ဟုတ်ပါ့မလား မောင်ကာဠုရယ်လို့ ဆိုလည်း ဆိုချင်စရာပါပဲ။ ဆရာဆိုတာ သူဟာသူ ထက်နေပြီးသားပါကွာ၊ တပည့်တွေထဲ တော်တဲ့တတ်တဲ့သူရှိမှ ထက်တယ်ဆိုတာမျိုးကိုတော့ လက်မခံပါဆိုပြီး ကန့်ကွက်ပြောဆိုချင်လည်း သဘောပါပဲ။ တကယ်က တပည့်တော်တာနဲ့ ဆရာက ထက်လာတာပါပဲ။
ကျောင်းနေအရွယ်တုန်းက စာစီစာကုံးရေးရ သင်ရတဲ့အခါ မြတ်ဆရာတွေ သီကုံးဖွဲ့နွဲ့ထားတာတွေကို ဖတ်ရလေ့လာရပါတယ်။ အဲဒီမှာပါတဲ့ဥပမာတစ်ခုက ဆရာတွေကို ဖယောင်းတိုင်နဲ့ နှိုင်းယှဉ်ပြထားတဲ့ အရေးအဖွဲ့ဖြစ်ပါတယ်။ ဆရာတွေဟာ ဖယောင်းတိုင်တွေနဲ့ တူကြောင်း၊ အလင်းရအောင် ကိုယ်တိုင်လောင်ကျွမ်းခံပြီးအပူလည်းခံရ၊ အရည်ပျော်လည်းခံရ၊ နောက်ဆုံးမီးစာကုန် မီးမငြိမ်းမီအထိ အစွမ်းကုန်အလင်းရောင်ပေးကြကြောင်း ရေးဖွဲ့မှုပါပဲ။ ဒီလိုရေးဖွဲ့မှုကို တွေ့ရဖတ်ရတိုင်း ဘဝင်မကျ သဘောမကျ ကျေလည်မှုမရှိ ဖြစ်ခဲ့ရတာပါပဲ။
ဆရာတွေဟာ ဆီမီးအလင်းရောင်နဲ့တူတယ်။ ကိုယ်တိုင်လည်း လင်းတယ်၊ ပတ်ဝန်းကျင်ကိုလည်း အလင်းရစေတယ်၊ မီးညှိတဲ့အခါမှာလည်း သူ့မှာရှိတဲ့အလင်းရောင်ဓာတ်ကို ထပ်ဆင့်ဖြန့်ဝေပေးတယ်။ သူဟာ အလင်းရောင်မှိန်သွားခြင်းမျိုး၊ အလင်းရောင်ဖြန့်ဝေမှုကို ခေတ္တရပ်ဆိုင်းသွားတာမျိုး ဘယ်သောအခါမှ ရှိလိမ့်မယ် မဟုတ်ဘူး။
ဒီလိုအရေးအသားမျိုးကိုတော့ သဘောကျမိတယ်။
ဆက်ရအောင်။
တပည့်တော်တာနဲ့ ဆရာဖြစ်တဲ့သူ ဘယ်လိုထက်လာမှာတုန်းလို့ဆိုရင် လက်တွေ့သိနိုင်တဲ့ နည်းကို ပြောပြခွင့်ပြုပါ။ အနီးအနားမှာရှိတဲ့ ဝန်းကျင်မှာရှိတဲ့သူတွေထဲ ကိုယ်က သူတို့ထက် အနည်းငယ်ပိုတတ် ပိုသိတယ်လို့ထင်ရတဲ့အပိုင်းမှာ ဆရာလုပ်ကြည့်ရင် သိလာပါလိမ့်မယ်။
မသိတဲ့သူကို မတတ်တဲ့သူက ဆရာလုပ်တာမျိုးလားလို့ ဆိုနိုင်မလားပါပဲ။ တပည့်ဖြစ်တဲ့သူတွေဟာ ဆရာဖြစ်သူ သင်ပြရှင်းပြတဲ့အပေါ် စိတ်ဝင်းစားမှုမရှိရင် သင်ပေးတဲ့ဆရာဟာ ထက်ထက်မြက်မြက်ရှိလာဖို့နေနေသာသာ စိတ်အားလျော့မှုမျိုး ဆက်လက်သင်ပြချင်စိတ်ကုန်ခန်းတာမျိုး ဖြစ်ချင်ဖြစ်လာပါလိမ့်မယ်။ ဆရာက အားမလျော့ဘဲ အားစိုက်ပြီး သင်ပြပေးတဲ့အခါ တပည့်ဖြစ်သူတွေကလည်း အားတက်သရော လိုက်ပါနားထောင်မယ် လေ့လာမယ် သင်ယူမယ် လက်တွေ့လုပ်မယ်ဆိုရင် သင်တဲ့ဆရာဟာလည်း အလိုလိုနေရင်း အားတက်လာပါတယ်။ အားတက်လာတယ်ဆိုတာ သင်တဲ့ဆရာရဲ့ စွမ်းရည်ကလည်း ယခင်ကထက် ပိုမိုထက်မြက်လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဆိုလိုချင်တာကတော့ တပည့်လုပ်တဲ့သူတွေဟာ တော်ဖို့လိုတယ်လို့ဆိုလိုချင်တာပါပဲ။ တော်ဖို့လိုတယ်ဆိုတာက သင်တဲ့ဆရာ အားမလျော့ဘဲ အားစိုက်ပြီး သင်ပြပေးဖို့ကို ပြုလုပ်နိုင်အောင်တော်တဲ့တပည့်တွေမျိုးဖြစ်ဖို့ကို ဆိုလိုတာဖြစ်ပါတယ်။ သင်မှတော်မှာပေါ့၊ တတ်အောင်ဆိုရင် သင်မှရတာလို့ဆိုတဲ့ အယူအဆမျိုးကို အနားပေးသင့်ပါပြီ။
ဦးလေးတယောက်အမြဲတမ်းသုံးတဲ့ လက်သုံးစကားရှိပါတယ်။ (မှတ်ချက်-စာအရရေးပြတဲ့အခါမှာ ဒေါသသင့်မလား မပြောတတ်ပါ၊ သည်းခံပြီး ဖတ်ရှုပေးပါ)
"မင်းတို့ကွာ၊ လက်သည်ကြီးပဲ အားမကိုးကြနဲ့၊ ကိုယ်တိုင်လည်း အားထုတ်ပြီးညှစ်ဦးကွ"လို့ ပြောတဲ့စကားပါ။
ကြားနေကြအရပ်သုံးစကားဖြစ်ပြီး သူလည်း အလျဉ်းသင့်သလို သုံးရင်းနဲ့ အာတွေ့လျှာတွေ့ဖြစ်သွားပုံရသွားတာလား၊ ဒီထက်ရှင်းတဲ့တခြားဥပမာကို မတွေ့သေးလို့များလား မပြောတတ်ပါ။
သူသုံးတဲ့ အထက်ကအရပ်စကားကို ပြန်စဉ်းစားကြည့်တော့ မှန်နေတာတွေ့ရပါတယ်။ တပည့်ဖြစ်သူတွေဟာ ဆရာတွေအပေါ် အတော်ကို အားကိုးကြတာတွေ့ရပါတယ်။ "ဆရာကောင်းတပည့် ပန်းကောင်းပန်" ဆိုတာမျိုး၊ "တပည့်မကောင်း ဆရာ့ခေါင်း" ဆိုတာမျိုးတွေကို စွဲနေတာမျိုးကြောင့်လည်း ဖြစ်ပုံရပါတယ်။ ကိုယ်တိုင်ညှစ်အားလေး တနိုင်တပိုး အားစိုက်ထုတ်လိုက်ရမှာကို ဝန်လေးနေတတ်ကြပါတယ်။
အတတ်ပညာတခုကို သင်တဲ့အခါ တပည့်ဖြစ်သူဟာ ဆရာသင်ပေးတဲ့အတိုင်း ပုံမှန်သင်ယူတာမျိုးပြုလုပ်နေပေမယ့် ကိုယ်တိုင်လေ့လာမှုမျိုး ကိုယ်တိုင်လေ့ကျင့်မှုမျိုးမှာ အားနည်းတဲ့အခါ သင်တဲ့ဆရာကြောင့် ကျွမ်းကျင်စွာ မတတ်မြောက်သေးတာလားဆိုပြီး သံသယရှိလာပါတယ်။
ဒီလိုနဲ့ တနေ့မှာ ဒီအတတ်ပညာနဲ့ပတ်သက်ပြီး စစ်ဆေးမှုကို ပြုလုပ်ပါတယ်။ဆရာဖြစ်သူက တပည့်ဖြစ်သူရဲ့ တတ်မြောက်မှုကို စမ်းသပ်တာဖြစ်ပါတယ်။ တပည့်ဖြစ်သူဟာ ခိုကပ်မနေရဲတော့ဘဲ ကြိုးကြိုးစားစားနဲ့ သူ့ရဲ့စွမ်းရည်ကို ပြသရပါတယ်။ တပည့်ဖြစ်သူရဲ့ ကြိုးစားမှုကို မြင်တဲ့ဆရာဖြစ်သူကလည်း ဝမ်းသာအားရဖြစ်ပြီး သူရဲ့သင်ကြားမှုတွေဟာ အရင်အခါတွေကနဲ့ မတူတော့ဘဲ ပိုမိုကောင်းမွန်လာပါတယ်။
ဒါဟာ တပည့်တော်ရင် ဆရာထက်လာသတဲ့ဆိုတာကို ပြသတဲ့ လက်တွေ့ဥပမာတခုအဖြစ် ရေးပြတာဖြစ်ပါတယ်။
ဒီဆရာတပည့်ဥပမာကို တခြားနေရာတွေမှာလည်း သုံးနိုင်ပါသေးတယ်။
သုံးတတ်တယ်ဆိုရင်တော့ တစ်မီလီမီတာလေးလောက်ပြရင်ပဲ စကြဝဠာအလွန်အထိတောင်မြင်ပါတယ်ဆိုသော တယ်တော်တဲ့ တပည့်တွေပါလားဆိုပြီး ဆရာတွေလည်း ဝမ်းသာမိမှာပါပဲ။
တကယ်တော်တဲ့ တပည့်ကျော်တွေကြောင့် ဆရာတွေခမျာ မထက်မနေရ ထက်လာကြပြီဆိုတဲ့ သတင်း ရေးကြရင်လည်း ရေးကြပါစေ။
အမှန်ကတော့ တပည့်ဖြစ်ရတာလည်း လွယ်လှတယ်မဟုတ်သလို ဆရာဖြစ်ရတာလည်း ခက်ခဲတဲ့အလုပ်ဆိုတာ သိနိုင်ကြပါလိမ့်မယ်။
ထက်မြက်တဲ့ဆရာတွေလက်ထဲက တော်တဲ့တတ်တဲ့တပည့်များစွာ ထွက်ပေါ်လာပြီး ထိုတပည့်တွေက ဆရာပြန်ဖြစ်၊ သူတို့ရဲ့တပည့်တွေက တော်၊ ဆရာက ထက်နဲ့ တပည့်တော် ဆရာထက် စက်ဝိုင်းဟာ လည်ပတ်နေရင်း လည်ပတ်နေမယ်ဆိုရင်ဖြင့်။
ကျော်မောင်(တိုင်းတာရေး)
၂၉- ဩဂုတ်-၂၀၂၂
No comments:
Post a Comment