Jul 14, 2017

ပြန်ပြောင်းပြောပြီးပြိုင်ပြုံးပြီ

တရက်မှာတော့ ရည်းစားသက်တမ်း မကြာသေးတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့ရည်းစားနဲ့ အတူတူ စာသင်ကျောင်းကနေ ပြန်လာရော ဆိုပါတော့။ 

ရည်းစားဖြစ်သူ ကောင်မလေးက ကောင်လေးကို အဖြေပေးပြီးတဲ့ နောက်မှာပဲ စည်းကမ်းလေးတွေ သတ်မှတ်ပေးထားတာရှိတယ်။ အဲဒါက ဘာလဲဆို လူမြင်ကွင်းပဲ ဖြစ်ဖြစ် မမြင်ကွယ်ရာမှာပဲဖြစ်ဖြစ် ခပ်ကင်းကင်းနေရမယ်ဆိုတာတို့၊ ပခုံးမကိုင်ရဘူး လက်မကိုင်ရဘူး ဆိုတာတို့ စတာတွေဖြစ်ပါတယ်။ ရည်းစားရခါစ ကလေးမလေးတွေဟာ ဒီလိုပဲ ဖြစ်တတ်ကြတာကို နောက်ပိုင်းနှစ်တွေကြာတဲ့အခါမှ ကောင်လေးက ဆည်းပူးမိပါတယ်။ 

ကောင်လေးကလည်း သူ့ကောင်မလေးကို အတော့်ကို ချစ်ခင်ရှာတော့ စည်းကမ်းတွေကို သေသေချာချာ လိုက်နာတယ်။ 

ဘတ်စ်ကားစီးလို့ နှစ်ယောက်တွဲထိုင်ခုံလွတ်နေရင် အတူတူမထိုင်ဘူး။ ကောင်မလေးကိုသာ ထိုင်စေတယ်။ သူကတော့ အနားမှာပဲ မတ်တပ်ရပ်စီးလေ့ရှိတယ်။ နေရာမရလို့ မတ်တပ်ရပ်စီးရရင်လည်းပဲ ပခုံးချင်းမထိအောင် သတိထားပြီး စီးလေ့ရှိတယ်တဲ့။ အဲဒီလိုပဲ ရုပ်ရှင်ကြည့်ရင်လည်းပဲ ဟိုးနောက်ဆုံးခုံတွေမှာ မကြည့်ဘဲ အလယ်ခုံလောက်ကို ရှေ့နောက်ထိုုင်ခုံလက်မှတ်ရွေးဝယ်လေ့ရှိတယ်။ အတူတူတွဲမကြည့်ကြဘူးတဲ့။ 

စားသောက်ဆိုင်တွေမှာ နှစ်ယောက်စားတယ်ဆိုရင်လည်း ဘယ်သောအခါမှ တခြားရည်းစားသနာတွေလို နှစ်ယောက်နီးနီးကပ်ကပ်ဘေးချင်းယှဉ်ထိုုင်ပြီး စားလေ့မရှိဘူး။ မျက်နှာချင်းဆိုင် ထိုင်ပြီး စားလေ့ရှိတယ်။ ကောင်လေးကတော့ ဒါကိုပဲ ဘယ်လိုမျိုးပြောသလဲဆိုရင် တယောက်မျက်နှာတယောက်ကြည့်ပြီး စားသောက်ရတဲ့အတွက် အစားအသောက်တွေဟာ အရသာမရှိတာတောင်မှ နတ်သုဒ္ဓါတမျှ ကောင်းမွန်လှကြောင်း ဖွဲ့နွဲ့ပြောလေ့ရှိပါတယ်။ ဖွဲ့နွဲ့ပြောတာကလည်း တခြားသူကို ပြောလို့မရတော့ သူ့ရည်းစားဖြစ်တဲ့ ကောင်မလေးကိုပဲ ပြောရတာပေါ့။ ထပ်ခါထပ်ခါပြောလွန်းအားကြီးတဲ့အခါ အဲဒီလိုတော့ မပြောပါနဲ့၊ ဒါဟာ အတိသယဝုတ္တိအလင်္ကာမြောက်လွန်းအားကြီးသွားတဲ့ပုံစံလိုဖြစ်နေပြီလို့ ကောင်မလေးက နှုတ်ခမ်းလေးစူကာ သတိပေးလေမှ သိပ်မပြောရှာတော့ဘူး။

ဒီလိုနဲ့ ကာလကြာလာတဲ့အခါ သူတို့တွေဟာ မေတ္တာမျှနေကြသူတွေမှန်း ကောင်လေးရဲ့သူငယ်ချင်းတွေက တဖြည်းဖြည်းနဲ့ သိလာသတဲ့။ ကောင်မလေးဘက်က သူငယ်ချင်းတွေလည်း မသိဘူးလားလို့ မေးရင်၊ သိရင်သိမှာပါပဲ၊ သိလား မသိလားဆိုတဲ့အကြောင်းတွေကို ကောင်မလေးက ဘာမှ စကားမဟတဲ့အတွက် အဲဒါနဲ့ ပတ်သက်လို့ ဘာမှ မသိရပါဘူးလို့ ကောင်လေးက ဆိုပါတယ်။ ကောင်လေးမှာ ကောင်မလေးရှိနေမှန်း သိသွားတဲ့ အပေါင်းအသင်းရောင်းရင်းတွေက တည့်တည့်မတီးဘဲ ဘေးတီးကြပါလေရော။ 

"ကောင်မလေးက မင်းကို တော်တော်ချစ်ပုံရတယ်နော်၊ လက်လေးတောင် ကိုင်လျှောက်ကြတာ မတွေ့ရတော့လေ" ဆိုတာက တမျိုး။ 
"'ဒီလိုုပုံစံမျိုးဆို မင်းကလေးမလေးက သူ့မှာ တခြားတယောက်ယောက်များ ရှိနေလို့လားကွာ" ဆိုတာက တဖုံ။ 
"လက်ကိုင်တာများကွာ၊ ချစ်သူတွေ သမီးရည်းစားတွေ ဒီလိုပဲ လျှောက်နေကြတာ။ ဒါက ကြော်ငြာတာတမျိုးအပြင် ဒါ ငါ့ကောင်မလေးပဲ လာမထိနဲ့ ငါနဲ့ ငြိနေတာဆိုတာမျိုး ပြောထားတာလည်း ဖြစ်တယ်ကွ၊ ငါတို့ကတော့ မင်းဘော်ဒါမို့လို့ သိတာ၊ တချို့မသိတဲ့သူတွေက မင်းတို့ နှစ်ယောက်ကို သူငယ်ချင်းတွေပဲလို့ ထင်မှာပေါ့။ လက်ကိုတော့ ရအောင်ကိုင်ကွ" လို့ မြှောက်ပေးကြတဲ့သူတွေကလည်း တသွယ်။

ကောင်လေးကတော့ ဘယ်သူတွေ ဘယ်လိုပြောပြော မတုန်မလှုပ်တဲ့ ခါကာဘိုရာဇီအသွင်ပေါ့။ ကောင်မလေးကိုလည်း သူက ယုံကြည်သတဲ့။ ကောင်မလေး ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာသတဲ့။ တခုမှ ဖောက်ဖျက်တာ မရှိသေးဘူးတဲ့။ 

အဲဒီကောင်လေးဟာ အစပိုင်းမှာ ပြောထားခဲ့သလို ကောင်မလေးနဲ့အတူတူ စာသင်ကျောင်းကနေ ပြန်လာခဲ့သတဲ့။

ကောင်မလေးနေတဲ့နေရာကို ခါတိုင်းနေ့တွေလိုပဲ လမ်းလျှောက်စကားပြောရင်းလိုက်ပို့ဖို့ ကားလမ်းကူးကြရတာပေါ့။ ခပ်ကင်းကင်းနေရမယ်ဆိုတော့ လက်တကမ်းအကွာက ဘေးချင်းယှဉ်ပြီး လမ်းကူးကြရတာပေါ့။ 

အဲဒီလို ကားလမ်းကူးကြတဲ့အခါမှာ ကားလမ်းတဖက်မရောက်မီမှာပဲ အစိုးရိမ်ကြီးလွန်းတဲ့ကောင်လေးဟာ ကောင်မလေးချမှတ်ထားတဲ့ စည်းကမ်းချက်ထဲက တစ်ခုကို ချိုးဖောက်မိလိုက်ပါသတဲ့။ 

အဲဒီအဖြစ်လေးဟာ သူတို့နှစ်ယောက်ရဲ့ရင်ထဲမှာ ယနေ့အထိ လှုပ်လှုပ်ရှားရှားဖြစ်နေဆဲဖြစ်တဲ့ အဖြစ်လေးပေါ့ကွယ်။ ကြည်နူးစရာကောင်းလွန်းတဲ့အတွက် ကောင်လေးတဖြစ်လဲ အန်ကယ်ကြီးဟာ ကောင်မလေးတဖြစ်လဲ အန်တီကြီးကို ဒီဖြစ်ရပ်လေးအကြောင်း ခဏခဏ ပြောတိုင်းပြောတိုင်း အန်တီကြီးကလည်း ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကျကာ နားထောင်နေဆဲ ဖြစ်ပါသတဲ့။ ကြည်နူးအပြုံးလား၊ ရှက်ပြုံးလား ဆိုတာတော့ သူပဲ သိပါလိမ့်မယ်ကွဲ့။ လမ်းကြုံရင်တော့ မေးကြည့်ကြပေါ့။ 

ကဲ ကဲ ... အဲဒါကတော့ နည်းလမ်းကောင်းတစ်ခုကို လက်ဆင့်ကမ်းပေးလိုက်တယ်လို့ မယူဆဘဲ တကယ်ဖြစ်ခဲ့တဲ့ ကြည်နူးဖွယ် ဖြစ်စဉ်တစ်ခုကို ပြန်လည်ပြောပြခြင်းလို့ပဲ ဆိုကြပါစို့ တူလေး တူမလေးတို့။ 

စာနဲ့အတူ တွဲလိုက်တဲ့ပုံက အဲဒီ အန်ကယ်ကြီးနဲ့ အန်တီကြီးတို့ပုံပါပဲ။ 

ကောင်လေး
၁၂-ဇူလိုင်-၂၀၁၇

Jul 5, 2017

မသုံးသေးတဲ့အခါ

ဓာတ်ခဲတွေ အကြောင်းဖြစ်ပါတယ်။ ဓာတ်ခဲဆိုတာမျိုးက လျှပ်စစ်ပစ္စည်းတွေနဲ့ ကင်းလို့မရ။ ဓာတ်မီး၊ နာရီ၊ ကလေးကစားစရာမှသည် တိုင်းတာရေးကိရိယာတွေဖြစ်တဲ့ အထွေထွေသုံးမီတာတိုင်းစက်တို့၊ သွေးပေါင်ချိန်တိုင်းကိရိယာတို့ စသည်တွေမှာ သုံးကြတာ။

ဓာတ်ခဲသုံးတဲ့ ပစ္စည်းအတော်များများမှာ ဖြစ်တတ်တဲ့ သဘောသဘာဝက ပစ္စည်းအသစ်ဝယ်လာတဲ့အခါ ဓာတ်ခဲထည့်ပြီး စမ်းသပ်လေ့ရှိကြတယ်။ သုံးလို့ အဆင်ပြေ မပြေ၊ တချို့တွေကြပြန်တော့လည်း တခြားသူတွေကို ကြွားချင်ဝါချင်တဲ့အတွက် ဓာတ်ခဲထည့်ပြီး သုံးပြကြတာ။ အဲဒီလို ပထမဆုံး အသုံးပြုလို့ ပြီးတဲ့အခါ နောက်လည်း သုံးမှာပါပဲလေဆိုပြီး ဓာတ်ခဲကို ပြန်မထုတ်တော့ဘဲ ပစ္စည်းထဲမှာပဲ ထည့်ထားလိုက်လေ့ရှိတာပါပဲ။

နောက် အသုံးလိုလို့ ဒါမှမဟုတ် သတိရမိလို့ သုံးမယ်ဆိုပြီး အဲဒီပစ္စည်းတွေကို ဖွင့်တဲ့အခါ ဖွင့်မရတတ်တာတွေဖြစ်တတ်ပါတယ်။ ဓာတ်ခဲလည်း ထည့်ထားပြီးသားပဲ ပစ္စည်းကလည်း အသစ်နီးပါး၊ တခါပဲ သုံးရသေးတာပဲလို့ ထင်တတ်ကြပါတယ်။

ဓာတ်ခဲထည့်ထားတဲ့နေရာကို စစ်ကြည့်မိမှပဲ ဆားတွေပေါက်နေတဲ့ ဓာတ်ခဲကို တွေ့တတ်ကြတာပါပဲ။ တချို့ပစ္စည်းတွေမှာဆို ဓာတ်ခဲဆားပေါက်တာကနေတဆင့် ဓာတ်ခဲထည့်တဲ့ နေရာတွေမှာတောင် ဆားပေါက်တာဖြစ်သွားပြီး အဲဒီကနေတဆင့် တခြားအပိုင်းတွေဘက်ကိုပါ ဆိုးကျိုးရစေပါတယ်။

ဒါဟာ ဘာကို ပြသလဲဆိုတော့ သုံးမှာပဲ ထည့်ထားလည်း ဘာမှမဖြစ်နိုင်ဘူးဆိုတာကနေ စတာပါပဲ။ မသုံးမိဘဲ ချောင်ထိုးထားတဲ့အခါ ဓာတ်ခဲဆားပေါက်တာနဲ့ တိုးတာပါပဲ။

အဲဒါကြောင့် မသုံးသေးတဲ့အခါ ဓာတ်ခဲလိုပစ္စည်းမျိုးဟာ အပြင်မှာ ထုတ်ထားတာပဲ သင့်တော်ပါတယ်ဟု ယူဆပါကြောင်း။

ကျော်မောင်(တိုင်းတာရေး)
၇-ဇူလိုင်-၂၀၁၇

Jul 4, 2017

သတင်းတစ်ပုဒ်မှသည်

ငါးရိုးစူးတဲ့တိုက်လို့ အမည်ရတဲ့ တိုက်ထဲက နိုင်ငံတစ်နိုင်ငံဟာ နောင်နှစ်ပေါင်း တစ်ဆယ့်သုံးနှစ်လောက်မှာ ထမင်းဆီဆမ်း တောင်းလို့ရတဲ့ နေရာဆီကို လူလိုက်ပါတဲ့ ယာဉ်ပျံ လွှတ်တင်မယ်လို့ အဲဒီနိုင်ငံရဲ့ မိုးကောင်ကင်လွန်ရပ်ဝန်းဒေသဆိုင်ရာ အေဂျင်စီက ဆိုတယ်။

အဲဒီနေရာရဲ့ တောင်ဘက်စွန်းမှာ ရေပဲဖြစ်ဖြစ် ရေခဲပဲဖြစ်ဖြစ် ရှိလား မရှိလားဆိုတာ သွားပြီးစပ်စုချင်လို့ ဆိုပဲ။ ဘာကြောင့် ဒီလောက်တောင်ပဲ ရေကို တမ်းတရသလဲဆိုတာ သူ့မှာအကြောင်းတွေ ရှိသေးတယ်။ ရေကို လောင်စာဆီအဖြစ်သုံးလို့ရအောင် ဆောင်ရွက်နေတဲ့ နည်းပညာကို တည်ဆောက်မလို့လို့ဆိုတယ်။

အခုကတော့ ထမင်းဆီဆမ်းကို လူကိုယ်တိုင်သွားတောင်းမယ်လို့ပဲ မှတ်ထားရအောင် ပြောတာဖြစ်ပါတယ်တဲ့။

နောင်နှစ်ပေါင်း ၁၃ နှစ်ဆိုတာ အခု ၂၀၁၇ ကို ၁၃ နဲ့ တွက်စက်မှာ ထည့်ပေါင်းကြည့်တော့၂၀၃၀ ရတယ်။ အဲဒီ ၂၀၃၀ ခုနှစ်မှာ လုပ်မယ့် အစီအမံ။ ဒါကို ဖွင့်ချပြတာ။ ဘာလို့ ဖုံးထားတာကို ဖွင့်ချရသလဲဆိုရင် အမှန်က ဘယ်တုန်းကတည်းက ကြိတ်လုပ်နေမှန်း မသိ၊ ကြိတ်လုပ်နေတာတော့ မဟုတ်ဘူး၊ သတင်းမှာ ပါတဲ့ အဲဒီ မိုးကောင်းကင်လွန်ရပ်ဝန်းဒေသဆိုင်ရာ အေဂျင်စီရဲ့ အင်တာနက်စာမျက်နှာသွားကြည့်တဲ့အခါ အလွန့်အလွန်ကို များပြားလှတဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပထမဆုံးအနေနဲ့ လေ့လာခွင့်ရခဲ့တာပါပဲ။ အရင်က မသိခဲ့ဘဲ ဒီသတင်းလေးရလို့ လိုက်ရင်းကနေ သိရတဲ့ စာမျက်နှာပဲ ဖြစ်ပါတယ်။

ဖွင့်ချရတဲ့ အဖြစ်ရောက်သွားတဲ့အကြောင်းတွေက ဒီလိုတဲ့။

ပထမအကြောင်းက ရုပ်ရှင်ကားတွေမှာ အတွင်းအားတွေ ကိုယ်ဖော့ပညာရပ်တွေ အသုံးများတဲ့ နိုင်ငံက၊ သူလည်း ငါးရိုးစူးတဲ့တိုက်ကြီးထဲက နိုင်ငံပဲ။ လာမယ့် ၂၀၂၀ မှာ အင်္ဂါဂြိုလ်ပေါ်ကို စပ်စုယာဉ်လွှတ်တင်မယ်လို့ ကြေငြာထားတာရှိတယ်။ ၂၀၂၀ ဆိုတော့ လာမယ့် သုံးနှစ်ဆိုရောက်တော့မှာပဲ။ အတော်နီးနေပြီ။

နောက်ဒုတိယအကြောင်းက ရုပ်ရှင်ကားတွေမှာပဲ သီချင်းဆိုတာ ကတာတွေ အများကြီး သုံးတတ်တဲ့ နိုင်ငံက၊ ဒါလည်း အဲဒီတိုက်ကြီးထဲကပဲ၊ ၂၀၁၈ နှစ်ရဲ့ ပထမခြောက်လအတွင်းမှာ ဒုတိယအကြိမ်အဖြစ် ထမင်းဆီဆမ်းသွားယူမလို့ လုပ်နေတယ်လို့ ကြုံးဝါးထားတာရှိပြန်တယ်။ သူက ပိုလို့တောင် နီးနေပြန်သေး။

ဒီလိုအကြောင်းတွေကြောင့် သူတို့ဟာ ဒီသတင်းကို ဖွလိုက်ရခြင်း အဲလေ ဖွင့်ချလိုက်ရခြင်းပဲဖြစ်တယ်လို့ သတင်းတချို့က ရေးသားကြတယ်။

ဘာပဲပြောပြော အဲဒီ ပထမအကြောင်းထဲက တိုင်းပြည်နဲ့ ဒုတိယအကြောင်းထဲက တိုင်းပြည်တွေဟာ တိုင်းပြည်တစ်ပြည်နဲ့ နယ်နမိတ်ထိစပ်နေတယ်။

၂၀၃၀ မှာ ဘာလုပ်မယ် ညာလုပ်မယ်ပြောတဲ့ တိုင်းပြည်ကလည်း အဲဒီတိုင်းပြည်တစ်ပြည်ဆိုတာကို တခါတုန်းက အလည်လာရောက်ဖူးတဲ့ နောက်ကြောင်းလေးတွေ ရှိခဲ့တယ်။

နောက်ဆုံးကောက်ချက်အနေနဲ့ကတော့ အဲဒီလို တမြေတည်းရှိပြီး ထိစပ်နေတဲ့အတွက် အဲဒီတိုင်းပြည်နှစ်ပြည်နဲ့ ၊ မိတ်ဆွေဖြစ်လိုက် ရန်သူဖြစ်လိုက် ပြန်ပြီးမိတ်ဆွေဖြစ်လိုက်လို့ ပြောလို့ရတဲ့ အစကပြောတဲ့ ၂၀၃၀ မှာ ရေသွားရှာမယ်ဆိုတဲ့ တိုင်းပြည်တွေဟာ ထမင်းဆီဆမ်းသွားတောင်းဖို့ စိတ်ကူးတွေ ရသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဆိုခဲ့တဲ့ တိုင်းပြည်တစ်ပြည်ရဲ့ ကလေးအဖေတစ်ယောက်က ကဗျာလေး စပ်ဆိုလိုက်တယ်။ သူက သူ့သမီးလေးကို ချော့သိပ်ရင်း ဟိုး ကောင်းကင်ပေါ်က အဝိုင်းကြီးကို ပြရင်းနဲ့ပေါ့။

"ကောင်းကင်က အမှောင်ထဲမှာ ပိုလှပါတယ်။ 
ကြယ်တွေက ညရောက်မှ ပိုမို တောက်ပပါတယ်။
ဆန်ဖွပ်တဲ့သူကလည်း သူ့ဘာသာသူ ဆန်နာနာ ဖွပ်နေပါတယ်။
ယုန်ကလေးကလည်း အနားမှာ အေးအေးဆေးဆေး ဝပ်လို့နေပါတယ်။
ကဲ သမီးရေ ... 
မော့ကြည့်လိုက်စမ်းပါ 
တနေ့တော့ အဖေတို့လည်း 
အဲဒီကို ရောက်ရမယ်ကွယ့်
ရောက်ရမယ်"

ကျော်မောင်(တိုင်းတာရေး)
၄-ဇူလိုင်-၂၀၁၇

Jul 1, 2017

ပုံပြောရအောင်ပါ

တခါတုန်းကပေါ့။ အဲဒီလို တခါတုန်းကပေါ့လို့ အစချီလိုက်ရင် ပုံပြင်တွေကိုနားထောင်ချင်တဲ့ ကလေးတွေဆိုတာ ဘေးနားဝိုင်းလာတာပါပဲ။ လူငယ်တွေ လူကြီးတွေကတော့ ခပ်လှမ်းလှမ်းမှာပေါ့။ မကြားတကြားလေး နားထောင်နေကြတယ်ဆိုပဲ။ အဲဒီမှာပဲ ပုံပြောပြမယ့် ပုံပြင်ပြောသူပေါ့၊ သူက ပုံမပြောခင် ကြိုပြောထားလိုက်တယ်။ 

“ကဲ ကလေးတွေ ကလေးတွေ … အခုပြောပြမှာက ဟိုးရှေးရှေးတုန်းက ပုံပြင်တော့ မဟုတ်ဘူးကွယ့်။ သိပ်မကြာသေးတဲ့ ကာလမှာ ဖြစ်ခဲ့တဲ့ အလွန်ထူးဆန်းတဲ့ ပုံပြင်လေးတပုဒ်ကို ပြောမှာ ဖြစ်တယ်ကွယ့်။ မော်ဒန်ပုံပြင်ပေါ့ကွယ်”

အဲဒီလိုလည်း ပြောလိုက်ရော ….. 

ရှေးရှေးတုန်းက ပုံပြင်တွေကိုပဲ နှစ်သက်သဘောကျတဲ့ ကလေးတွေက အားပါးတရ နားထောင်ဖို့ ပြင်နေရာကနေ ထထွက်သွားကြတယ်။ မော်ဒန်ပုံပြင်တွေကို သူတို့က လက်မခံဘူးဆိုတာ ပြတာတဲ့။ ရှေးရှေးတုန်းက ပုံပြင်တွေ ပြောရင် ပြန်လာမယ်ဆိုပဲ။ 

“အေး အေး လောလောဆယ်ဆယ်တော့ အခုပြောမယ့်ပုံပြင်ပဲ ဒီကနေ့ပြောမှာ”

ပုံပြင်ပြောသူက သူ့ပုံပြင်ကို စပြောပါတော့တယ်။ 

“တိုင်းပြည်တပြည်မှာ …..” 

“ပုံပြောတဲ့ဦးကြီး …. ခဏ ခဏ” ရှေ့ဆုံးက ကလေးလေးတယောက်က ထအော်တာပါ။

“ဟေ့ ဘာတုန်းကွ .. ဒီမှာ တိုင်းပြည်တပြည်မှာလို့ပဲ စရသေးတယ်”

“ကျနော်တို့ကိုပြောမှာက မော်ဒန်ပုံပြင်ဆို၊ အဲဒါ ဘယ့်နှယ်ကြောင့် တိုင်းပြည်တပြည်မှာလို့ ပြောရသတုန်း”

“ဟေ … တိုင်းပြည်လို့ မပြောလို့ ဘယ်လိုပြောရမှာတုန်း”

“နိုင်ငံလို့ ပြောလေဗျာ နိုင်ငံ နိုင်ငံ။ တိုင်းပြည်ဆိုတာ ဟိုးရှေးရှေးတုန်းက အသုံး၊ ပုံစံဟောင်းကြီးဗျ” 

“ဟုတ်တယ် ဟုတ်တယ်။ ပြင်ပြောပါ ပြင်ပြောပါ” (ကလေးများ အားလုံးမှ အော်သံများ)

“အင်းအင်း .. ပြန်ပြင်ပြောမယ် … နိုင်ငံ နိုင်ငံ။ နိုင်ငံတနိုင်ငံမှာ အလွန်ချမ်းသာတဲ့ …. “

“နေဦးဗျ နေဦး” 

“ဟ ဘာဖြစ်ပြန်ပြီလဲ” 

“အလွန်ချမ်းသာတယ်ဆိုတာ ဘယ်လောက်ချမ်းသာတာလဲ၊ ဘီလ်ဂိတ်ထက် ချမ်းသာတာလား၊ ဇူကာဘက်ခ်ထက် ပိုတာလား၊ ဟို ကာလကောင်းကိုမိလို့ ချမ်းသာသွားကြတဲ့ ဟိုပုဂ္ဂိုလ်တွေထက် သာတာလား.. အဲဒါလည်း ထည့်ပြောဦးဗျ”

“ဟုတ်ပြီ … နိုင်ငံတနိုင်ငံမှာ လက်ညှိုးထိုးရင် သူပိုင်တဲ့မြေတွေမလွဲအောင် ကျိကျိတက် ချမ်းသာတဲ့ ကလေးလေးတစ်ယောက် ရှိသတဲ့ကွယ်။ ကဲ အဲဒီလိုပြောရင် အဆင်ပြေကြတယ်မလား”

“ကောင်းတယ် ကောင်းတယ် ဆက်ပြော ဆက်ပြော … ချမ်းသာသာက ကလေးလေးတစ်ယောက်တဲ့။ တော်တော်နားထောင်လို့ကောင်းတယ်။ ဆက်ပြောဗျ ဆက်ပြော”

“နားထောင်လို့တော့ကောင်းပါတယ် … ဒါပေမဲ့ မရှင်းတာတခုရှိတယ်။ ဖြေဗျ” 

ထောင့်တထောင့်မှာ နားထောင်နေတဲ့ နှပ်ချေးတွဲလောင်းနဲ့ ကလေးလေးက ထပြောတယ်၊ သူက ပုဆိုးကိုတော့ ကွင်းသိုင်းမဝတ်ထားဘူး။ ဒူးခေါင်းဖြဲထားတဲ့ ဂျင်းဘောင်းဘီရှည်ဝတ်ထားတယ်။

“အဲဒီကလေးက ဘယ်လိုလုပ်ပြီး ချမ်းသာလာတာလည်း ဆိုတာ ပြောဗျ။ ဒါ ကျနော်တို့ ကလေးတွေအားလုံး အတုယူရအောင်လို့ပါ”

အင်း ခက်ပြီ။ 

“ငါ ဖတ်ထားတဲ့ အဲဒီပုံပြင်မှာ ချမ်းသာသော ကလေးလေးလို့ပဲ ပါတယ်။ ဘယ်လိုချမ်းသာလာသလဲဆိုတာ မပါဘူးကွ”

အဲဒီမှာပဲ ပုံပြင်နားထောင်မယ်ဆိုတဲ့ ကလေးတွေ တယောက်တပေါက်ဖြစ်ကုန်ကြတယ်။ 

“မပါတဲ့အတွက် မပြောနိုင်ဘူးဆိုရင် ဆက်မပြောပါနဲ့တော့ဗျာ”

“အေး ဟုတ်တယ်ဗျို့၊ ဆက်မပြောနဲ့တော့”

“ပုံပြင်လည်း ပြောချင်သေး၊ ပုံပြင်ထဲက အကြောင်းတွေ မေးတော့လည်း မသိပါဆိုပြီး ပြောသေး”

“ဘာလိုဗျ၊ သူများရေးထားတဲ့ ပုံပြင်”

“သူ့ပုံပြင်လည်း မဟုတ်ဘူး။ သူများရေးထားတဲ့ ပုံပြင်တွေ လာပြောနေတာပဲ”

“နောက်ဆို ကျနော်တို့ကို ပုံပြောမယ်ဆိုရင် ကိုယ်ပိုင်ပုံပြင်ပဲ လာပြောပါ”

“ကဲ ဘော်ဒါတို့ရေ …. ပုံပြင်ရှာထွက်ကြဦးမယ်ဟေ့” 

“ပုံပြင်သစ်တွေများ ကြားရမလားလို့ လာနားထောင်တာ … ဘယ့်နှယ် … သူများရေးထားတဲ့ ပုံပြင်ဖတ်ပြီး လာပြောနေတာကိုး”

“ကိုယ့်ပုံပြင်ကိုယ်ဖန်တီးနိုင်မှ လာနားထောင်မယ်။ ပုံပြင်အသစ်တွေ ဖန်တီးလိုက်ဦးဗျ”

“ကဲ .. သွားလိုက်ဦးမယ်ဗျို့”

ပုံပြင်ပြောမည့်သူတစ်ယောက်တည်း နေရာတွင် ကျန်ခဲ့လေသည်။ ပုံပြင်သစ်ရှာဖွေနေသော ကလေးများကိုမှ ဖတ်ထားခဲ့ဖူးသော မော်ဒန်ပုံပြင်တစ်ပုဒ်သွားပြောဖို့ ကြံရွယ်ခဲ့သည်ကိုက သူ့အမှားသာ ဖြစ်လေတော့သတည်း။

ပုံပြင်ပြောသူတစ်ယောက်အကြောင်း၏ ပုံပြင်ဖြစ်ပါသည်။ 

ကျော်မောင်(တိုင်းတာရေး)
၀၁-ဇူလိုင်-၂၀၁၇