Aug 31, 2018

ခရီးတို စာစုများ (၂)

အရင်တစ်ရက်တုန်းက ခရီးတို စာစုများ ခေါင်းစဉ်နဲ့ စထားမိခဲ့လေတော့ အခုဆက်ရေးတဲ့အခါ အဆင့်သင့်အနေနဲ့ပဲ (၂) ဆိုပြီး နောက်ဆက်လေး တွဲမိလိုက်တာပါ။

ဒီနေ့ ကြုံခဲ့ရတာလေးပေါ့။

အိမ်ကို ရထားစီးပြန်တဲ့အခါ နှစ်ဘူတာပဲ စီးရပါတယ်။ ပထမရောက်မယ့်ဘူတာက ၅ မိနစ်လောက် ကြာပြီး၊ ဆင်းရမယ့်ဘူတာကတော့ ပထမဘူတာကနေတွက်ရင် ၂ မိနစ်လောက်ပဲ ကြာပါတယ်။ စုစုပေါင်း ရထားစီးချိန် ၇ မိနစ်ဆိုပါစို့။ ဒါကလည်း ရထားဘူတာတိုင်းမှာ ဘယ်ဘူတာကနေ ဘယ်ဘူတာကိုတော့ဖြင့် ဘယ်လောက်ကြာပါတယ်ဆိုတာ ရထားဘူတာပြမြေပုံမှာ ဆွဲထားကတည်းက ရေးပေးထားတယ်။ အဲဒါကို သိပ်မယုံချင်တဲ့အတွက် ရထားစထွက်ချိန်ကို လက်ပတ်နာရီနဲ့ မှတ်ထားပြီး ဆိုက်ရောက်ချိန်တွေကို နှစ်ခါ သုံးလေးခါလောက် မှတ်သားထားခဲ့ဖူးတယ်။ ကွာခြားမှုမရှိခဲ့ပါဘူး။

၅ မိနစ်ကြာလို့ ပထမဘူတာရောက်တဲ့အခါ တွဲထဲက ခရီးသည် နှစ်ယောက်ပဲ ဆင်းသွားတယ်။ တစ်ယောက်က နှစ်ယောက်တွဲထိုင်ခုံမှာ ထိုင်ခဲ့ပုံရတယ်။ ရထားတံခါးမပိတ်ခင် လွတ်သွားတဲ့ နေရာမှာ အမျိုးသမီးငယ် တစ်ယောက်လာထိုုင်တယ်။ သူ့မှာ အဖော် တစ်ယောက်ပါတယ်။ အဲဒီအဖော်က လေးဆယ်ငါးနှစ်သာသာ အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ ဟိုကလေးမလေးက ထိုင်ခုံကို ဝင်ထိုင်ထိုင်ချင်းပဲ ဘေးနားမှာ ထိုင်နေမြဲဖြစ်တဲ့ ခရီးသည်ကို တစ်စုံတစ်ခု လှမ်းမေးလိုက်တယ်။ ရထားက မထွက်သေးဘူး၊ တံခါးတွေလည်း မပိတ်သေးဘူး။ အဲဒီအချိန်မှာ ဖြစ်နေတဲ့ အဖြစ်အပျက်ပေါ့။

ထိုင်နေတဲ့ ခရီးသည်က ဒါ သူ့ဟာမဟုတ်ဘူးလို့ ခေါင်းခါပြပြီး အေးအေးဆေးဆေးနေတယ်။ ကလေးမလေးရဲ့ အဖော် အမျိုးသမီးက ရထားပေါ်က ဆင်းသွားတဲ့သူ ကျန်ခဲ့တာ ဖြစ်မယ်လို့ ရထားအပြင်ဖက် လက်ညှိုးထိုးရင်း ပြောတယ်။ သူက မတ်တပ်ရပ်နေတာ။ ကလေးမလေးကလည်း ထသွားတဲ့ တစ်ယောက် ကျန်ခဲ့တဲ့ပစ္စည်းကို မထိမိအောင် ခပ်ရို့ရို့လေး ထိုင်နေတယ်။ ဘာ ပစ္စည်းပါလိမ့်။ ပိုက်ဆံအိတ်များလား၊ အဖိုးတန်ပစ္စည်း တစ်ခုခုများလား။

ရထားတံခါးတွေ အလိုအလျောက်ပိတ်သွားပြီး (ဒီ အလိုအလျောက်ဆိုတဲ့ အသုံးအနှုန်းက အော်တိုဆိုတဲ့ စကားလုံးကို မြန်မာမှုပြုထားတာပဲ ဖြစ်မယ်၊ အော်တိုတံခါး၊ အလိုအလျောက်တံခါး အတူတူပဲ၊ အမှန်မှန်က သူ့အလိုအလျောက်ပွင့်တာ ပိတ်တာမဟုတ်ဘူး၊ အကြောင်းဆိုတဲ့ တခုခုရှိလို့ ပိတ်ရ ဖွင့်ရတာ၊ အကြောင်းရှိလို့ အကျိုးဖြစ်တာ၊ အကြောင်းအကျိုးတံခါးလို့ သုံးရင် ပိုသင့်မလားပဲ) ရထားက နောက်တစ်ဘူတာကို ခုတ်မောင်းတယ်။ ငယ်ငယ်က စာထဲပါသလို " မီးရထားကြီး ဂျုံးဂျုံးဂျက်ဂျက်" လို့တော့ မမြည်ဘူး။ အင်းလေ .. မီးရထားကြီးမှ မဟုတ်တော့ ဘယ်လိုလုပ် ဂျုံးဂျုံးဂျက်ဂျက်မြည်မှာလဲ။ ဒါပေမယ့် ရေးပြလို့ မရတဲ့ တခြား အသံတွေတော့ မြည်တာရှိတယ်။

နောက်တစ်ဘူတာဆို ဆင်းရတော့မှာ။ ဒါပေမယ့် ဟိုထိုင်ခုံပေါ်မှာ ရှိနေတဲ့ အရာဟာ ဘာပစ္စည်းလဲဆိုတာ သိချင်စိတ်က ရှိနေပြန်သေးတယ်။ ကံအားလျော်စွာပဲ မတ်တပ်ရပ်နေတဲ့ အမျိုးသမီးက ထိုင်စီးခရီးသည်နှစ်ဦးကြားမှာ ရှိနေတဲ့ အရာကို ကောက်ယူလိုက်တာတွေ့တယ်။

ရထားက ဘူတာကို ဝင်စပြုပြီ။

ရထားပေါ်က ဆင်းဖို့ပြင်နေရင်း စိတ်ဝင်စားမိတဲ့အရာကို ဆက်လက်စူးစမ်းပြန်တယ်။ တွေ့ပြီ။ အမျိုးသမီးက သူများပစ္စည်းကို ယူထားတဲ့အတွက် ကျန်ခရီးသည်တွေ အထင်မလွဲအောင် အဲဒါကို လက်တစ်ဖက်နဲ့ ကိုင်ထားတယ်။ လက်ကို မချဘဲ မြှောက်ကိုင်ထားတယ်။

အင်း ... ရထားစီး ကားစီးတဲ့အခါ သုံးတဲ့ ကဒ်ပေပဲ။

ကဒ်ရဲ့ တဖက်မှာ အလှအပပုံလေးတွေ ကပ်ထားတာကို တွေ့ရတယ်။ တဆက်တည်း တွေးမိတာက ကဒ်ကို ရထားပေါ်မှာ ကျန်ခဲ့သူဟာ ရထားဘူတာကနေ ဘယ်လိုထွက်မလဲဆိုတာပဲ။ ထွက်ခါနီးကျမှ သူ့ကဒ်ကျကျန်ရစ်ခဲ့မှန်း သိချင်လည်း သိမယ်၊ လိုက်ရှာကောင်းလည်း ရှာနေလိမ့်မယ် ဆိုတာပဲ။ အဲဒီကဒ်ထဲမှာ အများအားဖြင့် ငွေများများဖြည့်ထားလေ့မရှိကြတာများတယ်။ သို့သော်လည်း တချို့လူတွေအနေနဲ့ တလစာအတွက် တခါတည်း ကျနိုင်မယ်ထင်တဲ့ ပမာဏကို ကဒ်ထဲမှာ တခါတည်း ဖြည့်တင်းထားလေ့ရှိတယ်။ အဲဒီလိုဆိုရင်တော့ နှမြောစရာပဲလို့ သနားမိပြန်တယ်။

ကဒ်ကို ကိုင်ထားတဲ့ အမျိုးသမီးကလည်း အခုဆိုက်မယ့် ဘူတာမှာ ဆင်းမယ့်ပုံရတယ်။ အဲဒါနဲ့ ရထားပေါ်က ဆင်းတဲ့အခါ သူတို့နှစ်ယောက်လည်း ဆင်းတာ တွေ့တယ်။

စက်လှေကားနဲ့ ဆင်းနေရင်း ကိုယ့်ဖာသာကိုယ် မေးခွန်းတစ်ခု မေးကြည့်တယ်။

မင်းသာ အဲဒီလို ကဒ်ကို တွေ့ပါပြီတဲ့၊ ဘာဆက်လုပ်မလဲ။ တွေ့တဲ့နေရာမှာပဲ ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူရှုတဲ့သဘောနဲ့ ထားပစ်ခဲ့မလား၊ ကိုယ်နဲ့ထိုက်လို့ ကိုယ်ရတာပဲဆိုပြီး အတည်ပေါက်နဲ့ အိတ်ကပ်ထဲ ထည့်လာမလား။ ဒီအမျိုးသမီးလိုပဲ ကဒ်ကို လက်မြှောက်ပြီး ကိုင်လာမလား။

ပြန်ဖြေကြည့်တယ်။ စက်လှေကားဆင်းနေတုန်းမှာ။ စက်လှေကား ညာဖက်ပိုင်းကို ဆင်းမိတဲ့အတွက် အလိုအလျောက်သွားနေတဲ့ လှေကားထစ်မှာ ရပ်မနေဘဲ တထစ်ချင်း ဆင်းနေရတယ်။

ဘယ်လုပ်မလဲ ... ယူလာပြီး ရထားဘူတာမှာရှိတဲ့ ခရီးသည်ဝန်ဆောင်မှုအဖွဲ့ (Passenger Service) ကို ပေးမှာပေါ့။ ပေးတာတော့ ဟုတ်ပါပြီ၊ ကဒ် ကျကျန်ခဲ့တဲ့ခရီးသည်က Passenger Service မှာ ဒီလိုပေးခဲ့တာကို သူ့အနေနဲ့ ဘယ်လိုသိနိုင်ပါ့မလဲ။ ကဒ်တွေမှာက နံပါတ်စဉ်တန်း တခု ပါတာ သတိထားမိတယ်။ ဘာအတွက်သုံးရမယ် ဆိုတာကို တခါမှ လိုက်ပြီး မလေ့လာဖူးပါ။ ဒီနံပါတ်လေးတွေ မှတ်ထားရင် ကဒ်ပျောက်သွားတဲ့အခါ အဲဒီနံပါတ်တွေပြောပြပြီး ဘာလုပ်နိုင်တယ် ညာလုပ်နိုင်တယ်ဆိုတာလောက် ဝေဝေ၀ါးဝါး မှတ်သားထားဖူးတာပဲရှိတယ်။ ဟုတ်လား မဟုတ်လားလဲ တခါမှ မမေးကြည့်ဖူးဘူး။

အခုလည်း ပျောက်သွားတဲ့သူဟာ သူသုံးနေတဲ့ ကဒ််မှာပါတဲ့ နံပါတ်စဉ်တန်းကိုရော မှတ်ထားဖူးတဲ့သူ ဖြစ်ပါ့မလား။ မှတ်ဖူးရင်လည်း ပျောက်သွားတဲ့အခါ ဘယ်လိုလုပ်ရမယ်ဆိုတာကို သိတဲ့သူဖြစ်ပါ့မလားလို့ တွေးပူမိပြန်တယ်။ ကဒ်ထဲမှာ ငွေများများဖြည့်ထားရင် အခုလောက်ဆို ပူပင်နေရောပေါ့လို့ မဆီမဆိုင် ကရုဏာသက်မိပြန်ပါသေးတယ်။

အဲဒါနဲ့ ဘူတာက အထွက်မှာ ကဒ်ယူသွားတဲ့ နှစ်ယောက်ကို ပြန်ကြည့်မိတယ်။ သူတို့ ဘာလုပ်ကြမလဲပေါ့။

တွေ့ပါတယ်။ သူတို့လုပ်ရမယ့် အလုပ်ကို အေးအေးဆေးဆေး လုပ်သွားနိုင်ကြတဲ့အတွက် ချီးကျူးမိပါတယ်။

Passenger Service မှာ ကဒ်ကို သွားပေးလိုက်တာ တွေ့လိုက်ရတာကြောင့် ဖြစ်ပါတယ်။

ဒါကတော့ ဒီညပိုင်းမှာ ရရှိလိုက်တဲ့ ခရီးတို စာစု (၂) ပါ။

ကျော်မောင်(တိုင်းတာရေး)
၁၂-ဇွန်-၂၀၁၈
#ခရီးတိုစာစုများ

No comments: