Jun 4, 2023

ငယ်နာမည် ဝဲကျော်

ကြာခဲ့ပေမယ့် ဒါလေးတွေးတွေးတိုင်း ခွီလည်းခွီချင် (ရယ်လည်းရယ်ချင်) ခွီလည်း မခွီနိုင်(ရယ်လည်းမရယ်နိုင်) ဖြစ်ရတာလေး ပြောပြပါမယ်။ ပြောမယ်ဆိုတော့လည်း နားထောင်ပေးဖို့ ပြင်နေပြီဟုတ်။ စကားကို ပါးစပ်နဲ့မပြောဘဲ လက်မနှစ်ချောင်းနဲ့ ရေးပြတာဖြစ်လို့ ပကတိနားနဲ့ မဟုတ်ဘဲ စိတ်နားနဲ့ နားထောင်ပေးရင် အဆင်ပြေနိုင်ပါတယ်။

ကဲ ငယ်နာမည်ဝဲကျော် ဆိုတာလေး စရအောင်။
အဖေကြီးပြင်းရာ ရွာကို သုံးခေါက်မြောက်လား လေးခေါက်မြောက်လား ရောက်တုန်းကပေါ့။ နယ်မြို့ကြီးရဲ့ တဖက်ကမ်းက ရွာ။ ရွာရဲ့ ခေါင်းရင်းဘက်ခြမ်းကို သွားပြီးလို့ ဆောင်ရွက်စရာရှိတဲ့ကိစ္စတခုပြီးတဲ့အခါ ရွာမှာနေတဲ့ကြီးတော်ကြီးနဲ့ အတူတူလမ်းလျှောက်ပြန်လာကြတယ်။
အရင်အခေါက်တွေတုန်းက အဲဒီဖက်တွေ မရောက်ဖူးတော့ ရန်ကုန်သားခင်ဗျာ မြင်သမျှ အသစ်အဆန်းတွေချည်းပါပဲ။
ဆိုတဲ့အခါ လမ်းလျှောက်လည်း နှေးပါတယ်။ ကြီးတော်က ခပ်ဝဝဖိုင့်ဖိုင့်ဖြစ်တဲ့အပြင် အသက်လည်းကြီးပြီမို့ ဖြည်းဖြည်းလျှောက်ပါတယ်။ လမ်းလျှောက်နေကြတဲ့နေရာဟာ မြစ်နားဘေးဖြစ်တဲ့အတွက် ရုပ်ရှင်ထဲမှာဆို ဟိုသီချင်းလေးနောက်ခံဖွင့်ထားပေးရင် အတော်ဟန်ကျမှာပါပဲ။ "မမပုသိမ်သူ"သီချင်းပါ။ အတင်းကာရော ဆက်စပ်ကြည့်ရရင် ဒီရွာကလည်း ပုသိမ်သွားရာ လမ်းမကြီးရဲ့ တဖက်မှာ ရှိတာပဲ။
ကြီးတော်က သူ့ရွာထဲမှာ ကြေးရတတ်လူကုံထံထဲပါပုံရတယ်။ သွားခဲ့တဲ့နေရာကလည်း ဘုန်းကြီးကျောင်းဖြစ်တဲ့အခါ ကြီးတော်က ကျကျနနဝတ်စားလာခဲ့တာ။ အိမ်ပြန်မရောက်ခင် အိမ်ခြေစုစုရှိတဲ့နေရာရောက်တဲ့အခါ ကြီးတော်အသက်အရွယ်လောက်ရှိတဲ့ အဖွားကြီးတစ်ယောက်က "ဟေ့ ဝဲကျော် ဘယ်က ပြန်လာကြသလဲဟေ့၊ မြို့က ဆွေမျိုးအလည်လာတာလား" ဆိုပြီး နှုတ်ဆက်ပါတယ်။
ရန်ကုန်သားလည်း ဟ ဝဲကျော်ဆိုတာ ဘယ်သူ့ခေါ်တာတုန်းဆိုပြီး လှည့်ပတ်ကြည့်တော့ လမ်းမှာက ဒီတူဝရီးနှစ်ယောက်ပဲ လမ်းလျှောက်နေတာ။ ကြီးတော်က ဘာမှ ပြန်မပြောဘဲ သူ့လမ်းသူ ဆက်လျှောက်ပါတယ်။ အဲဒီအခါ ခုနက အဖွားကြီးကလည်း ရုတ်တရာက်တော့ ကြောင်စီစီဖြစ်သွားပုံရတယ်။ သူ့ကိုလွန်သွားတဲ့အထိ ဆက်မခေါ်ဘဲ ခြေလှမ်းဆယ်လှမ်းလောက်ရှိမှ နောက်ကနေ ထပ်ခေါ်ပါတယ်။
"ဟေး ဝဲကျော်မ ဘယ်က ပြန်လာကြသလဲ"
မ တလုံးထပ်တိုးခေါ်တယ်။ သေချာပြီ။ ဒါဟာ ကြီးတော်ကို ခေါ်တာပဲ။ ကြီးတော်က လှည့်မကြည့်။ မြန်မြန်လျှောက်သွားတဲ့အတွက် သူ့ကိုမီအောင် ခြေလှမ်းသွက်သွက်လျှောက်ရင်း နောက်ကိုလှည့်ကြည့်တဲ့အခါ အဖွားကြီးက ပြုံးပြပြိး " ဟေ့ .. ဝဲကျော်မတို့များ ဝလို့ လှလို့ ခေါ်တာတောင် လှည့်မကြည့်ဘူး ဟေးဟေ့" ဆိုပြီး ပြုံးရယ်ကာ ပြောနေပါတယ်။
ကြီးတော်က အိမ်ရောက်တဲ့အထိ ဘာစကားမှ မပြောပါ။
အဖေ အိမ်ပြန်ရောက်တဲ့အခါ အဖေ့ကို တိုးတိုးမေးရပါတယ်။ ကြိးတော်ရဲ့ ငယ်နာမည်က ဘယ်လိုခေါ်။ အဖေက မဖြေသေးဘဲ ဘယ်ဖြစ်လို့လဲကွလို့ မေးပါတယ်။ ကြုံခဲ့ရတာပြောပြတဲ့အခါ ဟေ ဟုတ်လား ငါတော့ မကြားဖူးဘူးကွလို့ ရယ်ရင်းပြောပါတယ်။
အဖေ့မှာလည်း ငယ်နာမည်ရှိပါတယ်။ ရွာကို တခေါက်ရောက်တုန်းက အနည်းငယ်မှောင်စပြုချိန်မှာ မျက်နှာချင်းဆိုင်လာနေသူတစ်ယောက်က ဟေး ဘယ်သူ (အဖေ့ငယ်နာမည်ခေါ်ရင်း)အလည်လာတာလားကွဆိုပြီး နှုတ်ဆက်ပါတယ်။ အဖေကလည်း အေး ဟုတ်တယ်ကွလို့ ခင်ခင်မင်မင်ပြန်နှုတ်ဆက်ပါတယ်။
စာဖတ်ရင်းနဲ့ ရန်ကုန်သားငယ်နာမည်လည်း သိချင်နေကြပြီထင့်။ ကြီးတော်နဲ့ မတူတဲ့အချက်ကတော့ ငယ်နာမည်များစွာထဲက မကြိုက်တဲ့ငယ်နာမည်ကို တယောက်ယောက်က ခေါ်တဲ့အခါ မသိယောင်မဆောင်ဘဲ မနေတဲ့အချက်ပါပဲ။ ထရံဘေးထိုးထားတဲ့ ဒမတိုကြီးကိုင်ပြီး နောက်ကနေ လိုက်ဖူးတာ အမှတ်တရပါပဲ။
လူတိုင်းမှာ ငယ်နာမည်ရှိချင်မှ ရှိနိုင်ပေမယ့် ရှိခဲ့လို့ရှိရင် ဒီလိုငယ်နာမည်ဟာ အကြိုက်ခံရသည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ငယ်နာမည်ဟာ ငယ်နာမည်ပါပဲ။
သက်လတ်ပိုင်း သက်ကြီးပိုင်းရောက်တဲ့အခါ တယောက်ယောက်ကများ ငယ်နာမည်ကို ခေါ်လိုက်တာနဲ့ အသက်တဝက်လောက်ငယ်သွားဖူးသူတွေ ရှိနိုင်တာပါပဲ။
ငယ်နာမည် မရှိခဲ့ရင်တော့ ဒီအတွေ့အကြုံလေး ရလိမ့်မယ် မထင်။
ဘယ်လိုလဲ၊ ငယ်နာမည်တွေ တွေးတွေးပြီး ခွီနေရပြီလား။
တချက်ပြုံးရင် ဒီအတွေ့အကြုံလေး ပြောပြရတာ တန်ပါလိမ့်မယ်။ ခွင့်လွှတ်ပါ ကြီးတော်။ နောက်ဆို တူကြီးလုပ်သလို ဒမကိုင်ပြီးလိုက်။
ကျော်မောင်(တိုင်းတာရေး)
ကြီးတော်ကြီး (ငယ်နာမည် ဝဲကျော်) ရဲ့ တူ
၃-ဇွန်-၂၀၂၂
ခက်ဆစ် အဖွင့်
ဒမ (သတ်ပုံလွဲရေး)= တခုခုခုတ်ရာ ထစ်ရာတွင်သုံးသော အိမ်သုံးကိရိယာ

May 31, 2023

စကားများ - ကျော်မောင်(တိုင်းတာရေး)

နောက်တပတ်ဆို စာမေးပွဲဖြေရတော့မယ်။ စာတွေကလည်း ဘာမှ မပြင်ဆင်ရသေး၊ ဘာတခုမှလည်း ဟုတ်တိပတ်တိ မရသေး၊ အိမ်ရှေ့ကနေ အိမ်နောက် စာအုပ်တကိုင်ကိုင်နဲ့ ဟိုနေရာမှာ ထိုင်ပြီးဖတ်ရနိုးနိုး ဒီနေရာမှာ မတ်တပ်ရပ်ပြီး စာကြည့်ရနိုးနိုးနဲ့ ဂနာမငြိမ်ဖြစ်နေတာကို တွေ့တဲ့အခါ အမေပေးနေကြ စကားလုံးတွဲလေး ဥပမာလေးကို ကြားရပါတယ်။

"ငါ့သားလေးတော့ ခံတွင်းပေါက်ရှာနေပုံပဲ"
"ဘယ်က ခံတွင်းပေါက်လည်း အမေ" ဆိုပြီး ပထမအကြိမ်ကြားတုန်းက ပြန်မေးမိတဲ့အခါ "ချေးယိုခါနီးမှ ချေးခံတွင်းပေါက်ရှာတာကို ပြောတာ သားရေ့" လို့ ပြန်ရှင်းပါတယ်။ ရှင်းမှပဲ ပိုရှုပ်သလိုဖြစ်တဲ့အတွက် ချေးခံတွင်းပေါက်ဆိုတဲ့ တင်စားမှုကို နားမလည်စွာနဲ့ ရှိနေတဲ့အခါ အဲဒါက "အလေး"သွားခါနီးမှ အိမ်သာရှာတာကို ပြောတာကွလို့ အဖေက ဝင်ပြောပါတယ်။
"အလေးဆိုတာ" လို့ ထပ်မေးရင်း အဖြေသိရတဲ့အခါ "အလေး"ဆိုတာသာမက "အပေါ့"ဆိုတဲ့စကားလုံးကိုပါ သိခဲ့ရပါတယ်။ စာကြွင်းအနေနဲ့ ဆိုရရင် စာသင်ခန်းမှာ စာသင်ဆရာ၊ဆရာမ ရှိနေတုန်း စာသင်နေတုန်း အပေါ့အပါးသွားချင်ရင် လက်ညှိုးတစ်ချောင်းထောင်ပြပြီး ဆရာ၊ဆရာမက ခေါင်းညိတ်ခွင့်ပေးရင် အခန်းပြင်ထွက်ခွင့်ရတာကို မှတ်မိပါသေးတယ်။
နောက်ပိုင်းမှာ ဒီလိုမျိုးကြုံတဲ့အခါ အမေမပြောခင် "အမေရေ သား ခံတွင်းပေါက်လိုက်ရှာနေတုန်း" လို့ ဆိုရင် အမေက ရယ်ပါတယ်။
စတုတ္ထတန်းတက်တုန်းက အင်္ဂလိပ်သာသာရပ်သင်ဆရာမကြီးတစ်ယောက်ရှိပါတယ်။ သူပြောနေကြစကားကို မှတ်သားခဲ့မိပါတယ်။ ကျောင်းသူကျောင်းသားတွေကို စာမေးလို့ စာမရတဲ့အခါမျိုးမှာ ပြောလေ့ရှိတဲ့ စကားပါ။ လက်ဖဝါးကို သစ်သားပေတံနဲ့ ရိုက်ခံရတာထက် နာပါတယ်။ အပြောမခံချင်ရင် စာရအောင်လုပ်ရမယ်လို့ စိတ်ထဲတွေးမိကြမှာပါပဲ။
"မျက်နှာသနပ်ခါး ပေါင်သေးကြောင်းစီးတွေ" လို့ ဆရာမကြီးက ပြောပါတယ်။
အဲဒီခေတ်အခါတုန်းက ကျောင်းသူများပါမက ကျောင်းသားများပါ သနပ်ခါးပါးကွက်ကွက်ကြတဲ့ခေတ်ဖြစ်ပါတယ်။
ဆရာမကြီးပြောတဲ့ "မျက်နှာသနပ်ခါး"နေရာမှာ ခေတ်ကာလနဲ့ညီအောင် "မျက်နှာပေါင်ဒါ" လို့ ပြောင်းမြင်မိပါတယ်။ ပညာရေးမှူးလာခါနီးမှာမှ ကျောင်းသန့်ရှင်းရေးအလောတကောလုပ်ကြတာ မြက်တွေနှုတ်ကြတာ တွေ့မိရင် ဆရာမကြီးရဲ့ "မျက်နှာသနပ်ခါး" ဇာတ်လမ်းတော့ စနေပြီ၊ ပေါင်ဒါတွေရိုက်နေကြပြီလို့ တွေးရင်း ပြုံးမိပါတယ်။
နောက်မှတ်မိတဲ့ စကားကတော့ "ကြမ်းကျိုးမယ်ဟေ့" ဆိုတာ ဖြစ်ပါတယ်။ ဒါကတော့ အဖိုးအဖွားတွေရဲ့ လက်သုံးစကားပါပဲ။ အဖိုးတို့အိမ်မှာ အိမ်ရှေ့ဧည့်ခန်းကနေ မီးဖိုချောင်ဆီသွားတဲ့အခါ လမ်းကျဉ်းကျဉ်းလေးတခုကို ဖြတ်သွားရပါတယ်။ ဧည့်ခန်းကျော်ကျော်လောက် မီးဖိုချောင်ဆီမရောက်ခင်လောက်မှာ အဖွားရဲ့ မှန်တင်ခုံတခုရှိပါတယ်။ မှန်တင်ခုံရှေ့သစ်သားကြမ်းပြင်မှာ သနပ်ခါးလိမ်းဖို့ ကျောက်ပြင်ခပ်ကြီးကြီးတခုရှိပါတယ်။ မှန်တင်ခုံရဲ့ ဘယ်ဖက်ခြေနှစ်လှမ်းစာအကွာမှာ အိပ်ခန်းရှိပြီး မှန်တင်ခုံရဲ့ ညာဖက်ခြေတလှမ်းစာအကွာမှာ ပန်းကန်ခွက်ယောက်တွေထည့်ထားတဲ့ သစ်သားသေတ္တာကြီးတလုံးရှိပါတယ်။ လမ်းကျဉ်းကျဉ်းလေးဆိုတာက သနပ်ခါးလိမ်းတဲ့မှန်တင်ခုံနဲ့ သေတ္တာကြီးကြားကို ပြောတာပါ။ အဲဒီနေရာက ကြမ်းပြင်ဟာ လျှောက်ပါများလို့ဖြစ်ပါလိမ့်မယ်၊ အနည်းငယ်ညွတ်ကိုင်းနေပါတယ်။
မြေးတွေ မြေးမတွေ အိမ်ပေါ်မှာ ပြေးလွှားသွားကြတဲ့အခါ အဲဒီနားမရောက်ခင် အဖိုးနဲ့အဖွားကပဲဖြစ်ဖြစ်၊ အိမ်မှာရှိတဲ့ လူကြီးတစ်ယောက်ယောက်ကပဲဖြစ်ဖြစ် သတိပေးလေ့ရှိပါတယ်။
"မပြေးနဲ့ဟေ့၊ ကြမ်းကျိုးသွားဦးမယ်၊ ခပ်ဖွဖွနင်း" ဆိုတာဖြစ်ပါတယ်။ မူရင်းအဓိပ္ပါယ် "ကြမ်းကျိုးသွားမယ်" ဆိုတာထက် မြေးမလေးတွေ မိန်းကလေးအတွက် လမ်းလျှောက်တဲ့အခါ ညင်သာစွာလျှောက်သင့်တယ်၊ ကြမ်းကြမ်းတမ်းတမ်းမလျှောက်သင့်ဘူးလို့ ဆုံးမချင်တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သစ်သားကြမ်းပြင်မရှိတဲ့အခါမှာလည်း အိမ်ပေါ်မှာ အရမ်းမပြေးနဲ့ဆိုတာကို ပြောချင်တဲ့အခါ "ကြမ်းကျိုးသွားမယ်"လို့ ပြောလေ့ပြောထရှိသွားပါတယ်။
တလောကကြားမိတဲ့ စကားကတော့ "အမူးပြေ ထန်းပင်မော့ကြည့်"တဲ့။
မတည့်တာတွေ နင်းကန်စား၊ ရောဂါဖြစ်တော့ ဆေးခန်းသွားရ ဆရာဝန်ပြရ၊ ဖြစ်နေတုန်းမှာ ကယ်ကြပါဦးပြော၊ ဆေးတွေဘာတွေ သောက်ပြီး ပြန်ကောင်းလာတော့ ဒီမတည့်တဲ့အစားအသောက်တွေပဲ ပြန်စားချင်။ ဒီအခါမှာ "အမူးပြေ ထန်းပင်မော့ကြည့်" ဆိုတာ ကြားရတာပါပဲ။
ဒီတခေါက်တော့ မှတ်သားမိခဲ့ ကြားရခဲ့တဲ့ စကားများစွာထဲကနေ လေးခွန်းကို မှတ်တမ်းတင်ကြည့်တာဖြစ်ပါတယ်။ နောင်လည်း တချို့စကားများကိုပြန်ရှာတွေ့မိ ကြားမိရင် မှတ်တမ်းတင်ကြည့်ရပါဦးမယ်။
"ချေးယိုခါနီးမှ ချေးခံတွင်းပေါက်ရှာ"
"မျက်နှာသနပ်ခါး ပေါင်သေးကြောင်းစီး"
"ကြမ်းကျိုးမယ်ဟေ့"
"အမူးပြေ ထန်းပင်မော့ကြည့်"
စကားတွေဟာ နာခံရခက် ကြမ်းသလိုလိုထင်ရပေမယ့် လေးနက်သောအဖိုးတန်စကားတွေဖြစ်မဖြစ်ဆိုတာကိုတော့ ကိုယ်တိုင်တွင်ရှိသော အသိဉာဏ်ဖြင့် စဉ်းစားတွေးခေါ်ဆုံးဖြတ်နိုင်ကြပါကြောင်း။
၂၈-မေ-၂၀၂၃

ဇာတ်တော်တွေထဲက - ကျော်မောင်(တိုင်းတာရေး)

မေခလာကယ်တယ်။ ကယ်တာမှ တခါတည်း လက်နှစ်ဖက်နဲ့ပွေ့ချီဆယ်ယူပြီး မင်းနေပြည်တော်ရဲ့ ကျောက်ဖျာပေါ်မှာ ထားခဲ့ပေးတာ။ နောက်တော့ သိကြတဲ့အတိုင်း ဖုတ်သွင်းရထား ရှေ့ဆိုက်၊ အင်တာဗျူးဖြေတာအဆင်ပြေတော့ ဘုရင်ဖြစ်။ ဘုရင်ဖြစ်ပြီးတဲ့အခါမှာလည်း ကောင်းကောင်းမခံစား မစံစားဘဲ တောထွက်တော်မူတယ်။ တောထွက်ရခြင်းအကြောင်းကလည်း သရက်ပင်နှစ်ပင်ကိုမြင်ပြီး သံဝေဂရလို့ဖြစ်တယ်။ တောထွက်တဲ့အခါမှာလည်း နောက်တော်ကနေ တောမထွက်ပါနဲ့ဆိုပြီး မထွက်ရအောင် တားမြစ်ရင်းလိုက်လာတဲ့ မိဖုရားကြီးကို (မိဖုရားခုနစ်ရာလည်း ပါသေးတယ်လို့ဆို)လမ်းမှာတွေ့တဲ့ ဥပမာတွေနဲ့ ဆုံးမရသေးတယ်။ နောက်ဆုံးမှာ မိဖုရားကြီးကလည်း သားတော်ကို ထီးနန်းအပ်ပြီး သူလည်း တောထွက်တယ်။ ဇာတ်တော်ရဲ့ အဓိကအချက်က တောထွက်တာကို ပြတာ၊ နိက္ခမပါရမီကို ဟောတာ။
မေခလာမကယ်ခင် ဇနကမင်းသားအဖြစ်ကို ပြန်သွားကြည့်ရအောင်။ ဇနကမင်းသား ပင်လယ်ခရီးထွက်ရတာဟာ အပျော်ခရီးမဟုတ်။ ဒါဆို ဘာကြောင့်သူဟာ ပင်လယ်ခရီးထွက်ရသလဲဆိုတာကို ပြန်ကြည့်ဖို့လိုတယ်။ ဒီအချက်ဟာ ဇာတ်တော်ထဲမှာ ပါတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တခုလည်း ဖြစ်တယ်။ ဒါက ဇနကဇာတ်တော်ကနေ ရနိုင်တဲ့အချက်တခု။
နောက်ဇာတ်တော်တခုက ပဥ္စာဝုဓမင်းသားအကြောင်း။ ဒီဇာတ်ကလည်း ကျောင်းသင်ခန်းစာမှာ သင်ခဲ့ရတဲ့အတွက် သိသူများတယ်။ ဘီလူးကပ်စေးကို ရင်ဆိုင်တဲ့ဇာတ်ပဲ။ တလောက ဒီဇာတ်နဲ့ပတ်သက်လို့ စကားစပ်မိရင်း လူငယ်တယောက်က ပြောတာမှာ "ကျနော်ထင်တာကတော့ ပဉ္စာဝုဓမင်းသားဟာ ဘီလူးနဲ့တွေ့တဲ့အခါ ဘာဖြစ်လို့ သူ့မှာရှိတဲ့ပစ္စည်းငါးမျိုးကို တခုချင်း ထုတ်သုံးရတာလဲဆိုတော့ တခုချင်းနဲ့ စမ်းနေတာဗျ။ စစချင်းသုံးတဲ့ပစ္စည်းရဲ့ အစွမ်းထက်မှုက အဆင့်(၁) ဆိုရင် ဒုတိယသုံးလိုက်တဲ့ပစ္စည်းက အဆင့်(၂)ပဲ၊ အဲဒီလို တဖြည်းဖြည်းနဲ့ ဘီလူးကို စမ်းသွားတာ။ အဲဒီလိုတဆင့်ချင်း စမ်းသွားတဲ့အတွက် ဘီလူးက နည်းနည်းတော့ဖြုံနေပြီ"။ ဒါက ပဥ္စာဝုဓဇာတ်တော်ကနေ သူများပြောမှ သိရတဲ့ အချက်တခု။ ကျောင်းမှာသင်ခဲ့ရတုန်းက ဒါမျိုးမစဉ်းစားမိခဲ့ဖူးဘူး။
တတိယဇာတ်တော်က အလှူအတန်းရက်ရောတဲ့ ဘုရင်ကြီးဇာတ်။ ဝေဿန္တရာဇာတ်တော်။ ဆင်ဖြူတော်လှူလိုက်တဲ့အခါမှ (ခဏငှားလိုက်တာလို့လည်းဆို) တိုင်းသူပြည်သားတွေက မကျေမနပ်ဖြစ်ကြ ဒေါသဖြစ်ကြ။ ဘုရင်ကလည်း တိုင်းပြည်ကို မလွန်ဆန်ဝံ့ဘဲ ကျေကျေနပ်နပ်နဲ့ ထီးနန်းစွန့်တယ်။ ငါ့ဆင်ဖြူတော် ငါပိုင်လို့ ငါလှူတယ် ဆိုတာမျိုး မရှိတာလား၊ တိုင်းပြည်ကို မလွန်ဆန်ဝံ့တာလား ဆိုတဲ့တွေးစရာ တချက် ရတယ်။ ဘုရင်ကြီး တခြားအဖိုးတန်ရတနာတွေ လှူနေတဲ့အခါ ဘာမှမဖြစ်ဘဲ ဆင်ဖြူတော်ကို တခြားတိုင်းပြည်ကို လှူလိုက်မှဖြစ်တယ်ဆိုတာဟာ တွေးရမယ့်အချက်ဖြစ်တယ်။
တော်လေးဝဝင်တဲ့ အမရာရဲ့ခင်ပွန်း မဟောသဓသုခမိန် ဇာတ်လိုက်ဖြစ်တဲ့ ဇာတ်တော်မှာ ရနိုင်တဲ့အချက်က ဇာတ်တော်ရဲ့ နောက်ပိုင်းအခန်းဖြစ်တဲ့ ဥမင်လိုဏ်ခေါင်းတူးထားပြီး ဝိဒေဟရာဇ်မင်းကြီးကို ကယ်တဲ့အချက်ပဲ။
ဇာတ်တော်တွေကို ဖတ်တဲ့အခါ အရင်ဆုံးမှာ ပုံပြင်တပုဒ်ဖတ်သလို ဖတ်နိုင်ရင် ပိုကောင်းပါလိမ့်မယ်။ ပုံပြင်လို့ဆိုတဲ့အတွက် မယုံလည်း ပြဿနာကြီးကြီးကျယ်ကျယ်ဖြစ်စရာမရှိနိုင်ပါ။ ပုံပြင်တပုဒ်လို ဖတ်နိုင်ပြီဆိုရင် ဒီဟာကိုပဲ ကလေးလေးတွေအတွက် ညအိပ်ရာဝင်ပုံပြင်အနေနဲ့ ပြောနိုင်ပါတယ်။
ဇာတ်တော်တွေကို ချုံ့လိုက်ကြတဲ့အခါ တန်ဖိုးရှိတဲ့အပိုင်းအတော်များများဟာ ကြားညှပ်ပြီး ပျောက်သွားတတ်ပါတယ်။ ဇာတ်တော်တွေကို ချဲ့ကားလိုက်တဲ့အခါမှာလည်း မဆိုင်တဲ့အကြောင်းအရာတွေ ပါဝင်လာပြီး ဇာတ်လမ်းရဲ့ ရည်ရွယ်ရင်းအချက်ကို မတွေ့နိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။
ဇာတ်တော်တွေပြန်ဖတ် ပြန်လေ့လာကြည့်ရင်း တွေ့မိတာလေးတွေ တွေးမိတာလေးတွေ ရေးကြည့်တာပါပဲ။
၉-ဧပြီ-၂၀၂၃

သုံးပုဒ်ပေါင်း

 


ဒီကဗျာလင်္ကာလေးက တခါတုန်းမှာ တယောက်သောသူက တယောက်သောသူကို အရကျက်ခိုင်းပြီး ခေါင်းထဲတွင်စွဲထားဖို့ ပြန်ရေးပေးထားတဲ့ကဗျာတဲ့။ "သူလိုလူ" စာအုပ်ထဲက။ ကဗျာကို အင်တာနက်မှာ ရှာဖတ်ကြည့်ပါ။ တွေ့မိတာက ဒီလို။ "ကွိ" အကြောင်းကို လိုက်ရှာရင်း ပြန်ဖတ်မိတာ။

"ကွိ" (Queed) ကို ဆရာဦးဝင်းတင် ဘာသာပြန်ခဲ့တယ်။
အကျယ်ရေးချင်တာကတော့ ဆရာရဲ့ “အလှရှာတော်ပုံ”အကြောင်းပါ။
အခုတော့ ကဗျာဖတ်ကြည့်ပြီး စိတ်ဓါတ်ခွန်အားဖြည့်ကြပါစို့။
၂၁-ဧပြီ-၂၀၂၁
ဘာစားမလဲ
========
ဟမ်ဘာဂါစားမလား လို့ လာမေးတော့ အေး စားမယ်လေလို့ ပြန်ပြောလိုက်တယ်။ တခါတလေမှာ ဖေဖေဘာစားမလဲ ပြောဆိုရင် ကဲ ကြက်ပေါင်ကြော်ကြီးလုပ်ကွာ၊ ငါးကောင်လုံးကြော်လုပ်ကွာဆိုရင် သူ့ဘာသာသူ ကစားစရာလေးတွေကို ပေါင်းစပ်ပြီး ရော့ ဒါက ကြက်ပေါင်ကြော်၊ ဒါက ငါးကြော်ဆိုပြီး စားခိုင်းတယ်။ ရောင်းသူ ၀ယ်သူ အသံတူတဲ့ ပုံစံနဲ့ ပလုတ်ပလောင်းစားပြရတာပေါ့။
အခုလည်း လွှမ်းမိုးဆိုတဲ့ ပွဲကြိုက်ခင်အယ်လ်ဘမ်ထဲက သီချင်းဟောင်းတွေနဲ့ ငြိမ့်နေရင်း တခုခုရေးဖို့ ကုန်ကြမ်းရှာနေတုန်း ညစာစားဖို့ သတိမရသေးတဲ့ အချိန်မှာ ဟမ်ဘာဂါဆိုတော့ စိတ်၀င်စားသွားတယ်။
ဒီမှာ ဟမ်ဘာဂါ ရပြီလို့ ပြောရင်း လာပေးလို့ ကြည့်လိုက်တော့ ခေါင်းအုံးနှစ်လုံးကြားထဲ စောင်သေးသေးလေး ခေါက်ထားတာ ညှပ်ထားတာ။
ဟမ်ဘာဂါစားပြီးရင် ဟော့ဒေါ့လဲ စားဦးဆိုပြီး ထပ်ပေးတာက သူ့ဖက်လုံးကို ခေါင်းအုံးပေါ်တင်ပြီး အကုန်စားလိုက်တဲ့။
ကျောင်းကနေ တက်လာတာလားမေးတဲ့အခါ ဟုတ်ပါဘူး ကိုယ့်ဘာသာကိုယ် လုပ်တာလေလို့ အခိုင်အမာဆိုတယ်။
နည်းနည်းတော့ များသွားပြီ ထင်တာပဲ။
၂၀-ဧပြီ-၂၀၁၉
အကွက်ကြီးလား ကွက်ပျောက်လား
=======================
တမြန်နေ့က ဖတ်လိုက်ရတဲ့ စာတပုဒ်မှာ စစ်တုရင် chess နဲ့ ပတ်သက်တာလေးပါတယ်။ ဂရင်းမာစတာကြီးတွေ အကွက်မြင်ကြတယ်ဆိုတဲ့ အကြောင်းလေးပါ။
စစ်တုရင်ကစားကြတဲ့အခါ chess စာအုပ်တွေဖတ်ထားသူက စာအုပ်တွေထဲကအတိုင်း သူသန်တဲ့ ဂရင်းမာစတာကြီးတွေရဲ့ ‌ရွှေ့ကွက်တွေအတိုင်း ထိုးစစ်ဆင်တာတို့၊ ခံတပ်ကို အခိုင်အမာတည်ဆောက်တာတို့ပြုလုပ်လေ့ရှိတယ်။
စာအုပ်မဖတ်ထားသူဆိုရင် ဘာမှမသိဘူး၊ တဖက်က ရွှေ့တဲ့ ရွှေ့ကွက်တွေအပေါ်မှာပဲ မူတည်စဉ်းစားပြီး ကစားကြတယ်။ အဲဒီအခါ ထိုသူရဲ့အတွေ့အကြုံပေါ်မူတည်ပြီး စာအုပ်သမားကို နိုင်အောင် ကစားနိုင်တဲ့ အခါတွေလည်း ရှိတယ်။ စာအုပ်သမားက နိုင်တဲ့အခါ စာအုပ်ဖတ်ထားတဲ့အတွက် နိုင်တယ်ပေါ့၊ အတွေ့အကြုံသမားက နိုင်တဲ့အခါ စာအုပ်မဖတ်ထားပေမယ့် နိုင်တယ်ပေါ့။
စာအုပ်သမားအချင်းချင်း ထိုးတဲ့ပွဲဆို ဟိုက နှစ်ကွက်သုံးကွက်လောက်ရွှေ့တာနဲ့ ဘယ်ပြိုင်ပွဲထဲက ဘာအကွက်လဲဆိုတာ သိနေပြီ။ အဲဒီအခါကြရင် အကွက်ကြီးတွေ လာသုံးနေပါလားလို့ တဖက်ကို ရိတိတိပြောလေ့ရှိတယ်။
အရိခံရတဲ့ ကစားသမားကလည်း အေးပါကွာ အခုအကွက်ကြီးကိုပဲ နိုင်အောင် ထိုးစမ်းပါဆိုပြီး မခံနိုင်အောင်ဆွတယ်။ ရွှေ့တဲ့အခါကြပြန်တော့ အကွက်ကြီးအတိုင်း မသုံးတော့ဘဲ တခြားအကွက်ကို သုံးလိုက်ရတယ်၊ တဖက်က သိသွားပြီ နှပ်ချလို့ မရတော့ဘူးလို့ အထင်ရောက်သွားတာကိုး။
တခါတလေကြတော့ ဘယ်က အကွက်တွေနဲ့ လာကစားလို့ ကစားနေမှန်းမသိတာမျိုးလည်း ကြုံရတတ်တယ်။ အဲဒါကို ကွက်ပျောက်ကစားတယ်လို့ ခေါ်ရမယ်။ အမှန်ကတော့ ကွက်ပျောက်ကစားတာဟာလည်း ကစားကွက်တမျိုးဖြစ်ပါတယ်။
ဘယ်နည်းနဲ့ပဲ ကစား ကစား၊ မူလရည်ရွယ်ချက်က ကစားပွဲမှာ နိုင်ဖို့ပဲဖြစ်တယ်။ အကွက်ကြီးပဲ သုံးသုံး၊ ကွက်ပျောက်ပဲသုံးသုံး။
(ရေးထားတာကို ပြန်ဝေဖန်ရရင် တချို့တွေက ဒုံးနည်းနည်းဝေးကြပါတယ်၊ ဒုံးဝေးတယ်ဆိုတာ ဒုံးမနီးဘူးလို့ ဆိုလိုတာ။ နားမလည်ဘူးကွာ မင်းရေးထားတာ၊ ဘာတွေလျှောက်ရေးနေတာလည်း၊ နားလည်အောင်ရေး၊ သွယ်ဝိုက်ရေးမနေနဲ့လို့ ခပ်တည့်တည့်ပြောကြတယ်။
ဒါကို ပြန်ဖြေရရင် ခပ်တည့်တည့်‌ရေးရတာ(ပြောနေကြ ရေးနေကြတဲ့ ဒဲ့ရေးတာ)ကို မကြိုက်လို့ မရေးချင်လို့ သွယ်ဝိုက်ရေးနေပါတယ်၊ သွယ်ဝိုက်ရေးရတာလည်း ကွက်ပျောက်ရေးနည်းတမျိုးဖြစ်ပါတယ်ဆိုတာ သိစေချင်လို့ပါပဲ၊ တခါတလေမှာ တချို့တွေရဲ့ အဲဒီလို ကွက်ပျောက်ရေးထားတာတွေကို လိုက်ဖော်ပြီးဖတ်နေရတာက သူတို့ဆိုလိုချင်တာကို မြန်မြန်ခန့်မှန်းနိုင်တဲ့အတွက် ပိုထိရောက်သလိုပါပဲ၊ အဲဒီတော့ အကွက်ကြီးပဲသုံးသုံး ကွက်ပျောက်ပဲသုံးသုံး သန်ရာ သန်ရာသုံး၊ သဘောပါ)
၂၁-ဧပြီ-၂၀၂၁
(မှတ်ချက်။ ။ သုံးပုဒ်ပေါင်း၍ ပြန်လည်ကူးယူဖော်ပြ)
၂၁-ဧပြီ-၂၀၂၃