Nov 13, 2021

လက်သံပိ

တရက်မှာ လမ်းထဲက အိမ်တအိမ်က ရှင်ပြုမင်္ဂလာပွဲအတွက် ညဖက် ဆိုင်းနဲ့ ဧည့်ခံပါတယ်။ ညဦးပိုင်းမှာ သားဖြစ်သူက ဆိုင်းဝင်တီးပါတယ်။ သူကလည်း နှယ်နှယ်ရရမဟုတ်ပါ။ လူငယ်ဖြစ်ပေမယ့် ပရိသတ်ကို အတော်လေးဆွဲဆောင်နိုင်ပြီး စိတ်ပါလက်ပါတီးနိုင်သွားတာ ကြားရတယ်။
ကြားရတယ်ဆိုတာက လမ်းထဲတင် အိမ်အောက်မျက်စောင်းထိုးလောက်ဆိုတော့ အိမ်ပေါ်အထိ ဆိုင်းသံဗုံသံ စည်းဝါးလိုက်သံက ကြားနေရတာကိုး။ နားမထောင်ချင် အိမ်ရှေ့တံခါး ပိတ်ထားရုံပါပဲ။ ဆိုင်းဆရာလေးတီးနေတာက ခေတ်ပေါ်သီချင်းတွေများတယ်။ လာကြည့်တဲ့ပရိသတ်အကြိုက် တပုဒ်ပြီး တပုဒ်တီး၊ ဆုချတဲ့သူတွေကလည်း ဘာသီချင်းလေး တီးပြပါဦးဆိုပြီး ဆုချ။
ညနက်လာတော့ ပရိသတ်ကလည်း အိမ်ပြန်အိပ်၊ လာကြည့်သူနည်းသွားတော့ ဆိုင်းဆရာလေးလည်း တီးရတာမော၊ ခဏနား။
တအောင့်နေတဲ့အခါ ဆိုင်းတီးသံကြားရပြန်ပါတယ်။ လက်သံက ခုနက တီးတာနဲ့မတူ၊ အင်မတန် ပိပါပေတယ်။ လက်သံတော်တော်ပိတာပဲလို့ ဒီလိုဆိုရမယ်။ ဆိုင်းနောက်ထက အခုတီးနေတာကတော့ ရွာစားကြီးဘယ်သူပါလို့ မိတ်ဆက်သံကြားတော့မှ ဒါဆိုင်းဆရာလေးရဲ့ အဖေပဲ။ ခုနက သူဝင်မတီးဘဲ သူ့သားကို ပွဲထုတ်တာဖြစ်မယ်။ အခု သူတီးတာတွေက ခေတ်ပေါ်သီချင်းမဟုတ်၊ ကြားရခဲတဲ့ သီချင်းကြီးတွေဖြစ်နေတယ်။ ဂန္ထဝင်တီးလုံးတီးကွက်တွေပေါ့။ ပရိသတ်က ပြန်ကုန်ကြလို့ လာကြည့်သူမရှိပေမယ့် ရွာစားကြီးဟာ သူ့ရဲ့ပညာစွမ်းကို မလျှော့ဘဲ တီးနေတဲ့အတွက် အိမ်ပေါ်က နားထောင်နေတဲ့သူအတွက်က အားရကျေနပ်မှုတွေ ဖြစ်မိတယ်။
ကျောင်းတုန်းက သူငယ်ချင်းနဲ့ နားထောင်ခဲ့ဖူးတဲ့ ဆိုင်းဝိုင်းကြီးအကြောင်းကိုလည်း ပြန်သတိရမိတယ်။ သူငယ်ချင်းက ငါတို့အိမ်နားမှာ ဆိုင်းဝိုင်းလာတီးမယ်။ မင်းလာခဲ့ကွာ ဆိုတာနဲ့ အဲဒီညမှာ သွားကြည့်၊ သူက သူ့အိမ်က ထိုင်ခုံတွေ ယူလာပြီး ကြည့်ကြ နားထောင်ကြ။ အဲဒီ ဆိုင်းဆရာဟာ အသက်ငယ်ငယ်နဲ့ အင်မတန်တော်တဲ့ ပညာရှင်ဖြစ်တယ်။ လက်သံစိပ်စိပ်နဲ့ တီးနိုင်ပြီး သူ့ဗုံသံကလည်း နားထောင်လို့ အလွန်ကောင်းတယ်။ အဲဒီပွဲဟာ အဲဒီဆိုင်းဆရာရဲ့ နောက်ဆုံးပွဲ ဟုတ်မဟုတ် သေချာမသိပေမယ့် ကြည့်ခဲ့ နားထောင်ခဲ့သူအဖို့ ဒီဆိုင်းဆရာနဲ့ ပြန်မဆုံနိုင်ခဲ့ပါ။ ဆိုင်းဆရာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့တဲ့အတွက်ပါ။
ခုနက ဆိုင်းဆရာလေးရဲ့ အဖေလက်သံဟာလည်း ဗုံသံဟာ ပီလွန်းတယ်လို့ ဆိုရပါမယ်။ မနက်မိုးလင်ခါနီးမှ ဆိုင်းဝိုင်းသိမ်းပါတယ်။ အဲဒီအခါကျမှ အိမ်ပေါ်ထပ် ခုံတန်းရှည်ပေါ်မှာ လှဲအိပ်ပြီး မြန်မာ့ဂီတပညာကို အားရကျေနပ်စွာနားထောင်နေသူလည်း အိပ်ရာဝင်ပါတယ်။
ဒီဆိုင်းဝိုင်းအကြောင်း၊ အဖေနဲ့သားနဲ့ လက်သံပိပုံကွာတဲ့အကြောင်း၊ အဖေဖြစ်သူ ဆိုင်းဆရာကြီး တီးနေတဲ့အခါ နားထောင်သူမရှိကြောင်း၊ ရပ်ဝေးကနေ ခဏပြန်ရောက်လာတဲ့ အဖေ့ကို ပြောပြတော့ သူက ဒီလို မချိတင်ကဲပြန်ပြောပါတယ်
"မင်းကွာ တိုက်အောက်လေး ဆင်းပြီး ဆိုင်းဝိုင်းရှေ့ထိုင်ပြီး အားပေးဖို့ ကောင်းတယ်၊ အတော်ညံ့တဲ့ကောင်"
အဲဒီအခါမှ ဟာ ဟုတ်ပါလားပေါ့၊ အဖေပြောသလို အောက်ဆင်း ဆိုင်းဝိုင်းရှေ့ထိုင်ပြီး အားပေးရင် တီးနေတဲ့ဆိုင်းဆရာကြီးလည်း အားတက်မှာ အမှန်ပဲဆိုပြီး နောင်တရမိပါတယ်။
လက်သံပိတဲ့ ရွာစားကြီးနဲ့ အဖေပြောပြပုံလေး အမှတ်တရပေါ့။
"မန်းတောင်လကျ်ာ" သီချင်းဟာ သားအဖတွေ ကက်ဆက်ဖွင့်လိုက် ရပ်လိုက် နောက်ပြန်ရစ်လိုက် စာသားချရေးလိုက်နဲ့ လုပ်ရင်း အလွတ်ဆိုနိုင်ခဲ့တဲ့ ပထမဆုံးသော သီချင်းကြီးဖြစ်ခဲ့ပါတယ်။
လက်သံပိတဲ့အခါ အားပေးပါတယ်။
မြန်မာ့ဆိုင်းဝိုင်းကြီး တိုးတက်အောင်မြင်ပါစေသောဝ်။
ကျော်မောင်(တိုင်းတာရေး)
၁၅-အောက်တိုဘာ-၂၀၂၁

အကျင့်

ဒီည

ကဗျာရေးရမလား
စာတို စာရှည်ရေးရမလား
ပုံတပုံကူးဆွဲရမလား
လမ်းပဲဆင်းလျှောက်ရမလား
ရွရွလေးပြေးရရင်ကောင်းမလား
တရေးအိပ်ရရင်ကောင်းမလား။
ဒီနေ့ညနေက
ဒီလို ကြားနာလိုက်ရတယ်
"သူငယ်ချင်းတယောက်ဟာ
တရားအကြောင်းတွေ
လက်တန်းပြောနိုင်တယ်တဲ့
အတော်ပြောနိုင်တာပဲ ချီးကျူးတော့
အထင်မကြီးပါနဲ့ အထင်မကြီးပါနဲ့
ငါက ကျက်ထားတာတွေပြန်ပြောတာ ဆိုသတဲ့
အကျင့်သာ အရေးကြီးတယ်လို့
ဇာတ်ကြောင်းပြန်သူက ကောက်ချက်ချ"
နားထောင်သူ ကြားနာသူက
သက်ပြင်းတွေ မသိမသာ ချ။
အကျင့်
အကျင့်
အကျင့်တွေ ပြင်ဖို့
ဘယ်လိုကိရိယာဆင်ရမလဲ။
အကျင့်
အကျင့်
အကျင့်တွေ ဖြူစင်ဖို့
ဘယ်လိုဆပ်ပြာနဲ့လျှော်ရင်ရမလဲ။
အကျင့်
အကျင့်
တနေ့ နှစ်ဆယ့်လေးနာရီ ကျင့်နိိုင်ရင်
ခရီးမဖင့်နိုင်ဘူး မဟုတ်လား။
ဒါနဲ့ပဲ
ဒီလိုဆိုမိတယ် -
"ဟုတ်မှန်သော
တရားကိုသာ
ကျင့်ကြံလို။
ဟုတ်မှန်သော
စကားများကိုသာ
ပြောကြား နားဆင်လို။
ဟုတ်မှန်သော
ပုဂ္ဂိုလ်များနှင့်သာ
တွေ့ဆုံလို။ "
ဆိုမိသောစာ
လိုမိသောစာ
ပြည့်ဝစေဖို့
သင်ကိုယ်တိုင်
ကျင့်ကြံဖို့လိုသည်။
မအိပ်မနေ ကျင့်ကြံကြပေတော့။
မအိပ်မနေ ကြိုးစားကြပေတော့။
မအိပ်မနေ အားတင်းထားပေတော့။
ပန်းတိုင် မရောက်မချင်း
အိပ်စက်ခြင်း အလျဉ်းမပြုရ
အိပ်မက်တွေ ဝေးကွာတဲ့အထိ ကျင့်ကြံနိုင်ရမည်။ ။
ကြာပေါ်
၂၃-အောက်တိုဘာ-၂၀၂၁

ဆွဲခဲ့သော စာအုပ်မှ ဝတ္ထုတိုတပုဒ်

ချက်ကော့ဂန်းန်း ဆိုပြီး စာအရေးအသားမှာ ရှိတယ်။ ကျနော်လည်း သုံးတယ်။ (၂၀၁၉) ဟာ ဘယ်အချိန်ပြန်ဖတ်ဖတ် မရိုးနိုင်တဲ့ချက်ကော့ဝတ္ထုတိုတွေလိုပဲ။

ဆွဲခဲ့သော စာအုပ်မှ ဝတ္ထုတိုတပုဒ်
======================
ဆွဲခဲ့တာဆိုတာ ယူခဲ့တယ်ဆိုတဲ့ အသုံးအနှုန်းနဲ့တော့ ကွာတယ်။ ဆွဲခဲ့တာဆိုတာက နည်းနည်းပိုင်စိုးပိုင်နင်းရှိတဲ့သဘောပါတယ်။ ဟုတ်တယ်၊ စာအုပ်တအုပ် ဆွဲခဲ့တယ်။ ဘယ်ကလဲဆို ရန်ကုန်က၊ တိတိကျကျပြောရရင် စာအုပ်စင်လို့ပြောလို့မရတော့အောင် စာအုပ်ပုံလိုဖြစ်နေတဲ့ တအုပ်ကိုတအုပ်ဆင့်ထပ်ထားတဲ့စာအုပ်တွေထဲက တအုပ်ကို ဆွဲယူခဲ့တာပဲ။ ဘယ်သူဘယ်ဝါဝယ်ထားတဲ့စာအုပ်လည်းဆိုတာ လက်မှတ်လည်း မထိုးထားဘူး၊ ဝယ်တဲ့နေ့စွဲလည်း မတပ်ထားဘူး။ ပုံမှန်အားဖြင့် ရန်ကုန်အိမ်က စာအုပ်တော်တော်များများမှာ ဝယ်တဲ့သူက သူ့လက်မှတ်နဲ့ နေ့စွဲကို ဘော့ပင်လေးနဲ့ ရေးမှတ်ထားတာကိုတွေ့ရလေ့ရှိတယ်။ ပြဿနာမရှိပါဘူး၊ အိမ်သားထဲက စာဖတ်တဲ့တယောက်ယောက်ဝယ်ထားပြီး လက်မှတ်ထိုးဖို့မေ့တာနေမှာပဲ။ စာအုပ်ရဲ့ အတွင်းပိုင်းစာရွက်သားတွေက ၀ါကျင်ကျင်ဖြစ်နေပြီ။ စာသားတွေ ဖတ်လို့ရသေးတာကို ကျေးဇူးတင်ရမယ်။ စာအုပ်ဆွဲခဲ့တယ်ဆိုတာ ပြောခဲ့လား မပြောခဲ့လား မမှတ်မိတော့ဘူး၊ အသက်ကလည်း ကြီးလာပြီကိုး။
စာအုပ်နာမည်က ချက်ကော့ ဝတ္ထုတိုပေါင်းချုပ်၊ ဘာသာပြန်ဆိုသူက ဆရာကျော်အောင် ဖြစ်ပါတယ်။
ရန်ကုန်က ဆွဲခဲ့တဲ့စာအုပ်ကို စင်ကာပူမှာ တနေ့တပုဒ်နှုန်းနဲ့ ဖတ်ဖြစ်တယ်။ အစပိုင်းမှာ အစဉ်အတိုင်းဖတ်ဖြစ်ပေမယ့် ဒီနေ့မှာတော့ ကားစီးရင်း ဖတ်မိတာက စာအုပ်နောက်ပိုင်းလောက်မှာရှိတဲ့ ဝတ္ထုတိုတပုဒ်ပဲ။
“သတို့သမီး” လို့ ဘာသာပြန်ခေါင်းစဉ်တပ်ထားတယ် (အင်္ဂလိပ်လို ရေးတာမှာ The Bride ဖြစ်ရမှာကို g တလုံးထည့်ရိုက်မိပြီး The Bridge လို့မှားရိုက်ထားတာကို တွေ့ရတယ်)။ ဝတ္ထုကို ဖတ်ပြီးတဲ့အခါမှ ဒီဇာတ်လမ်းကို ဖတ်ဖူးတယ်ဆိုတာ အမှတ်ရမိတယ်။ ဖတ်ဖူးခဲ့တုန်းမှာ တချို့စာသားတွေကို အတော်များများကျော်ဖတ်ခဲ့ပုံရတယ်။ “ကျနော် ကျော်ဖတ်ခဲ့သော ဝတ္ထုများ” ဆိုပြီး ရေးကြည့်ဖို့ စိတ်ကူးဖြစ်မိတယ်။ သတို့သမီး ဝတ္ထုတိုကို အခုဖတ်ကြည့်တဲ့အခါမှာမှ ဝတ္ထုရဲ့ဆိုလိုရင်းရော ဇာတ်ကောင်တွေရဲ့ တွေးခေါ်ပုံတွေရော စာရေးဆရာပြောချင်တာရောကို ရေးတေးတေးမြင်လာမိတယ်။ ရေးတေးတေးမြင်လာတယ်ဆိုတော့ မဆိုးဘူးပြောရမှာပဲ။ မေ့လောက်တဲ့အခါကြမှ နောက်တခေါက်ထပ်ဖတ်ကြည့်ရင် သဲသဲကွဲကွဲမြင်လာပြီလို့ ပြောနိုင်ရင် ကောင်းမှာပဲ။

အဲဒီ Chekhov ရဲ့“သတို့သမီး” ဆိုတာကို လိုက်ရှာကြည့်တော့ Bethrothed (Short story) ဆိုပြီး ဝီကီမှာ မှတ်တမ်းတင်ထားတာ တွေ့ရတယ်။ ခေါင်းစဉ်ကို "The Fiancée" လို့လည်း ဘာသာပြန်နိုင်ပါတယ်တဲ့။ ၁၉၀၃ မှာရေးခဲ့တာ။

ဆရာကျော်အောင် ဘာသာပြန်ထားတာလေးတွေထဲက အချို့ကို ဖော်ပြခွင့်ပြုပါ။
{“ဉာဏ်ပညာ အလင်းရောင်ရတဲ့ လူသူတော်စင်လိုလူတွေဟာ စိတ်ဝင်စားစရာကောင်းတယ်။ အဲဒီလို လူမျိုးတွေ များများပေါ်ပေါက်လာဖို့လိုတယ်”
“အရေးကြီးဆုံးက ဘဝကို ပရစ်ဇမ်ခံပြီး ကြည့်တတ်ဖို့ပဲ”
နာဒယာသည် ပန်းခြံထဲတွင် လမ်းလျှောက်သည်။ လမ်းများသို့ ထွက်ကာလျှောက်သည်။ အိမ်များကိုလည်းကောင်း၊ မှုန်မှိုင်းမှိုင်းဝင်းထရံများကိုလည်းကောင်း ကြည့်ကာ မြို့သည် တဖြည်းဖြည်း အိုမင်းလာသည်ဟု ထင်မိသည်။ }

ဒီတခေါက် ရန်ကုန်က အပြန်မှာ စာအုပ်များများမယူလာမိခဲ့။ သမီးလေးအတွက်တော့ စာအုပ်စင်တလုံး ဝယ်ဆင်ပေးနိုင်ခဲ့သည်။
စာပေဖတ်၍ ထက်မြက်လာနိုင်ဖို့လည်း မမျှော်လင့်ရဲ။
စာပေချစ်၍ လွဲမှားသောအယူအဆဟောင်းများကို ပစ်ခွာချနိုင်ဖို့လည်း မတိုက်တွန်းရဲ။
စာပေမြတ်နိုး၍ အဖိုးတန်သော လူတယောက်ဖြစ်လာဖို့ကိုလည်း ဆုမတောင်းရဲ။
စာအုပ်စင်တွင် သူ့အရွယ်ဖတ်ရှုလေ့လာနိုင် ကြည့်ရှုနိုင်သည့်စာအုပ်များဖြင့် ပြည့်စေချင်မိတာတော့ ဖခင်တယောက်ရဲ့ စေတနာပင်ဖြစ်ပါကြောင်း။

ကျော်မောင်(တိုင်းတာရေး)
၂၆-အောက်တိုဘာ-၂၀၁၉

ပလန်ဘီ ပလန်စီ

တနှစ်မှာ ဂျူနီယာနဲ့ စီနီယာတွေ နှစ်တန်းပေါင်းပြီး ဆရာကန်တော့ကြတယ်။ ဆရာကန်တော့ပွဲအတွက် ပြင်ဆင်စရာတွေရှိတာကို ဝိုင်းဝန်းပြင်ဆင်ကြတယ်။ ထောင့်စေ့အောင် စီစဉ်ကာမှ လိုအပ်ချက်အတော်များများရှိသွားခဲ့တဲ့ပွဲဖြစ်ခဲ့ရတယ်။

မှတ်မိတာတွေထဲက တစ်ခုက ဒီလို။
ကန်တော့ခံ ဆရာကြီး ဆရာမကြီးတွေက စည်းဝေးခန်းမကြီးဆီ ကြွရောက်လာကြတော့မယ့်အချိန်၊ ကျောင်းသူ ကျောင်းသားတွေကလည်း ဆရာကန်တော့ဖို့ ခန်းမကြီးရဲ့ ကြမ်းပြင်ပေါ်တွေမှာ ထိုင်နေကြ၊ ကြွရောက်လာမယ့် ဆရာ ဆရာမတွေကို နေရာထိုင်ခင်းရှိရာဆီ ရိုရိုသေသေ ခေါ်ဆောင်သွားကြဖို့ ပြင်ဆင်ကြနဲ့။
အသံချဲ့စက်ကိုင်တဲ့သူက မရှိတာလား၊ တမင်ပဲ လာမကိုင်ပေးတာလားမသိ၊ ကန်တော့ပွဲခန်းမမှာ အသံချဲ့စက်ပဲ တွေ့ရတယ်၊ အသံညှိ အသံထိန်းပေးမယ့်သူ မရှိဘူးဖြစ်နေတယ်။
ဂျူနီယာတွေကို မေးရတယ်။ အကူအညီတောင်းရတယ်။
"ဒီဟာကြီး အဲ ဒီအသံချဲ့စက်ကိုင်တတ်တဲ့သူ ဘယ်သူများရှိသလဲခင်ဗျ၊ တယောက်ဆိုရပါပြီ"
ချက်ချင်းပဲ ဂျူနီယာတယောက်က လက်ညှိုးထောင်ပြီး ထလာတယ်။ သူ့မြင်တာနဲ့ လူပုံကြည့်ပြီး ဒီပုဂ္ဂိုလ်ဟာ ဒီလိုစက်မျိုးကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်တတ်မှန်း ခန့်မှန်းမိတယ်။
ဒါပေမယ့် သေချာအောင် ထပ်မေးရတယ်။
"ကျေးဇူးပဲဗျ၊ စက် သုံးဖူးပုံပဲ"
သူက တချက်ပြုံးပြရင်း "စိတ်မပူနဲ့ အစ်ကို၊ ကျနော် လုပ်ဖူးတယ်"
သူထလာတဲ့နားက သူ့သူငယ်ချင်းတွေကလည်း ဘဲကြီး ကျနော်တို့သူငယ်ချင်းက အဲဒီအပိုင်းမှာ ဆရာပဲလို့ မပြောပေမယ့် သူတို့ဘော်ဒါကို ထောက်ခံတဲ့အကြည့်တွေနဲ့ ဖြစ်နေတယ်။
မှန်ပါတယ်။ ကန်တော့ပွဲပြီးတဲ့အထိ အသံတွေကို ညှိပေးထိန်းပေးသွားတာ သေသပ်တယ်ပြောရမယ်။ သူက သူ့အလုပ်သူ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်လုပ်ပေးသွားတယ်။
ဟုတ်ပြီ။
မေးစရာရှိလာတယ်။
အကယ်၍များ အသံချဲ့စက်ကိုင်တတ်သူ တယောက်မှ မရှိခဲ့ရင် ဘာများလုပ်မလဲ။
အသံချဲ့စက်ကိုင်တတ်သူ တယောက် ရှိကိုရှိနေရမယ်လို့ တွေးထားတာလား။
မရှိခဲ့ရင်တော့ မိုက်မခဲဘဲ ပင်ကိုယ်အသံနဲ့ ကြဲကြမလား။
နည်းနည်းနားလည်သူကိုပဲ ကလိခိုင်းမလား။
ကဲ ခင်ဗျားဆိုရင်ကော ..
ပလန်ဘီ ပလန်စီက ဘာတွေများဖြစ်မလဲ။
ကျော်မောင်(တိုင်းတာရေး)
၁-နိဝင်ဘာ-၂၀၂၁