Aug 31, 2018

ခရီးတို စာစုများ

ဘတ်စ်ကားက မှတ်တိုင်မှာ ရပ်နေတာကို လှမ်းမြင်ရတယ်။ ရှေ့မှာ လမ်းလျှောက်နေတဲ့ လူနှစ်ယောက်က မသွားသေးတဲ့ကားကို မီအောင် အတင်းပြေးကြတယ်။

"ပြေး သူတို့ကို မီအောင် ပြေး" ဒါက ခြေထောက်ကို လှမ်းပြောလိုက်တာ။

ပြေးတယ် သပ်သပ်ရပ်ရပ်ပြေးတယ်။ သပ်သပ်ရပ်ရပ်ပြေးတယ်ဆိုတာ အပြေးလေ့ကျင့်နည်းထဲကအတိုင်း နည်းစနစ်တကျ ပြေးတာကို ဆိုလိုတာ။ ပြေးချင်သလို တရကြမ်း ပြေးနေတာမဟုတ်။ ကားနားရောက်တော့ ကားက မထွက်သေး။ ဟော ဟဲ မဖြစ်။ ဘယ်ဖြစ်မလဲ၊ ဒီလိုပြေးနေတာ နှစ်ပေါင်းကြာခဲ့ပြီ၊ တာတိုချန်ပီယံမဖြစ်တာတောင် အပြစ်ပြောရမယ်။ ကားပေါ်တက်လိုက်တယ်။

ကားပေါ်တက်တယ်ဆိုလို့ "တက်" ပါတဲ့ စကားလုံးတွဲတွေ လိုက်ရွတ်ကြည့်တော့ " လှေပေါ်တက်သည်" " မြင်းပေါ်တက်သည်" "စက်ဘီးပေါ်တက်သည်" "မော်တော်ဘုတ်ပေါ်တက်သည်" "သင်္ဘောပေါ်တက်သည်" "လေယာဉ်ပေါ်တက်သည်" အဲဒါတွေထဲမှာ "အိမ်သာတက်သည်" ဆိုတာကိုတော့ သိပ်သဘောမကျ။ အဲဒီအစား "အိမ်သာထိုင်သည်" ဆိုပြီး ပြောကြ ဆိုကြတာကို သဘောကျသည်။ "ဘိုထိုင်အိမ်သာ"ဆိုတဲ့ အသုံးရှိတယ်မဟုတ်ပါလား။ "ဘိုတက်အိမ်သာ"ဆိုတာ မရှိဘူး ထင်စ။

ကားပေါ်ရောက်တဲ့အခါ လုပ်စရာရှိတဲ့ အလုပ်တွေကို တခုပြီးတခု ဆက်တိုက်လုပ်လိုက်တယ်။

၁) ကားခအတွက် ကားစီး ရထားစီးကဒ်ကို ထုတ်ပြီး စက်မှာ ကပ်လိုက်တယ်။ အတက်မှာ ကပ်တာ၊ အဆင်းမှာလည်း ကပ်ရမယ်။ အဲဒါမှ ကားခကို ဖြတ်သွားလိမ့်မယ်။

၂) ကဒ်ကို ကပ်ပြီးရင် ထိုင်ခုံလွတ်ကို ရှာရတယ်။ တွေ့ရင် သွားထိုင်ဖို့ ခြေလှမ်းရတယ်။ အဲဒီအချိန် ကားက မှတ်တိုင်က ထွက်ရင် လူမယိုုင်သွားအောင် ကားပေါ်မှာရှိတဲ့ တန်းတွေ တိုင်တွေ ကွင်းတွေကို ကိုင်ပြီးသွားရတယ်။

၃) ထိုင်ခုံမထိုင်ခင် ထိုင်သင့်သော ထိုုင်ခုံလား၊ မထိုင်သင့်သော ထိုင်ခုံလား စူးစမ်းရတယ်။ ဖြစ်ခဲပေမဲ့ အချိုရည်တို့ ကော်ဖီရည်တို့ ဖိတ်ထားတဲ့ ထိုင်ခုံမျိုး ရှိတာ လက်တွေ့ကြုံဖူးပါတယ်။

၄) ထိုင်ခုံမှာ ထိုင်ရတယ်။

၅) ထိုင်ပြီးရင် ဖုန်းလေးထုတ်ပြီး ပွတ်ရတယ်။ ဘာကြောင့်ဆို ကားတစီးလုံး ခရီးသည်အကုန် ဖုန်းပဲ ကြည့်နေတဲ့သူချည်းပဲ။ ဖုန်းမသုံးတဲ့သူဆိုတာ ခရီးသည်မဟုတ်ဘူး ဆိုတဲ့ ပုံစံ။ ဒါမှမဟုတ်ရင်လည်း အိတ်ထဲက စာအုပ်တစ်အုပ်အုပ်ထုတ်ပြီး ဖွင့်ဖတ်နေ။

ဒါက ကားစီးခရီးသည်တစ်ယောက်ရဲ့ လုပ်ရတဲ့ လုပ်ငန်းစဉ်ပဲ။

နောက်ဆုံးခုံမှာ နေရာရတဲ့အတွက် ဝင်ထိုင်တယ်။ ဖုန်းပွတ်မယ် ကြံပြီးမှ ကားမထွက်သေးတာကို သတိထားမိတယ်။ ဖုန်းကို အိတ်ထဲပြန်ထည့်လိုက်တယ်။ ကားက မထွက်သေး။ ဘာကြောင့် ဒီဘတ်စ်ကားက မထွက်သေးတာပါလိမ့်။ မှတ်တိုင်မှာလဲ ခရီးသည် မကျန်။ ဒီမှတ်တိုင်က ကားစထွက်ရာ ကားဂိတ်ကနေတွက်ရင် စစချင်း မှတ်တိုင်ဖြစ်တယ်။ ဒါလေး မှတ်ပေးထားပါ။

ကားကပ္ပတိန်ရှိရာ လှမ်းကြည့်တော့ သူက တယောက်ယောက်နဲ့ ဖုန်းပြောနေသလိုလို။ ဒါဆို ကားပျက်လို့ များလား။ ကားကပ္ပတိန်တွေဟာ သူတို့မောင်းနေတဲ့ ဘတ်စ်ကားမှာ အပြစ်အနာအဆာ တခုခုဖြစ်ရင် ကားကို ဆက်မမောင်းသေးဘဲ သူတို့ရဲ့ ကားဌာနမှာရှိတဲ့ အဖွဲ့ကို အကြောင်းကြားကြရပုံရတယ်။ အခုလည်း ပြောနေဆိုနေသံကြားနေရတယ်။ အင်္ဂလိပ်စကား မြန်မာစကား မဟုတ်တော့ နားမလည်။

ကားဆရာက ကားမောင်းထိုင်ခုံကနေ ထပြီး ကားအလယ်ပိုင်းလောက်အထိ လျှောက်လာတယ်။ အဒေါ်ကြီးကို ကြည့်ပြီး ပြောတယ်။ အဒေါ်ကြီးက ကျနော့်ထိုင်ခုံရှေ့တည့်တည့်က ခုံမှာ ထိုင်နေသူ။

ကားဆရာ။ ။ (အင်္ဂလိပ်ဘာသာနဲ့ ပြောတာ) ဒီမှာ အဒေါ်ကြီး၊ မရဘူးဗျ။ မပေးလို့ကို မရဘူး။

အဒေါ်ကြီး။ ။ (ခပ်တည်တည်ဖြင့်၊ ခုကာလအသုံးဆိုရင်တော့ ခပ်ချေချေပေါ့) အိုး ... ငါ့မှာလည်း မပါဘူးလေ(သူလည်းအင်္ဂလိပ်ဘာသာနဲ့ ပြန်ပြောတာ)

အင်္ဂလိပ်လို ပြောနေပေမယ့် သူတို့နှစ်ယောက်ပြောနေတာ နားမလည်ဖြစ်သွားတယ်။ ခရီးသည်အားလုံးကလည်း လှမ်းကြည့်နေကြတယ်။ ကားဆရာက ထပ်ပြောတယ်။ သူ့ရုံးကပြောတယ်။ မပေးလို့ မရဘူး။ မပေးရင် ဆင်းပဲတဲ့။

အဒေါ်ကြီးက သူ့ဘေးဘက်မှာ သူ့ကို ကြည့်နေတဲ့ ခရီးသည်မိန်းမတစ်ယောက်ကို အကူအညီတောင်းတယ်။

"နင့်မှာ အကြွေလေးများ ပါသလား"

အဲဒီတယောက်ကလည်း ခပ်တည်တည်ပဲ။ မပါဘူးပေါ့။

နားလည်စပြုလာတယ်။ သြော် ကားခ မပေးဘဲ ကားပေါ်တက်လာလို့ ကားဆရာက ကားမထွက်သေးဘဲ ကားခ လာတောင်းတာကိုး။

ကားရှေ့ပိုင်းလောက်က ထိုင်ခုံမှာ ထိုင်နေတဲ့ ဆံပင်တိုနဲ့ ခေတ်ဆန်ဆန် အဒေါ်ကြီးတယောက်က ကားဆရာကို ဒီလိုလှမ်းပြောတယ်။

"ကဲ ကြာပါတယ်။ ကားခ ဘယ်လောက်ကျသလဲ။ ငါ ပေးပါမယ်ကွယ်။"

ကျနော့်ဘေး တယောက်ကျော်မှာ ထိုင်နေတဲ့ အမျိုးသမီးငယ်ကလဲ ပိုက်ဆံထုတ်နေပြီ။ သူကလဲ ကားခ စိုက်ပေးပါမယ်ပေါ့။ ကားဆရာက ကားခမပေးတဲ့ အဒေါ်ကြီးကို ကြည့်တယ်။ ပြီးတော့ ခေါင်းခါပြီး ကားမောင်းထိုင်ခုံရှိရာသွားကာ ကားမောင်းတယ်။

အဒေါ်ကြီးက သူ့အတွက် ကားစီးခ စိုက်ပေးမယ် ပြုတဲ့ အမျိုးသမီးငယ်ကို ကျေးဇူးတင်ကြောင်း ဆိုတယ်။ ရွယ်တူလောက်ရှိမယ့် ရှေ့ပိုင်းက အဒေါ်ကြီးကိုတော့ ဘာမှမဆို။

ကားက မှတ်တိုင်ကနေ ထွက်လာတယ်။ မီးပွိုင့်နှစ်ပွိုင့်ကို ဖြတ်ကျော်ပြီးတဲ့အခါ စျေးမှတ်တိုင်ကို ရောက်ပါတယ်။

ကျနော်နဲ့ ခရီးသည် သုံးလေးယောက်လောက်ပဲ ကျန်ပြီး အားလုံး ဆင်းကြတယ်။ လူဆင်းများတဲ့ မှတ်တိုင်ပါ။ အဒေါ်ကြီးလည်း ဆင်းသွားတယ်။ ကားသမားလည်း ကားကို သတိနဲ့ မောင်းနေတာ တွေ့တယ်။ သူ့မှာ ခုနက ကိစ္စကို ခေါင်းထဲက ထုတ်ထားလိုက်ပုံရတယ်။

နောက်တမှတ်တိုင်ရောက်တဲ့အခါ ကျနော်လည်း ဆင်းရမယ့် မှတ်တိုင်ဖြစ်လို့ ကားပေါ်ကနေ ဆင်းခဲ့ပါတယ်။ ကားပေါ်ကမဆင်းခင်မှာ အလုပ်တစ်ခု လုပ်ရပါတယ်။ ဒါက ကားပေါ်တက်တုန်းက စက်မှာ ကပ်လိုက်ရတဲ့ ကဒ်ကိုထုတ်ပြီး စက်မှာ ကပ်လိုက်ရတာပါပဲ။

ကားခက ၃.၂ ကီလိုမီတာ အထိဆိုရင် စင်ကာပူဒေါ်လာ ၀.၇၇ ဖြစ်ပါတယ်။ ၇၇ ဆင့်ပေါ့။ ကျနော် ဆင်းရတဲ့ မှတ်တိုင်က စီးလာတဲ့ မှတ်တိုင်ကနေ တွက်ရင် တစ်ကီလိုမီတာပဲ ရှိပါတယ်။

ကျော်မောင်(တိုင်းတာရေး)
၉-ဇွန်-၂၀၁၈
#ခရီးတိုစာစုများ

No comments: