Aug 31, 2018

နာမည်ကျော် (ဝတ္ထုတို)


တူ ။ ။ ဦးလေး မှတ်မိသေးလား။ သီတင်းကျွတ်ပွဲတော်မှာတုန်းက စတိတ်ရှိုးတီးဝိုင်းကားပေါ်မှာ သီချင်းဆိုတဲ့ အဆိုတော်လေ။ အဲဒီတယောက် အခု ဘယ်ရောက်သွားလဲ။ သီချင်းခွေတွေ ဘာတွေ ထုတ်တာလည်း မကြားရဘူး။

ဦးလေး။ ။ ဟေ့ကောင်၊ ဘာတုန်းဟ။ ဘယ်တုန်းက သီတင်းကျွတ်ပွဲတော်လည်း။
 
တူ ။ ။ ကျနော်တို့မြို့က သီတင်းကျွတ်လေ။ အဲဒီတုန်းက ကျနော်က ရှိလှ ဆယ်နှစ်တောင် မပြည့်သေးဘူး ထင်တယ်။ အဲဒီလောက်တုန်းက သီချင်းဆိုတဲ့တယောက်၊ ရုပ်က တော်တော်ချောတယ်ဗျ။ နာမည်က --- လေဗျာ။ နာမည်အရင်းလား အနုပညာနာမည်လားတော့မသိ။ ဇာလက်အိတ်အဖြူရောင်တွေ လက်နှစ်ဖက်မှာ ဝတ်ပြီး ဆိုတာ။ အသံတော်တော်ကောင်းတယ်။ အဲဒီတယောက် အခုဘယ်ရောက်သွားလဲ။

ဦးလေးရဲ့ သူငယ်ချင်းက ဝင်ပြောသည်။ သူက စကားထဲမှာ ပါတဲ့ မြို့မှာ နေတဲ့သူ။ ရန်ကုန်ကို ကိစ္စတခုနဲ့ အလည်လာရင်း ဦးလေးရှိရာမှာ လာတည်းသည်။ ဦးလေးနဲ့ သူနဲ့က ငယ်ငယ်ကတည်းက ကျောင်းနေဖက်။

ဦးလေး မိတ်ဆွေ။ ။ တူကြီး မင်းပြောတဲ့တယောက် ငါသိတယ်။

တူ ။ ။ ဟုတ်လား၊ လုပ်စမ်းပါဦးဗျာ။ အဲဒီတယောက် အခု ငါးနှစ်ခြောက်နှစ်အတွင်းမှာ ဘာဖြစ်သွားလဲ။ သီချင်းတွေ ဆက်ဆိုသေးလား။

ဦးလေး မိတ်ဆွေ (သူ့သူငယ်ချင်းဖက်လှည့်ပြီးပြော) ။ ။ ဟေ့ မင်းတူပြောတာ ဟိုတယောက်လေကွာ။ မှတ်မိပြီမဟုတ်လား။

ဦးလေး။ ။ အင်း (ရီဝေဝေ ပြုံးလိုက်ရင်း သက်ပြင်းရှည်ချ)

ဆောင်းတွင်းဖြစ်သောကြောင့် အိမ်ရှေ့ဝရန်တာ တံခါးမကြီးအား ပိတ်ထားသည့်တိုင် အေးနေဆဲဖြစ်သော ရန်ကုန်ည၏ အအေးကို အံတုဖို့အတွက် လက်ဖက်ခြောက်ခတ်ထားသော ရေနွေးခွက်ကိုယ်စီဖြင့် သူတို့သုံးယောက်သား စကားပြောနေကြခြင်းဖြစ်သည်။ ဦးလေးက သူ့တူမှာ စစ်တုရင်ကစားတာ တော်ကြောင်း အနည်းငယ် ကြွားထားသည့်အတွက် ဦးလေးသူငယ်ချင်းနှင့် စစ်တုရင်ထိုးရင်း ဟိုရောက်ဒီရောက် ပြောနေကြခြင်းဖြစ်သည်။

ဦးလေး မိတ်ဆွေ ။ ။ ဒီလိုကွ၊ တူကြီးရ။ သူက အဲဒီသီတင်းကျွတ်မှာ စပြီး စင်ပေါ်တက်တယ်။ နောက်နှစ် သီတင်းကျွတ်မှာ ထပ်ဆိုတယ်။ နောက်ပိုင်းမှာတော့ စင်ပေါ်မတက်နိုင်တော့ဘူး။

တူ။ ။ ဘယ်လိုဖြစ်တာလဲဗျ။ ရုပ်ရည်လည်း ရှိ၊ အသံလည်း ကောင်း၊ ဟန်ပန်အမူအရာလည်း မဆိုးရဲ့သားနဲ့။

ဦးလေး (သူ့သူငယ်ချင်းကို လက်ကာပြလျက်) ။ ။ ပြောပြမနေပါနဲ့တော့ကွာ။ ကဲ ကဲ တူကြီး မင်းရထားနဲ့ သူ့မြင်းကို ချုပ်ထားလိုက်။

စကားကို မပြတ်ချင်သေးသောကြောင့် ့ပွဲကြည့်ပရိတ်သတ်ဖြစ်သည့် ဦးလေး ဘေးနားကနေ တွန်းသည့်အတိုင်း ရထားကို ကိုင်ကာ မြင်းရှေ့အကွက်တည့်တည့်တွင် ချထားလိုက်သည်။

တူ ။ ။ ဟာ ဦးလေးကလည်း စကားကို မဖျက်ပစ်ပါနဲ့။ ဘာဖြစ်လို့ ပြောပြမနေပါနဲ့တော့ကွာလို့ ပြောရတာလည်း။ စီးရီးထုတ်ဖြစ်သွားလား အဲဒီလိုပဲ ပွဲတွေမှာ ဆက်ဆိုနေတုန်းပဲလား။

ဦးလေး။ ။ ဒီမှာ ငါ့တူကြီး။ နာမည်ကြီး အဆိုတော်ဖြစ်ဖို့က အသံလည်း ကောင်းတယ်၊ ရုပ်ရည်လည်း ရှိရုံနဲ့ မပြီးသေးဘူးကွ။ ဒါရှိဖို့လည်း လိုသေးတယ်ကွ။

ဦးလေးက လက်ညှိုးထိပ်နဲ့ လက်မထိပ်ကို ထိလျက် အဝိုင်းပုံစံလုပ်ပြလိုက်သည်။

တူ။ ။ အဲဒီ ဒါဆိုတာက ...

ဦးလေး မိတ်ဆွေ (ခေါင်းငြိမ့်လျက်)။ ။ အေး ပိုက်ဆံရှိဖို့လည်း လိုတယ်ဆိုတာ ပြောတာ။ သူတို့က မြို့တောင်ပိုင်းမှာ နေတယ်။ အတော်ဆင်းရဲတယ်ကွ။ တော်တော့်ကို ဆင်းရဲတာ။ ဇာတ်လမ်းက အဲဒါပဲ။ ကဲ တူကြီး မင်းရှုံးပြီ။ မင်းဘုရင်ကြီး ပြေးပေါက်မရှိတော့ဘူး။ နောက်တပွဲ ထပ်ကစားကြတာပေါ့။ အကောင်တွေ ပြန်စီလိုက်ကွာ။

သူက ပြောရင်း အငွေ့တထောင်းထောင်းထလျက်ရှိသော ရေနွေးပူပူကို မြန်မြန်သောက်ချလိုက်လေသည်။

ကျော်မောင်(တိုင်းတာရေး)
၂၅-မေ-၂၀၁၇

စာအုပ်စင်များပေါ်သို့ ရောက်နေမည့် စာအုပ်များ


ရန်ကုန် တစ်ခေါက်ပြန်သွားတုန်းက စာအုပ်ရှာဝယ်ဖို့ စိတ်ကူးထား စီစဉ်ထားတာလည်း ရှိတာနဲ့ စာအုပ်ဆိုင်တွေရှိရာ ထွက်ဖြစ်ခဲ့တယ်။ ရန်ကုန်မရောက်ခင်ကတည်းက ဘယ်ဆိုင်ကိုတော့ ဘယ်စာအုပ်တွေ မေးပြီးသွားဝယ်မယ်လို့ မှန်းထားခဲ့တာ။

အဲဒါနဲ့ပဲ စာပေဗိမာန် စာအုပ်ဆိုင်ရောက်ခဲ့ပါတယ်။ ရောက်တဲ့အခါ စာရွက်ဖြူပေါ်မှာ လက်ရေးနဲ့ချရေးထားတဲ့ ဝယ်လိုသော စာအုပ်စာရင်းကို ကောင်တာမှာ ရှိတဲ့ အရောင်းဝန်ထမ်းတွေကို ပြတယ်။ ခဏလေးနော် ပြောပြီး စာရင်းစာရွက်ကို အရောင်းဝန်ထမ်းနောက်တစ်ယောက်ကို ပေးလိုက်တာ တွေ့တယ်။ အဲဒီတစ်ယောက်နဲ့ မေးဝယ်ပါပေါ့။

အရောင်းစာရေးဖြစ်သူရဲ့ စာပေဗိမာန်တိုက်ထုတ်စာအုပ်တွေအပေါ် နှံ့စပ်ကျွမ်းကျင်မှုကို တွေ့ရှိရတဲ့အခါ ဝမ်းသာအားရဖြစ်ရပါတယ်။ ဝယ်လိုတဲ့ စာရင်းစာရွက်ပါ စာအုပ်များကို ဘာစာအုပ်ကတော့ဖြင့် ရှိသေးတယ်၊ ဘယ်စာအုပ်က အခု စာပေဗိမာန်အနေနဲ့ မထုတ်တော့ဘူး၊ ဒါပေမဲ့ တခြားတိုက်က ထုတ်တာတော့ ဒီမှာတင်ရောင်းတယ်၊ ဒီစာအုပ်ကတော့ ဒီမှာပြတ်နေပြီ စသည်ဖြင့် မင်နဲ့ အမှတ်ခြစ်သင့်တာခြစ်၊ ကြက်ခြေခတ်သင့်ခတ်နဲ့ ရှင်းပြပါတယ်။

ဝယ်လိုတဲ့ စာရင်းထဲမှာ ပါတဲ့ စာအုပ်အားလုံးဟာ စာပေဗိမာန် စာမူဆုရ စာအုပ်များဖြစ်ပါတယ်။ နှစ်ကာလကြာညောင်းပြီ ဖြစ်ပေမဲ့ တချို့စာအုပ်များဆို အခုထိဝယ်ယူလို့ ရသေးတဲ့အတွက် ကြည်နူးမှုဖြစ်ခဲ့ရပါတယ်။

ဘာကြောင့်မို့လို့ ဒါလေးကို ပြန်ရေးရတာလဲဆိုရင် ပြီးခဲ့တဲ့ အင်္ဂါနေ့ ရုံးပိတ်ရက်မှာ စာအုပ်ပုံတွေ ပြန်ဖွဖြစ်တယ် ဆိုပါစို့။ အဲဒီမှာ ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ) ပြုစုတဲ့ "အာဟာရ နှင့် ကျန်းမာရေး" ဆိုတဲ့ စာအုပ်၊ အဲဒီစာအုပ်က ၂၀၀၆ ခုနှစ် စာပေဗိမာန်စာမူဆုကို သုတပဒေသာ (အသုံးချသိပ္ပံ) ဘာသာရပ် တတိယဆုအဖြစ် ရတဲ့ စာအုပ်ဖြစ်တယ်။ အဲဒီစာအုပ်ကို ပြန်တွေ့မိတယ်။

နောက်တစ်အုပ်ကတော့ ဦးမိုးမြင့်ဝင်း (သိပ္ပံနှင့် နည်းပညာ) ရေးတဲ့" မြန်မာ့အနုပညာနယ်ပယ်၏ မူပိုင်ခွင့်နှင့် တီထွင်မှုများ" ဆိုတဲ့ စာအုပ်။ ဒီစာအုပ်ကလညး် ၂၀၀၆ ခုနှစ် စာပေဗိမာန်စာမူဆုကို သုတပဒေသာ (၀ိဇ္ဇာပညာရပ်) မှာ ဒုတိယဆုအဖြစ် ရရှိခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။

တတိယတစ်အုပ်အနေနဲ့ နှစ်အတူတူပါပဲ၊ ၂၀၀၆ ခုနှစ် စာပေဗိမာန်စာမူဆု သုတပဒေသာ (သိပ္ပံနှင့် အသုံးချသိပ္ပံ) ဘာသာရပ် ဒုတိယဆုရ စာအုပ်ဖြစ်တဲ့ "ဝန်းကျင်သဘာဝနှင့် ရောဂါဘယ" ဆိုတဲ့ စာအုပ်ပါ။ ရေးသူက ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ဖြစ်ပါတယ်။

တွေ့မိတဲ့ စာအုပ်တွေကို ဟိုလှန်ဒီလှော ပြန်ဖတ်ရင်းနဲ့ ဒီလို ဆုရစာအုပ်စာပေမျိုးတွေဟာ စာအုပ်တန်ဖိုးအနေနဲ့ကလည်း အတော်ကို သင့်တင့်တဲ့ စျေးနှုန်းတွေနဲ့ ဖြစ်လို့ ကျောင်းစာကြည့်တိုက်တွေမှာ ရှိသင့်တယ်၊ တချို့ကျောင်းတွေမှာ ဒီလိုစာအုပ်မျိုးတွေ ရှိနေချင်ရှိနေကြမှာ၊ ဆရာ ဆရာမတွေ ကျောင်းသူ ကျောင်းသားတွေဟာ ဒီလိုစာအုပ်မျိုးတွေကိုဖတ်ပြီး ဗဟုသုတများစွာ ရရှိ၊ အချင်းချင်း ဆွေးနွေးနေကြ ငြင်းခုံနေကြ အမြင်တွေ ဖလှယ်နေကြတာ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်ဆိုပြီး ....

ဖော်ပြခဲ့တဲ့ စာအုပ်သုံးအုပ်မှာ ရေးသားထားချက်တွေကို စာမြည်းအနေနဲ့ နောက်မှပဲ ပြောပြပါ့မယ်။

ကျော်မောင်(တိုင်းတာရေး)
၃၁-မေ-၂၀၁၈

အတွေးလွန်သွားပုံက


နယ်ဖက်သွားလည်တုန်းက ကြုံခဲ့ရ မှတ်ခဲ့ရတာလေးဖြစ်ပါတယ်။

ညစာ စားသောက်ပြီးတဲ့အခါ ရန်ကုန်က အသိမိတ်ဆွေရောက်နေတယ် ဆိုတာနဲ့ အဲဒီမိတ်ဆွေ တည်းခိုရာအိမ်ကို သားအဖနှစ်ယောက် လမ်းလျှောက်ထွက်ခဲ့တယ်။ လမ်းမီးတိုင်တွေ မရှိသေးတဲ့ အရပ်မို့ လက်နှိပ်ဓာတ်မီး အားကိုးနဲ့ အဖေ့မိတ်ဆွေ ဦးလေးကြီးတယောက်တည်းရာအိမ်ကို ရောက်လာတယ် ဆိုပါစို့။

ရန်ကုန်မှာကတည်းက တရပ်ကွက်တည်း နေခဲ့တာဆိုတော့ စကားစမြည်တွေ မြို့ရောက် နိုင်ငံရောက် ပြောကြတာပေါ့ဗျာ။ တောရောက် တောင်ရောက် ဆိုတဲ့ စကားက မတွင်ကျယ်တော့တဲ့အတွက် မြို့ရောက် နိုင်ငံရောက်လို့ အစားထိုးသုံးတာ။

အဲဒီမှာ ဦးလေးက မေးတယ်။ ခင်ဗျားတို့ သားအဖ ညစာစားပြီးကြပြီလား တဲ့။

စားပြီးမှ ထွက်လာတာဗျို့ လို့ ပြန်ပြောကြတော့ အေးဗျာ .... ကျနော်တော့ ညစာ ထမင်းမစားတာ အတော်ကြာပြီလို့ ပြောပါတယ်။

သူ့ကြည့်တော့လည်း မဝအောင် ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းထားနိုင်ပုံပေါ်တယ်။ ကျန်းမားရေးကို တော်တော်လေး လိုက်စားသူ ဖြစ်မှာပဲလို့ တွေးမိပြီး ညစာ ထမင်းမစားလို့များ ဒီလို ကျန်းမာနေတာလားလို့ စဉ်းစားမိပြန်တယ်။

ဦးလေးက ကျနော့်ကို ပြောပါတယ် "ဟေ့ မင်း ထမင်းစားခဲ့ပြီဆိုပေမယ့် အသီးလေး ဘာလေး စားပါဦး၊ ညနေက သင်္ဘောသီးတလုံး ခူးထားတာ ရှိတယ်" လို့ပြောပြီး ပြန်ဖြေတာတောင် မစောင့်တော့ဘဲ အိမ်မှာရှိတဲ့ လူတယောက်ကို သဘောင်္သီးထည့်လာဖို့ ခိုင်းလိုက်တယ်။

ပန်းကန်ပေါ်မှာ သင်္ဘောသီးတခြမ်း ဘေးမှာက သံပရာသီး တခြမ်း၊ ရှယ် ရောက်လာတယ်၊ ရှယ် ဆိုတာ ဇွန်းတပ်ကို ဆိုလိုတာ။

"ကဲ ငါ့တူ စားကွ။ မင်းက လူငယ်ပဲ။ လူငယ်ဆိုတာ စားနိုင်တုန်း များများသာစား"

သံပရာသီးကို ကိုင်ကြည့်နေတော့ သူက ရိပ်မိတယ်။

"ဒါ ဒီကနည်း၊ သင်္ဘောသီးပေါ် သံပရာရည်ညှစ်၊ ဇွန်းနဲ့ ခပ်စား၊ အရသာတစ်မျိုးကောင်းတယ်"

ကျနော်လညး် ညစာ ထမင်းမစားတဲ့ အဲဒီဦးလေး ရှေ့မှာ ဟန်ပန်မဆောင်နိုင်တော့ဘဲ ပန်းကန်ပြားထဲမှာ သင်္ဘောသီးခွံရယ်၊ ဇွန်းရယ်၊ သံပရာခွံရယ်ပဲ ကျန်တဲ့အထိ မြန်မြန်စားလိုက်တယ်။ နောက်ပိုင်း သင်္ဘောသီးစားတဲ့အခါ သံပရာရည်ညှစ်ပြီး စားရတဲ့ အလေ့အကျင့်ကို ဆက်လက်ကျင့်သုံးမိတယ်။

အဲဒီအချိန်မှာ အိမ်ပေါ်ကို လူတစ်ယောက်တက်လာတယ်။ လက်ထဲမှာ အထုပ်တစ်ထုပ်ဆွဲလို့။

ဦးလေးကို ကြည့်ပြီး "ဆရာ၊ ကျနော် ခေါက်ဆွဲဝယ်ခဲ့ပြီ၊ သွားထည့်လိုက်မယ်"

"အေး အေး ကောင်းတယ်"

စိတ်ထဲမှာ တွေးနေတာ အင်း .. သင်္ဘောသီးလညး် စားပြီးပြီ၊ ခေါက်ဆွဲကြော်ထပ်စားရဦးမှာပါလား၊ ဒို့လာတာ သိတော့ ဖုန်းများ ကြိုဆက်လိုက်တာလား၊ ဖုန်းဆက်တာတော့ မတွေ့မိ။ ဒီတခါတော့ အပြတ်ငြင်းမှပဲ။ ဗိုက်လည်း ကားနေပြီ။

ခေါက်ဆွဲကြော်ပန်းကန်က ဇွန်းခက်ရင်းနဲ့တွဲလို့ စားပွဲပေါ်ရောက်လာတယ်။ နယ်ကြော်ဆိုပေမယ့် ကြည့်ရတာ စားလို့ကောင်းမယ့်ပုံ။ လာချတဲ့သူက ကျနော့်ရှေ့မှာ လာမချဘူး။ ဦးလေးရှေ့မှာ သွားချတယ်။

ဟာ ဒီလူ မှားချပြန်ပြီ လို့ စိတ်ထဲပြောနေတုန်း၊

ဦးလေးက ဇွန်းနဲ့ခက်ရင်းကို ကိုင်လိုက်ရင်း "ကဲ ခင်ဗျားတို့သားအဖရှေ့မှာပဲ ကျနော်တော့ ခေါက်ဆွဲကြော် စားလိုက်ဦးမယ်ဗျာ" လို့ ခွင့်တောင်းပြီး ခေါက်ဆွဲကြော်ပူပူနွေးနွေးကို အားပါးတရ စားပါတော့တယ်။

အဲဒီအခါမှပဲ .....

သြော် ..... သူ ညစာ ထမင်းမစားဘူး ဆိုတာ တယ်မှန်ပါ့လား လို့ အမြင်မှန်ရမိပါတော့တယ်။

ရန်ကုန်ပြန်ရောက်တဲ့အခါ ဒီအဖြစ်အပျက်လေး ပြန်ဖောက်သည်ချရင်း ရယ်မောဖြစ်ကြပါတယ်။ ကျနော်က တခါတလေမှာ အဲဒီလို အတွေးချော်တတ်ပါတယ်။

ကျော်မောင်(တိုင်းတာရေး)
၁၁-ဇွန်-၂၀၁၈

ခရီးတို စာစုများ (၂)

အရင်တစ်ရက်တုန်းက ခရီးတို စာစုများ ခေါင်းစဉ်နဲ့ စထားမိခဲ့လေတော့ အခုဆက်ရေးတဲ့အခါ အဆင့်သင့်အနေနဲ့ပဲ (၂) ဆိုပြီး နောက်ဆက်လေး တွဲမိလိုက်တာပါ။

ဒီနေ့ ကြုံခဲ့ရတာလေးပေါ့။

အိမ်ကို ရထားစီးပြန်တဲ့အခါ နှစ်ဘူတာပဲ စီးရပါတယ်။ ပထမရောက်မယ့်ဘူတာက ၅ မိနစ်လောက် ကြာပြီး၊ ဆင်းရမယ့်ဘူတာကတော့ ပထမဘူတာကနေတွက်ရင် ၂ မိနစ်လောက်ပဲ ကြာပါတယ်။ စုစုပေါင်း ရထားစီးချိန် ၇ မိနစ်ဆိုပါစို့။ ဒါကလည်း ရထားဘူတာတိုင်းမှာ ဘယ်ဘူတာကနေ ဘယ်ဘူတာကိုတော့ဖြင့် ဘယ်လောက်ကြာပါတယ်ဆိုတာ ရထားဘူတာပြမြေပုံမှာ ဆွဲထားကတည်းက ရေးပေးထားတယ်။ အဲဒါကို သိပ်မယုံချင်တဲ့အတွက် ရထားစထွက်ချိန်ကို လက်ပတ်နာရီနဲ့ မှတ်ထားပြီး ဆိုက်ရောက်ချိန်တွေကို နှစ်ခါ သုံးလေးခါလောက် မှတ်သားထားခဲ့ဖူးတယ်။ ကွာခြားမှုမရှိခဲ့ပါဘူး။

၅ မိနစ်ကြာလို့ ပထမဘူတာရောက်တဲ့အခါ တွဲထဲက ခရီးသည် နှစ်ယောက်ပဲ ဆင်းသွားတယ်။ တစ်ယောက်က နှစ်ယောက်တွဲထိုင်ခုံမှာ ထိုင်ခဲ့ပုံရတယ်။ ရထားတံခါးမပိတ်ခင် လွတ်သွားတဲ့ နေရာမှာ အမျိုးသမီးငယ် တစ်ယောက်လာထိုုင်တယ်။ သူ့မှာ အဖော် တစ်ယောက်ပါတယ်။ အဲဒီအဖော်က လေးဆယ်ငါးနှစ်သာသာ အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ ဟိုကလေးမလေးက ထိုင်ခုံကို ဝင်ထိုင်ထိုင်ချင်းပဲ ဘေးနားမှာ ထိုင်နေမြဲဖြစ်တဲ့ ခရီးသည်ကို တစ်စုံတစ်ခု လှမ်းမေးလိုက်တယ်။ ရထားက မထွက်သေးဘူး၊ တံခါးတွေလည်း မပိတ်သေးဘူး။ အဲဒီအချိန်မှာ ဖြစ်နေတဲ့ အဖြစ်အပျက်ပေါ့။

ထိုင်နေတဲ့ ခရီးသည်က ဒါ သူ့ဟာမဟုတ်ဘူးလို့ ခေါင်းခါပြပြီး အေးအေးဆေးဆေးနေတယ်။ ကလေးမလေးရဲ့ အဖော် အမျိုးသမီးက ရထားပေါ်က ဆင်းသွားတဲ့သူ ကျန်ခဲ့တာ ဖြစ်မယ်လို့ ရထားအပြင်ဖက် လက်ညှိုးထိုးရင်း ပြောတယ်။ သူက မတ်တပ်ရပ်နေတာ။ ကလေးမလေးကလည်း ထသွားတဲ့ တစ်ယောက် ကျန်ခဲ့တဲ့ပစ္စည်းကို မထိမိအောင် ခပ်ရို့ရို့လေး ထိုင်နေတယ်။ ဘာ ပစ္စည်းပါလိမ့်။ ပိုက်ဆံအိတ်များလား၊ အဖိုးတန်ပစ္စည်း တစ်ခုခုများလား။

ရထားတံခါးတွေ အလိုအလျောက်ပိတ်သွားပြီး (ဒီ အလိုအလျောက်ဆိုတဲ့ အသုံးအနှုန်းက အော်တိုဆိုတဲ့ စကားလုံးကို မြန်မာမှုပြုထားတာပဲ ဖြစ်မယ်၊ အော်တိုတံခါး၊ အလိုအလျောက်တံခါး အတူတူပဲ၊ အမှန်မှန်က သူ့အလိုအလျောက်ပွင့်တာ ပိတ်တာမဟုတ်ဘူး၊ အကြောင်းဆိုတဲ့ တခုခုရှိလို့ ပိတ်ရ ဖွင့်ရတာ၊ အကြောင်းရှိလို့ အကျိုးဖြစ်တာ၊ အကြောင်းအကျိုးတံခါးလို့ သုံးရင် ပိုသင့်မလားပဲ) ရထားက နောက်တစ်ဘူတာကို ခုတ်မောင်းတယ်။ ငယ်ငယ်က စာထဲပါသလို " မီးရထားကြီး ဂျုံးဂျုံးဂျက်ဂျက်" လို့တော့ မမြည်ဘူး။ အင်းလေ .. မီးရထားကြီးမှ မဟုတ်တော့ ဘယ်လိုလုပ် ဂျုံးဂျုံးဂျက်ဂျက်မြည်မှာလဲ။ ဒါပေမယ့် ရေးပြလို့ မရတဲ့ တခြား အသံတွေတော့ မြည်တာရှိတယ်။

နောက်တစ်ဘူတာဆို ဆင်းရတော့မှာ။ ဒါပေမယ့် ဟိုထိုင်ခုံပေါ်မှာ ရှိနေတဲ့ အရာဟာ ဘာပစ္စည်းလဲဆိုတာ သိချင်စိတ်က ရှိနေပြန်သေးတယ်။ ကံအားလျော်စွာပဲ မတ်တပ်ရပ်နေတဲ့ အမျိုးသမီးက ထိုင်စီးခရီးသည်နှစ်ဦးကြားမှာ ရှိနေတဲ့ အရာကို ကောက်ယူလိုက်တာတွေ့တယ်။

ရထားက ဘူတာကို ဝင်စပြုပြီ။

ရထားပေါ်က ဆင်းဖို့ပြင်နေရင်း စိတ်ဝင်စားမိတဲ့အရာကို ဆက်လက်စူးစမ်းပြန်တယ်။ တွေ့ပြီ။ အမျိုးသမီးက သူများပစ္စည်းကို ယူထားတဲ့အတွက် ကျန်ခရီးသည်တွေ အထင်မလွဲအောင် အဲဒါကို လက်တစ်ဖက်နဲ့ ကိုင်ထားတယ်။ လက်ကို မချဘဲ မြှောက်ကိုင်ထားတယ်။

အင်း ... ရထားစီး ကားစီးတဲ့အခါ သုံးတဲ့ ကဒ်ပေပဲ။

ကဒ်ရဲ့ တဖက်မှာ အလှအပပုံလေးတွေ ကပ်ထားတာကို တွေ့ရတယ်။ တဆက်တည်း တွေးမိတာက ကဒ်ကို ရထားပေါ်မှာ ကျန်ခဲ့သူဟာ ရထားဘူတာကနေ ဘယ်လိုထွက်မလဲဆိုတာပဲ။ ထွက်ခါနီးကျမှ သူ့ကဒ်ကျကျန်ရစ်ခဲ့မှန်း သိချင်လည်း သိမယ်၊ လိုက်ရှာကောင်းလည်း ရှာနေလိမ့်မယ် ဆိုတာပဲ။ အဲဒီကဒ်ထဲမှာ အများအားဖြင့် ငွေများများဖြည့်ထားလေ့မရှိကြတာများတယ်။ သို့သော်လည်း တချို့လူတွေအနေနဲ့ တလစာအတွက် တခါတည်း ကျနိုင်မယ်ထင်တဲ့ ပမာဏကို ကဒ်ထဲမှာ တခါတည်း ဖြည့်တင်းထားလေ့ရှိတယ်။ အဲဒီလိုဆိုရင်တော့ နှမြောစရာပဲလို့ သနားမိပြန်တယ်။

ကဒ်ကို ကိုင်ထားတဲ့ အမျိုးသမီးကလည်း အခုဆိုက်မယ့် ဘူတာမှာ ဆင်းမယ့်ပုံရတယ်။ အဲဒါနဲ့ ရထားပေါ်က ဆင်းတဲ့အခါ သူတို့နှစ်ယောက်လည်း ဆင်းတာ တွေ့တယ်။

စက်လှေကားနဲ့ ဆင်းနေရင်း ကိုယ့်ဖာသာကိုယ် မေးခွန်းတစ်ခု မေးကြည့်တယ်။

မင်းသာ အဲဒီလို ကဒ်ကို တွေ့ပါပြီတဲ့၊ ဘာဆက်လုပ်မလဲ။ တွေ့တဲ့နေရာမှာပဲ ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူရှုတဲ့သဘောနဲ့ ထားပစ်ခဲ့မလား၊ ကိုယ်နဲ့ထိုက်လို့ ကိုယ်ရတာပဲဆိုပြီး အတည်ပေါက်နဲ့ အိတ်ကပ်ထဲ ထည့်လာမလား။ ဒီအမျိုးသမီးလိုပဲ ကဒ်ကို လက်မြှောက်ပြီး ကိုင်လာမလား။

ပြန်ဖြေကြည့်တယ်။ စက်လှေကားဆင်းနေတုန်းမှာ။ စက်လှေကား ညာဖက်ပိုင်းကို ဆင်းမိတဲ့အတွက် အလိုအလျောက်သွားနေတဲ့ လှေကားထစ်မှာ ရပ်မနေဘဲ တထစ်ချင်း ဆင်းနေရတယ်။

ဘယ်လုပ်မလဲ ... ယူလာပြီး ရထားဘူတာမှာရှိတဲ့ ခရီးသည်ဝန်ဆောင်မှုအဖွဲ့ (Passenger Service) ကို ပေးမှာပေါ့။ ပေးတာတော့ ဟုတ်ပါပြီ၊ ကဒ် ကျကျန်ခဲ့တဲ့ခရီးသည်က Passenger Service မှာ ဒီလိုပေးခဲ့တာကို သူ့အနေနဲ့ ဘယ်လိုသိနိုင်ပါ့မလဲ။ ကဒ်တွေမှာက နံပါတ်စဉ်တန်း တခု ပါတာ သတိထားမိတယ်။ ဘာအတွက်သုံးရမယ် ဆိုတာကို တခါမှ လိုက်ပြီး မလေ့လာဖူးပါ။ ဒီနံပါတ်လေးတွေ မှတ်ထားရင် ကဒ်ပျောက်သွားတဲ့အခါ အဲဒီနံပါတ်တွေပြောပြပြီး ဘာလုပ်နိုင်တယ် ညာလုပ်နိုင်တယ်ဆိုတာလောက် ဝေဝေ၀ါးဝါး မှတ်သားထားဖူးတာပဲရှိတယ်။ ဟုတ်လား မဟုတ်လားလဲ တခါမှ မမေးကြည့်ဖူးဘူး။

အခုလည်း ပျောက်သွားတဲ့သူဟာ သူသုံးနေတဲ့ ကဒ််မှာပါတဲ့ နံပါတ်စဉ်တန်းကိုရော မှတ်ထားဖူးတဲ့သူ ဖြစ်ပါ့မလား။ မှတ်ဖူးရင်လည်း ပျောက်သွားတဲ့အခါ ဘယ်လိုလုပ်ရမယ်ဆိုတာကို သိတဲ့သူဖြစ်ပါ့မလားလို့ တွေးပူမိပြန်တယ်။ ကဒ်ထဲမှာ ငွေများများဖြည့်ထားရင် အခုလောက်ဆို ပူပင်နေရောပေါ့လို့ မဆီမဆိုင် ကရုဏာသက်မိပြန်ပါသေးတယ်။

အဲဒါနဲ့ ဘူတာက အထွက်မှာ ကဒ်ယူသွားတဲ့ နှစ်ယောက်ကို ပြန်ကြည့်မိတယ်။ သူတို့ ဘာလုပ်ကြမလဲပေါ့။

တွေ့ပါတယ်။ သူတို့လုပ်ရမယ့် အလုပ်ကို အေးအေးဆေးဆေး လုပ်သွားနိုင်ကြတဲ့အတွက် ချီးကျူးမိပါတယ်။

Passenger Service မှာ ကဒ်ကို သွားပေးလိုက်တာ တွေ့လိုက်ရတာကြောင့် ဖြစ်ပါတယ်။

ဒါကတော့ ဒီညပိုင်းမှာ ရရှိလိုက်တဲ့ ခရီးတို စာစု (၂) ပါ။

ကျော်မောင်(တိုင်းတာရေး)
၁၂-ဇွန်-၂၀၁၈
#ခရီးတိုစာစုများ