ညစာ စားသောက်ပြီးတဲ့အခါ ရန်ကုန်က အသိမိတ်ဆွေရောက်နေတယ် ဆိုတာနဲ့ အဲဒီမိတ်ဆွေ တည်းခိုရာအိမ်ကို သားအဖနှစ်ယောက် လမ်းလျှောက်ထွက်ခဲ့တယ်။ လမ်းမီးတိုင်တွေ မရှိသေးတဲ့ အရပ်မို့ လက်နှိပ်ဓာတ်မီး အားကိုးနဲ့ အဖေ့မိတ်ဆွေ ဦးလေးကြီးတယောက်တည်းရာအိမ်ကို ရောက်လာတယ် ဆိုပါစို့။
ရန်ကုန်မှာကတည်းက တရပ်ကွက်တည်း နေခဲ့တာဆိုတော့ စကားစမြည်တွေ မြို့ရောက် နိုင်ငံရောက် ပြောကြတာပေါ့ဗျာ။ တောရောက် တောင်ရောက် ဆိုတဲ့ စကားက မတွင်ကျယ်တော့တဲ့အတွက် မြို့ရောက် နိုင်ငံရောက်လို့ အစားထိုးသုံးတာ။
အဲဒီမှာ ဦးလေးက မေးတယ်။ ခင်ဗျားတို့ သားအဖ ညစာစားပြီးကြပြီလား တဲ့။
စားပြီးမှ ထွက်လာတာဗျို့ လို့ ပြန်ပြောကြတော့ အေးဗျာ .... ကျနော်တော့ ညစာ ထမင်းမစားတာ အတော်ကြာပြီလို့ ပြောပါတယ်။
သူ့ကြည့်တော့လည်း မဝအောင် ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းထားနိုင်ပုံပေါ်တယ်။ ကျန်းမားရေးကို တော်တော်လေး လိုက်စားသူ ဖြစ်မှာပဲလို့ တွေးမိပြီး ညစာ ထမင်းမစားလို့များ ဒီလို ကျန်းမာနေတာလားလို့ စဉ်းစားမိပြန်တယ်။
ဦးလေးက ကျနော့်ကို ပြောပါတယ် "ဟေ့ မင်း ထမင်းစားခဲ့ပြီဆိုပေမယ့် အသီးလေး ဘာလေး စားပါဦး၊ ညနေက သင်္ဘောသီးတလုံး ခူးထားတာ ရှိတယ်" လို့ပြောပြီး ပြန်ဖြေတာတောင် မစောင့်တော့ဘဲ အိမ်မှာရှိတဲ့ လူတယောက်ကို သဘောင်္သီးထည့်လာဖို့ ခိုင်းလိုက်တယ်။
ပန်းကန်ပေါ်မှာ သင်္ဘောသီးတခြမ်း ဘေးမှာက သံပရာသီး တခြမ်း၊ ရှယ် ရောက်လာတယ်၊ ရှယ် ဆိုတာ ဇွန်းတပ်ကို ဆိုလိုတာ။
"ကဲ ငါ့တူ စားကွ။ မင်းက လူငယ်ပဲ။ လူငယ်ဆိုတာ စားနိုင်တုန်း များများသာစား"
သံပရာသီးကို ကိုင်ကြည့်နေတော့ သူက ရိပ်မိတယ်။
"ဒါ ဒီကနည်း၊ သင်္ဘောသီးပေါ် သံပရာရည်ညှစ်၊ ဇွန်းနဲ့ ခပ်စား၊ အရသာတစ်မျိုးကောင်းတယ်"
ကျနော်လညး် ညစာ ထမင်းမစားတဲ့ အဲဒီဦးလေး ရှေ့မှာ ဟန်ပန်မဆောင်နိုင်တော့ဘဲ ပန်းကန်ပြားထဲမှာ သင်္ဘောသီးခွံရယ်၊ ဇွန်းရယ်၊ သံပရာခွံရယ်ပဲ ကျန်တဲ့အထိ မြန်မြန်စားလိုက်တယ်။ နောက်ပိုင်း သင်္ဘောသီးစားတဲ့အခါ သံပရာရည်ညှစ်ပြီး စားရတဲ့ အလေ့အကျင့်ကို ဆက်လက်ကျင့်သုံးမိတယ်။
အဲဒီအချိန်မှာ အိမ်ပေါ်ကို လူတစ်ယောက်တက်လာတယ်။ လက်ထဲမှာ အထုပ်တစ်ထုပ်ဆွဲလို့။
ဦးလေးကို ကြည့်ပြီး "ဆရာ၊ ကျနော် ခေါက်ဆွဲဝယ်ခဲ့ပြီ၊ သွားထည့်လိုက်မယ်"
"အေး အေး ကောင်းတယ်"
စိတ်ထဲမှာ တွေးနေတာ အင်း .. သင်္ဘောသီးလညး် စားပြီးပြီ၊ ခေါက်ဆွဲကြော်ထပ်စားရဦးမှာပါလား၊ ဒို့လာတာ သိတော့ ဖုန်းများ ကြိုဆက်လိုက်တာလား၊ ဖုန်းဆက်တာတော့ မတွေ့မိ။ ဒီတခါတော့ အပြတ်ငြင်းမှပဲ။ ဗိုက်လည်း ကားနေပြီ။
ခေါက်ဆွဲကြော်ပန်းကန်က ဇွန်းခက်ရင်းနဲ့တွဲလို့ စားပွဲပေါ်ရောက်လာတယ်။ နယ်ကြော်ဆိုပေမယ့် ကြည့်ရတာ စားလို့ကောင်းမယ့်ပုံ။ လာချတဲ့သူက ကျနော့်ရှေ့မှာ လာမချဘူး။ ဦးလေးရှေ့မှာ သွားချတယ်။
ဟာ ဒီလူ မှားချပြန်ပြီ လို့ စိတ်ထဲပြောနေတုန်း၊
ဦးလေးက ဇွန်းနဲ့ခက်ရင်းကို ကိုင်လိုက်ရင်း "ကဲ ခင်ဗျားတို့သားအဖရှေ့မှာပဲ ကျနော်တော့ ခေါက်ဆွဲကြော် စားလိုက်ဦးမယ်ဗျာ" လို့ ခွင့်တောင်းပြီး ခေါက်ဆွဲကြော်ပူပူနွေးနွေးကို အားပါးတရ စားပါတော့တယ်။
အဲဒီအခါမှပဲ .....
သြော် ..... သူ ညစာ ထမင်းမစားဘူး ဆိုတာ တယ်မှန်ပါ့လား လို့ အမြင်မှန်ရမိပါတော့တယ်။
ရန်ကုန်ပြန်ရောက်တဲ့အခါ ဒီအဖြစ်အပျက်လေး ပြန်ဖောက်သည်ချရင်း ရယ်မောဖြစ်ကြပါတယ်။ ကျနော်က တခါတလေမှာ အဲဒီလို အတွေးချော်တတ်ပါတယ်။
ကျော်မောင်(တိုင်းတာရေး)
၁၁-ဇွန်-၂၀၁၈
No comments:
Post a Comment