Jul 7, 2024

တအိမ်လို

ကစားသမားတိုင်း ကစားဖူးသူတိုင်း သိကြတယ်။ တအိမ်လိုဆိုတာနဲ့ အဲဒီအိမ်ထဲ ပိုက်ဆံပိုက်ပြီး ပြေးပြေးဝင်တတ်ကြတယ်။ တအိမ်လိုတယ် မင်းပါမလားဆိုတဲ့အခါ နှစ်ပွဲသုံးပွဲမကစားနိုင်တဲ့သူတွေဆို တအိမ်လိုထဲ ပြေးမဝင်နိုင်ကြဘူး။ အဲဒီတော့လည်း ဘေးထိုးလုပ်ရတာ။ ဘေးထိုးရဲ့ အားသာချက်က အိမ်ကောင်းနေတဲ့ဘက်ဆိုရင် ဘေးထိုးရဲ့အိတ်ကပ်ဟာလည်း ဖောင်းလာတတ်လေ့ရှိတယ်။ အားနည်းချက်ကတော့ ကတ်ပြားကို ကိုယ့်လက်နဲ့ကိုယ်တိုင် အရသာခံပြီးပွတ်ကြည့်ရတာ မဟုတ်တဲ့အတွက် နည်းနည်းတော့ အရသာပျက်တာပါပဲ။

ဖဲကစားနည်းဟာ ဘယ်တုန်းကများစခဲ့ပါလိမ့်ဆိုတာ မသိခဲ့ဘူး။ ဝီကီမှာ ကြည့်တဲ့အခါ ဖဲကစားနည်းအကြောင်းကို သမိုင်းကြောင်းနဲ့တကွ မြည်းစမ်းဖတ်ရတယ်။ ကစားတဲ့ ၅၂ ချပ်ဟာ ဘယ်နိုင်ငံကနည်းကို အခြေခံမှန်း သိရတယ်။ Hearts Diamonds Clubs Spades ဟာ ပြင်သစ်နည်းလို့တွေ့ရတယ်။
ဖဲထုပ်နှစ်ထုပ်ဗူးခွံနဲ့ ဖဲချပ်တိုင်းရဲ့ကျောဘက်မှာ လေကြောင်းလိုင်းတခုအမှတ်အသားပါတော့ အံ့အားသင့်မိတယ်။ ဝီကီမှာရေးထားချက်ကို ဖတ်ရတဲ့အခါမှ လေကြောင်းလိုင်းတွေမှာ ခရီးသည်တွေကို ဖဲထုပ်ဝေတဲ့အလေ့အထရှိခဲ့ကြောင်းတွေ့ရတယ်။ ဒီအလေ့အထဟာ အခု ခေတ်မစားတော့ပြီလို့ပြောတယ်။
ကစားနည်းနဲ့ပတ်သက်လို့ မှတ်မိတာလေးတွေ ရှိတယ်။
အဖေက သူ့သားနှစ်ယောက် အရွယ်ရောက်တဲ့အခါ မင်းတို့ကို ဖဲကစားနည်းသင်ပေးရဦးမယ်လို့ ခဏခဏပြောတယ်။ သားတွေကလည်း အဖေသင်ပေးမယ့်အချိန်ကို စောင့်နေတာနဲ့ ကျွမ်းကျွမ်းကျင်ကျင်မကစားတတ်ကြ။ တခါမှာတော့ နောက်ချင်တာနဲ့ အဖေ ဖဲရိုက်နည်းသင်ပေးမယ်ဆိုတာ လုပ်လေ ဆိုတော့ ဖဲထုပ်က အိမ်မှာမရှိ၊ ကွမ်းယာဆိုင်သွားဝယ်ကွာဆိုပြီး ပြောတဲ့အခါ ဘေးမှာရှိတဲ့အမေက ကြားပြီး ဒီသားအဖတွေ အိမ်ပေါ်မှာ ဖဲမရိုက်ကြပါနဲ့ မလုပ်ကောင်းပါဘူးဆိုတဲ့ ရှေးထုံးဗီတိုသုံးပြီး ပယ်ဖျက်လိုက်တာကနေ ဖဲသင်ပေးတဲ့ဆီ မရောက်။
အခုက တမျိုးတွေးမိပါတယ်။ အဖေဖြစ်စေချင်တာက ဒီလိုဖြစ်ဖို့များပါတယ်။ သားတွေဟာ ဒီလိုပညာရပ်နဲ့ပတ်သက်ရင် အရပ်ထဲမှာပဲဖြစ်ဖြစ် ကျောင်းကနေပဲဖြစ်ဖြစ် တတ်မြောက်လာဖို့ရည်ရွယ်ပုံရပါတယ်။ အဖေသင်ပြပေးစရာမလိုတော့ဘူး၊ ကျနော်တို့တော့ ဖဲနည်းမျိုးစုံထဲက ဘယ်နည်းတွေကိုတော့ ရိုက်တတ်နေပြီဆိုတာမျိုး ဖြစ်ချင်ပုံရပါတယ်။ အိမ်ပေါ်ကို ဖဲထုပ်တင်ခွင့်မရတဲ့အခါ ဖဲချပ်နဲ့မပြဘဲ ဖဲရိုက်နည်းတွေကိုတော့ အလျဉ်းသင့်ရင် ပြောပြတတ်ပါတယ်။ ကောင်းစွာ နားမလည်ခဲ့ ကောင်းစွာ မတတ်မြောက်ခဲ့ပါ။
အခုတော့ သူဖဲရိုက်နည်း မသင်ပေးခဲ့ရတဲ့ သူ့သားကနေ သူ့မြေးမလေးကို ဖဲနည်းမျိုးစုံတွေထဲက တွမ်တီဝမ်းနဲ့ ပိုကာဒေါင်းတာလောက် အင်ထရိုအနေနဲ့ သင်ပေးနိုင်ခဲ့တယ်။ အူနို (Uno) ကစားတတ်နေတဲ့ကလေးကို အနည်းငယ်ပြောပြလိုက်တာနဲ့ နားလည်လွယ်တာ သတိထားမိတယ်။
မှတ်မိတဲ့နောက်တခုက ရပ်ရွာထဲက နာရေးအိမ်တွေမှာ ဖဲဝိုင်းလုပ်ကြတဲ့အခါ ရှိုးကစားတဲ့ဝိုင်းမှာ ကစားကြသူတွေဟာ တကယ့်ဖဲသမားကြီးတွေပုံစံပါပဲ။ ရှိုးကစားနေကြသူတွေဟာ ဂျိမ်းစ်ဘွန်းကားတွေထဲက ဇာတ်ကောင်တွေစတိုင်အတိုင်း မျက်နှာအနေအထား ထားတတ်ကြလို့ ရှိုးကစားနေကြပြီဆိုရင် အနိုင်အရှုံးထက် ကစားသူတွေရဲ့ သရုပ်ဆောင်ပီပြင်မှုကို မြင်တွေ့ရတာက ရယ်စရာလိုလိုဖြစ်နေတတ်ပါတယ်။ တွမ်တီဝမ်း ဘူကြီး ရှမ်းကိုးမီး ကစားတဲ့သူတွေကိုတော့ ကလေးဝိုင်းသာသာသဘောထားတတ်ကြတယ်။ အချိန်ကုန်ချင်တဲ့အခါ ပိုကာဒေါင်းကြတယ်။
အဖေက တခါမှာ ဖဲဝိုင်းဘေးထိုးလေ့ရှိသူအကြောင်းကိုသိတော့ သူနဲ့ကြုံတဲ့အခါ ဖဲကစားနည်းမှာ ဖဲချပ်ဘယ်နှစ်ချပ်ပါလည်းလို့ မေးပါတယ်။ ဟိုလူက မဖြေနိုင်တဲ့အခါ မင်းကွာ ဘေးထိုးတာတောင် ဖဲချပ်ဘယ်လောက်ပါလည်းဆိုတာလောက်တော့ သိအောင်လုပ်ပါကွာလို့ ပြောပါတယ်။
ပင်လယ်ပျော်ကြီးတယောက်ဖြစ်တဲ့ ဦးလေးပြောပြခဲ့တဲ့ နိုင်ငံကျော်အဆိုတော်ကြီးတယောက်ရဲ့ ဖဲရိုက်ကျွမ်းကျင်ပုံ၊ ဖဲကိုင်တဲ့လက်ချောင်းလေးတွေဟာ နူးညံ့နေပုံ (ဖဲချပ်ကို လှန်ကြည့်စရာမလိုပဲ ပွတ်ကြည့်တာနဲ့သိလောက်အောင်နူးညံ့)၊ ဘယ်လောက်ပဲ နိုင်နေနေ ရှုံးနေနေ မိန်းမပြောထားတဲ့အချိန်ပြည့်တာနဲ့ ဖဲဝိုင်းက ထပြန်ပုံကို ကြားခဲ့ရဘူးတယ်။ သူသိတာကလည်း တဆင့်စကားဆိုတော့ ဟုတ်ချင်မှာ ဟုတ်နိုင်မယ့်ပုံပါပဲ။
မိတ်ဆွေတယောက်ရဲ့ ကျောင်းနေဖက်ဖြစ်သူ တယောက် ပြောပြတာကလည်း စိတ်ဝင်စားစရာပါ။ သူက ဖဲရိုက်တာမှာ နာမည်ကြီးမင်းသမီးကြီးတွေနဲ့ ရိုက်ဖူးတဲ့သူဖြစ်ပါတယ်။ သူကတော့ ဖဲဆရာဖြစ်ပုံရပါတယ်။ ဖဲအကြောင်း ဖဲကစားနည်းနဲ့ပတ်သက်လို့ မမေးခဲ့ရတာ နောင်တရမိပါတယ်။
ပြဿနာက ဖဲကစားနည်းမှာ ငွေကြေးပါလာတဲ့အခါ လောင်းကစားဖြစ်တာပါပဲ။ လောင်းကစားဖြစ်တဲ့အခါ တပြားရှုံးရှုံး နှစ်ပြားရှုံးရှုံး ပြူးတော့ပြဲတော့တာပါပဲ။
ဖဲကစားနည်းကို အပျော်ကစားကြတာမျိုး ဉာဏ်ရွှင်အောင် ကစားကြတာမျိုး နည်းကြပါတယ်။ ဖဲသမားဆိုရင် လောင်းကစားသမားဆိုပြီး နှာခေါင်းရှုံ့ချင်ကြတယ်။
တွေးမိတာက ဖဲကစားနည်းကို ပြိုင်ပွဲပုံစံလုပ်ပြီး ဒိုင်းတွေဘာတွေပေးရင်လည်း ဖဲကစားနည်းဟာ ပိုက်ဆံနဲ့ကစားရတာလောက် စိတ်ဝင်စားဖွယ်ကောင်းမှာ မဟုတ်ပါ။
တအိမ်လို လို့သာ အသံပြုလိုက်ပါ။ ဝင်မယ် ဝင်မယ်ဆိုတဲ့အသံတွေကို ကြားရပါလိမ့်မယ်။ ဖဲကစားနည်းဟာ အစမပြုလိုက်နဲ့၊ စ လိုက်တာနဲ့ စွဲမက်စေတဲ့ကစားနည်းဆိုတာ ကစားကြည့်မှသိနိုင်ပါလိမ့်မယ်။
ဖဲကစားခြင်းဖြင့် အတွက်အချက်တော်နိုင်ကြပါစေ၊
သရုပ်ဆောင်ကောင်းနိုင်ကြပါစေ၊
ဉာဏ်ရွှင်နိုင်ကြပါစေ။
ကျော်မောင်(တိုင်းတာရေး)
၂၉-ဇွန်-၂၀၂၄

လမ်းသွားလမ်းလာ

ရကောက် ရထားကြီး အိပ်ငိုက်စီးမယ်ကြံတဲ့အခါ အဓိကကတော့ နေရာရဖို့ပဲ။ ရထားမှာ Show you Care Offer this seat ဆိုတဲ့ခုံဟာ ဦးစားပေးခုံဖြစ်တယ်။ တချို့က အဲဒီခုံလွတ်ရင် ဦးစားပေးထဲမပါပေမယ့် ခပ်တည်တည်ပဲ ဝင်ထိုင်လေ့ရှိကြတယ်။
တယောက်က ဒီလိုသင်ပေးတယ်။
“အဲဒီခုံတွေလွတ်ရင် ဝင်သာထိုင်ပြီး အိပ်ချင်ယောင်သာ ဆောင်နေ၊ ဘယ်ဦးစားပေးကိုမှ ထပေးစရာမလိုတော့ဘူး”
သူကိုယ်၌ကလည်း သူပြောတဲ့စကားအတိုင်းကျင့်သုံးသူဖြစ်တယ်။
ပြောကတည်းက “ဟာဗျာ … ဒီလိုကတော့ မလုပ်သင့်ပါဘူး” လို့ ပြောတော့ မင်း အတော်ညံ့သေးတာပဲလို့ ကောင်းချီးပေးပါတယ်။
ဒီမနက်တော့ ဦးစားပေးထိုင်ခုံဘေးမှာ နေရာလွတ်ရတော့ ဝင်ထိုင်ပါတယ်။ မူလရည်ရွယ်ချက် အိပ်ငိုက်မယ်ဆိုတာက ဘေးတဖက်မှာ ရှိနေတဲ့ secondary ကျောင်းသား(ထင်ရ)က ဖုန်းဖွင့်ထားတဲ့အပေါ်လက်နဲ့ဖိထားရင်း အိပ်ငိုက်နေပါပြီ။
ကျောင်းယူနီဖောင်းရဲ့ကျောဘက်မှာ ကျောင်းနာမည်ပါပါတယ်။ အသာလေးမှတ်လိုက်ပြီး အဲဒီကျောင်းဆိုရင် ဘယ်ဘူတာဆင်းရမလဲဆိုတာ ဖုန်းနဲ့ရှာပါတယ်။ primary ရော secondary ရောက ဘူတာတူပါတယ်။
ဘူတာမရောက်ခင်မှာ ဆိုက်ရောက်မယ့်ဘူတာကို ကြေငြာပါတယ်။
ရောက်တဲ့အခါ အိပ်နေသေးတဲ့ ကျောင်းသားကို နှိုးမေးလိုက်ပါတယ်။
“မင်း ဆင်းရမယ့် ဘူတာက ဒီဘူတာလား”
သူက အိပ်ချင်မူးတူးနဲ့
“ဟုတ်တယ်” ဖြေပြီး ပြန်အိပ်မလိုလုပ်ပါတယ်။
“အေး အခုရောက်ပြီ” ဆိုမှ
ဝရုန်းသုန်းကား ထပြေးပါတယ်။
ပြေးရင်းမှာ ကျေးဇူးတင်ပါတယ် ဆိုပြီးတော့ ပြောသွားလေရဲ့။
ကျော်မောင်(တိုင်းတာရေး)
၂၄-ဇွန်-၂၀၂

အသံများ

ဒီနေ့ သွားရင်းလာရင်း စကားပြောရင်းနဲ့ ကြုံရတာတခုကို အခြေပြုပြီး အသံဆိုတဲ့အကြောင်း အတွေးထဲရောက်လာလို့ အခုလိုချရေးဖြစ်တယ်။

ကြုံရတာတခုက ဒီလိုပါ။ နောက်ကားက အကြောင်းမရှိ အကြောင်းရှာပြီး နောက်ကနေ ဟွန်းတီးတဲ့ကိစ္စပါပဲ။ ကားဟွန်းတွေကို ရှေ့အတွက်ထားတာတင်မကဘဲ နောက်အတွက်လည်း ထားပေးလိုက်ရင် ဘယ်လိုဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
နောက်ကနေ ဆဲနေတဲ့သူကို ပြန်လှည့်ဆဲတဲ့သဘောလို့ ယူချင်လည်း ယူနိုင်ပါလိမ့်မယ်။
ဆိုင်းဝိုင်းမစခင် ပတ်ဝိုင်းခေါင်းဆောင်ဟာ ပတ်လုံးလေးတွေ အသံညှိလိုက် ပတ်စာကပ်လိုက် တီးလိုက်နဲ့ လုပ်နေတဲ့အခါ ဆယ်ကျော်သက်ကလေးတယောက်က သူနဲ့အတူပါလာတဲ့သုံးဆယ်ကျော်အရွယ်ဦးလေးကို အဲဒီနားကနေ မြန်မြန်သွားကြဖို့ တောင်းဆိုတယ်။ ဘာဖြစ်လို့လဲမေးတဲ့အခါ ပတ်လုံးစမ်းနေတဲ့သူရဲ့ တခါတခါတီးလိုက်တဲ့ အလုံးတလုံးရဲ့ အသံဟာ သူ့နားမှာ အတော်မခံမရပ်နိုင်ဖြစ်တယ်လို့ ဆိုတယ်။ ဦးလေးက နားထောင်ကြည့်ပြီး ငါတော့ ဘာမှမဖြစ်ဘူးလို့ ပြန်ပြောတယ်။
ကြုံဖူးကြနိုင်တဲ့တခုက ခြင်တကောင်လောက် အနားမှာ တဝီဝီနဲ့ ပျံနေတဲ့အခါ ခံရခက်တာမျိုး။ သူပျံနေတာကို မခံနိုင်သူရဲ့ လက်ဝါးနှစ်ဖက်ကြားမှာ ခြင်ခမျာ သွေးမစုပ်လိုက်ရဘဲ ဇီဝိန်ကြွေရတယ်။
အရင်ကဆိုရင် ရထားပေါ်မှာ ရှေ့ဘူတာကို ဘူတာနာမည်လောက်ပဲ ကြိုပြောလေ့ရှိတယ်။ အခုက ဘူတာနာမည်ကြိုမပြောခင်မှာ တီးလုံးလေး တတုံတုံနဲ့ လာပြီးမှ ဘူတာနာမည်ပြောတယ်။ ဒီလိုတီးလုံးလေးတွေ ရှေ့မှာ အင်ထရိုမဝင်ခင်ကဆို အိပ်ငိုက်နေသူတွေအဖို့ ဘယ်ဘူတာကို ကြေငြာလိုက်မှန်း မသိလိုက်ရဘူး။ အခုက တီးလုံးလေး အင်ထရိုသဘောမျိုးအရင်လာတဲ့အခါ တီးလုံးကြောင့် စိတ်ကအလိုလိုအာရုံစိုက်မိသွားတယ်။ ကြေငြာမယ့်အသံကို နားထောင်ဖို့ အသင့်အနေအထားဖြစ်သွားတယ်။ ဘာနဲ့သွားတူသလဲဆို ဟိုးတုန်းက တချို့လူတွေ "အိုင်ဆေး အိုင်ဆေး" လို့ စကားမပြောခင် အစပျိုးသလိုမျိုး။
တခါတုန်းက ညဖက်အိပ်တဲ့အခါ အပြင်ဘက်ကနေ သံပြိုင်အော်သံတွေ ကြားရတယ်။ ကလေးပေါက်စလေးတွေ အော်ငိုသံလိုမျိုးဖြစ်တဲ့အခါ ဒီအချိန်ဆိုရင်တော့ ပုံမှန်တော့မဖြစ်နိုင်၊ မှင်စာလေးတွေ ကစားခုန်စားပြီး အော်နေကြတာလို့ မကြုံဖူးတဲ့အသံကို စာတွေ့ထဲက အသံတွေနဲ့ အကဲဖြတ်ရင်း ထကြည့်ရင်ကောင်းမလား ဘာများတွေ့ရမလဲအတွေးများနေတုန်း ဘေးနားအိမ်က အ‌ဒေါ်ကြီးရဲ့ "မိဝါနဲ့ မိဖြူ လာစမ်း၊ ဘာတွေအလေလိုက်နေတာလဲ၊ ညည်းတို့နော် တခြားအိမ်တွေရော ငါရော အိပ်မရဖြစ်နေပြီ၊ ငါ လာပြီး ဆင်းရိုက်လိုက်ရ" ဆိုတဲ့အော်ငေါက်သံကြားမှ ဟာ ... ဒါ ကြောင်တွေအော်သံပါလားလို့ စပြီးကြုံရတာ။
ကျောင်းထိုင်ဆရာတော်ဟာ ဆွမ်းစားပြီးတဲ့အခါ စာဝါချတော်မူတယ်။ အဲဒီမှာ သူ့ကျောင်းမှာက မတူညီတဲ့စာသင်သားတွေရှိတော့ သူက တူညီတဲ့စာသင်သားတွေကို စုပြီး အရင်စာချ၊ တခါတလေမှာလည်း တတန်းမှာ ကိုရင်ကြီးတပါးပဲရှိတဲ့အခါ အဲဒီကိုရင်ကြီးကို အရင်စာဝါချ၊ ပြီးတဲ့အခါ ကဲ မင်း စာသွားအံတော့၊ ရရင် လာဆိုလို့မိန့်၊ နောက်တဖွဲ့ကို စာချ၊ ကဲမင်းတို့အဖွဲ့လည်း ဟိုထောင့်ကိုသွား စာအံနေကြ၊ ကဲ လာ ပရိတ်ကြီးတတ်ချင်တဲ့ မောင်ကျောင်းသားတို့ မနေ့က ဘယ်အထိရောက်ပြီလဲ ရော့ ဒါကို နောက်ကနေ လိုက်ဆိုကြဆိုပြီး တက်ပေး၊ ပြီးတဲ့အခါ မင်းတို့လည်း ဟိုးနောက်ကိုသွားပြီး စာအံနေကြလို့ မိန့်တယ်။ ကိုရင်ကြီးတွေ ကိုရင်ငယ်တွေ ကျောင်းသားတွေ စာအံနေတဲ့အခါ ဆရာတော်ကြီးက ထိုင်ခုံပေါ်မှာပဲ မျက်လုံးလေးမှေးလို့ အနားယူတယ်။
သူက စကတည်းက ဘယ်အုပ်စုက ဘယ်ထောင့်မှာ ဘယ်အဖွဲ့က ဘယ်နားမှာ စာအံနေလဲဆိုတာ သိပုံရတယ်။ တဖက်ဖက်ကနေ စာအံတဲ့အသံမကြားတော့တာနဲ့ မျက်လုံးမဖွင့်ဘဲ လက်ထဲမှာကိုင်ထားတဲ့ကြိမ်လုံးနဲ့ လှမ်းပြောတတ်တယ်။
"ဟေ့ ဒီဘက်တိုင်နားက အသံတိတ်သွားပါလား" အဲဒီအခါ အိပ်ငိုက်နေတဲ့ကိုရင်ကြီးငယ်တွေလည်း အလန့်တကြားဖြစ်ပြီး ဝရောဝရောနဲ့ စာတွေပြန်အံကြ။
"ဟေ့ ဟိုးနောက်ဘက်က အသံမကြားရပါလား" ကြားတာနဲ့ အနောက်ကစာသင်သားတွေကလည်း ဝရောဝရောနဲ့ စာတွေအံကြ။
ဆရာတော်ဟာ မျက်လုံးဖွင့်ကြည့်စရာမလိုဘဲ အသံကို နားထောင်ပြီး စာအံခိုင်းတာကို ပြန်အမှတ်ရမိတယ်။
အသံထဲမှာတော့ အသံလည်းကျယ် ကြားတဲ့သူအပေါင်းလည်း မနှစ်သက်၊ အနံ့အသက်ကလည်း မကောင်းဆိုတာက လေလည်သံပါပဲ။ လေလည်သံကြားတာနဲ့ အနံ့မရောက်ခင် ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်ကြပါတယ်။
အဲဒီလေလည်သံကို "အေး ... ကောင်းတယ်ဟေ့ ... အဲဒီလို လေလည်ပေးမှ ငါ့သားလေး ငါ့သမီးလေး ဗိုက်နာနေတာပြန်ကောင်းမှာ" ဆိုတဲ့ သားသမီးတွေ လေလည်တာကို ထွက်မပြေးဘဲ ချီးမွမ်းသဘောကျတဲ့ မိခင်တွေရဲ့ မေတ္တာသံကတော့ မည်သည့်အသံနှင့်မျှ တုယှဉ်ပြိုင်လို့မရတဲ့ အသံဖြစ်တယ်လို့ ဆိုရမှာပါပဲ။
ကျော်မောင်(တိုင်းတာရေး)
၁၀-ဇွန်-၂၀၂၄

အရေးမကြီးတာတွေ

တခါက စာပေဟောပြောပွဲသွားနားထောင်ပြီး အခမ်းအနားပြီးသော်လည်း မပြန်သေးဘဲ စာရေးဆရာကြီးတဦးနှင့် စကားစမြည်သွားပြောဖြစ်သည်။ ထိုဆရာကြီးထိုးပေးသော အော်တိုလက်မှတ်အောက်တွင် "အရေးကြီးတာ အရင်လုပ်"ဆိုပြီး ရေးပေးသွားသည်။
ခက်ပြီ။

အရေးကြီးတာတွေများတာထဲမှာ ဘယ်ဟာက အရေးကြီးမှန်း ဆုံးဖြတ်ရခက်သည်။
ဒါနဲ့ပဲ သူရေးပေးတာကို ပြောင်းပြန်လှန်ပစ်လိုက်သည်။
အရေးမကြီးတာတွေကို အရင်မလုပ်နဲ့။ ထိုကဲ့သို့ ဘာသာပြန်လိုက်မှ အဆင်ပြေသွားသည်။

အရေးမကြီးတာတွေကို ဖယ်ရင်းဖယ်ရင်းဖြင့် အရေးကြီးတာတွေက ကျန်ခဲ့ပြီး ထိုထိုအရေးကြီးသောကိစ္စများကို အရင်ဆုံး ဆောင်ရွက်ဖြစ်သည်။ တခါတလေတွင် အရေးမကြီးတာများကို မလုပ်သေး မလုပ်သေးဖြင့် အရေးကြီးသောကိစ္စများ တခုမှ မတွေ့သဖြင့် အေးအေးဆေးဆေးနားခဲ့ရဖူးသည်။

"အရေးပါ အရာရောက်" ဆိုသော စကားကို ငယ်ငယ်ကတည်းက ကြားဖူးနားဝရှိလှသည်။ အဲဒီလူက အဲဒီနယ်မှာ အရေးပါ အရာရောက်တဲ့သူပေါ့ဟု ဆိုလျှင် ထူးထူးဆန်းဆန်းကြည့်ဖြစ်အောင် သွားကြည့်ဖြစ်သည်။ သူများထက်ထူးပြီး ဦးခေါင်းတလုံးများ ပိုပါသလားဟု။

"ပေါက်မြောက်သူ" ဟု သုံးကြသည်ကိုလည်း တွေ့ဖူးကြားဖူးသည်။ သူက အထက်ရော အောက်ရော ပေါက်မြောက်သူလေဆိုလျှင် နတ်ပြည်လည်းရောက်ဖူး ငရဲပြည်လည်း ရောက်ဖူး၊ ထိုအထက်နှင့်အောက်သို့ အစုန်အဆန်သွားနေသော သံသရာခရီးသည်ကြီးများလားဟူ၍ အထင်ကြီးမိသည်။

သွားစမ်းပါကွာ အရေးမပါတာတွေ လာပြောနေတယ် ဟု ပြန်ပြောလေ့ရှိကြသည်။ အရေးမပါတာတွေဆိုတော့ အရေးပါတဲ့ဟာတွေက ဘာတွေလဲဟု မေးခွန်းပြန်လှန်ထုတ်သော် တဖက်နှင့်တဖက် မကျေမနပ်ဖြစ်ကြလေသည်။

စာရေးဆရာသည် သူရေးဖွဲ့ခဲ့သော စာကို အလေးထားသည်။ ထိုစာသည် သူဖန်တီးသောစာဖြစ်သဖြင့် သူအဖို့တွင် အရေးကြီးသောစာဖြစ်သည်။ စာတကြောင်းရေးရဖို့ ဖြစ်လာဖို့ ဖန်တီးရသည်မှာ မလွယ်ကူမှန်း သူသိသည်။ ထိုကြောင့် သူ့စာကို အလေးထားသည်။ ထို့အတူပင် တခြားတခြားသော စာရေးဆရာများ၏ လက်ရာကောင်းများ ဖန်တီးမှုများကိုလည်း အလေးထားသည်။ ထိုအရာများသည် အရေးကြီးသောအရာများ ဖြစ်သည်ဟု သူခံယူသည်။

ဂီတသမားသည် သူရေးလိုက်သော ဖွဲ့နွဲ့လိုက်သော သီချင်းစာသားဖြစ်စေ သံစဉ်ဖြစ်စေမှ အလုံးတိုင်း အလုံးတိုင်းကို အရေးပါသော အလုံးများ ခံစားမှုများအဖြစ် လက်ခံထားသည်။

ပန်းချီသမားသည် သူ့ပန်းချီကားချပ်ရှိ စုတ်ချက်တိုင်းကို သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများသဖွယ် သဘောထားသည်။
နေ့စဉ်ထမင်းချက်သော အိမ်ရှင်မတိုင်းသည် ထမင်းအပျော့အမာနှင့်ပတ်သက်ပါက အလွန်ပင် စိတ်လှုပ်ရှားတတ်ကြလေသည်။ ထမင်းအပျော့အမာသည် သူတို့အတွက် အရေးပါသော စွမ်းဆောင်ချက်ကို ပြသည့်နှယ်ဖြစ်သည်။
လူတိုင်းလူတိုင်းသည် သူ့နယ်ပယ်တွင်သူ ပေါက်မြောက်ကြသူချည်းဖြစ်ကြသည်။ အစားမက်သူသည် အစားအသောက်နယ်ပယ်တွင် ပေါက်မြောက်ပါပေသည်။ အလှကြိုက်သူသည် မည်သို့မည်ပုံလှအောင် လိမ်းခြယ်ရမည်ကို အသေအချာသိသူဖြစ်ပေသည်။ ဘောပွဲကြည့်အားသန်သူသည် ဘယ်ကစားသမားက ဘယ်အလုံးကို ဘယ်ပွဲတုန်းက ဘယ်လိုကန်သွင်းခဲ့တာဟု မမေ့မလျော့ပြန်ပြောပြနိုင်ပေသည်။

စာမဖတ်သူအဖို့ စာရေးဆရာများ၏ သိမှတ်ဖွယ်ရာ ခံစားဖွယ်ရာ အဖြာဖြာသည် အရေးမပါသောအရာများ ဖြစ်ပေသည်။

ဂီတကို မနှစ်သက်သူသည် စည်းသံ ဝါးသံကိုပင် ခံရခက်ပေလိမ့်မည်။
နာမည်ကျော်ပန်းချီကား(တနည်း)ကမ္ဘာကျော်ပန်းချီကားဟု ပန်းချီဝါသနာအိုးများလက်ခံထားသည့် ပန်းချီလက်ရာများသည် ပန်းချီကို မခံစားတတ်သူအဖို့ အရေးမပါသော ဟိုခြစ်ဒီခြစ်များအဖြစ် မှတ်ယူပေမည်။

အရေးမကြီးသည်များ အရေးကြီးသည်များ အရေးပါသည်များ အရေးမပါသည်များ ပေါက်မြောက်သည်များ မပေါက်ရောက်သည်များအား တွေးဆမိရင်း ငါအတော်ဟုတ်လာပါလားဟု မြောက်ကြွမြောက်ကြွဖြစ်မိပါလျှင် သိမှုနှင့် ဖြစ်မှုနှစ်ခုသာရှိသော သတ္တဝါပါလားဟူသောအတွေးဖြင့် မာန်ချနိုင်သည်ကလည်း လက်ရှိလောကကြီး၏ ကောင်းကွက်ပေလားဟူ၍ ခေါင်းတညိတ်ညိတ်ဖြစ်မိနိုင်ပါကြောင်း။

ကျော်မောင်(တိုင်းတာရေး)
၂၈-မေ-၂၀၂၄

ယုံချင်ယုံ မယုံချင်နေ ပညာရပ်များ

သူငယ်ငယ်က လမ်းလျှောက်သွားတဲ့အခါ လူသွားလမ်းပေါ်မှာ ခဲလုံးလေးတွေ အမှိုက်ကလေးဘာလေးများတွေ့ရင် ဘေးဖယ်တာပဲဖြစ်ဖြစ် အမှိုက်ပုံးထဲပဲဖြစ်ဖြစ် လုပ်တတ်တယ်။ လမ်းသွားလမ်းလာများ ခလုတ်တိုက်ချော်လဲတာတွေ မဖြစ်အောင်လေဆိုပြီး သူပြောလေ့ရှိတယ်။

တခါမှာတော့ အိမ်ခြံဝင်းထဲအဝင်မှာ ခဲလုံးလေးတွေ လေးငါးခြောက်လုံးကို ကျားကွက်လိုအကွက်တွေရေးဆွဲထားတဲ့အပေါ်တွေမှာတင်ထားတာတွေ့လို့ ကောက်ပြီး လွှင့်ပစ်မယ်ကြံတုန်း "ဟေ့ အဲဒါ နင့်အဖိုး အင်းကွက်ဆွဲထားတာတွေ သွားမထိနဲ့" လို့ အိမ်ထဲက လူကြီးတယောက်က လှမ်းသတိပေးတယ်။ ဘေးက အသာရှောင်ပြီး အိမ်ပေါ်ရောက်မှ အကျိုးအကြောင်းသိရတယ်။
ကလေးငယ်တယောက် မှက္ခရုပေါက်လို့ အင်းကွက်ချပြီး ပျောက်အောင်လုပ်တယ်ဆိုပါတယ်။
အဲဒီကလေး မှက္ခရုပျောက်သွားလားဆိုတော့ ပျောက်သွားတာပါပဲ။ ပျောက်သွားတဲ့အခါ သူက ဘာသွားစိတ်ဝင်စားလဲဆို အဖိုးဆွဲတဲ့ အင်းကွက်ဆိုတာကို သူလည်း ဆွဲတတ်ချင်လာတယ်။ ဒါနဲ့ မေးကြည့်တော့ မင်းငယ်ပါသေးတယ်ကွာ မတတ်ချင်ပါနဲ့ဦးဆိုလို့ အဲဒီမှက္ခရုပျောက်စေအင်းကွက်ဆွဲတာကို မတတ်ခဲ့။
အဖိုးလည်း လွန်ခဲ့ပြီ။
တခါ သူ့အစ်ကိုတယောက်ဟာ မကြာခဏဆိုသလို ရေယုန်ပေါက်လေ့ရှိတယ်။ ဆေးမြီးတို ဆေးမြီးရှည်တွေနဲ့မပျောက်၊ ဆရာဝန်ဆေးနဲ့လည်း မပျောက် ဆိုတဲ့အခါ သူ့အဖေတွေက အိမ်နီးနားချင်းဖြစ်တဲ့ ဘကြီးတယောက်ဆီကို သွားခိုင်းတယ်။
ပြန်လာ၊ သိပ်မကြာဘူး ပျောက်သွားတာပဲ။
နောက်တခါ ထပ်ဖြစ်တော့ သူလည်း သိရအောင် လိုက်ကြည့်မယ်ဆိုပြီး လိုက်သွားတယ်။ သူဘာတွေ့လဲဆို ဘကြီးက ဘုရားစင်ကိုသွားပြီး ဖန်ခွက်ထဲထည့်ထားတဲ့သောက်တော်ရေကပ်တယ်၊ ပြီးတော့ ရွတ်ဖတ်တာတွေလုပ်တယ်၊ ခဏနေတဲ့အခါ ရော့ ဒီရေသောက်လိုက် ပျောက်လိမ့်မယ်ဆိုပြီး ရေကို ကုန်အောင်သောက်ခိုင်းလိုက်တယ်။
ပျောက်တာပဲ။
အိမ်ပြန်ရောက်တော့ ကြုံရတာလေး ပြောပြ၊ အဲဒီဘကြီးနည်း သူလည်းသိချင်တယ်ဆိုပြီး အာကျယ်ကြည့်တဲ့အခါ အဲဒီဘကြီးပညာက မင့်လိုကောင်မျိုး ဘယ်ရလိမ့်မလဲ ဘယ်ပေးလိမ့်မလဲ၊ သူတို့ပညာက လူတိုင်းပေးလို့မရဘူးဆိုတာ ကြားရပြန်တော့ ပညာယူဖို့လက်လျှော့လိုက်ရတယ်။ သူ့အစ်ကိုလည်း ရေယုန်ပေါက်တာ မဖြစ်တော့ဘူး။ သူလိုက်သွားတဲ့အတွက် ဘကြီးက ရိပ်မိပြီး နောက်တခါမလာရအောင် အပြတ်ကုပေးလိုက်ပုံရပါတယ်။
ထိုဘကြီးလည်း မရှိတော့။
တခါမှာ သူ့အမေဟာ အတော်လေးကို နာမကျန်းဖြစ်တယ်။ ဗေဒင်တွေဘာတွေ တွက်ကြည့်တဲ့အခါ ကံနိမ့်နေတယ် ဂြိုဟ်ညံ့ထဲရောက်နေတယ် ဘာညာပေါ့။ သူ့အဖေက ရုံးမှာရှိတဲ့ ဘိုးတော်တယောက်နဲ့တိုင်ပင်ပြီး ဘိုးတော်ညွှန်ကြားတဲ့အတိုင်း သူ့အမေအရပ်နဲ့ညီတဲ့ သစ်ကိုင်းကို ရှာ၊ သူ့အမေအဝတ်တွေပတ်၊ သူ့အမေခြေသည်းလက်သည်းတွေထည့်ပြီး မြစ်ထဲမျှောလိုက်တယ်။ သိပ်မကြာခင်မှာပဲ သူ့အမေဟာ ကျန်းမာရေးပြန်ကောင်းလာပြီး ထူထူထောင်ထောင်ဖြစ်လာတယ်။ အဲဒီ ဘိုးတော်ဟာ ထွက်ရပ်ပေါက်မဖြစ်သွားရင်တော့ လောကထဲ ရှိသေးလား မရှိသေးလား သူမပြောတတ်။
ဒီတခါတော့ သူကိုယ်တိုင်ကြုံရတဲ့ အတွေ့အကြုံ ဆိုပါတော့။
ညဖက်မှာသူ့အမေကိုယ်တိုင်ချက်တဲ့ ဟင်းတွေထဲက ကန်စွန်းရွက်ကြော်ဟာ အလွန်တရာမှစားကောင်းတဲ့အတွက် အတော်များများစားလိုက်မိတယ်။ ည ၁၂ နာရီကျော်တဲ့အခါ ဗိုက်က အခင်းကြီးမသွားနိုင်ဘဲ မနေနိုင်မထိုင်နိုင် နာပါလေရော။ လူကြီးတွေအကုန်လန့်နိုးပြီး ဝိုင်းမေး ဝိုင်းကူပေါ့။ ဆေးခန်းသွားဖို့ကလည်း ဆေးခန်းတွေပိတ်ချိန်ဖြစ်နေပြီ။ ဆေးရုံပြေးဖို့ကလည်း အဲဒီတုန်းက ညဖက်ကားငှားဖို့တာ လွယ်တဲ့အလုပ်မဟုတ်ပြန်ဘူး။
ကံကောင်းချင်တော့ သူတို့အိမ်မှာ တိုင်းရင်းဆေးဆရာတယောက် အလည်ရောက်နေတယ်။ သူက နာမည်ကျော်သမားတော်ကြီးထံမှာ ပညာဆည်းပူးနေတဲ့ လက်ထောက်သမားတော်လောက်ဖြစ်နေသူပေါ့။ အဲဒီလူက တခါမှာ သူ့ဆရာကြီးက ခိုင်းလွန်းတာ မခံနိုင်လို့ ထွက်ပြေးလာတယ်။ ရန်ကုန်က သူတို့အိမ်ဆီ ပြေးလာတဲ့အခါ ဆွေမျိုးမကင်းလည်း ဖြစ်နေတော့ သူ့အဖေက ဟေ့ကောင် မင်းသည်းခံပြီး ပညာသင်ကွ၊ လာ ငါနဲ့ပြန်လိုက်ခဲ့ဆိုပြီး ဆရာကြီးဆီပြန်အပ်ပေးရတဲ့သူပဲ။ သူ့အဖေကတော့ တိုင်းရင်းဆေးထက် အနောက်တိုင်းဆေးကို ပိုအားသာပြီး ပိုသုံးလေ့ရှိသူ။
အဲဒီတိုင်းရင်းဆေးဆရာပေါက်စက အဲဒီညက ဗိုက်နာနေတဲ့သူ့ကို အေး အေး ငါ့တူ ဦးလေးကုပေးမယ်ဆိုပြီး ပြောတယ်။ သူ့အဖေကို အစ်ကို ကျနော့်ကို ယုံရင် ကျနော့်ဆေးလေးတိုက်ကြည့်ဗျာဆိုပြီး ဆေးတဖုံပေးပါတယ်။ ကဲ တိုက်လိုက် တိုက်လိုက်ဆိုတဲ့အခါ ရေထဲထည့်ဖျော်ထားတဲ့ ဆေးခါးကြီးကို သူလည်း နှာခေါင်းပိတ်ပြီး သောက်ရပါတော့တယ်။
ဆယ့်ငါးမိနစ်ကြာတော့ ဗိုက်က တဂွီဂွီမြည်ပြီး ကောင်းသွားပါတယ်။
တိုင်းရင်းဆေးဆရာလည်း သူ့နယ်မှာ နာမည်ကြီးပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးရှာတယ်လို့ ကြားရပါတယ်။ နှမြောစရာပေါ့။
ယုံချင်လည်း နေ၊ မယုံချင်လည်း နေပေါ့။
သူကြုံရ တွေ့ရ ကြားရတာတွေ ရေးပြတာပဲ။
ငယ်ငယ်တုန်းက ရွတ်ခဲ့ရတဲ့ "ဉုံဖွ ပျောက်စေသတည်း" ဆိုတာလေးကိုတော့ လွမ်းမိတာအမှန်ပဲ။
ကျော်မောင်(တိုင်းတာရေး)
၂၇-မေ-၂၀၂၄
(စာကြွင်း - ဆောင်းပါးလို့မှတ်ချင်လည်း ဆောင်းပါးပေါ့၊ သူရေးပြတာ ဝတ္ထုတိုကြီးပါဆိုလည်း ဝတ္ထုတိုကြီးပေါ့)