ဝါဝင် ဝါထွက်လား ဝါမဝင်ခင် ဝါမထွက်ခင်လား လုပ်ရလေ့ရှိတဲ့ ရိုးရာပူဇော်ပသမှုတခုကို တနှစ်မှာ ကိုယ်တိုင်ဦးစီးပြီးလုပ်ရတယ်။ အဲဒီနှစ်မှာ အဖေက နယ်ရောက်နေတဲ့အတွက် သားရေ မင်းပဲအဆင်ပြေသလိုလုပ်လိုက်ကွာ၊ ငါလုပ်တာကိုင်တာလည်း မင်းမြင်ခဲ့တာပဲ၊ အဆင်ပြေမှာပါလို့ အားပေးတယ်။
မနက်စောစောထပြီး နာရီဝက်အတွင်း တနာရီအတွင်းမှာ လုပ်စရာရှိတာတွေကို ဆက်တိုက်လုပ်ရတယ်၊ ပင့်စရာရှိတာတွေကိုလည်းပင့်ရတယ်၊ ကျွေးစရာရှိတာတွေကိုလည်း ကျွေးရတယ်၊ ဆုတောင်းစရာရှိတာတွေကိုလည်း ဆုတောင်းရတယ်၊ ပြန်ပို့စရာရှိတာတွေကိုလည်း ပြန်ပို့ရတယ်။ မနက်ပွဲပြီးလို့ နားမယ်မကြံနဲ့၊ နေ့ခင်းပွဲနဲ့ ညနေပွဲဆိုတာလည်း ရှိသေးတယ်။ ညနေပွဲအတွက် အမေချက်တဲ့ကြက်သားဟင်းဟာ ပုံမှန်ချက်တဲ့ ကြက်သားဟင်းနဲ့မတူဘူး၊ ဖြစ်နိုင်တာကတော့ သေရည်နဲ့မြည်းဖို့အတွက်ဖြစ်လို့ ကြက်သားဟင်းကို ပုံစံကွဲချက်တာ ဖြစ်နိုင်တယ်။ ကျန်တဲ့အချိန်တွေမှာ ကြက်သားဟင်းချက်ရင် ဒီလိုပုံစံမျိုး ဘယ်အခါမှ မချက်ပါ။ ညနေပွဲမတိုင်ခင် နီးရာစားသောက်ဆိုင်သွားပြီး သေရည်တဖန်ခွက်သာသာလောက် သွားဝယ်ရတယ်။ ပွဲပြီးတဲ့အခါမှာ သေရည်ကို သောက်မယ့်သူမရှိတဲ့အတွက် စွန့်ပစ်ရပါတယ်။ ကြက်သားဟင်းကတော့ ပွဲလာသွားတဲ့ ပုဂ္ဂိုလ်က အနံ့ပဲသုံးဆောင်သွားပုံရလို့ တအိမ်သားလုံးအတွက် ညစာကောင်းကောင်းစားခွင့်ရပါတယ်။ ပြန်ကောက်ရရင် တရက်တည်းမှာ လုပ်ရတဲ့ ပွဲသုံးပွဲအတွက် လုပ်တတ်ကိုင်တတ်သူ ရှိဖို့ လိုပါတယ်။
အဖွားက ရိုးရာကို စောင့်ရှောက်တဲ့သူဖြစ်ပါတယ်။ အဖွားရဲ့ အိမ်ဦးနတ် အဘကို ညွှန်းပါဆိုရင် ရိုးရာစောင့်ရှောက်သူကိုအစွမ်းကုန်ကူညီသူလို့ ညွှန်းရပါလိမ့်မယ်။ အဖွားရဲ့ ရိုးရာဟာ တော်ရုံတန်ရုံ စတိသဘောလုပ်တာမဟုတ်တဲ့အတွက် လုပ်ရတဲ့ အဆင့်တွေက များသလို ပါတဲ့အမယ်တွေကလည်း စုံလင်ပါတယ်။ မှတ်မိသလောက်မှာ အညာမုန့်အမျိုးမျိုးကို အဲဒီပွဲမှာ တွေ့ရပါတယ်၊ စားရပါတယ်။ ရိုးရာကျေးဇူးလို့ မပြောဘဲ အဖွားကျေးဇူးလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ အဘက သူ့ရိုးရာမဟုတ်ပေမယ့် ပင့်တာ ပြန်ပို့တာကအစ ပွဲကြီးပွဲလေး ပန်းကန်ခွက်ယောက်ထားတာအဆုံး သူကိုယ်တိုင်စီမံပေးတတ်သူဖြစ်ပါတယ်။ လုပ်တတ်ကိုင်တတ်သူဖြစ်ရုံမက လုပ်နေကိုင်နေတဲ့အချိန်မှာလည်း စကားသိပ်မပြောသူဖြစ်ပါတယ်။
စကားသိပ်မပြောသူဆိုတာ ဘာပါလိမ့်ဆိုပြီး သိချင်ကြလိမ့်မယ်။ ရိုးရာပွဲလုပ်တဲ့အခါမှာ ဘေးကနေ ကူညီတဲ့ မြေးတွေရှိတယ်။ မြေးတွေက အဘရဲ့ မျက်ရိပ်မျက်ကဲကို ကြည့်ပြီး လုပ်ကြရတယ်။ အဘက စကားမပြောဘဲ လုပ်တဲ့အခါ မြေးတွေကလည်း စကားမပြောရဲကြပါ။
ဒါနဲ့ပတ်သက်လို့ မရှင်းတာဟာ ရိုးရာပွဲကို အဖေနဲ့ တွဲလုပ်ရတဲ့ တမနက်မှာ ရှင်းသွားခဲ့ပါတယ်။ အိပ်ချင်မူးတူးထပြီး ကမန်းကတန်းမျက်နှာသစ်၊ သွားတိုက်၊ လက်ဆေးပြီး အဖေ့ကိုကူတဲ့အခါ အခုလို အိပ်ရေးပျက်ရတာဟာ ဒီရိုးရာပွဲကြောင့်ဆိုပြီး အပြစ်ဆိုချင်လာပါတယ်။ တိုက်ရိုက်မဆိုဝံ့တဲ့အခါ လူကြီးအတွက် အခက်တွေ့စေတဲ့ မေးခွန်းလေးတွေမေးတာကနေစပါတယ်။ မေးခွန်းမေးကတည်းက ဒီကောင်တော့ စပြီး ရစ်တော့မယ်လို့ သိနေတဲ့အဖေက "ဟေ့ကောင် စကားမပြောနဲ့ မြန်မြန်လုပ်ကွ"လို့ပြောပြီး မေးခွန်းကို မဖြေဘဲ ပြင်တာဆင်တာပြီးအောင် လုပ်ခိုင်းပါတယ်။ အုန်းသီးခြစ်ကွာလို့ ခိုင်းရင် အုန်းသီးကို အုန်းခြစ်နဲ့ မြန်မြန်ခြစ်ရပါတယ်။ အေး ရပြီ တော်တော့လို့ ရပ်ခိုင်းတဲ့အခါ မေးခွန်းမေးဖို့ ပြင်မလို့ရှိသေး၊ ကွမ်းရွက်လေးတွေ လိပ်ပြီး ဒီလိုလုပ်ကွာလို့ ခိုင်းပြန်ပါတယ်။ တခါ မုန့်ဆန်းထဲ သကြားထည့်ပြီး ဇွန်းနဲ့နယ်နေလို့ တရစပ်ခိုင်းပါတယ်။ အားလုံးပြီးတဲံ့အခါ ပို့စရာရှိတာ ပြန်ပို့ပြီး သိမ်းဆည်းတဲ့အခါမှ မင်းအိပ်ချင် ပြန်အိပ်လို့ အိပ်ခိုင်းပါတယ်။ အလုပ်ပဲ လုပ်ခိုင်းပြီး စကားမပြောခိုင်းပါ။ သူကိုယ်တိုင်လည်း ရိုးရာပွဲအတွက် လုပ်ကိုင်နေတဲ့အခါမှာ စကားမပြောပါ။
အဘဟာ အဖွားရဲ့ ရိုးရာပွဲတွေလုပ်တဲ့အပေါ်မှာ ဘာမှ အပြစ်မပြောသလို၊ အဘရဲ့ သားမက်ဖြစ်သူ အဖေကလည်း အမေ နှစ်စဉ်ပြုလုပ်နေကြ ရိုးရာပွဲတွေကို ကူညီလုပ်ကိုင်ပေးတဲ့အခါ စကားမပြောဘဲ လုပ်ပေးတတ်သူဖြစ်ပါတယ်။
အဘက မနက် ခြောက်နာရီနဲ့ ညနေ ခြောက်နာရီမှာ ဘုရားကို ပုံမှန်ဝတ်ပြုသူဖြစ်ပါတယ်။ အဖေကလည်း မနက်တကြိမ် ညတကြိမ် ဘုရားကို ပုံမှန်ဝတ်ပြုသူ ဖြစ်ပါတယ်။
သိတတ်စအရွယ်ကစလို့ သိခဲ့တဲ့ နှစ်စဉ်လုပ်နေကြလေ့ရှိတဲ့ ရိုးရာပွဲကို လွမ်းကြည့်တာပေါ့လေ။ ရိုးရာပွဲလုပ်တဲ့အတွက် ရရှိတဲ့ အကျိုးကတော့ အနံ့နဲ့ပဲ သုံးဆောင်တဲ့ပုဂ္ဂိုလ်တွေ ပြန်သွားတဲ့အခါ အမှန်တကယ်သုံးဆောင်ရတာပဲဖြစ်ပါတယ်။ ဘေးအိမ်တွေကို မနက်စောစော မုန့်ဆန်းဝေရတာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အလှူဒါနတခုလို ဖြစ်ခဲ့ပါတယ်။ အကျိုးများတဲ့အချက်ကတော့ လုပ်တတ်ကိုင်တတ်တယ်ဆိုတာကို နားလည်ခဲ့ရတာပဲဖြစ်ပါတယ်။
လုပ်တတ်ကိုင်တတ်ဖို့ဆိုတာကလည်း လုပ်ကြည့်ကိုင်ကြည့်မှ ဖြစ်တာဖြစ်ပါတယ်။
လုပ်တတ်ကိုင်တတ်ကြဖို့ လုပ်ကြည့်ကိုင်ကြည့်ကြပါစို့။
ကျော်မောင်(တိုင်းတာရေး)
14-Aug-22
No comments:
Post a Comment