သူငယ်ငယ်က လမ်းလျှောက်သွားတဲ့အခါ လူသွားလမ်းပေါ်မှာ ခဲလုံးလေးတွေ အမှိုက်ကလေးဘာလေးများတွေ့ရင် ဘေးဖယ်တာပဲဖြစ်ဖြစ် အမှိုက်ပုံးထဲပဲဖြစ်ဖြစ် လုပ်တတ်တယ်။ လမ်းသွားလမ်းလာများ ခလုတ်တိုက်ချော်လဲတာတွေ မဖြစ်အောင်လေဆိုပြီး သူပြောလေ့ရှိတယ်။
တခါမှာတော့ အိမ်ခြံဝင်းထဲအဝင်မှာ ခဲလုံးလေးတွေ လေးငါးခြောက်လုံးကို ကျားကွက်လိုအကွက်တွေရေးဆွဲထားတဲ့အပေါ်တွေမှာတင်ထားတာတွေ့လို့ ကောက်ပြီး လွှင့်ပစ်မယ်ကြံတုန်း "ဟေ့ အဲဒါ နင့်အဖိုး အင်းကွက်ဆွဲထားတာတွေ သွားမထိနဲ့" လို့ အိမ်ထဲက လူကြီးတယောက်က လှမ်းသတိပေးတယ်။ ဘေးက အသာရှောင်ပြီး အိမ်ပေါ်ရောက်မှ အကျိုးအကြောင်းသိရတယ်။
ကလေးငယ်တယောက် မှက္ခရုပေါက်လို့ အင်းကွက်ချပြီး ပျောက်အောင်လုပ်တယ်ဆိုပါတယ်။
အဲဒီကလေး မှက္ခရုပျောက်သွားလားဆိုတော့ ပျောက်သွားတာပါပဲ။ ပျောက်သွားတဲ့အခါ သူက ဘာသွားစိတ်ဝင်စားလဲဆို အဖိုးဆွဲတဲ့ အင်းကွက်ဆိုတာကို သူလည်း ဆွဲတတ်ချင်လာတယ်။ ဒါနဲ့ မေးကြည့်တော့ မင်းငယ်ပါသေးတယ်ကွာ မတတ်ချင်ပါနဲ့ဦးဆိုလို့ အဲဒီမှက္ခရုပျောက်စေအင်းကွက်ဆွဲတာကို မတတ်ခဲ့။
အဖိုးလည်း လွန်ခဲ့ပြီ။
တခါ သူ့အစ်ကိုတယောက်ဟာ မကြာခဏဆိုသလို ရေယုန်ပေါက်လေ့ရှိတယ်။ ဆေးမြီးတို ဆေးမြီးရှည်တွေနဲ့မပျောက်၊ ဆရာဝန်ဆေးနဲ့လည်း မပျောက် ဆိုတဲ့အခါ သူ့အဖေတွေက အိမ်နီးနားချင်းဖြစ်တဲ့ ဘကြီးတယောက်ဆီကို သွားခိုင်းတယ်။
ပြန်လာ၊ သိပ်မကြာဘူး ပျောက်သွားတာပဲ။
နောက်တခါ ထပ်ဖြစ်တော့ သူလည်း သိရအောင် လိုက်ကြည့်မယ်ဆိုပြီး လိုက်သွားတယ်။ သူဘာတွေ့လဲဆို ဘကြီးက ဘုရားစင်ကိုသွားပြီး ဖန်ခွက်ထဲထည့်ထားတဲ့သောက်တော်ရေကပ်တယ်၊ ပြီးတော့ ရွတ်ဖတ်တာတွေလုပ်တယ်၊ ခဏနေတဲ့အခါ ရော့ ဒီရေသောက်လိုက် ပျောက်လိမ့်မယ်ဆိုပြီး ရေကို ကုန်အောင်သောက်ခိုင်းလိုက်တယ်။
ပျောက်တာပဲ။
အိမ်ပြန်ရောက်တော့ ကြုံရတာလေး ပြောပြ၊ အဲဒီဘကြီးနည်း သူလည်းသိချင်တယ်ဆိုပြီး အာကျယ်ကြည့်တဲ့အခါ အဲဒီဘကြီးပညာက မင့်လိုကောင်မျိုး ဘယ်ရလိမ့်မလဲ ဘယ်ပေးလိမ့်မလဲ၊ သူတို့ပညာက လူတိုင်းပေးလို့မရဘူးဆိုတာ ကြားရပြန်တော့ ပညာယူဖို့လက်လျှော့လိုက်ရတယ်။ သူ့အစ်ကိုလည်း ရေယုန်ပေါက်တာ မဖြစ်တော့ဘူး။ သူလိုက်သွားတဲ့အတွက် ဘကြီးက ရိပ်မိပြီး နောက်တခါမလာရအောင် အပြတ်ကုပေးလိုက်ပုံရပါတယ်။
ထိုဘကြီးလည်း မရှိတော့။
တခါမှာ သူ့အမေဟာ အတော်လေးကို နာမကျန်းဖြစ်တယ်။ ဗေဒင်တွေဘာတွေ တွက်ကြည့်တဲ့အခါ ကံနိမ့်နေတယ် ဂြိုဟ်ညံ့ထဲရောက်နေတယ် ဘာညာပေါ့။ သူ့အဖေက ရုံးမှာရှိတဲ့ ဘိုးတော်တယောက်နဲ့တိုင်ပင်ပြီး ဘိုးတော်ညွှန်ကြားတဲ့အတိုင်း သူ့အမေအရပ်နဲ့ညီတဲ့ သစ်ကိုင်းကို ရှာ၊ သူ့အမေအဝတ်တွေပတ်၊ သူ့အမေခြေသည်းလက်သည်းတွေထည့်ပြီး မြစ်ထဲမျှောလိုက်တယ်။ သိပ်မကြာခင်မှာပဲ သူ့အမေဟာ ကျန်းမာရေးပြန်ကောင်းလာပြီး ထူထူထောင်ထောင်ဖြစ်လာတယ်။ အဲဒီ ဘိုးတော်ဟာ ထွက်ရပ်ပေါက်မဖြစ်သွားရင်တော့ လောကထဲ ရှိသေးလား မရှိသေးလား သူမပြောတတ်။
ဒီတခါတော့ သူကိုယ်တိုင်ကြုံရတဲ့ အတွေ့အကြုံ ဆိုပါတော့။
ညဖက်မှာသူ့အမေကိုယ်တိုင်ချက်တဲ့ ဟင်းတွေထဲက ကန်စွန်းရွက်ကြော်ဟာ အလွန်တရာမှစားကောင်းတဲ့အတွက် အတော်များများစားလိုက်မိတယ်။ ည ၁၂ နာရီကျော်တဲ့အခါ ဗိုက်က အခင်းကြီးမသွားနိုင်ဘဲ မနေနိုင်မထိုင်နိုင် နာပါလေရော။ လူကြီးတွေအကုန်လန့်နိုးပြီး ဝိုင်းမေး ဝိုင်းကူပေါ့။ ဆေးခန်းသွားဖို့ကလည်း ဆေးခန်းတွေပိတ်ချိန်ဖြစ်နေပြီ။ ဆေးရုံပြေးဖို့ကလည်း အဲဒီတုန်းက ညဖက်ကားငှားဖို့တာ လွယ်တဲ့အလုပ်မဟုတ်ပြန်ဘူး။
ကံကောင်းချင်တော့ သူတို့အိမ်မှာ တိုင်းရင်းဆေးဆရာတယောက် အလည်ရောက်နေတယ်။ သူက နာမည်ကျော်သမားတော်ကြီးထံမှာ ပညာဆည်းပူးနေတဲ့ လက်ထောက်သမားတော်လောက်ဖြစ်နေသူပေါ့။ အဲဒီလူက တခါမှာ သူ့ဆရာကြီးက ခိုင်းလွန်းတာ မခံနိုင်လို့ ထွက်ပြေးလာတယ်။ ရန်ကုန်က သူတို့အိမ်ဆီ ပြေးလာတဲ့အခါ ဆွေမျိုးမကင်းလည်း ဖြစ်နေတော့ သူ့အဖေက ဟေ့ကောင် မင်းသည်းခံပြီး ပညာသင်ကွ၊ လာ ငါနဲ့ပြန်လိုက်ခဲ့ဆိုပြီး ဆရာကြီးဆီပြန်အပ်ပေးရတဲ့သူပဲ။ သူ့အဖေကတော့ တိုင်းရင်းဆေးထက် အနောက်တိုင်းဆေးကို ပိုအားသာပြီး ပိုသုံးလေ့ရှိသူ။
အဲဒီတိုင်းရင်းဆေးဆရာပေါက်စက အဲဒီညက ဗိုက်နာနေတဲ့သူ့ကို အေး အေး ငါ့တူ ဦးလေးကုပေးမယ်ဆိုပြီး ပြောတယ်။ သူ့အဖေကို အစ်ကို ကျနော့်ကို ယုံရင် ကျနော့်ဆေးလေးတိုက်ကြည့်ဗျာဆိုပြီး ဆေးတဖုံပေးပါတယ်။ ကဲ တိုက်လိုက် တိုက်လိုက်ဆိုတဲ့အခါ ရေထဲထည့်ဖျော်ထားတဲ့ ဆေးခါးကြီးကို သူလည်း နှာခေါင်းပိတ်ပြီး သောက်ရပါတော့တယ်။
ဆယ့်ငါးမိနစ်ကြာတော့ ဗိုက်က တဂွီဂွီမြည်ပြီး ကောင်းသွားပါတယ်။
တိုင်းရင်းဆေးဆရာလည်း သူ့နယ်မှာ နာမည်ကြီးပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးရှာတယ်လို့ ကြားရပါတယ်။ နှမြောစရာပေါ့။
ယုံချင်လည်း နေ၊ မယုံချင်လည်း နေပေါ့။
သူကြုံရ တွေ့ရ ကြားရတာတွေ ရေးပြတာပဲ။
ငယ်ငယ်တုန်းက ရွတ်ခဲ့ရတဲ့ "ဉုံဖွ ပျောက်စေသတည်း" ဆိုတာလေးကိုတော့ လွမ်းမိတာအမှန်ပဲ။
ကျော်မောင်(တိုင်းတာရေး)
၂၇-မေ-၂၀၂၄
(စာကြွင်း - ဆောင်းပါးလို့မှတ်ချင်လည်း ဆောင်းပါးပေါ့၊ သူရေးပြတာ ဝတ္ထုတိုကြီးပါဆိုလည်း ဝတ္ထုတိုကြီးပေါ့)
No comments:
Post a Comment