိုင်းနေတဲ့ဟာတွေပါ၊ အလွမ်းဝတ္ထုတွေက ဖီးလ်ဗျ၊ ဖတ်ပြီးရင် လည်ချောင်းထဲဆို့နင့်သွားတာပဲ၊ ဒါတွေကိုပြောပြလည်း နားလည်မှာမဟုတ်ပါဘူး" ဆိုပြီး မကျေမနပ်ပြောခဲ့ဖူးတယ်။
"စားကောင်းတဲ့အစားအသောက်စားရရင် ကိုယ်ချစ်ခင်တဲ့သူကို သတိရတယ်" ဆိုတာမျိုး ကြားဖူးကြပါလိမ့်မယ်။ ကိုယ်ချစ်ခင်တဲ့သူဟာ အနားမှာမရှိတော့ရင်၊ ဒါမှမဟုတ် ဘယ်လိုမှ ဆက်သွယ်လို့မရတော့တဲ့ ဘဝခြားကို ရောက်သွားရင် သတိရခြင်းကနေ အလွမ်းဆိုတာ ဖြစ်လာတော့တာပါပဲ။
"စားကောင်းတဲ့အစားအသောက်စားရရင်" ဆိုတဲ့နေရာမှာ တချို့စကားလုံးလေးတွေထည့်ကြည့်လို့ရပါတယ်။ "နေလို့ကောင်းတဲ့ သာယာရွှင်ပျော်ဖွယ်နေရာ" "ဖတ်လို့ကောင်းတဲ့စာအုပ်" "နားထောင်လို့ကောင်းတဲ့တေးသံ" "တန်ဖိုးရှိတဲ့တရား" စသဖြင့်ပေါ့။
သတိရခြင်းကနေ အလွမ်းဆိုတာ ဖြစ်လာတဲ့အခါ ဒီအလွမ်းကြီးကို ရင်ခွင်ထဲပိုက်ထားမလား၊ ဒီအလွမ်းကြီးနဲ့ နေ့စဉ်ပုံမှန်လှုပ်ရှားနေမလား။
မလွမ်းကြေး မိတ်ဆွေ၊ မလွမ်းကြေး။
ခင်ဗျားမှာ လွမ်းစိတ်လေးပေါ်လာရင် ခင်ဗျားရဲ့စိတ်ဟာ နွမ်းနယ်သွားလိမ့်မယ်။ စိတ်ဆိုတာ နွမ်းသွားတဲ့အခါ စိတ်ကြောင့်ဖြစ်လာမယ့် ရုပ်ပိုင်းဆိုင်ရာတွေလည်း နွမ်းကြေနေသော ရုပ်တွေသာ ထွက်လာ ဖြစ်လာပါလိမ့်မယ်။ ဆိုတော့ မလွမ်းအောင် ဘယ်လိုပြုလုပ်ရမယ်ဆိုတဲ့နည်းလမ်းတွေရှိကြတဲ့အထဲ အကြိုက်ဆုံးနည်းလမ်းကတော့ လက်ရှိအချိန်တည့်တည့်ကို ကြည့်တာပဲ။ ပစ္စုပ္ပန်တည့်တည့်ကို ရှုတာပဲ။ တည့်တည့်ကြည့်ဆိုတာ စောင်းမကြည့်နဲ့လို့ ပြောတာလည်း ဟုတ်တယ်။
အထက်က ဗေဒင်ဆရာပြောခဲ့သလို လိုက်လုပ်ရမှာပဲ၊ အလွမ်းသီချင်းတွေ နားမထောင်နဲ့။ နောက်တခါ အသိမိတ်ဆွေပြောသလို ဟာသတွေပဲ လိုက်ဖတ် လိုက်ကြည့်၊ (ပေါတောတောမဖြစ်ဖို့တော့ ပေါတောတောမဟုတ်တဲ့ ဟာသမျိုးကို ရွေးတတ်ဖို့တော့ လိုပါလိမ့်မယ်)။
ဒါပါပဲ။
မလွမ်းတတ်တဲ့စိတ်မျိုးရှိလာတဲ့အခါ ဘာလုပ်လုပ် အဆင်ပြေပါလိမ့်မယ်။ တသက်စာဗေဒင်ဟောပေးရရင် အလွမ်းတွေကို ကျော်လွန်နိုင်တဲ့သူဟာ ရန်စွယ်မာန်စွယ်တွေကို အောင်နိုင်တဲ့သူဖြစ်လာမှာ မလွဲဧကန်ပါ။
မလွမ်းကြေး ကိုယ့်လူ၊ မလွမ်းကြေး။
၂၈-အောက်တိုဘာ-၂၀၂၂

ကျေးငှက်ကမြူး - ကျော်မောင်(တိုင်းတာရေး)

တမနက်မှာ ကဗျာတွေဖတ်ရင်း ဒီကဗျာတွေဟာ ဘာအတွက်ရယ်ကြောင့် ဖတ်လို့ကောင်းနေလည်းဆိုတာ စိတ်ထဲဖြစ်လာတယ်။ အဲဒါတင်မကပဲ ကဗျာစပ်ချင်လာတယ်။ ဒါနဲ့ပဲ ကဗျာတလွဲတွေ လျှောက်စပ်မိတယ်ဆိုပါစို့။ ကိုယ်စပ်တဲ့ကဗျာ ကိုယ်ပြန်ဖတ်တယ်၊ သဘောမကျဘူး။
တညမှာ အဖေက ရုံးမှာ ညတာဝန်(night duty)ကျတဲ့အခါ ကလေးသဘာဝအတိုင်း အဖေနဲ့ လိုက်သွားတယ်။ သူကလည်း သူ့တာဝန်နဲ့သူ ရုံးကလူတွေနဲ့ ညဖက် စကားပြောဘာပြောလုပ်နေချိန် ကဗျာစပ်ချင်နေတဲ့သူကလည်း စာရွက်တရွက်ယူပြီး ကဗျာတွေစပ်တယ်ပေါ့။ အဖေပြန်လာတဲ့အခါ ရေးပြီးတဲ့ကဗျာတွေ ရေးလက်စကဗျာတွေတွေ့သွားရင်း သူက ဖတ်ကြည့်တယ်။ ဘာမှ မှတ်ချက်မပေးဘဲ သူက ကဗျာတပုဒ်ကို ရေးပြပြီး ဒီဟာလေး မင်းသိလားလို့ မေးတယ်။ ကဗျာက "တောင်တောရယ်သာ၊ မာလာကငုံဖူး၊ တပင်ကို နှစ်ပင်ယှက်တယ်၊ ကျေးငှက်ကမြူး" ဆိုတဲ့ ကဗျာလေးဖြစ်တယ်။ ဟာ သိရုံဘယ်ကမလဲ၊ အလွတ်ပါ ရနေတဲ့ဟာပဲ။ အဲဒီတုန်းက သင်ခဲ့ကျက်ခဲ့ရာမှာ တပင်ကို တပင်ယှက်တယ်ဆိုတာမျိုး (မူကွဲ) ရှိတယ်ဆိုတာ မသိခဲ့သေး။
အဲဒီမှာ အဖေက "သာ" "မာလာ" ယှက်" "ငှက်" "ဖူး" "မြူး" ဆိုတဲ့စကားလုံးတွေကို ဝိုင်းပြပြီး ကာရန်သဘောကို မိတ်ဆက်ပေးခဲ့တယ်။ အဲဒီအခါပါပဲ၊ နောက်ပိုင်းမှာ ဝတ္ထုဆောင်းပါးဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုတာရှိပေမယ့် ကဗျာနဲ့ပတ်သက်ပြီး ဘာမှ မပြောပါ။
ဒီကဗျာလေး တလောက ပြန်ဖတ်မိပြီး အသံထွက်ဆိုမိတဲ့အခါ ကာရန်တင်မကဘဲ အဓိပ္ပါယ်ကိုပါ သဘောကျမိတယ်။ တောဖွဲ့ တောင်ဖွဲ့ဟာ မယ်ဖွဲ့ မောင်ဖွဲ့ထက် ပိုပြီးလေးနက်ပါတယ်။
မာလာငုံဖူးတာနဲ့ ကျေးငှက်ဟာ မြူးရတာလား၊
တပင်ကို နှစ်ပင်(တပင်)ယှက်တာနဲ့ ကျေးငှက်ကို ကဗျာထဲ ထည့်လိုက်ရတာလား၊
မာလာငုံဖူးတာဟာ တောင်တောသာလို့ပဲပေလား၊
တောင်တောရယ်သာ ဆိုတော့ တောင်တောဟာ ဘာအတွက်ကြောင့် သာ ရသလဲ။
ခင်ဗျားလည်း ဒီကဗျာတိုလေး ဆိုဖူးသူ ဖတ်ဖူးသူ ဖြစ်ပါလိမ့်မယ်။ အခုပြန်ဆိုကြည့်တဲ့အခါ အရင်ကဖတ်ခဲ့တာမျိုးမဟုတ်ဘဲ ဖတ်လို့ပိုကောင်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဆိုကြည့်လိုက်ပါ။
"တောင်တောရယ်သာ
မာလာကငုံဖူး
တပင်ကို နှစ်ပင်ယှက်တယ်
ကျေးငှက်ကမြူး"
၂၃-အောက်တိုဘာ-၂၀၂၂

ရွတ်ဆိုရန် ကဗျာဟု ဆိုသတဲ့ - ကျော်မောင်(တိုင်းတာရေး)

ကဗျာရွတ်ဆိုသံကြားမိတာနဲ့ လိုက်ဆိုကြည့်မိတယ်။ ငယ်ငယ်တုန်းက အော်ဆိုခဲ့ရတဲ့ကဗျာပေပဲ။ တပိုင်းတစ အလွတ်ရနေဆဲ။

“ပင်ဝါးရုံ လေယူသိမ်းတယ်
ယိမ်းနွဲ့ မြောက်တောင်”
အဲဒီမှာ ယိမ်းနွဲ့တာက ဘာကြောင့် မြောက်တောင်ဖြစ်ရတာလဲဆို အပေါ်က တကြောင်းကြောင့်ဖြစ်တာ ဖြစ်ပုံရတယ်။
အပေါ်တကြောင်းက
“စိမ်းလဲ့ငယ်တဲ့ ညိုရောင်။” ဆိုတာ။
“ရောင်” ယူထားလို့ “တောင်” ရွေးလိုက်တာလား။ ဒါမှမဟုတ်လည်း ဘယ်ညာယိမ်းတာကို ဆိုလိုတာလည်း ဖြစ်နိုင်တာပါပဲ။ ရှေ့နောက်ယိမ်းတာကို ကဗျာစာဆိုက သဘောမကျလို့လည်း ဆိုစရာရှိတယ်။
“မြူခိုးရယ် မှောင်” ရတာလည်း “ညိုရောင်” “မြောက်တောင်” တို့ရဲ့ ပယောဂကြောင့်ပေလား။
မှောင်ပြီးတဲ့အခါ “တောင်” ဆိုတာ တခါပြန်လာပြန်တယ်။ စကားလုံး ရွေးရခက်ခဲလို့ ဟုတ်ဟန်မတူ။ တောင်ကြော့ ခါးပန်းကို ပြချင်တာကြောင့်ဖြစ်မယ်။ ရိုးရိုးမပြဘဲ “ဟိုတောင်ကြော့ ခါးပန်း” ဆိုတဲ့အတွက် လက်ညှိုးထိုးညွှန်ပြီး ပြသလို ထင်ယောင်မြင်ယောင် ဖြစ်လာရတယ်။
“ဟိုတောင်ကြော့ ခါးပန်း။ “
ရွတ်ဆိုရန်ကဗျာဖြစ်လို့ “ခါးပန်း” ကိုရွတ်တဲ့အခါ ခါးမှာပေါက်လို့ ခါးပန်းလို့ ထင်အောင် ရွတ်နိုင်တာပါပဲ။ အဲဒီလို ရွတ်ရင်တော့ ကြားရသူထဲ တတ်သိနားလည်သူပါလာရင် ရယ်မောပြီး ပြင်ပေးလိမ့်မယ်။
“ရွှေဥဒေါင်းငယ်တို့” တဲ့။
အစမှာကတည်းက “စိမ်းလဲ့ငယ်တဲ့ ညိုရောင်”မှာ “ငယ်” ပါတယ်။ ဒါကို “ရွှေဥဒေါင်းငယ်” ထပ်လုပ်ပြန်တယ်။
ဒေါင်းဆိုတဲ့အတွက် မြိုင်စောင်းဖြစ်လာရတယ်။
“မြိုင်စောင်းမှာ တွန်သံ ချိုလှတယ်”
ဒီတကြောင်းဟာ ဖတ်လို့ ဆိုလို့ အကောင်းဆုံးဖြစ်တယ်။
“စောင်း”ဆိုတာကို အသံထွက်တဲ့အခါ တီးခတ်ရတဲ့ တူရိယာ စောင်း ကို အသံထွက်ပုံနဲ့ တူလို့မရတာ သတိပြုရမယ်။
နားဝင် ချို
တွန်သံ ချို
တွန်သံ ချိုတယ်လို့ မဟုတ်ဘဲ “တွန်သံ ချိုလှတယ်” ဆိုပြီး လှ ဆိုတာကို အသုံးလှလှ သုံးပြလိုက်တယ်။
နောက်ဆုံး အချမှာ
“ကွန်းခိုတဲ့နန်း “ ဆိုတာကလည်း ခါးပန်းရဲ့ အကျိုးဆက်ဖြစ်ပုံရတယ်။
“ပန်း”ဆိုတဲ့အခါ “နန်း”ရတဲ့ပုံအင်။
အဲဒါနဲ့ပဲ ရွတ်ဆိုရန်ဆိုတဲ့ကဗျာကို အသံထွက်ပြီးတခေါက် ပြန်ရွတ်ဖတ်ကြည့်တယ်။ သတိထားပြီး သေသေချာချာ ကျကျနနပီပီသသဆိုရပါတယ်။ မပီမသဆိုတဲ့အခါ ကြားရသူအပေါင်း နားထဲ ကလိကလိနဲ့ နေမှာပါပဲ။
“စိမ်းလဲ့ငယ်တဲ့ ညိုရောင်။
ပင်ဝါးရုံ လေယူသိမ်းတယ်
ယိမ်းနွဲ့ မြောက်တောင်။
မြူခိုးရယ် မှောင်
ဟိုတောင်ကြော့ ခါးပန်း။
ရွှေဥဒေါင်းငယ်တို့
မြိုင်စောင်းမှာ တွန်သံချိုလှတယ်
ကွန်းခိုတဲ့နန်း။”
စာဆိုအမည်မသိတဲ့အခါ အမည်မသိရှေးစာဆိုလို့ ရေးကြတယ်။ စားမေးပွဲမေးခွန်းထဲ ကဗျာစာဆိုအမည်ဖော်ပြပါ ဆိုတဲ့အခါ ကိုယ်မသိရင် အမည်မသိ ရှေးစာဆိုလိုက်တာပါပဲ။
အခုဒီကဗျာကတော့ အမည်မသိ အညတရဖြစ်ဖြစ် တကယ့်စာဆိုကြီးဖြစ်ဖြစ် ဘယ်သူရေးဖွဲ့တယ် မသိပေမယ့် ဖတ်လို့ကောင်းနေဆဲ ရွတ်လို့ကောင်းနေဆဲ ကဗျာဖြစ်နေတဲ့အတွက် ရွတ်ဆိုဖူးသူများ ပြန်လည်အမှတ်ရစေဖို့ ပေရှည်လိုက်ရပါကြောင်း။
၁၉-အောက်တိုဘာ-၂၀၂၂

မိုတီယူခြင်း

စာသင်ခန်းထဲတွင် ဖြစ်သည်။ ဆရာမက ကလေးများကို "မပုကြွယ်နှင့်ခရုငယ်" ဇာတ်လမ်း ဖတ်ပြပြီး သင်ကြားနေခိုက်ဖြစ်သည်။ ကျောင်းခန်းအပြင်ဖက်တွင် မိုးဖွဲလေးများကျနေသဖြင့် ကလေးများအဖို့ ခရုငယ်ဇာတ်လမ်းကို နားထောင်ကောင်းနေချိန်လည်း ဖြစ်သည်။
ဇာတ်လမ်းဆုံးသောအခါ ဆရာမက မေးသည်။
"သားတို့သမီးတို့ရေ ... ဒီဇာတ်လမ်းထဲက မပုကြွယ်လေးဟာ အားကျဖို့မကောင်းဘူးလားကွဲ့"
"အားကျဖို့ ကောင်းပါတယ် ဆရာမ"
(တတန်းလုံးနီးပါး ပြိုင်တူဖြေကြသံ)
ကလေးမလေးတယောက်က ဘာမှ ဝင်မဖြေ။ သူက ဇာတ်လမ်းနားထောင်ရင်း မျက်လုံးပွင့်လျက် အိပ်ပျော်နေသူ။
"သမီးလေး ဖြေပါဦး၊ မပုကြွယ်လေးကို အားမကျဘူးလားကွယ်"
"မပုကြွယ်ကိုယ်တိုင်အားကျပြီး အတုယူရတဲ့ ခရုငယ်လေးကိုပဲ သမီးက သဘောကျမိတယ်။ ဒီခရုလေးသာ ငြိမ်နေမယ်ဆိုရင် မပုကြွယ်လည်း ဘယ်သတိထားမိပါ့မလဲနော် ဆရာမ"
ကောင်လေးတယောက်က ဝင်ပြောသည်
"သားရဲ့ ဖိုးဖိုးပြောပြတဲ့ပုံပြင်ထဲက ပင့်ကူလေးလိုပေါ့"
“ပင့်ကူလေးကြည့် အားယူပြီး ထီးနန်းပြန်ရသွားတဲ့ ဘုရင်ကြီးပုံပြင်ထဲက မဟုတ်လား"
နောက်တယောက်ကလည်း
"သမီးကတော့ ဖွားဖွားပြောတဲ့ ဟို မင်းသားစနည်းနာတဲ့အထဲက မုန့်ဆီကြော်သည်သားအမိ အပြန်အလှန်ပြောဆိုပုံတွေ ကြိုက်တယ် ဆရာမ"
"အဲဒါ စန္ဒဂုတ္တမင်းသားအကြောင်းထဲကလေ"
​ကျောင်းဆင်းခေါင်းလောင်းထိုးလေပြီ။
ကျောင်းဆရာမလေးသည် အိမ်အပြန်လမ်းတွင် လမ်းလျှောက်ရင်း ခရုငယ်ကိုလည်းကောင်း၊ ပင့်ကူလေးကိုလည်းကောင်း၊ မုန့်ဆီကြော်သည်သားအမိကိုလည်းကောင်း ကျေးဇူးတင်မိနေပါတော့သည်။
ကျော်မောင်(တိုင်းတာရေး)
၅-အောက်တိုဘာ-၂၀၂၂
Like
Comment