Aug 31, 2018

နာမည်ကျော် (ဝတ္ထုတို)


တူ ။ ။ ဦးလေး မှတ်မိသေးလား။ သီတင်းကျွတ်ပွဲတော်မှာတုန်းက စတိတ်ရှိုးတီးဝိုင်းကားပေါ်မှာ သီချင်းဆိုတဲ့ အဆိုတော်လေ။ အဲဒီတယောက် အခု ဘယ်ရောက်သွားလဲ။ သီချင်းခွေတွေ ဘာတွေ ထုတ်တာလည်း မကြားရဘူး။

ဦးလေး။ ။ ဟေ့ကောင်၊ ဘာတုန်းဟ။ ဘယ်တုန်းက သီတင်းကျွတ်ပွဲတော်လည်း။
 
တူ ။ ။ ကျနော်တို့မြို့က သီတင်းကျွတ်လေ။ အဲဒီတုန်းက ကျနော်က ရှိလှ ဆယ်နှစ်တောင် မပြည့်သေးဘူး ထင်တယ်။ အဲဒီလောက်တုန်းက သီချင်းဆိုတဲ့တယောက်၊ ရုပ်က တော်တော်ချောတယ်ဗျ။ နာမည်က --- လေဗျာ။ နာမည်အရင်းလား အနုပညာနာမည်လားတော့မသိ။ ဇာလက်အိတ်အဖြူရောင်တွေ လက်နှစ်ဖက်မှာ ဝတ်ပြီး ဆိုတာ။ အသံတော်တော်ကောင်းတယ်။ အဲဒီတယောက် အခုဘယ်ရောက်သွားလဲ။

ဦးလေးရဲ့ သူငယ်ချင်းက ဝင်ပြောသည်။ သူက စကားထဲမှာ ပါတဲ့ မြို့မှာ နေတဲ့သူ။ ရန်ကုန်ကို ကိစ္စတခုနဲ့ အလည်လာရင်း ဦးလေးရှိရာမှာ လာတည်းသည်။ ဦးလေးနဲ့ သူနဲ့က ငယ်ငယ်ကတည်းက ကျောင်းနေဖက်။

ဦးလေး မိတ်ဆွေ။ ။ တူကြီး မင်းပြောတဲ့တယောက် ငါသိတယ်။

တူ ။ ။ ဟုတ်လား၊ လုပ်စမ်းပါဦးဗျာ။ အဲဒီတယောက် အခု ငါးနှစ်ခြောက်နှစ်အတွင်းမှာ ဘာဖြစ်သွားလဲ။ သီချင်းတွေ ဆက်ဆိုသေးလား။

ဦးလေး မိတ်ဆွေ (သူ့သူငယ်ချင်းဖက်လှည့်ပြီးပြော) ။ ။ ဟေ့ မင်းတူပြောတာ ဟိုတယောက်လေကွာ။ မှတ်မိပြီမဟုတ်လား။

ဦးလေး။ ။ အင်း (ရီဝေဝေ ပြုံးလိုက်ရင်း သက်ပြင်းရှည်ချ)

ဆောင်းတွင်းဖြစ်သောကြောင့် အိမ်ရှေ့ဝရန်တာ တံခါးမကြီးအား ပိတ်ထားသည့်တိုင် အေးနေဆဲဖြစ်သော ရန်ကုန်ည၏ အအေးကို အံတုဖို့အတွက် လက်ဖက်ခြောက်ခတ်ထားသော ရေနွေးခွက်ကိုယ်စီဖြင့် သူတို့သုံးယောက်သား စကားပြောနေကြခြင်းဖြစ်သည်။ ဦးလေးက သူ့တူမှာ စစ်တုရင်ကစားတာ တော်ကြောင်း အနည်းငယ် ကြွားထားသည့်အတွက် ဦးလေးသူငယ်ချင်းနှင့် စစ်တုရင်ထိုးရင်း ဟိုရောက်ဒီရောက် ပြောနေကြခြင်းဖြစ်သည်။

ဦးလေး မိတ်ဆွေ ။ ။ ဒီလိုကွ၊ တူကြီးရ။ သူက အဲဒီသီတင်းကျွတ်မှာ စပြီး စင်ပေါ်တက်တယ်။ နောက်နှစ် သီတင်းကျွတ်မှာ ထပ်ဆိုတယ်။ နောက်ပိုင်းမှာတော့ စင်ပေါ်မတက်နိုင်တော့ဘူး။

တူ။ ။ ဘယ်လိုဖြစ်တာလဲဗျ။ ရုပ်ရည်လည်း ရှိ၊ အသံလည်း ကောင်း၊ ဟန်ပန်အမူအရာလည်း မဆိုးရဲ့သားနဲ့။

ဦးလေး (သူ့သူငယ်ချင်းကို လက်ကာပြလျက်) ။ ။ ပြောပြမနေပါနဲ့တော့ကွာ။ ကဲ ကဲ တူကြီး မင်းရထားနဲ့ သူ့မြင်းကို ချုပ်ထားလိုက်။

စကားကို မပြတ်ချင်သေးသောကြောင့် ့ပွဲကြည့်ပရိတ်သတ်ဖြစ်သည့် ဦးလေး ဘေးနားကနေ တွန်းသည့်အတိုင်း ရထားကို ကိုင်ကာ မြင်းရှေ့အကွက်တည့်တည့်တွင် ချထားလိုက်သည်။

တူ ။ ။ ဟာ ဦးလေးကလည်း စကားကို မဖျက်ပစ်ပါနဲ့။ ဘာဖြစ်လို့ ပြောပြမနေပါနဲ့တော့ကွာလို့ ပြောရတာလည်း။ စီးရီးထုတ်ဖြစ်သွားလား အဲဒီလိုပဲ ပွဲတွေမှာ ဆက်ဆိုနေတုန်းပဲလား။

ဦးလေး။ ။ ဒီမှာ ငါ့တူကြီး။ နာမည်ကြီး အဆိုတော်ဖြစ်ဖို့က အသံလည်း ကောင်းတယ်၊ ရုပ်ရည်လည်း ရှိရုံနဲ့ မပြီးသေးဘူးကွ။ ဒါရှိဖို့လည်း လိုသေးတယ်ကွ။

ဦးလေးက လက်ညှိုးထိပ်နဲ့ လက်မထိပ်ကို ထိလျက် အဝိုင်းပုံစံလုပ်ပြလိုက်သည်။

တူ။ ။ အဲဒီ ဒါဆိုတာက ...

ဦးလေး မိတ်ဆွေ (ခေါင်းငြိမ့်လျက်)။ ။ အေး ပိုက်ဆံရှိဖို့လည်း လိုတယ်ဆိုတာ ပြောတာ။ သူတို့က မြို့တောင်ပိုင်းမှာ နေတယ်။ အတော်ဆင်းရဲတယ်ကွ။ တော်တော့်ကို ဆင်းရဲတာ။ ဇာတ်လမ်းက အဲဒါပဲ။ ကဲ တူကြီး မင်းရှုံးပြီ။ မင်းဘုရင်ကြီး ပြေးပေါက်မရှိတော့ဘူး။ နောက်တပွဲ ထပ်ကစားကြတာပေါ့။ အကောင်တွေ ပြန်စီလိုက်ကွာ။

သူက ပြောရင်း အငွေ့တထောင်းထောင်းထလျက်ရှိသော ရေနွေးပူပူကို မြန်မြန်သောက်ချလိုက်လေသည်။

ကျော်မောင်(တိုင်းတာရေး)
၂၅-မေ-၂၀၁၇

စာအုပ်စင်များပေါ်သို့ ရောက်နေမည့် စာအုပ်များ


ရန်ကုန် တစ်ခေါက်ပြန်သွားတုန်းက စာအုပ်ရှာဝယ်ဖို့ စိတ်ကူးထား စီစဉ်ထားတာလည်း ရှိတာနဲ့ စာအုပ်ဆိုင်တွေရှိရာ ထွက်ဖြစ်ခဲ့တယ်။ ရန်ကုန်မရောက်ခင်ကတည်းက ဘယ်ဆိုင်ကိုတော့ ဘယ်စာအုပ်တွေ မေးပြီးသွားဝယ်မယ်လို့ မှန်းထားခဲ့တာ။

အဲဒါနဲ့ပဲ စာပေဗိမာန် စာအုပ်ဆိုင်ရောက်ခဲ့ပါတယ်။ ရောက်တဲ့အခါ စာရွက်ဖြူပေါ်မှာ လက်ရေးနဲ့ချရေးထားတဲ့ ဝယ်လိုသော စာအုပ်စာရင်းကို ကောင်တာမှာ ရှိတဲ့ အရောင်းဝန်ထမ်းတွေကို ပြတယ်။ ခဏလေးနော် ပြောပြီး စာရင်းစာရွက်ကို အရောင်းဝန်ထမ်းနောက်တစ်ယောက်ကို ပေးလိုက်တာ တွေ့တယ်။ အဲဒီတစ်ယောက်နဲ့ မေးဝယ်ပါပေါ့။

အရောင်းစာရေးဖြစ်သူရဲ့ စာပေဗိမာန်တိုက်ထုတ်စာအုပ်တွေအပေါ် နှံ့စပ်ကျွမ်းကျင်မှုကို တွေ့ရှိရတဲ့အခါ ဝမ်းသာအားရဖြစ်ရပါတယ်။ ဝယ်လိုတဲ့ စာရင်းစာရွက်ပါ စာအုပ်များကို ဘာစာအုပ်ကတော့ဖြင့် ရှိသေးတယ်၊ ဘယ်စာအုပ်က အခု စာပေဗိမာန်အနေနဲ့ မထုတ်တော့ဘူး၊ ဒါပေမဲ့ တခြားတိုက်က ထုတ်တာတော့ ဒီမှာတင်ရောင်းတယ်၊ ဒီစာအုပ်ကတော့ ဒီမှာပြတ်နေပြီ စသည်ဖြင့် မင်နဲ့ အမှတ်ခြစ်သင့်တာခြစ်၊ ကြက်ခြေခတ်သင့်ခတ်နဲ့ ရှင်းပြပါတယ်။

ဝယ်လိုတဲ့ စာရင်းထဲမှာ ပါတဲ့ စာအုပ်အားလုံးဟာ စာပေဗိမာန် စာမူဆုရ စာအုပ်များဖြစ်ပါတယ်။ နှစ်ကာလကြာညောင်းပြီ ဖြစ်ပေမဲ့ တချို့စာအုပ်များဆို အခုထိဝယ်ယူလို့ ရသေးတဲ့အတွက် ကြည်နူးမှုဖြစ်ခဲ့ရပါတယ်။

ဘာကြောင့်မို့လို့ ဒါလေးကို ပြန်ရေးရတာလဲဆိုရင် ပြီးခဲ့တဲ့ အင်္ဂါနေ့ ရုံးပိတ်ရက်မှာ စာအုပ်ပုံတွေ ပြန်ဖွဖြစ်တယ် ဆိုပါစို့။ အဲဒီမှာ ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ) ပြုစုတဲ့ "အာဟာရ နှင့် ကျန်းမာရေး" ဆိုတဲ့ စာအုပ်၊ အဲဒီစာအုပ်က ၂၀၀၆ ခုနှစ် စာပေဗိမာန်စာမူဆုကို သုတပဒေသာ (အသုံးချသိပ္ပံ) ဘာသာရပ် တတိယဆုအဖြစ် ရတဲ့ စာအုပ်ဖြစ်တယ်။ အဲဒီစာအုပ်ကို ပြန်တွေ့မိတယ်။

နောက်တစ်အုပ်ကတော့ ဦးမိုးမြင့်ဝင်း (သိပ္ပံနှင့် နည်းပညာ) ရေးတဲ့" မြန်မာ့အနုပညာနယ်ပယ်၏ မူပိုင်ခွင့်နှင့် တီထွင်မှုများ" ဆိုတဲ့ စာအုပ်။ ဒီစာအုပ်ကလညး် ၂၀၀၆ ခုနှစ် စာပေဗိမာန်စာမူဆုကို သုတပဒေသာ (၀ိဇ္ဇာပညာရပ်) မှာ ဒုတိယဆုအဖြစ် ရရှိခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။

တတိယတစ်အုပ်အနေနဲ့ နှစ်အတူတူပါပဲ၊ ၂၀၀၆ ခုနှစ် စာပေဗိမာန်စာမူဆု သုတပဒေသာ (သိပ္ပံနှင့် အသုံးချသိပ္ပံ) ဘာသာရပ် ဒုတိယဆုရ စာအုပ်ဖြစ်တဲ့ "ဝန်းကျင်သဘာဝနှင့် ရောဂါဘယ" ဆိုတဲ့ စာအုပ်ပါ။ ရေးသူက ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ဖြစ်ပါတယ်။

တွေ့မိတဲ့ စာအုပ်တွေကို ဟိုလှန်ဒီလှော ပြန်ဖတ်ရင်းနဲ့ ဒီလို ဆုရစာအုပ်စာပေမျိုးတွေဟာ စာအုပ်တန်ဖိုးအနေနဲ့ကလည်း အတော်ကို သင့်တင့်တဲ့ စျေးနှုန်းတွေနဲ့ ဖြစ်လို့ ကျောင်းစာကြည့်တိုက်တွေမှာ ရှိသင့်တယ်၊ တချို့ကျောင်းတွေမှာ ဒီလိုစာအုပ်မျိုးတွေ ရှိနေချင်ရှိနေကြမှာ၊ ဆရာ ဆရာမတွေ ကျောင်းသူ ကျောင်းသားတွေဟာ ဒီလိုစာအုပ်မျိုးတွေကိုဖတ်ပြီး ဗဟုသုတများစွာ ရရှိ၊ အချင်းချင်း ဆွေးနွေးနေကြ ငြင်းခုံနေကြ အမြင်တွေ ဖလှယ်နေကြတာ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်ဆိုပြီး ....

ဖော်ပြခဲ့တဲ့ စာအုပ်သုံးအုပ်မှာ ရေးသားထားချက်တွေကို စာမြည်းအနေနဲ့ နောက်မှပဲ ပြောပြပါ့မယ်။

ကျော်မောင်(တိုင်းတာရေး)
၃၁-မေ-၂၀၁၈

အတွေးလွန်သွားပုံက


နယ်ဖက်သွားလည်တုန်းက ကြုံခဲ့ရ မှတ်ခဲ့ရတာလေးဖြစ်ပါတယ်။

ညစာ စားသောက်ပြီးတဲ့အခါ ရန်ကုန်က အသိမိတ်ဆွေရောက်နေတယ် ဆိုတာနဲ့ အဲဒီမိတ်ဆွေ တည်းခိုရာအိမ်ကို သားအဖနှစ်ယောက် လမ်းလျှောက်ထွက်ခဲ့တယ်။ လမ်းမီးတိုင်တွေ မရှိသေးတဲ့ အရပ်မို့ လက်နှိပ်ဓာတ်မီး အားကိုးနဲ့ အဖေ့မိတ်ဆွေ ဦးလေးကြီးတယောက်တည်းရာအိမ်ကို ရောက်လာတယ် ဆိုပါစို့။

ရန်ကုန်မှာကတည်းက တရပ်ကွက်တည်း နေခဲ့တာဆိုတော့ စကားစမြည်တွေ မြို့ရောက် နိုင်ငံရောက် ပြောကြတာပေါ့ဗျာ။ တောရောက် တောင်ရောက် ဆိုတဲ့ စကားက မတွင်ကျယ်တော့တဲ့အတွက် မြို့ရောက် နိုင်ငံရောက်လို့ အစားထိုးသုံးတာ။

အဲဒီမှာ ဦးလေးက မေးတယ်။ ခင်ဗျားတို့ သားအဖ ညစာစားပြီးကြပြီလား တဲ့။

စားပြီးမှ ထွက်လာတာဗျို့ လို့ ပြန်ပြောကြတော့ အေးဗျာ .... ကျနော်တော့ ညစာ ထမင်းမစားတာ အတော်ကြာပြီလို့ ပြောပါတယ်။

သူ့ကြည့်တော့လည်း မဝအောင် ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းထားနိုင်ပုံပေါ်တယ်။ ကျန်းမားရေးကို တော်တော်လေး လိုက်စားသူ ဖြစ်မှာပဲလို့ တွေးမိပြီး ညစာ ထမင်းမစားလို့များ ဒီလို ကျန်းမာနေတာလားလို့ စဉ်းစားမိပြန်တယ်။

ဦးလေးက ကျနော့်ကို ပြောပါတယ် "ဟေ့ မင်း ထမင်းစားခဲ့ပြီဆိုပေမယ့် အသီးလေး ဘာလေး စားပါဦး၊ ညနေက သင်္ဘောသီးတလုံး ခူးထားတာ ရှိတယ်" လို့ပြောပြီး ပြန်ဖြေတာတောင် မစောင့်တော့ဘဲ အိမ်မှာရှိတဲ့ လူတယောက်ကို သဘောင်္သီးထည့်လာဖို့ ခိုင်းလိုက်တယ်။

ပန်းကန်ပေါ်မှာ သင်္ဘောသီးတခြမ်း ဘေးမှာက သံပရာသီး တခြမ်း၊ ရှယ် ရောက်လာတယ်၊ ရှယ် ဆိုတာ ဇွန်းတပ်ကို ဆိုလိုတာ။

"ကဲ ငါ့တူ စားကွ။ မင်းက လူငယ်ပဲ။ လူငယ်ဆိုတာ စားနိုင်တုန်း များများသာစား"

သံပရာသီးကို ကိုင်ကြည့်နေတော့ သူက ရိပ်မိတယ်။

"ဒါ ဒီကနည်း၊ သင်္ဘောသီးပေါ် သံပရာရည်ညှစ်၊ ဇွန်းနဲ့ ခပ်စား၊ အရသာတစ်မျိုးကောင်းတယ်"

ကျနော်လညး် ညစာ ထမင်းမစားတဲ့ အဲဒီဦးလေး ရှေ့မှာ ဟန်ပန်မဆောင်နိုင်တော့ဘဲ ပန်းကန်ပြားထဲမှာ သင်္ဘောသီးခွံရယ်၊ ဇွန်းရယ်၊ သံပရာခွံရယ်ပဲ ကျန်တဲ့အထိ မြန်မြန်စားလိုက်တယ်။ နောက်ပိုင်း သင်္ဘောသီးစားတဲ့အခါ သံပရာရည်ညှစ်ပြီး စားရတဲ့ အလေ့အကျင့်ကို ဆက်လက်ကျင့်သုံးမိတယ်။

အဲဒီအချိန်မှာ အိမ်ပေါ်ကို လူတစ်ယောက်တက်လာတယ်။ လက်ထဲမှာ အထုပ်တစ်ထုပ်ဆွဲလို့။

ဦးလေးကို ကြည့်ပြီး "ဆရာ၊ ကျနော် ခေါက်ဆွဲဝယ်ခဲ့ပြီ၊ သွားထည့်လိုက်မယ်"

"အေး အေး ကောင်းတယ်"

စိတ်ထဲမှာ တွေးနေတာ အင်း .. သင်္ဘောသီးလညး် စားပြီးပြီ၊ ခေါက်ဆွဲကြော်ထပ်စားရဦးမှာပါလား၊ ဒို့လာတာ သိတော့ ဖုန်းများ ကြိုဆက်လိုက်တာလား၊ ဖုန်းဆက်တာတော့ မတွေ့မိ။ ဒီတခါတော့ အပြတ်ငြင်းမှပဲ။ ဗိုက်လည်း ကားနေပြီ။

ခေါက်ဆွဲကြော်ပန်းကန်က ဇွန်းခက်ရင်းနဲ့တွဲလို့ စားပွဲပေါ်ရောက်လာတယ်။ နယ်ကြော်ဆိုပေမယ့် ကြည့်ရတာ စားလို့ကောင်းမယ့်ပုံ။ လာချတဲ့သူက ကျနော့်ရှေ့မှာ လာမချဘူး။ ဦးလေးရှေ့မှာ သွားချတယ်။

ဟာ ဒီလူ မှားချပြန်ပြီ လို့ စိတ်ထဲပြောနေတုန်း၊

ဦးလေးက ဇွန်းနဲ့ခက်ရင်းကို ကိုင်လိုက်ရင်း "ကဲ ခင်ဗျားတို့သားအဖရှေ့မှာပဲ ကျနော်တော့ ခေါက်ဆွဲကြော် စားလိုက်ဦးမယ်ဗျာ" လို့ ခွင့်တောင်းပြီး ခေါက်ဆွဲကြော်ပူပူနွေးနွေးကို အားပါးတရ စားပါတော့တယ်။

အဲဒီအခါမှပဲ .....

သြော် ..... သူ ညစာ ထမင်းမစားဘူး ဆိုတာ တယ်မှန်ပါ့လား လို့ အမြင်မှန်ရမိပါတော့တယ်။

ရန်ကုန်ပြန်ရောက်တဲ့အခါ ဒီအဖြစ်အပျက်လေး ပြန်ဖောက်သည်ချရင်း ရယ်မောဖြစ်ကြပါတယ်။ ကျနော်က တခါတလေမှာ အဲဒီလို အတွေးချော်တတ်ပါတယ်။

ကျော်မောင်(တိုင်းတာရေး)
၁၁-ဇွန်-၂၀၁၈

ခရီးတို စာစုများ (၂)

အရင်တစ်ရက်တုန်းက ခရီးတို စာစုများ ခေါင်းစဉ်နဲ့ စထားမိခဲ့လေတော့ အခုဆက်ရေးတဲ့အခါ အဆင့်သင့်အနေနဲ့ပဲ (၂) ဆိုပြီး နောက်ဆက်လေး တွဲမိလိုက်တာပါ။

ဒီနေ့ ကြုံခဲ့ရတာလေးပေါ့။

အိမ်ကို ရထားစီးပြန်တဲ့အခါ နှစ်ဘူတာပဲ စီးရပါတယ်။ ပထမရောက်မယ့်ဘူတာက ၅ မိနစ်လောက် ကြာပြီး၊ ဆင်းရမယ့်ဘူတာကတော့ ပထမဘူတာကနေတွက်ရင် ၂ မိနစ်လောက်ပဲ ကြာပါတယ်။ စုစုပေါင်း ရထားစီးချိန် ၇ မိနစ်ဆိုပါစို့။ ဒါကလည်း ရထားဘူတာတိုင်းမှာ ဘယ်ဘူတာကနေ ဘယ်ဘူတာကိုတော့ဖြင့် ဘယ်လောက်ကြာပါတယ်ဆိုတာ ရထားဘူတာပြမြေပုံမှာ ဆွဲထားကတည်းက ရေးပေးထားတယ်။ အဲဒါကို သိပ်မယုံချင်တဲ့အတွက် ရထားစထွက်ချိန်ကို လက်ပတ်နာရီနဲ့ မှတ်ထားပြီး ဆိုက်ရောက်ချိန်တွေကို နှစ်ခါ သုံးလေးခါလောက် မှတ်သားထားခဲ့ဖူးတယ်။ ကွာခြားမှုမရှိခဲ့ပါဘူး။

၅ မိနစ်ကြာလို့ ပထမဘူတာရောက်တဲ့အခါ တွဲထဲက ခရီးသည် နှစ်ယောက်ပဲ ဆင်းသွားတယ်။ တစ်ယောက်က နှစ်ယောက်တွဲထိုင်ခုံမှာ ထိုင်ခဲ့ပုံရတယ်။ ရထားတံခါးမပိတ်ခင် လွတ်သွားတဲ့ နေရာမှာ အမျိုးသမီးငယ် တစ်ယောက်လာထိုုင်တယ်။ သူ့မှာ အဖော် တစ်ယောက်ပါတယ်။ အဲဒီအဖော်က လေးဆယ်ငါးနှစ်သာသာ အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ ဟိုကလေးမလေးက ထိုင်ခုံကို ဝင်ထိုင်ထိုင်ချင်းပဲ ဘေးနားမှာ ထိုင်နေမြဲဖြစ်တဲ့ ခရီးသည်ကို တစ်စုံတစ်ခု လှမ်းမေးလိုက်တယ်။ ရထားက မထွက်သေးဘူး၊ တံခါးတွေလည်း မပိတ်သေးဘူး။ အဲဒီအချိန်မှာ ဖြစ်နေတဲ့ အဖြစ်အပျက်ပေါ့။

ထိုင်နေတဲ့ ခရီးသည်က ဒါ သူ့ဟာမဟုတ်ဘူးလို့ ခေါင်းခါပြပြီး အေးအေးဆေးဆေးနေတယ်။ ကလေးမလေးရဲ့ အဖော် အမျိုးသမီးက ရထားပေါ်က ဆင်းသွားတဲ့သူ ကျန်ခဲ့တာ ဖြစ်မယ်လို့ ရထားအပြင်ဖက် လက်ညှိုးထိုးရင်း ပြောတယ်။ သူက မတ်တပ်ရပ်နေတာ။ ကလေးမလေးကလည်း ထသွားတဲ့ တစ်ယောက် ကျန်ခဲ့တဲ့ပစ္စည်းကို မထိမိအောင် ခပ်ရို့ရို့လေး ထိုင်နေတယ်။ ဘာ ပစ္စည်းပါလိမ့်။ ပိုက်ဆံအိတ်များလား၊ အဖိုးတန်ပစ္စည်း တစ်ခုခုများလား။

ရထားတံခါးတွေ အလိုအလျောက်ပိတ်သွားပြီး (ဒီ အလိုအလျောက်ဆိုတဲ့ အသုံးအနှုန်းက အော်တိုဆိုတဲ့ စကားလုံးကို မြန်မာမှုပြုထားတာပဲ ဖြစ်မယ်၊ အော်တိုတံခါး၊ အလိုအလျောက်တံခါး အတူတူပဲ၊ အမှန်မှန်က သူ့အလိုအလျောက်ပွင့်တာ ပိတ်တာမဟုတ်ဘူး၊ အကြောင်းဆိုတဲ့ တခုခုရှိလို့ ပိတ်ရ ဖွင့်ရတာ၊ အကြောင်းရှိလို့ အကျိုးဖြစ်တာ၊ အကြောင်းအကျိုးတံခါးလို့ သုံးရင် ပိုသင့်မလားပဲ) ရထားက နောက်တစ်ဘူတာကို ခုတ်မောင်းတယ်။ ငယ်ငယ်က စာထဲပါသလို " မီးရထားကြီး ဂျုံးဂျုံးဂျက်ဂျက်" လို့တော့ မမြည်ဘူး။ အင်းလေ .. မီးရထားကြီးမှ မဟုတ်တော့ ဘယ်လိုလုပ် ဂျုံးဂျုံးဂျက်ဂျက်မြည်မှာလဲ။ ဒါပေမယ့် ရေးပြလို့ မရတဲ့ တခြား အသံတွေတော့ မြည်တာရှိတယ်။

နောက်တစ်ဘူတာဆို ဆင်းရတော့မှာ။ ဒါပေမယ့် ဟိုထိုင်ခုံပေါ်မှာ ရှိနေတဲ့ အရာဟာ ဘာပစ္စည်းလဲဆိုတာ သိချင်စိတ်က ရှိနေပြန်သေးတယ်။ ကံအားလျော်စွာပဲ မတ်တပ်ရပ်နေတဲ့ အမျိုးသမီးက ထိုင်စီးခရီးသည်နှစ်ဦးကြားမှာ ရှိနေတဲ့ အရာကို ကောက်ယူလိုက်တာတွေ့တယ်။

ရထားက ဘူတာကို ဝင်စပြုပြီ။

ရထားပေါ်က ဆင်းဖို့ပြင်နေရင်း စိတ်ဝင်စားမိတဲ့အရာကို ဆက်လက်စူးစမ်းပြန်တယ်။ တွေ့ပြီ။ အမျိုးသမီးက သူများပစ္စည်းကို ယူထားတဲ့အတွက် ကျန်ခရီးသည်တွေ အထင်မလွဲအောင် အဲဒါကို လက်တစ်ဖက်နဲ့ ကိုင်ထားတယ်။ လက်ကို မချဘဲ မြှောက်ကိုင်ထားတယ်။

အင်း ... ရထားစီး ကားစီးတဲ့အခါ သုံးတဲ့ ကဒ်ပေပဲ။

ကဒ်ရဲ့ တဖက်မှာ အလှအပပုံလေးတွေ ကပ်ထားတာကို တွေ့ရတယ်။ တဆက်တည်း တွေးမိတာက ကဒ်ကို ရထားပေါ်မှာ ကျန်ခဲ့သူဟာ ရထားဘူတာကနေ ဘယ်လိုထွက်မလဲဆိုတာပဲ။ ထွက်ခါနီးကျမှ သူ့ကဒ်ကျကျန်ရစ်ခဲ့မှန်း သိချင်လည်း သိမယ်၊ လိုက်ရှာကောင်းလည်း ရှာနေလိမ့်မယ် ဆိုတာပဲ။ အဲဒီကဒ်ထဲမှာ အများအားဖြင့် ငွေများများဖြည့်ထားလေ့မရှိကြတာများတယ်။ သို့သော်လည်း တချို့လူတွေအနေနဲ့ တလစာအတွက် တခါတည်း ကျနိုင်မယ်ထင်တဲ့ ပမာဏကို ကဒ်ထဲမှာ တခါတည်း ဖြည့်တင်းထားလေ့ရှိတယ်။ အဲဒီလိုဆိုရင်တော့ နှမြောစရာပဲလို့ သနားမိပြန်တယ်။

ကဒ်ကို ကိုင်ထားတဲ့ အမျိုးသမီးကလည်း အခုဆိုက်မယ့် ဘူတာမှာ ဆင်းမယ့်ပုံရတယ်။ အဲဒါနဲ့ ရထားပေါ်က ဆင်းတဲ့အခါ သူတို့နှစ်ယောက်လည်း ဆင်းတာ တွေ့တယ်။

စက်လှေကားနဲ့ ဆင်းနေရင်း ကိုယ့်ဖာသာကိုယ် မေးခွန်းတစ်ခု မေးကြည့်တယ်။

မင်းသာ အဲဒီလို ကဒ်ကို တွေ့ပါပြီတဲ့၊ ဘာဆက်လုပ်မလဲ။ တွေ့တဲ့နေရာမှာပဲ ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူရှုတဲ့သဘောနဲ့ ထားပစ်ခဲ့မလား၊ ကိုယ်နဲ့ထိုက်လို့ ကိုယ်ရတာပဲဆိုပြီး အတည်ပေါက်နဲ့ အိတ်ကပ်ထဲ ထည့်လာမလား။ ဒီအမျိုးသမီးလိုပဲ ကဒ်ကို လက်မြှောက်ပြီး ကိုင်လာမလား။

ပြန်ဖြေကြည့်တယ်။ စက်လှေကားဆင်းနေတုန်းမှာ။ စက်လှေကား ညာဖက်ပိုင်းကို ဆင်းမိတဲ့အတွက် အလိုအလျောက်သွားနေတဲ့ လှေကားထစ်မှာ ရပ်မနေဘဲ တထစ်ချင်း ဆင်းနေရတယ်။

ဘယ်လုပ်မလဲ ... ယူလာပြီး ရထားဘူတာမှာရှိတဲ့ ခရီးသည်ဝန်ဆောင်မှုအဖွဲ့ (Passenger Service) ကို ပေးမှာပေါ့။ ပေးတာတော့ ဟုတ်ပါပြီ၊ ကဒ် ကျကျန်ခဲ့တဲ့ခရီးသည်က Passenger Service မှာ ဒီလိုပေးခဲ့တာကို သူ့အနေနဲ့ ဘယ်လိုသိနိုင်ပါ့မလဲ။ ကဒ်တွေမှာက နံပါတ်စဉ်တန်း တခု ပါတာ သတိထားမိတယ်။ ဘာအတွက်သုံးရမယ် ဆိုတာကို တခါမှ လိုက်ပြီး မလေ့လာဖူးပါ။ ဒီနံပါတ်လေးတွေ မှတ်ထားရင် ကဒ်ပျောက်သွားတဲ့အခါ အဲဒီနံပါတ်တွေပြောပြပြီး ဘာလုပ်နိုင်တယ် ညာလုပ်နိုင်တယ်ဆိုတာလောက် ဝေဝေ၀ါးဝါး မှတ်သားထားဖူးတာပဲရှိတယ်။ ဟုတ်လား မဟုတ်လားလဲ တခါမှ မမေးကြည့်ဖူးဘူး။

အခုလည်း ပျောက်သွားတဲ့သူဟာ သူသုံးနေတဲ့ ကဒ််မှာပါတဲ့ နံပါတ်စဉ်တန်းကိုရော မှတ်ထားဖူးတဲ့သူ ဖြစ်ပါ့မလား။ မှတ်ဖူးရင်လည်း ပျောက်သွားတဲ့အခါ ဘယ်လိုလုပ်ရမယ်ဆိုတာကို သိတဲ့သူဖြစ်ပါ့မလားလို့ တွေးပူမိပြန်တယ်။ ကဒ်ထဲမှာ ငွေများများဖြည့်ထားရင် အခုလောက်ဆို ပူပင်နေရောပေါ့လို့ မဆီမဆိုင် ကရုဏာသက်မိပြန်ပါသေးတယ်။

အဲဒါနဲ့ ဘူတာက အထွက်မှာ ကဒ်ယူသွားတဲ့ နှစ်ယောက်ကို ပြန်ကြည့်မိတယ်။ သူတို့ ဘာလုပ်ကြမလဲပေါ့။

တွေ့ပါတယ်။ သူတို့လုပ်ရမယ့် အလုပ်ကို အေးအေးဆေးဆေး လုပ်သွားနိုင်ကြတဲ့အတွက် ချီးကျူးမိပါတယ်။

Passenger Service မှာ ကဒ်ကို သွားပေးလိုက်တာ တွေ့လိုက်ရတာကြောင့် ဖြစ်ပါတယ်။

ဒါကတော့ ဒီညပိုင်းမှာ ရရှိလိုက်တဲ့ ခရီးတို စာစု (၂) ပါ။

ကျော်မောင်(တိုင်းတာရေး)
၁၂-ဇွန်-၂၀၁၈
#ခရီးတိုစာစုများ

ခရီးတို စာစုများ

ဘတ်စ်ကားက မှတ်တိုင်မှာ ရပ်နေတာကို လှမ်းမြင်ရတယ်။ ရှေ့မှာ လမ်းလျှောက်နေတဲ့ လူနှစ်ယောက်က မသွားသေးတဲ့ကားကို မီအောင် အတင်းပြေးကြတယ်။

"ပြေး သူတို့ကို မီအောင် ပြေး" ဒါက ခြေထောက်ကို လှမ်းပြောလိုက်တာ။

ပြေးတယ် သပ်သပ်ရပ်ရပ်ပြေးတယ်။ သပ်သပ်ရပ်ရပ်ပြေးတယ်ဆိုတာ အပြေးလေ့ကျင့်နည်းထဲကအတိုင်း နည်းစနစ်တကျ ပြေးတာကို ဆိုလိုတာ။ ပြေးချင်သလို တရကြမ်း ပြေးနေတာမဟုတ်။ ကားနားရောက်တော့ ကားက မထွက်သေး။ ဟော ဟဲ မဖြစ်။ ဘယ်ဖြစ်မလဲ၊ ဒီလိုပြေးနေတာ နှစ်ပေါင်းကြာခဲ့ပြီ၊ တာတိုချန်ပီယံမဖြစ်တာတောင် အပြစ်ပြောရမယ်။ ကားပေါ်တက်လိုက်တယ်။

ကားပေါ်တက်တယ်ဆိုလို့ "တက်" ပါတဲ့ စကားလုံးတွဲတွေ လိုက်ရွတ်ကြည့်တော့ " လှေပေါ်တက်သည်" " မြင်းပေါ်တက်သည်" "စက်ဘီးပေါ်တက်သည်" "မော်တော်ဘုတ်ပေါ်တက်သည်" "သင်္ဘောပေါ်တက်သည်" "လေယာဉ်ပေါ်တက်သည်" အဲဒါတွေထဲမှာ "အိမ်သာတက်သည်" ဆိုတာကိုတော့ သိပ်သဘောမကျ။ အဲဒီအစား "အိမ်သာထိုင်သည်" ဆိုပြီး ပြောကြ ဆိုကြတာကို သဘောကျသည်။ "ဘိုထိုင်အိမ်သာ"ဆိုတဲ့ အသုံးရှိတယ်မဟုတ်ပါလား။ "ဘိုတက်အိမ်သာ"ဆိုတာ မရှိဘူး ထင်စ။

ကားပေါ်ရောက်တဲ့အခါ လုပ်စရာရှိတဲ့ အလုပ်တွေကို တခုပြီးတခု ဆက်တိုက်လုပ်လိုက်တယ်။

၁) ကားခအတွက် ကားစီး ရထားစီးကဒ်ကို ထုတ်ပြီး စက်မှာ ကပ်လိုက်တယ်။ အတက်မှာ ကပ်တာ၊ အဆင်းမှာလည်း ကပ်ရမယ်။ အဲဒါမှ ကားခကို ဖြတ်သွားလိမ့်မယ်။

၂) ကဒ်ကို ကပ်ပြီးရင် ထိုင်ခုံလွတ်ကို ရှာရတယ်။ တွေ့ရင် သွားထိုင်ဖို့ ခြေလှမ်းရတယ်။ အဲဒီအချိန် ကားက မှတ်တိုင်က ထွက်ရင် လူမယိုုင်သွားအောင် ကားပေါ်မှာရှိတဲ့ တန်းတွေ တိုင်တွေ ကွင်းတွေကို ကိုင်ပြီးသွားရတယ်။

၃) ထိုင်ခုံမထိုင်ခင် ထိုင်သင့်သော ထိုုင်ခုံလား၊ မထိုင်သင့်သော ထိုင်ခုံလား စူးစမ်းရတယ်။ ဖြစ်ခဲပေမဲ့ အချိုရည်တို့ ကော်ဖီရည်တို့ ဖိတ်ထားတဲ့ ထိုင်ခုံမျိုး ရှိတာ လက်တွေ့ကြုံဖူးပါတယ်။

၄) ထိုင်ခုံမှာ ထိုင်ရတယ်။

၅) ထိုင်ပြီးရင် ဖုန်းလေးထုတ်ပြီး ပွတ်ရတယ်။ ဘာကြောင့်ဆို ကားတစီးလုံး ခရီးသည်အကုန် ဖုန်းပဲ ကြည့်နေတဲ့သူချည်းပဲ။ ဖုန်းမသုံးတဲ့သူဆိုတာ ခရီးသည်မဟုတ်ဘူး ဆိုတဲ့ ပုံစံ။ ဒါမှမဟုတ်ရင်လည်း အိတ်ထဲက စာအုပ်တစ်အုပ်အုပ်ထုတ်ပြီး ဖွင့်ဖတ်နေ။

ဒါက ကားစီးခရီးသည်တစ်ယောက်ရဲ့ လုပ်ရတဲ့ လုပ်ငန်းစဉ်ပဲ။

နောက်ဆုံးခုံမှာ နေရာရတဲ့အတွက် ဝင်ထိုင်တယ်။ ဖုန်းပွတ်မယ် ကြံပြီးမှ ကားမထွက်သေးတာကို သတိထားမိတယ်။ ဖုန်းကို အိတ်ထဲပြန်ထည့်လိုက်တယ်။ ကားက မထွက်သေး။ ဘာကြောင့် ဒီဘတ်စ်ကားက မထွက်သေးတာပါလိမ့်။ မှတ်တိုင်မှာလဲ ခရီးသည် မကျန်။ ဒီမှတ်တိုင်က ကားစထွက်ရာ ကားဂိတ်ကနေတွက်ရင် စစချင်း မှတ်တိုင်ဖြစ်တယ်။ ဒါလေး မှတ်ပေးထားပါ။

ကားကပ္ပတိန်ရှိရာ လှမ်းကြည့်တော့ သူက တယောက်ယောက်နဲ့ ဖုန်းပြောနေသလိုလို။ ဒါဆို ကားပျက်လို့ များလား။ ကားကပ္ပတိန်တွေဟာ သူတို့မောင်းနေတဲ့ ဘတ်စ်ကားမှာ အပြစ်အနာအဆာ တခုခုဖြစ်ရင် ကားကို ဆက်မမောင်းသေးဘဲ သူတို့ရဲ့ ကားဌာနမှာရှိတဲ့ အဖွဲ့ကို အကြောင်းကြားကြရပုံရတယ်။ အခုလည်း ပြောနေဆိုနေသံကြားနေရတယ်။ အင်္ဂလိပ်စကား မြန်မာစကား မဟုတ်တော့ နားမလည်။

ကားဆရာက ကားမောင်းထိုင်ခုံကနေ ထပြီး ကားအလယ်ပိုင်းလောက်အထိ လျှောက်လာတယ်။ အဒေါ်ကြီးကို ကြည့်ပြီး ပြောတယ်။ အဒေါ်ကြီးက ကျနော့်ထိုင်ခုံရှေ့တည့်တည့်က ခုံမှာ ထိုင်နေသူ။

ကားဆရာ။ ။ (အင်္ဂလိပ်ဘာသာနဲ့ ပြောတာ) ဒီမှာ အဒေါ်ကြီး၊ မရဘူးဗျ။ မပေးလို့ကို မရဘူး။

အဒေါ်ကြီး။ ။ (ခပ်တည်တည်ဖြင့်၊ ခုကာလအသုံးဆိုရင်တော့ ခပ်ချေချေပေါ့) အိုး ... ငါ့မှာလည်း မပါဘူးလေ(သူလည်းအင်္ဂလိပ်ဘာသာနဲ့ ပြန်ပြောတာ)

အင်္ဂလိပ်လို ပြောနေပေမယ့် သူတို့နှစ်ယောက်ပြောနေတာ နားမလည်ဖြစ်သွားတယ်။ ခရီးသည်အားလုံးကလည်း လှမ်းကြည့်နေကြတယ်။ ကားဆရာက ထပ်ပြောတယ်။ သူ့ရုံးကပြောတယ်။ မပေးလို့ မရဘူး။ မပေးရင် ဆင်းပဲတဲ့။

အဒေါ်ကြီးက သူ့ဘေးဘက်မှာ သူ့ကို ကြည့်နေတဲ့ ခရီးသည်မိန်းမတစ်ယောက်ကို အကူအညီတောင်းတယ်။

"နင့်မှာ အကြွေလေးများ ပါသလား"

အဲဒီတယောက်ကလည်း ခပ်တည်တည်ပဲ။ မပါဘူးပေါ့။

နားလည်စပြုလာတယ်။ သြော် ကားခ မပေးဘဲ ကားပေါ်တက်လာလို့ ကားဆရာက ကားမထွက်သေးဘဲ ကားခ လာတောင်းတာကိုး။

ကားရှေ့ပိုင်းလောက်က ထိုင်ခုံမှာ ထိုင်နေတဲ့ ဆံပင်တိုနဲ့ ခေတ်ဆန်ဆန် အဒေါ်ကြီးတယောက်က ကားဆရာကို ဒီလိုလှမ်းပြောတယ်။

"ကဲ ကြာပါတယ်။ ကားခ ဘယ်လောက်ကျသလဲ။ ငါ ပေးပါမယ်ကွယ်။"

ကျနော့်ဘေး တယောက်ကျော်မှာ ထိုင်နေတဲ့ အမျိုးသမီးငယ်ကလဲ ပိုက်ဆံထုတ်နေပြီ။ သူကလဲ ကားခ စိုက်ပေးပါမယ်ပေါ့။ ကားဆရာက ကားခမပေးတဲ့ အဒေါ်ကြီးကို ကြည့်တယ်။ ပြီးတော့ ခေါင်းခါပြီး ကားမောင်းထိုင်ခုံရှိရာသွားကာ ကားမောင်းတယ်။

အဒေါ်ကြီးက သူ့အတွက် ကားစီးခ စိုက်ပေးမယ် ပြုတဲ့ အမျိုးသမီးငယ်ကို ကျေးဇူးတင်ကြောင်း ဆိုတယ်။ ရွယ်တူလောက်ရှိမယ့် ရှေ့ပိုင်းက အဒေါ်ကြီးကိုတော့ ဘာမှမဆို။

ကားက မှတ်တိုင်ကနေ ထွက်လာတယ်။ မီးပွိုင့်နှစ်ပွိုင့်ကို ဖြတ်ကျော်ပြီးတဲ့အခါ စျေးမှတ်တိုင်ကို ရောက်ပါတယ်။

ကျနော်နဲ့ ခရီးသည် သုံးလေးယောက်လောက်ပဲ ကျန်ပြီး အားလုံး ဆင်းကြတယ်။ လူဆင်းများတဲ့ မှတ်တိုင်ပါ။ အဒေါ်ကြီးလည်း ဆင်းသွားတယ်။ ကားသမားလည်း ကားကို သတိနဲ့ မောင်းနေတာ တွေ့တယ်။ သူ့မှာ ခုနက ကိစ္စကို ခေါင်းထဲက ထုတ်ထားလိုက်ပုံရတယ်။

နောက်တမှတ်တိုင်ရောက်တဲ့အခါ ကျနော်လည်း ဆင်းရမယ့် မှတ်တိုင်ဖြစ်လို့ ကားပေါ်ကနေ ဆင်းခဲ့ပါတယ်။ ကားပေါ်ကမဆင်းခင်မှာ အလုပ်တစ်ခု လုပ်ရပါတယ်။ ဒါက ကားပေါ်တက်တုန်းက စက်မှာ ကပ်လိုက်ရတဲ့ ကဒ်ကိုထုတ်ပြီး စက်မှာ ကပ်လိုက်ရတာပါပဲ။

ကားခက ၃.၂ ကီလိုမီတာ အထိဆိုရင် စင်ကာပူဒေါ်လာ ၀.၇၇ ဖြစ်ပါတယ်။ ၇၇ ဆင့်ပေါ့။ ကျနော် ဆင်းရတဲ့ မှတ်တိုင်က စီးလာတဲ့ မှတ်တိုင်ကနေ တွက်ရင် တစ်ကီလိုမီတာပဲ ရှိပါတယ်။

ကျော်မောင်(တိုင်းတာရေး)
၉-ဇွန်-၂၀၁၈
#ခရီးတိုစာစုများ

ခေါင်းစဉ်တပ်ရန်


ဒီနေ့ မနက်က မိုးရွာပါသည်။ ယခုထက်တိုင် ဖွဲဖွဲလေး ရွာနေသေးသည်။ အစိုးရ ရုံးပိတ်ရက်ဖြစ်သောကြောင့် အေးအေးဆေးဆေး ရှိလှသည်။ မနက်စာ စားသောက်ပြီးသောအခါ စာရေးဖို့ ပြင်ဆင်ရသည်။ ပြင်ဆင်ရသည်ဆိုခြင်းမှာ စာရေးရန်အတွက် ယခင်ကာလတွေမှာဆိုပါလျှင် စာရွက်နှင့် ဘောပင် လိုပေလိမ့်မည်။ ယခုကာလတွင်လည်း ရံဖန်ရံခါဆိုသလို ထိုပစ္စည်းများနှင့်ပင် စာရေးလေ့ရှိသည်။ တခါတလေတွင်လည်း စာရေးရန် စာရွက်နှင့် ဘောပင်(သို့)ခဲတံ ရှာမရသည့်အချိန်မျိုးတွင် ဖုန်းကို အသုံးပြုပြီး စာရေးရသည်။ ရေးလိုသည်များကို ပါးစပ်က ရွတ်ဆိုကာ ဖုန်းဖြင့် အသံသွင်းထားခြင်းဖြစ်သည်။ ထိုသို့ အသံသွင်းထားသည်ကို ပြန်ဖွင့်ပြီး အသံများအား မြန်မာအက္ခရာများအဖြစ်သို့ ကူးပြောင်းရသည်။ ဖုန်းဖြင့် အသံလည်း မသွင်းနိုင်၊ ရေးခြစ်ရန် စာရွက်အပိုင်းအစလည်း မရှိသည့်အခါများတွင် စိတ်ထဲတွင်သာ တေးမှတ်ထားသော နည်းဖြင့် စာရေးရသည်။ ဒါလေးရေးမည်၊ ဟိုဟာလေးရေးမည် ဟူသည်ကို စိတ်ဖြင့် အဖန်တလဲလဲ မှတ်သားလိုက်ခြင်းဖြစ်သည်။ ၄င်းနည်းသည် စာရေးနည်းများစွာထဲတွင် တခြားသူများအတွက် လွယ်ကူမည် ဖြစ်သော်လည်း ကျနော့်အတွက်ကား အခက်ခဲဆုံးသောနည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထပ်ခါထပ်ခါ မှတ်သားထားခဲ့သော်လည်း စာရွက်ပေါ်ချရေးမည့်အချိန်တွင် ဘာမှမကျန်တော့လောက်အောင် ပျောက်ကွယ်သွားလေ့ရှိသောကြောင့်ဖြစ်လေသည်။ ထိုအခါမျိုးတွင် မခံချိမခံသာ ဖြစ်ရသည်။

အပြင်ဖက်တွင် မိုးဖွဲဖွဲလေး ရွာနေတုန်း စာရေးရမည် ဖြစ်သည်။ နေ မထွက်သေးသော်လည်း မိုးသည်းသည်းရွာထားပြီးစ ဖြစ်သောကြောင့် လင်းလင်းထင်းထင်းရှိလှသည်။ အခန်းတွင်း အလင်းရောင်ပိုမိုရလာရန် ကန့်လန့်ကာကို ပင့်တင်ထားလိုက်ပြီး ပြတင်းပေါက် နှစ်ချပ်ကို ဖွင့်ထားလိုက်သည်။ အခန်းမီးကိုတော့ အိပ်ရာထကတည်းက ပိတ်ထားလိုက်ပြီး ဖြစ်သည်။ စာရေးမည်ဟု စတင်ကြံစည်ကတည်းကပင် ကွန်ပျူတာစက်ကို ဖွင့်ထားလိုက်ပြီး ဖြစ်သည်။ စာရွက်နှင့် ဘောပင် ရှာစရာ မလိုသော ကွန်ပျူတာတွင် စာရွက်နှင့် ဘောပင်တုန်းကလိုပင် အသုံးပြုရသည့် အစိတ်အပိုင်းတချို့မှာ အတူတူပင်ဖြစ်သည်။ မျက်လုံးနှင့် လက်များပင်ဖြစ်သည်။ အရေးကြီးသည့် နောက်အစိတ်အပိုင်းတခုမှာ ဘာတွေရေးရမလဲဟု စဉ်းစားရသည့် ဦးနှောက်ပင်ဖြစ်သည်။ ဦးနှောက်ရွှင်ရွှင်ပျပျဖြစ်စေရန် လိုသည်။ သို့မှသာ မည်သည့်အရာကို ရေးရေး ထက်ထက်မြက်မြက်ရေးနိုင်မည် ဖြစ်သည်။ ဦးခေါင်းမကြည်လင်လျှင် ရေးသည့်စာသည် ကောင်းမွန်စွာ ထွက်လာနိုင်မည် မဟုတ်ဟု ယူဆမိသည်။ တချို့က ကော်ဖီတခွက် ဘေးတွင်ချထားပြီး တငုံပြီး တငုံ ဖြည်းဖြည်းချင်း အရသာခံသောက်ပြီး စာရေးသည်ကို သဘောတွေ့သည်ဟု ဆိုသည်။ တချို့က ပေါင်မုန့်ထောပတ်သုတ်လိုမျိုးကို အားပါးတရ စားသောက်နေတုန်း စာရေးခြင်းသည် အားကောင်းမောင်းသန်သော စာမျိုးကို ထွက်ပေါ်စေသည်ဟု ဆိုသည်။ တချို့က ဘာမှ မစားဘဲ ဆာလောင်မှုကို သည်းခံကာ စာရေးရသည်ကို နှစ်သက်သည်။ ကျနော့်အတွက်မှာမူ ၅၀၀ မီလီလီတာ သောက်ရေတဗူးကို ကွန်ပျူတာနားတွင် ထားကာ စာရေးရသည်ကို သဘောကျမိသည်။ ရေဆာလျှင် အဖုံးဖွင့်ပြီး ရေသောက်နိုင်သည်။ ရေဗူးထဲတွင်ရှိသောရေ၏ကြည်လင်မှုကို တချက်နှစ်ချက်ကြည့်ပြီး စာရေးရသည်မှာ လက်သွားသည်ဟု ဆိုရမည်ဖြစ်သည်။ လက်သွားသည်ဆိုသည်မှာ ကီးဘုတ်ပေါ်လက်တင်လိုက်သည်နှင့် ရေးစရာသည် ဦးခေါင်းထဲတွင် အလိုလိုရောက်လာပြီး ရေးလိုသည်များကို မဆိုင်းမတွဘဲ လက်ချောင်းလေးများက ဂျောင်းဂျောင်းမြည်အောင် ရိုက်နှိပ်နိုင်ခြင်းဖြစ်သည်။

အပြင်ဖက်တွင် စဲမလိုဖြစ်သွားသော မိုးသည် တဖန်ပြန်၍ အရှိန်ကောင်းလာကာ မိုးဖြူများအဖြစ် ရွာချနေပြန်သည်။ အဆို အရဆိုပါလျှင် တနေ့လုံး စဲတော့မည် မဟုတ်ဟု တွေးပူမိသည်။ “မိုးဖြူမစဲ မိုးမဲမရွာ” ဟူသော အဆိုကို ညွှန်းပါသည်။ ကလေးမေမေကတော့ မနက်ပိုင်း မိုးရွာတာ ကောင်းသည်ဟု ပြောသည်။ မနက်ပိုင်းမိုးရွာလျှင် ညနေပိုင်းတွင် မိုးရွာဖို့ ကျန်တော့မည်မဟုတ်ဟု သူက အယူရှိသည်။ ညနေပိုင်း မိုးမရွာမှ အနီးအနားရှိ ကလေးကစားကွင်းသို့ သွားကာ သမီးလေးအား ဆော့ကစားစေဖို့ ရည်ရွယ်ထားကြသည်။ မိုးစက်တွေ ကုန်သွားရန် “ရွာသာ ရွာပါမိုး” ဟု သီချင်းဆိုရမည်။ မိုးရွာနေသောကြောင့် မိုးရေစက်တွေ အိပ်ခန်းထဲ မလွင့်လာစေရန် ပြတင်းပေါက် နှစ်ချပ်ကို ထပိတ်ရပြန်သည်။ အခန်းတွင်း လေရစေရန် ပန်ကာခလုတ်ကို သမီးအား နှိပ်ခိုင်းရသည်။ နံပါတ်ဘယ်လောက်လဲ ဖေဖေဟု သမီးက မေးသည်။ နှစ် ကို နှိပ်ပေးပါဟု အဖြေရမှ နံပါတ်နှစ် ခလုတ်ကို သူက နှိပ်သည်။ သူလည်း သူ့ကစားစရာများနှင့် အလုပ်များနေသည်။ သီချင်းဆိုသော ယုန်ရုပ်ကို ယူလာပြီး ဓာတ်ခဲထည့်ထားသော်လည်း အဘယ်ကြောင့် သီချင်းမဆိုသနည်းဟု စောဒကတက်သည်။ ယုန်ရုပ်နောက်ကျောမှာ အဖွင့်အပိတ်ခလုတ်ရှိသည်။ ခလုတ်ဖွင့်လိုက်သော် ယုန်ရုပ်မှ သီချင်းသံထွက်လာသည်။ ဒီခလုတ်ကို ဖွင့်မှ အသံထွက်လာကြောင်း သမီး အမှတ်ရသွားသည်။ သိသွားပြီး ရယ်သည်။ ယုန်ရုပ်သည် ဧည့်ခန်းရှိ ဗီရိုထဲတွင် ခြောက်လတာမျှ ကိန်းအောင်းနေရသောကြောင့် အနည်းငယ် ညစ်ပတ်နေသည်။ အဝတ်ဖြူစုတ်ရှာကာ ရေစွတ်ပြီး သုတ်သင်ရှင်းလင်းပေးရသည်။ သမီးလည်း သူ့အရုပ်များ သူ့ကစားစရာများနှင့် ကလေးပီသစွာ ကစားနေတော့သည်။ ကျနော်လည်း စာဆက်ရေးဖို့ ထိုင်ခုံတွင် ပြန်ထိုင်သည်။

ဤသို့ဖြင့် ရေးစရာရှိသည်များကို တဂျောက်ဂျောက်ရေးပြီးသည်တွင် ရေးပြီးသည့် စာကို ခေါင်းစဉ်တပ်ရဖို့ ကြံရသည်။ ထိုတွင် ငယ်စဉ်က မှတ်သားထားခဲ့သည့် အချက်တချက်ကို သတိရမိသည်။ စာမေးပွဲဖြေသည့်အခါ ခေါင်းစဉ်တပ်ပြီး ခေါင်းစဉ်အောက်မှာ မျဉ်းသားလိုက်လျှင် အမှတ်တမှတ်ရသည်ဟူသော အချက်ဖြစ်သည်။ မေးခွန်းထဲတွင် ခေါင်းစဉ်က ပေးထားပြီးဖြစ်သည်။ မပေးထားလျှင်လည်း မေးခွန်းကို ပြန်ကောက်ကာ ခေါင်းစဉ်တပ်ရေးရသည်။ စာစီစာကုံးမေးခွန်းတွင် စာစီစာကုံး ခေါင်းစဉ်များကို ပေးထားပြီးသား ဖြစ်သည်။ ပေးထားသည့် ခေါင်းစဉ်ကို အဖြေလွှာစာရွက်ပေါ်တွင် ကူးယူကာ ထိုခေါင်းစဉ်နှင့် ဆိုင်သော စာများကို စီကုံးရလေတော့သည်။ ဥပမာအားဖြင့် ပြရသော် “ခါနွေဦး” လိုမျိုး၊ “ကြည်နူးဖွယ် မြင်ကွင်းတခု” လိုမျိုး၊ “အားကစားစိတ်ဓါတ်” လိုမျိုး ခေါင်းစဉ်ပေးထားခြင်း ဖြစ်သည်။ အထိမ်းအမှတ်နေ့ စာစီစာကုံးပြိုင်ပွဲမျိုးများတွင်လည်း “လွတ်လပ်ရေးနေ့ တို့မမေ့”၊ “ပြည်ထောင်စု စိတ်ဓါတ်” စသည့်ခေါင်းစဉ်မျိုး ပေးထားနှင့်ပြီးသား ဖြစ်သည်။ ချိပ်ပိတ်ထားသည့် စာအိတ်အား ပြိုင်ပွဲ မစတင်မီ သက်ဆိုင်ရာ ပညာရေးမှူးဖြစ်စေ ကြီးကြပ်ရေးမှူးဖြစ်စေမှ ပြိုင်ပွဲဝင်များရှေ့တွင် ဖွင့်ဖောက်ကာ အထဲတွင်ရှိသည့် စာစီစာကုံးခေါင်းစဉ်ကို ဖတ်ပြပြီး ကျောက်သင်ပုန်းတွင် ရေးပြလိုက်ရသည်။ ထိုခေါင်းစဉ်ကို အခြေခံကာ စာစီရ စာကုံးရလေတော့သည်။ သတ်မှတ်ပြီးသား ခေါင်းစဉ်အောက်တွင် ထိုခေါင်းစဉ်နှင့် အံဝင်ရန် ရေးသားရသည်မှာ အတတ်ပညာတမျိုးဖြစ်ကောင်းဖြစ်မည် ဆိုနိုင်သော်လည်း ယခုမူ ထိုအချက်ကို ဆန့်ကျင်မိပါသည်။

အကယ်၍ ကြိုက်နှစ်သက်ရာ ကိုယ်ပိုင်ခေါင်းစဉ်တခုတပ်ပြီး အောက်ပါအကြောင်းအရာကို စာစီစာကုံး ရေးသားဖြေဆိုပါဟု မေးခဲ့သော် ဖြေဆိုသူများစွာတို့ထံမှ လှပဆန်းကြယ်သော၊ ကျစ်လျစ်သိပ်သည်းသော၊ နိဒါန်း စာကိုယ် နိဂုံးတို့နှင့် လွန်စွာ သက်ဆိုင်သော စာစီစာကုံး ခေါင်းစဉ်များ ရလာနိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။

ကျနော်သည် စာရေးသောအခါ ခေါင်းစဉ်နေရာတွင် စာကြောင်းတကြောင်းစာ နေရာချန်၍ ရေးလေ့ရှိသည်။ တခါတရံတွင်လည်း အလွယ်တကူစဉ်းစားမိသော ခေါင်းစဉ်မျိုးကို ကနဦး တပ်ထားလေ့ရှိသည်။ စာတပုဒ်လုံး ရေးပြီးသောအခါမှ ခေါင်းစဉ်ကို ပြန်ပြင်လိုပါက ပြန်ပြင်လေ့ရှိသည်။ ပြန်ပြင်လေ့ရှိသည်က များပါသည်။ ဆောင်းပါးတပုဒ် စာတပုဒ်တွင် စစချင်း တွေ့ရမည်မှာ ထိုစာသည် မည်သို့သော စာမျိုးဖြစ်ကြောင်းကို ပြသသည့် သဘောသက်ရောက်သည့် ခေါင်းစဉ်ပင်ဖြစ်သည်။ ဤသို့သော အချက်ကြောင့် အကြောင်းအရာ တခုကို မူတည်ပြီး စာရေးပြီးပါမှ ခေါင်းစဉ်ကို သေသေချာချာ ရွေးချယ်လေ့ရှိသည်။

ခု ရေးသော ဆောင်းပါး၏ ခေါင်းစဉ်မှာ “ခေါင်းစဉ်တပ်ရန်” ဟူ၍ ဖြစ်ပါသည်။ စာရေးနေရင်း လေးပိုဒ်မြောက်ကို ရေးနေရာမှ တပ်ခဲ့မိသော ခေါင်းစဉ်ဖြစ်ပါသည်။ နေ့လည်စာ စားရမည့် အချိန်လည်း ရောက်လေပြီ။ မစဲတော့မည်ဟု ထင်ခဲ့သောမိုးသည်လည်း တိတ်သွားလေပြီ။ ညနေတွင် ကစားကွင်းသို့ သွားကြမည်။

ကျော်မောင်(တိုင်းတာရေး)
၂၂-သြဂုတ်-၂၀၁၈

(စာကြွင်း - တပုဒ်လုံး ရေးပြီးသွားသည်တွင် ခေါင်းစဉ်အား ပြန်ပြောင်းရန် စိတ်ကူးမရှိတော့ပါ။ စာဖတ်သူများအနေဖြင့် ကြိုက်နှစ်သက်သော ခေါင်းစဉ်မျိုးကို ပေးနိုင်ကြပါစေရန် ရည်ရွယ်ပါသည်)