May 31, 2023

ဇာတ်တော်တွေထဲက - ကျော်မောင်(တိုင်းတာရေး)

မေခလာကယ်တယ်။ ကယ်တာမှ တခါတည်း လက်နှစ်ဖက်နဲ့ပွေ့ချီဆယ်ယူပြီး မင်းနေပြည်တော်ရဲ့ ကျောက်ဖျာပေါ်မှာ ထားခဲ့ပေးတာ။ နောက်တော့ သိကြတဲ့အတိုင်း ဖုတ်သွင်းရထား ရှေ့ဆိုက်၊ အင်တာဗျူးဖြေတာအဆင်ပြေတော့ ဘုရင်ဖြစ်။ ဘုရင်ဖြစ်ပြီးတဲ့အခါမှာလည်း ကောင်းကောင်းမခံစား မစံစားဘဲ တောထွက်တော်မူတယ်။ တောထွက်ရခြင်းအကြောင်းကလည်း သရက်ပင်နှစ်ပင်ကိုမြင်ပြီး သံဝေဂရလို့ဖြစ်တယ်။ တောထွက်တဲ့အခါမှာလည်း နောက်တော်ကနေ တောမထွက်ပါနဲ့ဆိုပြီး မထွက်ရအောင် တားမြစ်ရင်းလိုက်လာတဲ့ မိဖုရားကြီးကို (မိဖုရားခုနစ်ရာလည်း ပါသေးတယ်လို့ဆို)လမ်းမှာတွေ့တဲ့ ဥပမာတွေနဲ့ ဆုံးမရသေးတယ်။ နောက်ဆုံးမှာ မိဖုရားကြီးကလည်း သားတော်ကို ထီးနန်းအပ်ပြီး သူလည်း တောထွက်တယ်။ ဇာတ်တော်ရဲ့ အဓိကအချက်က တောထွက်တာကို ပြတာ၊ နိက္ခမပါရမီကို ဟောတာ။
မေခလာမကယ်ခင် ဇနကမင်းသားအဖြစ်ကို ပြန်သွားကြည့်ရအောင်။ ဇနကမင်းသား ပင်လယ်ခရီးထွက်ရတာဟာ အပျော်ခရီးမဟုတ်။ ဒါဆို ဘာကြောင့်သူဟာ ပင်လယ်ခရီးထွက်ရသလဲဆိုတာကို ပြန်ကြည့်ဖို့လိုတယ်။ ဒီအချက်ဟာ ဇာတ်တော်ထဲမှာ ပါတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တခုလည်း ဖြစ်တယ်။ ဒါက ဇနကဇာတ်တော်ကနေ ရနိုင်တဲ့အချက်တခု။
နောက်ဇာတ်တော်တခုက ပဥ္စာဝုဓမင်းသားအကြောင်း။ ဒီဇာတ်ကလည်း ကျောင်းသင်ခန်းစာမှာ သင်ခဲ့ရတဲ့အတွက် သိသူများတယ်။ ဘီလူးကပ်စေးကို ရင်ဆိုင်တဲ့ဇာတ်ပဲ။ တလောက ဒီဇာတ်နဲ့ပတ်သက်လို့ စကားစပ်မိရင်း လူငယ်တယောက်က ပြောတာမှာ "ကျနော်ထင်တာကတော့ ပဉ္စာဝုဓမင်းသားဟာ ဘီလူးနဲ့တွေ့တဲ့အခါ ဘာဖြစ်လို့ သူ့မှာရှိတဲ့ပစ္စည်းငါးမျိုးကို တခုချင်း ထုတ်သုံးရတာလဲဆိုတော့ တခုချင်းနဲ့ စမ်းနေတာဗျ။ စစချင်းသုံးတဲ့ပစ္စည်းရဲ့ အစွမ်းထက်မှုက အဆင့်(၁) ဆိုရင် ဒုတိယသုံးလိုက်တဲ့ပစ္စည်းက အဆင့်(၂)ပဲ၊ အဲဒီလို တဖြည်းဖြည်းနဲ့ ဘီလူးကို စမ်းသွားတာ။ အဲဒီလိုတဆင့်ချင်း စမ်းသွားတဲ့အတွက် ဘီလူးက နည်းနည်းတော့ဖြုံနေပြီ"။ ဒါက ပဥ္စာဝုဓဇာတ်တော်ကနေ သူများပြောမှ သိရတဲ့ အချက်တခု။ ကျောင်းမှာသင်ခဲ့ရတုန်းက ဒါမျိုးမစဉ်းစားမိခဲ့ဖူးဘူး။
တတိယဇာတ်တော်က အလှူအတန်းရက်ရောတဲ့ ဘုရင်ကြီးဇာတ်။ ဝေဿန္တရာဇာတ်တော်။ ဆင်ဖြူတော်လှူလိုက်တဲ့အခါမှ (ခဏငှားလိုက်တာလို့လည်းဆို) တိုင်းသူပြည်သားတွေက မကျေမနပ်ဖြစ်ကြ ဒေါသဖြစ်ကြ။ ဘုရင်ကလည်း တိုင်းပြည်ကို မလွန်ဆန်ဝံ့ဘဲ ကျေကျေနပ်နပ်နဲ့ ထီးနန်းစွန့်တယ်။ ငါ့ဆင်ဖြူတော် ငါပိုင်လို့ ငါလှူတယ် ဆိုတာမျိုး မရှိတာလား၊ တိုင်းပြည်ကို မလွန်ဆန်ဝံ့တာလား ဆိုတဲ့တွေးစရာ တချက် ရတယ်။ ဘုရင်ကြီး တခြားအဖိုးတန်ရတနာတွေ လှူနေတဲ့အခါ ဘာမှမဖြစ်ဘဲ ဆင်ဖြူတော်ကို တခြားတိုင်းပြည်ကို လှူလိုက်မှဖြစ်တယ်ဆိုတာဟာ တွေးရမယ့်အချက်ဖြစ်တယ်။
တော်လေးဝဝင်တဲ့ အမရာရဲ့ခင်ပွန်း မဟောသဓသုခမိန် ဇာတ်လိုက်ဖြစ်တဲ့ ဇာတ်တော်မှာ ရနိုင်တဲ့အချက်က ဇာတ်တော်ရဲ့ နောက်ပိုင်းအခန်းဖြစ်တဲ့ ဥမင်လိုဏ်ခေါင်းတူးထားပြီး ဝိဒေဟရာဇ်မင်းကြီးကို ကယ်တဲ့အချက်ပဲ။
ဇာတ်တော်တွေကို ဖတ်တဲ့အခါ အရင်ဆုံးမှာ ပုံပြင်တပုဒ်ဖတ်သလို ဖတ်နိုင်ရင် ပိုကောင်းပါလိမ့်မယ်။ ပုံပြင်လို့ဆိုတဲ့အတွက် မယုံလည်း ပြဿနာကြီးကြီးကျယ်ကျယ်ဖြစ်စရာမရှိနိုင်ပါ။ ပုံပြင်တပုဒ်လို ဖတ်နိုင်ပြီဆိုရင် ဒီဟာကိုပဲ ကလေးလေးတွေအတွက် ညအိပ်ရာဝင်ပုံပြင်အနေနဲ့ ပြောနိုင်ပါတယ်။
ဇာတ်တော်တွေကို ချုံ့လိုက်ကြတဲ့အခါ တန်ဖိုးရှိတဲ့အပိုင်းအတော်များများဟာ ကြားညှပ်ပြီး ပျောက်သွားတတ်ပါတယ်။ ဇာတ်တော်တွေကို ချဲ့ကားလိုက်တဲ့အခါမှာလည်း မဆိုင်တဲ့အကြောင်းအရာတွေ ပါဝင်လာပြီး ဇာတ်လမ်းရဲ့ ရည်ရွယ်ရင်းအချက်ကို မတွေ့နိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။
ဇာတ်တော်တွေပြန်ဖတ် ပြန်လေ့လာကြည့်ရင်း တွေ့မိတာလေးတွေ တွေးမိတာလေးတွေ ရေးကြည့်တာပါပဲ။
၉-ဧပြီ-၂၀၂၃

သုံးပုဒ်ပေါင်း

 


ဒီကဗျာလင်္ကာလေးက တခါတုန်းမှာ တယောက်သောသူက တယောက်သောသူကို အရကျက်ခိုင်းပြီး ခေါင်းထဲတွင်စွဲထားဖို့ ပြန်ရေးပေးထားတဲ့ကဗျာတဲ့။ "သူလိုလူ" စာအုပ်ထဲက။ ကဗျာကို အင်တာနက်မှာ ရှာဖတ်ကြည့်ပါ။ တွေ့မိတာက ဒီလို။ "ကွိ" အကြောင်းကို လိုက်ရှာရင်း ပြန်ဖတ်မိတာ။

"ကွိ" (Queed) ကို ဆရာဦးဝင်းတင် ဘာသာပြန်ခဲ့တယ်။
အကျယ်ရေးချင်တာကတော့ ဆရာရဲ့ “အလှရှာတော်ပုံ”အကြောင်းပါ။
အခုတော့ ကဗျာဖတ်ကြည့်ပြီး စိတ်ဓါတ်ခွန်အားဖြည့်ကြပါစို့။
၂၁-ဧပြီ-၂၀၂၁
ဘာစားမလဲ
========
ဟမ်ဘာဂါစားမလား လို့ လာမေးတော့ အေး စားမယ်လေလို့ ပြန်ပြောလိုက်တယ်။ တခါတလေမှာ ဖေဖေဘာစားမလဲ ပြောဆိုရင် ကဲ ကြက်ပေါင်ကြော်ကြီးလုပ်ကွာ၊ ငါးကောင်လုံးကြော်လုပ်ကွာဆိုရင် သူ့ဘာသာသူ ကစားစရာလေးတွေကို ပေါင်းစပ်ပြီး ရော့ ဒါက ကြက်ပေါင်ကြော်၊ ဒါက ငါးကြော်ဆိုပြီး စားခိုင်းတယ်။ ရောင်းသူ ၀ယ်သူ အသံတူတဲ့ ပုံစံနဲ့ ပလုတ်ပလောင်းစားပြရတာပေါ့။
အခုလည်း လွှမ်းမိုးဆိုတဲ့ ပွဲကြိုက်ခင်အယ်လ်ဘမ်ထဲက သီချင်းဟောင်းတွေနဲ့ ငြိမ့်နေရင်း တခုခုရေးဖို့ ကုန်ကြမ်းရှာနေတုန်း ညစာစားဖို့ သတိမရသေးတဲ့ အချိန်မှာ ဟမ်ဘာဂါဆိုတော့ စိတ်၀င်စားသွားတယ်။
ဒီမှာ ဟမ်ဘာဂါ ရပြီလို့ ပြောရင်း လာပေးလို့ ကြည့်လိုက်တော့ ခေါင်းအုံးနှစ်လုံးကြားထဲ စောင်သေးသေးလေး ခေါက်ထားတာ ညှပ်ထားတာ။
ဟမ်ဘာဂါစားပြီးရင် ဟော့ဒေါ့လဲ စားဦးဆိုပြီး ထပ်ပေးတာက သူ့ဖက်လုံးကို ခေါင်းအုံးပေါ်တင်ပြီး အကုန်စားလိုက်တဲ့။
ကျောင်းကနေ တက်လာတာလားမေးတဲ့အခါ ဟုတ်ပါဘူး ကိုယ့်ဘာသာကိုယ် လုပ်တာလေလို့ အခိုင်အမာဆိုတယ်။
နည်းနည်းတော့ များသွားပြီ ထင်တာပဲ။
၂၀-ဧပြီ-၂၀၁၉
အကွက်ကြီးလား ကွက်ပျောက်လား
=======================
တမြန်နေ့က ဖတ်လိုက်ရတဲ့ စာတပုဒ်မှာ စစ်တုရင် chess နဲ့ ပတ်သက်တာလေးပါတယ်။ ဂရင်းမာစတာကြီးတွေ အကွက်မြင်ကြတယ်ဆိုတဲ့ အကြောင်းလေးပါ။
စစ်တုရင်ကစားကြတဲ့အခါ chess စာအုပ်တွေဖတ်ထားသူက စာအုပ်တွေထဲကအတိုင်း သူသန်တဲ့ ဂရင်းမာစတာကြီးတွေရဲ့ ‌ရွှေ့ကွက်တွေအတိုင်း ထိုးစစ်ဆင်တာတို့၊ ခံတပ်ကို အခိုင်အမာတည်ဆောက်တာတို့ပြုလုပ်လေ့ရှိတယ်။
စာအုပ်မဖတ်ထားသူဆိုရင် ဘာမှမသိဘူး၊ တဖက်က ရွှေ့တဲ့ ရွှေ့ကွက်တွေအပေါ်မှာပဲ မူတည်စဉ်းစားပြီး ကစားကြတယ်။ အဲဒီအခါ ထိုသူရဲ့အတွေ့အကြုံပေါ်မူတည်ပြီး စာအုပ်သမားကို နိုင်အောင် ကစားနိုင်တဲ့ အခါတွေလည်း ရှိတယ်။ စာအုပ်သမားက နိုင်တဲ့အခါ စာအုပ်ဖတ်ထားတဲ့အတွက် နိုင်တယ်ပေါ့၊ အတွေ့အကြုံသမားက နိုင်တဲ့အခါ စာအုပ်မဖတ်ထားပေမယ့် နိုင်တယ်ပေါ့။
စာအုပ်သမားအချင်းချင်း ထိုးတဲ့ပွဲဆို ဟိုက နှစ်ကွက်သုံးကွက်လောက်ရွှေ့တာနဲ့ ဘယ်ပြိုင်ပွဲထဲက ဘာအကွက်လဲဆိုတာ သိနေပြီ။ အဲဒီအခါကြရင် အကွက်ကြီးတွေ လာသုံးနေပါလားလို့ တဖက်ကို ရိတိတိပြောလေ့ရှိတယ်။
အရိခံရတဲ့ ကစားသမားကလည်း အေးပါကွာ အခုအကွက်ကြီးကိုပဲ နိုင်အောင် ထိုးစမ်းပါဆိုပြီး မခံနိုင်အောင်ဆွတယ်။ ရွှေ့တဲ့အခါကြပြန်တော့ အကွက်ကြီးအတိုင်း မသုံးတော့ဘဲ တခြားအကွက်ကို သုံးလိုက်ရတယ်၊ တဖက်က သိသွားပြီ နှပ်ချလို့ မရတော့ဘူးလို့ အထင်ရောက်သွားတာကိုး။
တခါတလေကြတော့ ဘယ်က အကွက်တွေနဲ့ လာကစားလို့ ကစားနေမှန်းမသိတာမျိုးလည်း ကြုံရတတ်တယ်။ အဲဒါကို ကွက်ပျောက်ကစားတယ်လို့ ခေါ်ရမယ်။ အမှန်ကတော့ ကွက်ပျောက်ကစားတာဟာလည်း ကစားကွက်တမျိုးဖြစ်ပါတယ်။
ဘယ်နည်းနဲ့ပဲ ကစား ကစား၊ မူလရည်ရွယ်ချက်က ကစားပွဲမှာ နိုင်ဖို့ပဲဖြစ်တယ်။ အကွက်ကြီးပဲ သုံးသုံး၊ ကွက်ပျောက်ပဲသုံးသုံး။
(ရေးထားတာကို ပြန်ဝေဖန်ရရင် တချို့တွေက ဒုံးနည်းနည်းဝေးကြပါတယ်၊ ဒုံးဝေးတယ်ဆိုတာ ဒုံးမနီးဘူးလို့ ဆိုလိုတာ။ နားမလည်ဘူးကွာ မင်းရေးထားတာ၊ ဘာတွေလျှောက်ရေးနေတာလည်း၊ နားလည်အောင်ရေး၊ သွယ်ဝိုက်ရေးမနေနဲ့လို့ ခပ်တည့်တည့်ပြောကြတယ်။
ဒါကို ပြန်ဖြေရရင် ခပ်တည့်တည့်‌ရေးရတာ(ပြောနေကြ ရေးနေကြတဲ့ ဒဲ့ရေးတာ)ကို မကြိုက်လို့ မရေးချင်လို့ သွယ်ဝိုက်ရေးနေပါတယ်၊ သွယ်ဝိုက်ရေးရတာလည်း ကွက်ပျောက်ရေးနည်းတမျိုးဖြစ်ပါတယ်ဆိုတာ သိစေချင်လို့ပါပဲ၊ တခါတလေမှာ တချို့တွေရဲ့ အဲဒီလို ကွက်ပျောက်ရေးထားတာတွေကို လိုက်ဖော်ပြီးဖတ်နေရတာက သူတို့ဆိုလိုချင်တာကို မြန်မြန်ခန့်မှန်းနိုင်တဲ့အတွက် ပိုထိရောက်သလိုပါပဲ၊ အဲဒီတော့ အကွက်ကြီးပဲသုံးသုံး ကွက်ပျောက်ပဲသုံးသုံး သန်ရာ သန်ရာသုံး၊ သဘောပါ)
၂၁-ဧပြီ-၂၀၂၁
(မှတ်ချက်။ ။ သုံးပုဒ်ပေါင်း၍ ပြန်လည်ကူးယူဖော်ပြ)
၂၁-ဧပြီ-၂၀၂၃

Murals in Singapore.

 

Snapshots taken on the way to office and around food courts visited.
စင်ကာပူမှာ တွေ့ရတဲ့ နံရံပန်းချီတချို့ဖြစ်ပါတယ်။
စိတ်ဝင်စားပြီး ရိုက်ခဲ့မိတဲ့ ပုံများပါ။


















ဘာကစားမလဲ


တဖက်ရပ်ကွက်ရှိ အလယ်တန်းကျောင်းသို့ ဆဋ္ဌမတန်းကျောင်းသားသစ်အနေဖြင့် ပြောင်းတက်စဉ် ကာယနည်းပြဆရာမကို ခဏတာ တွေ့ကြုံခွင့် သိခွင့်ရလိုက်သည်။ ထိုနှစ်မှာပဲ ဆရာမက တခြားကျောင်းသို့ ပြောင်းသွားသည်။ လူပုံသဏ္ဍာန်ရေးဆွဲထားသည်များပါသော သွေးပူလေ့ကျင့်ခန်းပြုလုပ်နည်း စာရွက်ညိုညိုတစ်ရွက် ရလိုက်သည်။

ရှစ်တန်းအရောက် စာသင်ချိန်တချိန်တွင် တတန်းလုံးငိုက်မျဉ်းနေသည့်ပုံစံဖြစ်နေသဖြင့် အတန်းပိုင်ဆရာမက ကဲ လာ ရှေ့ထွက်ပြီး တတန်းလုံးကို ကာယလေ့ကျင့်ခန်းဦးဆောင်လုပ်ပြဟု ပြောသည်တွင် ထိုင်ခုံပေါ်တက်ကာ မှတ်မိသမျှ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို ရှေ့ထွက်လုပ်ပြနိနိုင်ခဲ့သည်။ စာရွက်ညိုညိုကျေးဇူးပင်။
ကာယနည်းပြဆရာတစ်ယောက် ကျောင်းသို့ပြောင်းလာသည်။ ထိုဆရာသည် ဘတ်စကတ်ဘောနှင့် စားပွဲတင်တင်းနစ်ကစားသမားဖြစ်ပုံရပါသည်။ ဆရာ့ဆီက ဘတ်စကတ်ဘောနှင့် စားပွဲတင်တင်းနစ်ကစားနည်းစနစ်များ၊ စည်းမျဉ်းစည်းကမ်းများ မရခဲ့ပါ။ အကြောင်းမှာ ကစားရန် ကွင်းမရှိခြင်း ခုံမရှိခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။ နှမြောဖို့ အလွန်ကောင်းကြောင်း မသိခဲ့။
ယခုတွေးမိသည်မှာ ကွင်းမရှိ ခုံမရှိသော်လည်း ကစားနည်းနှင့် စည်းမျဉ်းစည်းကမ်းစသည်များကို အဘယ်ကြောင့် မလေ့လာခဲ့ရ မသင်ကြားခဲ့ရဆိုသည့်အကြောင်းဖြစ်သည်။
မိဘဆရာအသင်းနှစ်ပတ်လည်တွေ့ဆုံပွဲနှင့်ဆုပေးပွဲတွင် မြို့နယ်ပညာရေးမှူးဆရာမကြီးပြောခဲ့သည်ကို ကြားခဲ့ပြီး အားတက်ခဲ့ရသေးသည်။ သူက ပြောပါသည်။ ဘတ်စကတ်ဘောကွင်းဖြစ်အောင်လုပ်ဖို့ တိုက်တွန်းထားခြင်းဖြစ်သည်။ ရှစ်တန်းအောင်၍ အထက်တန်းကျောင်းသာ ပြောင်းတက်ကြသည်၊ ဘတ်စကတ်ဘောကွင်းများ အလယ်တန်းကျောင်းတွင် ရနေပြီလားဟု ကျောင်းသို့ သွားကြည့်မိရသည်မှာ ခဏခဏ။
အလယ်တန်းကျောင်းတက်ခဲ့ပြီးမှ ကျောင်းပိတ်ရက်အတွင်း ထိုကျောင်းဝန်းထဲတွင် ပိုက်ကျော်ခြင်းသွားခတ်ဖြစ်သေးသည်ကိုလည်း အမှတ်ရမိသည်။
ကျောင်းသားဘဝ အားကစားနှင့် ပတ်သက်၍ သတိရမိသူ အတန်းဖော်သုံးဦးရှိခဲ့သည်။ ထိုသုံးဦးစလုံးနှင့် ခင်မင်ရင်းနှီးသည့် သူငယ်ချင်းမဖြစ်ခဲ့။ အတန်းဖော်အနေဖြင့် ပြောဆိုသည်လောက်သာ ရှိခဲ့သည်။
တစ်ယောက်က သိုင်းသင်တန်းတက်ပြီး ရှစ်တန်းအခန်းတွင် ကျောင်းပျက်များသူဖြစ်သည်။ သိုင်းပြိုင်ပွဲအတွက် အာရုံများသူဖြစ်သည်။ စာညံ့မည်စိုး၍ သိုင်းသင်တန်းကိုချည်း ဦးစားမပေးရန် ဆရာမများက ပြောပါသည်။
နောက်တယောက်မှာ လည်း ရှစ်တန်းအတန်းဖော်ဖြစ်ပါသည်။ သူက တာတိုအပြေးသမားဖြစ်ပါသည်။ ကိုးတန်းရောက်မှ ထိုအတန်းဖော်မှာ အပြေးသမားဖြစ်ကြောင်းသိရပါသည်။ အထက်တန်းကျောင်းရှိ ကာယနည်းပြဆရာမက သူ့ကို လာပြောမှ သိရခြင်းဖြစ်သည်။ အပြေးပြိုင်ပွဲဝင်ဖို့ လာပြောခြင်းဖြစ်သည်။ ဆုရပုံပေါ်ပါသည်။
နောက်ဆုံးတယောက်မှာ ကိုးတန်းရောက်မှ သတိထားမိသူတယောက်ဖြစ်ပါသည်။ သူက အတန်းထဲတွင် တခြားသူများနှင့် သိပ်ပြီးရောရောနှောနှော မနေသည့်ပုံစံဖြစ်သည်။ ဆယ်တန်းပြီး၍ ပြန်တွေ့သည့်အခါ ကာယဗလကစားသမားတစ်ယောက်ကဲ့သို့ ကိုယ်နေဟန်ထားဖြစ်နေပါသည်။
ပြန်ချုပ်ရသော် ကျောင်းသားဘဝ လူငယ်ဘဝတွင် အားကစားတခုခု သို့မဟုတ် တခုထက်ပိုသော ကစားနည်းတခုခုကို ကစားမိခဲ့ကောင်း ကစားမိခဲ့ကြပါလိမ့်မည်။ ထိုသို့ ကစားခဲ့ရာတွင် အပျော်ကစားခြင်းမျိုး မဟုတ်ဘဲ နည်းစနစ်ကျကျ မှန်ကန်စွာ ကစားတတ်ခဲ့ဖို့ လေ့လာခဲ့ဖို့ လိုပါသည်။ ထိုသို့ ကစားနိုင်ရန် မည်သူက လုပ်ပေးရမည်နည်းဆိုသည်ကို မသိပါ။ ထို့ကြောင့် တခုခုရစေရန် ယခုစာကို ရေးပါသည်။ လောလောဆယ်ဆယ်တွင် နေ့တိုင်း လမ်းလျှောက်ဖြစ်ရန် ကြိုးစားနေဆဲ အခြေအနေဖြစ်ပါသည်။
ကျော်မောင်(တိုင်းတာရေး)
၁၂-မေ-၂၀၂၂
(နောက်ဆက်တွဲရရင်ဖြင့် လက်ရှိမှာ သာမိုမီတာကနေ ၃၇.၄ မှ ၃၇.၈ ကြား တက်လိုက်ကျလိုက် ကစားနေသည်ကိုသာ ထိုင်ကြည့်နေရသည့် အခြေအနေဖြစ်နေပါကြောင်း)
၁၁-မေ-၂၀၂၃