ဒီနေ့ သွားရင်းလာရင်း စကားပြောရင်းနဲ့ ကြုံရတာတခုကို အခြေပြုပြီး အသံဆိုတဲ့အကြောင်း အတွေးထဲရောက်လာလို့ အခုလိုချရေးဖြစ်တယ်။
ကြုံရတာတခုက ဒီလိုပါ။ နောက်ကားက အကြောင်းမရှိ အကြောင်းရှာပြီး နောက်ကနေ ဟွန်းတီးတဲ့ကိစ္စပါပဲ။ ကားဟွန်းတွေကို ရှေ့အတွက်ထားတာတင်မကဘဲ နောက်အတွက်လည်း ထားပေးလိုက်ရင် ဘယ်လိုဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
ဆိုင်းဝိုင်းမစခင် ပတ်ဝိုင်းခေါင်းဆောင်ဟာ ပတ်လုံးလေးတွေ အသံညှိလိုက် ပတ်စာကပ်လိုက် တီးလိုက်နဲ့ လုပ်နေတဲ့အခါ ဆယ်ကျော်သက်ကလေးတယောက်က သူနဲ့အတူပါလာတဲ့သုံးဆယ်ကျော်အရွယ်ဦးလေးကို အဲဒီနားကနေ မြန်မြန်သွားကြဖို့ တောင်းဆိုတယ်။ ဘာဖြစ်လို့လဲမေးတဲ့အခါ ပတ်လုံးစမ်းနေတဲ့သူရဲ့ တခါတခါတီးလိုက်တဲ့ အလုံးတလုံးရဲ့ အသံဟာ သူ့နားမှာ အတော်မခံမရပ်နိုင်ဖြစ်တယ်လို့ ဆိုတယ်။ ဦးလေးက နားထောင်ကြည့်ပြီး ငါတော့ ဘာမှမဖြစ်ဘူးလို့ ပြန်ပြောတယ်။
ကြုံဖူးကြနိုင်တဲ့တခုက ခြင်တကောင်လောက် အနားမှာ တဝီဝီနဲ့ ပျံနေတဲ့အခါ ခံရခက်တာမျိုး။ သူပျံနေတာကို မခံနိုင်သူရဲ့ လက်ဝါးနှစ်ဖက်ကြားမှာ ခြင်ခမျာ သွေးမစုပ်လိုက်ရဘဲ ဇီဝိန်ကြွေရတယ်။
အရင်ကဆိုရင် ရထားပေါ်မှာ ရှေ့ဘူတာကို ဘူတာနာမည်လောက်ပဲ ကြိုပြောလေ့ရှိတယ်။ အခုက ဘူတာနာမည်ကြိုမပြောခင်မှာ တီးလုံးလေး တတုံတုံနဲ့ လာပြီးမှ ဘူတာနာမည်ပြောတယ်။ ဒီလိုတီးလုံးလေးတွေ ရှေ့မှာ အင်ထရိုမဝင်ခင်ကဆို အိပ်ငိုက်နေသူတွေအဖို့ ဘယ်ဘူတာကို ကြေငြာလိုက်မှန်း မသိလိုက်ရဘူး။ အခုက တီးလုံးလေး အင်ထရိုသဘောမျိုးအရင်လာတဲ့အခါ တီးလုံးကြောင့် စိတ်ကအလိုလိုအာရုံစိုက်မိသွားတယ်။ ကြေငြာမယ့်အသံကို နားထောင်ဖို့ အသင့်အနေအထားဖြစ်သွားတယ်။ ဘာနဲ့သွားတူသလဲဆို ဟိုးတုန်းက တချို့လူတွေ "အိုင်ဆေး အိုင်ဆေး" လို့ စကားမပြောခင် အစပျိုးသလိုမျိုး။
တခါတုန်းက ညဖက်အိပ်တဲ့အခါ အပြင်ဘက်ကနေ သံပြိုင်အော်သံတွေ ကြားရတယ်။ ကလေးပေါက်စလေးတွေ အော်ငိုသံလိုမျိုးဖြစ်တဲ့အခါ ဒီအချိန်ဆိုရင်တော့ ပုံမှန်တော့မဖြစ်နိုင်၊ မှင်စာလေးတွေ ကစားခုန်စားပြီး အော်နေကြတာလို့ မကြုံဖူးတဲ့အသံကို စာတွေ့ထဲက အသံတွေနဲ့ အကဲဖြတ်ရင်း ထကြည့်ရင်ကောင်းမလား ဘာများတွေ့ရမလဲအတွေးများနေတုန်း ဘေးနားအိမ်က အဒေါ်ကြီးရဲ့ "မိဝါနဲ့ မိဖြူ လာစမ်း၊ ဘာတွေအလေလိုက်နေတာလဲ၊ ညည်းတို့နော် တခြားအိမ်တွေရော ငါရော အိပ်မရဖြစ်နေပြီ၊ ငါ လာပြီး ဆင်းရိုက်လိုက်ရ" ဆိုတဲ့အော်ငေါက်သံကြားမှ ဟာ ... ဒါ ကြောင်တွေအော်သံပါလားလို့ စပြီးကြုံရတာ။
ကျောင်းထိုင်ဆရာတော်ဟာ ဆွမ်းစားပြီးတဲ့အခါ စာဝါချတော်မူတယ်။ အဲဒီမှာ သူ့ကျောင်းမှာက မတူညီတဲ့စာသင်သားတွေရှိတော့ သူက တူညီတဲ့စာသင်သားတွေကို စုပြီး အရင်စာချ၊ တခါတလေမှာလည်း တတန်းမှာ ကိုရင်ကြီးတပါးပဲရှိတဲ့အခါ အဲဒီကိုရင်ကြီးကို အရင်စာဝါချ၊ ပြီးတဲ့အခါ ကဲ မင်း စာသွားအံတော့၊ ရရင် လာဆိုလို့မိန့်၊ နောက်တဖွဲ့ကို စာချ၊ ကဲမင်းတို့အဖွဲ့လည်း ဟိုထောင့်ကိုသွား စာအံနေကြ၊ ကဲ လာ ပရိတ်ကြီးတတ်ချင်တဲ့ မောင်ကျောင်းသားတို့ မနေ့က ဘယ်အထိရောက်ပြီလဲ ရော့ ဒါကို နောက်ကနေ လိုက်ဆိုကြဆိုပြီး တက်ပေး၊ ပြီးတဲ့အခါ မင်းတို့လည်း ဟိုးနောက်ကိုသွားပြီး စာအံနေကြလို့ မိန့်တယ်။ ကိုရင်ကြီးတွေ ကိုရင်ငယ်တွေ ကျောင်းသားတွေ စာအံနေတဲ့အခါ ဆရာတော်ကြီးက ထိုင်ခုံပေါ်မှာပဲ မျက်လုံးလေးမှေးလို့ အနားယူတယ်။
သူက စကတည်းက ဘယ်အုပ်စုက ဘယ်ထောင့်မှာ ဘယ်အဖွဲ့က ဘယ်နားမှာ စာအံနေလဲဆိုတာ သိပုံရတယ်။ တဖက်ဖက်ကနေ စာအံတဲ့အသံမကြားတော့တာနဲ့ မျက်လုံးမဖွင့်ဘဲ လက်ထဲမှာကိုင်ထားတဲ့ကြိမ်လုံးနဲ့ လှမ်းပြောတတ်တယ်။
"ဟေ့ ဒီဘက်တိုင်နားက အသံတိတ်သွားပါလား" အဲဒီအခါ အိပ်ငိုက်နေတဲ့ကိုရင်ကြီးငယ်တွေလည်း အလန့်တကြားဖြစ်ပြီး ဝရောဝရောနဲ့ စာတွေပြန်အံကြ။
"ဟေ့ ဟိုးနောက်ဘက်က အသံမကြားရပါလား" ကြားတာနဲ့ အနောက်ကစာသင်သားတွေကလည်း ဝရောဝရောနဲ့ စာတွေအံကြ။
ဆရာတော်ဟာ မျက်လုံးဖွင့်ကြည့်စရာမလိုဘဲ အသံကို နားထောင်ပြီး စာအံခိုင်းတာကို ပြန်အမှတ်ရမိတယ်။
အသံထဲမှာတော့ အသံလည်းကျယ် ကြားတဲ့သူအပေါင်းလည်း မနှစ်သက်၊ အနံ့အသက်ကလည်း မကောင်းဆိုတာက လေလည်သံပါပဲ။ လေလည်သံကြားတာနဲ့ အနံ့မရောက်ခင် ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်ကြပါတယ်။
အဲဒီလေလည်သံကို "အေး ... ကောင်းတယ်ဟေ့ ... အဲဒီလို လေလည်ပေးမှ ငါ့သားလေး ငါ့သမီးလေး ဗိုက်နာနေတာပြန်ကောင်းမှာ" ဆိုတဲ့ သားသမီးတွေ လေလည်တာကို ထွက်မပြေးဘဲ ချီးမွမ်းသဘောကျတဲ့ မိခင်တွေရဲ့ မေတ္တာသံကတော့ မည်သည့်အသံနှင့်မျှ တုယှဉ်ပြိုင်လို့မရတဲ့ အသံဖြစ်တယ်လို့ ဆိုရမှာပါပဲ။
ကျော်မောင်(တိုင်းတာရေး)
၁၀-ဇွန်-၂၀၂၄