ခင်မင်ရင်းနှီးတဲ့ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များထဲကနေ သူတို့ ဒီဘဝ ဒီလောကမှာ မရှိတော့တဲ့နောက် သူတို့တွေဆီကနေ တိုက်ရိုက်နည်းဖြင့်သော်လည်းကောင်း သွယ်ဝိုက်နည်းဖြင့်သော်လည်းကောင်း လောကီ လောကုတ္တရာနဲ့ဆိုင်တဲ့ အကျိုးရှိရာ တခုခုကို ရယူတတ်ကြဖို့လိုပါတယ်။
မတ္တရာဆရာတော်လို့ အဖေ အမေက သုံးနှုန်းပါတယ်။ မတ္တရာဘက်ကလို့ သိထားကြလို့ပါ။ ရပ်ကွက်ပဌာန်းပွဲကျင်းပရာကနေ သိကျွမ်းလာခဲ့တဲ့ ဆရာတော်ပါပဲ။ မြို့ကြီးပြကြီးကမဟုတ်လေတော့ နယ်ဘုန်းကြီးပေါ့။ သို့သော်လည်း တခါလောက် ပဌာန်းရွတ်တာကနေ နယ်ဘုန်းကြီးဟာ စာတတ်ပေတတ်ပုဂ္ဂိုလ်မှန်း ရပ်ကွက်ကသိရာကနေ ပဌာန်းပွဲသိမ်းတရားပွဲမှာလည်း တရားဟော အင်မတန်ကောင်းတဲ့ ဆရာတော်အနေနဲ့ မှတ်မိခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ဆရာတော်ဟာ ရန်ကုန်ကြွလာရင် အိမ်မှာ သီတင်းသုံးပါတယ်။ အဖေ အမေတို့ကိုတော့ တရားစကားနဲ့ ဆက်စပ်တာတွေ ဟောကောင်းဟောပါလိမ့်မယ်။ ကိုယ်တိုင်ကတော့ တက်ကြွတဲ့ ကြက်ဖအရွယ်ဖြစ်လေတော့ ဝတ္ထုကာတွန်းဖတ်တာကိုပဲ ပျော်မွေ့ခဲ့လေသည်ပေါ့။
နှစ်အတော်ကြာလို့ တရက်မှာ ဆရာတော်က အိမ်ကို ကြွလာတယ်။ အဖေ အမေတို့ကလည်း မတွေ့တာကြာပြီဖြစ်တဲ့ ဆရာတော်ကို ဝမ်းသာအားရ ဖူးကြပြီး ဆရာတော် သီတင်းသုံးဖို့ နေရာထိုင်ခင်းကို ပြင်ဆင်တော့ ဆရာတော်က ဒကာကြီး ဒကာမကြီးတို့ အခုလာတာက ဘယ်ရိပ်သာမှာ တရားအားထုတ်ဖို့ လာတာ၊ အခု အဲဒီမသွားခင် ခင်ဗျားတို့ဆီ လာတာပဲလို့ ပြောတယ်။ ပြောပုံဆိုပုံဟာ အရင်အခေါက်တွေတုန်းက အတိုင်းပါပဲ။ ခင်ခင်မင်မင်ရင်းရင်းနှီးနှီးဆိုပါစို့။ အဖေနဲ့အမေကလည်း ဒိလိုဆိုရင်ဖြင့် အရှင်ဘုရား တရားအားထုတ်ပြီး နယ်ပြန်မကြွခင် အိမ်ကို ကြွဖြစ်အောင် ကြွပါဘုရားလို့ လျှောက်ကြတယ်။
မှတ်မိသလောက်ကတော့ နှစ်လ သုံးလ မကဘူးထင်တယ်။ အဲဒီလောက်ကြာပြီးတဲ့အခါမှာ ဆရာတော်က လက်ဆွဲအိတ်လေးဆွဲပြီး အိမ်ကို ကြွလာတယ်။ အဖေနဲ့အမေရော တအိမ်သားလုံးရော ဝမ်းသာကြတာပေါ့။ ဆရာတော်ဟာ သူ့ရပ်ရွာ ပြန်မကြွခင် အိမ်ကြွလာတယ်ဆိုတော့ ဝမ်းသာကြတာပေါ့။
အဖေက လျှောက်တယ်ထင်တယ်။ အရှင်ဘုရား တရားစခန်းက အတော်ကြာတာဘုရား ဆိုတော့ ဆရာတော်က အေးဗျာ တရားအားထုတ်ပြီးတဲ့အခါမှာလည်း တရားပြ တရား စစ်ပေးတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဆောင်ရွက်ရတာဖြစ်လို့ ယခင်မှန်းထားတာထက် ကြာသွားတယ်လို့ တည်တည်ငြိမ်ငြိမ်ဖြေပါတယ်။ အဲဒီတုန်းက တရားနဲ့ ပတ်သက်လို့ သဒ္ဓါစိတ်လောက်သာ ရှိတဲ့ လူငယ်တယောက်ရဲ့ စိတ်မှာ ဘယ်လိုခံစားမိသလဲဆိုရင် ဆရာတော်ဟာ တရားစခန်းက အပြန်မှာ အရင်ကနဲ့ မတူဘူးဆိုတာပါပဲ။ ဒီထက်ပိုပြီး မသိပါ။
ဆရာတော့်ကို ကန်တော့ကြပြီးတဲ့အခါ အဖေက ဟေ့ သား ဆရာတော့်ကို ကားမှတ်တိုင်လိုက်ပို့ ခေါင်းခန်းကနေ ရအောင်စီစဉ်နော်ဆိုပြီး ကားခပါ ပေးလိုက်ပါတယ်။ ဆရာတော့်အိတ်ကို ဝမ်းသာအားရဆွဲပြီး ဆရာတော်နဲ့အတူ ကားမှတ်တိုင်ရှိရာဆီ လမ်းလျှောက်သွားကြပါတယ်။ ဆရာတော်က လမ်းလျှောက်ရာမှာ တရားမှတ်ပြီး လျှောက်နေချင် လျှောက်နေပေမယ့် အိတ်ဆွဲပြီး လျှောက်နေတဲ့ ခေတ္တဘုန်းကြီးကျောင်းသားကတော့ စိတ်ထဲမှာ ပူပန်မှုနဲ့ပါ။
ပူပန်စိုးရိမ်တာက ဒီလို။
ကားခေါင်းခန်းဆိုတာ အင်းစိန်လမ်းမကြီးမှာ အဲဒီတုန်းက ပြေးဆွဲတဲ့ လိုင်းကား (၄၈) ကားရဲ့ ခေါင်းခန်း။ ကားဆရာက ရှေ့ခန်းဆိုရင် နှစ်ဦးတင်တယ်။ များသောအားဖြင့် ပိုက်ဆံရှိတဲ့ ကောင်မလေးတွေသာ ခေါင်းခန်းစီးကြတာများတယ်။ အဲဒီတော့ ခေါင်းခန်းမှာ ဆရာတော်နေရာရဖို့ဟာက အတော်ခက်ခဲလိမ့်မယ်။ ဒီလိုတွေးပြီး စိုးရိမ်ပူပန်နေတာ။
ကားမှတ်တိုင်ရောက်၊ (၄၈) ကားထိုးရပ်၊ ကားခေါင်းခန်းလှမ်းကြည့် ဦးဇင်းတပါးတွေ့၊ ကားဆရာကို မေးတော့ ကားဆရာက လက်အုပ်လေးချီ အရှင်ဘုရား ကြွပါဘုရားတဲ့၊ ထိုင်နှင့်နေတဲ့ ဦးဇင်းကလည်း ဆရာတော်ကို လက်အုပ်ချီပြီး နေရာပေး၊ ကဲ ကားဆရာ ကျေးဇူးပဲဗျာ ရော့ ဆရာတော့်အတွက် ကားခဗျို့ ဆိုတော့ သူ လှူပါရစေတဲ့။
ဆရာတော့်ကို လက်အုပ်ချီနှုတ်ဆက် အိမ်ပြန်ရောက်တဲ့အခါ အဖေနဲ့ အမေကို အဲဒိအကြောင်းလေး ပြောပြတော့ သူတို့မှာ ဝမ်းသာကြတယ်။
ဒီဖြစ်ရပ်လေးဟာ အဖေတို့ အမေတို့နဲ့ messenger ကနေတဆင့် စကားပြောကြတဲ့အခါ ဆက်စပ်မိတဲ့အခါတိုင်း ပြန်ပြောင်းပြောမိတဲ့အဖြစ်အပျက်လေးပဲ။ ပြောတဲ့အခါတိုင်း ကြည်နူးခြင်း ဖြစ်ရတယ်။ အခု ဒါကို ပြန်ရေးတဲ့အခါမှာလည်း ကြည်နူးခြင်းဖြစ်ရတယ်။
ပထမဆုံးအပိုဒ်မှာ ရေးခဲ့သလိုပါပဲ။ တခုခုရအောင် ယူတတ်ရင် အကျိုးရှိပါလိမ့်မယ်။ တခုထက်မက ရသွားရင်တော့ သာဓုခေါ်ဆိုရပါလိမ့်မယ်။ ဒီစာဖတ်ပြီး ကြည်နူးခြင်းဖြစ်ရတယ်ဆိုရင် ပြန်ရေးပြတဲ့သူလည်း ကြည်နူးနေရမှာပါပဲ။ အဖေ အမေ အစ်ကို မရှိတော့တဲ့နောက် ပထမဆုံးရေးဖြစ်တဲ့ စာပါ။ သူတို့က ကျနော်စာရေးရင် သဘောကျတယ်၊ ကြည်နူးကြတယ်လေ။
ကျော်မောင်(တိုင်းတာရေး)
၁၀-ဩဂုတ်-၂၀၂၁
(မနှစ်က ရေးတဲ့စာ၊ ပြန်ဖတ်ရင်း ကြည်နူးရလို့ ပြန်တင်တယ်)