Jun 20, 2017

လွယ်သည် ခက်သည် မလွယ်မခက်

ပုံ - အမျိုးသားပြတိုက်(ရန်ကုန်)တွင် ရိုက်ယူခဲ့သည်

ဒီလိုဗျ။ ဒီနေ့ကြုံလိုက်ရတာလေး ပြန်မျှဝေချင်တဲ့အတွက်ပါ။
လုပ်ရမယ့်အလုပ်ကို မလုပ်ခင် အရင်စူးစမ်းကြည့်တယ်။ ဘယ်လောက်လွယ်မလဲ၊ ခက်မလဲ ဆိုတာအပြင် အချိန်ဘယ်လောက်လောက်ပေးရမလဲဆိုတာပါ စိတ်က တွက်လိုက်တယ်။
ခက်တာပဲ အရင်စလိုက်ရကောင်းနိုးနိုး၊ လွယ်တာပဲ အမြန်ပြီးအောင် လုပ်လိုက်ရကောင်းနိုးနိုး ဖြစ်သွားလိုက်သေးတယ်။
အဲဒါမှာ တခုကို ပြန်အမှတ်ရမိလိုက်တယ်။ ခက်တာကို အရင်လုပ်ရမှာပေါ့ဆိုပြီး လုပ်ခဲ့တုန်းက အဲဒီခက်တဲ့အပိုင်းက ဖြေရှင်းချိန်အတော်ယူသွားတဲ့အတွက် လွယ်တာတွေ ပြီးအောင်လုပ်ဖို့ အချိန်နည်းသွားခဲ့တယ်။ ကဲ အဲဒီတော့ ခက်တာကို ခဏထားပြီး လွယ်တာကို ကိုင်မယ်ကြံတယ်။
အဲဒီလို လွယ်တာကို ကိုင်မယ်ကြံတဲ့အခါ တခါတုန်းက ကြုံခဲ့ရတာလေးက
ပြန်ပေါ်လာပြန်ရော၊ စိတ်ထဲမှာ။ လွယ်တာတွေလုပ်နေတဲ့အခါ ခက်တာလည်းလုပ်ပါဆိုရော ခက်တဲ့အပိုင်းကို ဖြေရှင်းဖူးတဲ့ အတွေ့အကြုံမရှိတဲ့အတွက် ခေါင်းကိုက်ပါရော။ လိုအပ်နေတဲ့သူက ပြောတယ်၊ ခက်တဲ့ဟာက သူတို့အတွက် အလွန်ကို အရေးကြီးပါတယ်တဲ့၊ ခက်တဲ့အပိုင်းကို အရင်ဦးဆုံး လုပ်စေချင်တာပါပဲတဲ့။ အခုက အချိန်လည်း သိပ်မရတော့ပါတဲ့။ ရတဲ့အချိန်လေးအတွင်းမှာ ခက်တဲ့အပိုင်းကို ပြေလည်အောင် ဖြေရှင်းပေးပါတဲ့။ အဲဒီလို ကြုံခဲ့ရတာကို စိတ်ထဲပြန်ပေါ်လာတဲ့အခါ လွယ်မယ်လို့ ထင်တဲ့ဟာကိုလည်း မကိုင်ဖြစ်ပြန်ဘူး။
ကဲကွယ် .. မလွယ်မခက်ပဲ လုပ်တာကောင်းပါတယ်ဆိုပြီး စဉ်းစားလိုက်ပြန်ပါတယ်။ ဒီတခါကြပြန်တော့ ပြဿနာက တမျိုး။ လွယ်လည်း မလွယ်ဘူး ခက်လည်းမခက်ဘူးဆိုတာကို ဘယ်လိုသိနိုင်မလဲဆိုတဲ့ အပိုင်းက လာပြန်ရော။
ဒီနေ့ကြုံခဲ့ရတာ အဲဒါဗျ။
အဲဒီလို လွယ်တာကို အရင်စမလား၊ ခက်တာကို အရင်စမလား၊ မလွယ်မခက် ကို စမလားလို့ ကြံနေတာနဲ့ပဲ နာရီဝက်လောက် အချိန်ဖြုန်းမိသွားပါတော့တယ်။

Jun 16, 2017

တုံ့ပြန်မှုများဖြင့် ညှိယူခြင်း

System ဆိုတဲ့ အတုံးလေးက စပါမယ်။ အတုံးလေးကို ဝင်လာတာက System input တွေပေါ့။ အဲဒီ Input တွေက System အတုံးလေးထဲမှာ တခုခုအလုပ်လုပ်ပြီး ပြန်ထွက်လာတဲ့အခါ System output တွေရတယ်။ ဆိုတဲ့အခါ စနစ်တခုထဲမှာ၊ စနစ်တခုလို့ ပြောရင် အဝင်ရှိမယ်၊ အထွက်ရှိမယ်၊ အထွက်သည် လုပ်ငန်းတခုခုလုပ်ဆောင်ပြီးမှ ဖြစ်လာတာဖြစ်လို့ အဝင်နဲ့အထွက်နဲ့ တူချင်မှ တူမယ်လို့ မတွက်ကောင်းပါ။ တူချင်လည်း တူပါလိမ့်မယ်။

ဟာသပြောရရင် အိမ်မကြီးတံခါးဆိုတာကို ကြည့်ရအောင်ပါ။ အိမ်ထဲကို ဝင်မလို့ အဲဒီအိမ်မှာနေတဲ့ လူတယောက်ဟာ အိမ်အပြင်ကနေ တံခါးရှေ့ရောက်လာတယ်။ သူက တံခါးဆိုတဲ့ စနစ်တခုကို ဖြတ်ကျော်ပြီးမှ အိမ်ထဲဝင်လို့ရမယ်။ တံခါးကို သော့နဲ့ဖွင့်ဝင်တာပဲဖြစ်ဖြစ်၊ တွန်းဝင်တာပဲဖြစ်ဖြစ်၊ အိမ်ထဲကနေ တယောက်ယောက်က ဖွင့်ပေးတာပဲဖြစ်ဖြစ်၊ အဲဒီတံခါးကနေ သူဝင်လာမယ်။ အဲဒီအခါ အဝင်ကလည်း သူပဲ၊ တံခါးကို ဖြတ်ကျော်ပြီးတဲ့အခါမှာလည်း သူပဲ။ ဒီလူဟာ မပြောင်းသွားဘူး။ လူမပြောင်းပေမယ့်လို့ သူ့ရဲ့ တည်နေရာဟာ ပြောင်းသွားတယ်။ တံခါးအပြင်ဘက် အိမ်အပြင်ဘက်ဆိုတာနဲ့ တံခါးကိုဖြတ်အပြီး အိမ်အထဲဆိုတာပဲ။ ဒါဟာ တံခါးဆိုတဲ့စနစ်တခုရဲ့ လုပ်ဆောင်ချက်တွေထဲက တခုပဲဖြစ်ပါတယ်။ ဒါတောင် လုံခြုံရေးဆိုတာတို့၊ အကာအရံဆိုတာတို့စတဲ့ လုပ်ငန်းဆောင်တာတွေ မပါသေးပါဘူး။

မျက်လှည့်ဆရာတယောက် မျက်လှည့်ပြတဲ့အခါ သူ့လက်ထဲက အရာတခုခုကို အဝတ်စတခုဖုံးအုပ်လိုက်ပြီး ဖွင့်ပြလိုက်တာကို ကြည့်ဖူးကြပါလိမ့်မယ်။ ဖွင့်ပြတဲ့အခါမှာ အဝတ်စ မဖုံးခင်က အရာပဲဖြစ်နေတယ်ဆိုရင် ဒါဟာ ပထမအကြိမ်ဖြစ်ရင် မျက်လှည့်ဆရာ ဟာသလုပ်တယ်လို့ပဲ မြင်ပါလိမ့်မယ်။ ဒုတိယအကြိမ်မှာ အဲဒီအရာဟာ အဝတ်မဖုံးခင်ကအတိုင်း ရှိမနေတော့ဘဲ အခြားအရာတစ်ခု ဖြစ်သွားဖို့ ပွဲကြည့်သူတွေက မျှော်လင့်ကြ၊ အဲဒီအတိုင်းဖြစ်လာတဲ့အခါမှာ လက်ခုပ်တီးအားပေးကြပါတော့တယ်။

System ဆိုတဲ့ စနစ်တခုထဲကို ဝင်သွားရင် ထွက်လာတဲ့ ရလဒ်ဟာ ပြောင်းကို ပြောင်းသွားရမယ်လို့ မှတ်ယူထားကြတဲ့အတွက် မပြောင်းသွားဘူးဆိုရင် ဒါဟာ ကောင်းတဲ့စနစ်မဟုတ်ဘူး၊ တချို့ဆိုရင် ဒါဟာ စနစ်လို့ ပြောလို့မရဘူးလို့ မှတ်ယူကောင်း မှတ်ယူကြပါလိမ့်မယ်။

ဆိုတဲ့အခါ စနစ်တခုရှိရင် အဝင် အထွက် ရှိမယ်လို့ ခဏမှတ်ကြတာပေါ့။ စနစ်တခုကို ဖြတ်သန်းလာတဲ့ အဝင်ဆိုတဲ့အပိုင်းဟာ အထွက်မှာ လိုချင်တဲ့ ရလဒ်မရသေးဘူးဆိုရင် ဘာလုပ်ကြမလဲဆိုတာ နောက်ပိုင်းမှာ စဉ်းစားလာကြပါတယ်။ ရချင်တဲ့ ရလဒ်ကို မရသေးရင် စနစ်မှာ အပြစ်ရှိလို့ဆိုပြီး စနစ်ကို ပြင်တယ်။ စနစ်ကို အကြိမ်ပေါင်းများစွာ ပြင်လိုက်၊ လိုချင်တဲ့ ရလဒ်မရလိုက်၊ ထပ်ပြင်လိုက်နဲ့ ဒါနဲ့ပဲ လည်နေတဲ့အခါ တမျိုးစဉ်းစားလာကြပြန်ပါတယ်။

အဲဒါက အဝင် ဆိုတဲ့အပိုင်းကရော မှန်ကန်ပါရဲ့လားဆိုတာပါပဲ။

သော့ခတ်ထားတဲ့ တံခါးကိုပဲ ပြန်သွားကြတာပေါ့။ တံခါးရဲ့ စနစ်တခုမှာ သော့ပေါက်ထဲ သော့ထည့်ပြီး ဖွင့်မှ တံခါးပွင့်မယ်ဆိုပါစို့။ သော့ထည့်ပြီး ဖွင့်လို့ မရဘူးဆိုရင် တံခါးသော့ပျက်နေပြီဆိုပြီး ပထမတွေးကြမှာပေါ့။ ဒါက အပေါ်မှာ ပြောထားတဲ့ စနစ်မှာ အပြစ်ရှိလို့ဆိုတဲ့သဘောပဲ။

တခါတလေမှာ အမှန်တကယ်ပဲ စနစ်မှာ အပြစ်ရှိတဲ့အတွက် ပြင်လိုက်တဲ့အခါ အဆင်ပြေသွားတာတွေ ရှိကြတယ်။ ဒါပေမဲ့ စနစ်က မမှားနိုင်ဘူးလို့ ယုံကြည်စိတ်ချရတဲ့အခါ အဝင် အပိုင်းကို ပြန်လည်သုံးသပ်ကြတယ်။ သော့ပေါက်ထဲထည့်ပြီးလှည့်တဲ့ သော့ဟာ အဲဒီတံခါးအတွက် သုံးရမယ့် သော့ဟုတ်ပါရဲ့လားဆိုတာ တွေးမိရမယ်။ အဲဒီမှာ ဟုတ်မယ်လို့ ထင်တဲ့ သော့တွေ တချောင်းပြီးတချောင်းရွေးရပါတော့တယ်။ တံခါးရဲ့ အလုပ်က သူ့ရဲ့သော့ပေါက်ထဲကို ဝင်လာတဲ့ သော့တွေထဲက မှန်ကန်တဲ့သော့ဖြစ်မှပဲ ပွင့်စေဆိုတဲ့အလုပ်ကို လုပ်ပေးတယ်။ သော့မှားရင် မပွင့်ပေးဘူး။

သော့တွေ တချောင်းပြီး တချောင်းရွေးရတယ်ဆိုတာက တံခါးကနေ မဖွင့်ပေးဘူးကွာ ဆိုတဲ့ တု့ံပြန်မှုကို ရလို့ပါပဲ။ ရလာတဲ့ရလဒ်သည် လိုချင်တဲ့ဟာ မဖြစ်သေးဘူးလို့ဆိုတဲ့အခါ အဝင်အပိုင်းကို ပြန်ညှိယူရတယ်။ အဲဒီအတွက် Sensor ဆိုတာကို ထည့်လိုက်တယ်။ Sensor ဆိုတာက စနစ်က ထွက်လာတဲ့တု့ံပြန်မှုကို အဝင်ဘက်ကို ပြန်လည်သတင်းပို့ဖို့ဆိုတဲ့ အလုပ်ကို လုပ်တယ်။ အဲဒီ Sensor ဆိုတာကို Feedback လို့လည်း သုံးတယ်။
Feedback ကိုမူတည်ပြီး အဝင်အပိုင်းကို လိုတိုး ပိုလျှော့ပြန်လုပ်ရတယ်။ Measured error ဆိုတာ လိုချင်တဲ့ ရလဒ်နဲ့ sensor ဆီက Feedback ကိုနှိုင်းယှဉ်ပြီး ဘယ်လောက်လွဲနေတယ်ဆိုတာပြတဲ့ လုပ်ငန်းဖြစ်ပါတယ်။ လွဲတာကို ညှိယူရတဲ့အပိုင်းကို ဆောင်ရွက်တာက Controller ကနေလုပ်ပေးပြီး အဝင်အပိုင်းကို ပြင်စေပါတယ်။ အဲဒီလို ဖြစ်စေချင်တဲ့ ရလဒ်ကို ထွက်လာတဲ့ တုံ့ပြန်သံတွေကနေ တဖြည်းဖြည်းချင်း လိုသလို ညှိယူသွားတဲ့ စနစ်ကို Feedback Control System လို့ခေါ်ပါသတဲ့။

တံခါးပဲ ထပ်သွားရအောင်ပါ။ သော့ထည့်လှည့်တယ်။ တံခါးမပွင့်ပါလားလို့ တွေ့တယ်။ တွေ့တယ်ဆိုတာကို Feedback လို့မှတ်ပါ။ ဒီလောက်လှည့်နေတာတောင် မပွင့်တဲ့တံခါး ကဲ မပွင့်ချင်ဦးလို့ ဒေါနဲ့မောနဲ့ ကန်လိုက်ရင်တော့ ကန်လိုက်တဲ့ ပြင်းအားပေါ်မူတည်ပြီး တံခါးပွင့်သွားနိိုင်ပေမယ့် တံခါးဆိုတဲ့ စနစ်ပျက်သွားမယ်ဆိုတာကိုလည်း တွေ့နိုင်ပါလိမ့်မယ်။ Feedback ဆိုတာကို အလေးထားပြီး ဒီသော့မဟုတ်ဘဲ တခြားတချောင်းများလားလို့ တွေးမိ၊ တခြားတချောင်းကို ရွေးလိုက်တယ်ဆိုတာဟာ Error ကို သတိပြုမိပြီး Controller ဖြစ်တဲ့ ဒီနေရာမှာတော့ ဦးနှှောက်ပေါ့၊ သူက သော့တချောင်းကို ရွေးလိုက်တယ်။ ဒီသော့နဲ့တော့ အံဝင်ဖြစ်နိုင်တာပဲဆိုပြီး။ မရသေးရင် နောက်တချောင်း ဆက်ကာ ဆက်ကာ ရွေးသွားရင်းနဲ့ ရွေးသွားရင်းနဲ့ ဆိုတာမှာလည်း သူက Error ဆိုတဲ့ အမှားကို နည်းသည်ထက်နည်းအောင် အမှားဘောင် ကျဉ်းသွားအောင် Control လုပ်ရတာဖြစ်ပါတယ်။ မှန်ကန်တဲ့ သော့နဲ့ တွေ့တဲ့အခါမှာ တံခါးပွင့်ပါလိမ့်မယ်။

တံခါးပွင့်ဖို့ဆိုတဲ့ အလုပ်တခုကို ဆောင်ရွက်ရာမှာ မှန်ကန်တဲ့သော့ဖြစ်ဖို့လိုအပ်သလို၊ ဒါဟာ မှန်ကန်တဲ့သော့မဟုတ်သေးဘူးဆိုတဲ့ တုံ့ပြန်မှုကို မှန်မှန်ကန်ကန်ရရှိဖို့လည်း လိုပါတယ်။ နောက်တခါ ရလာတဲ့ တု့ံပြန်မှုတွေကို မူတည်ပြီး သော့ရွေးတဲ့အခါ မှားနေတဲ့ လွဲနေသေးတဲ့သော့ကို ဖယ်ပစ်လိုက်ဖို့ လိုပါတယ်။ ဒါဟာ အမှားနည်းနိုင်သမျှနည်းအောင် လုပ်ယူနေတာဖြစ်ပါတယ်။

နိဂုံးချုပ်ရရင်တော့ တုံ့ပြန်မှုများမှ ညှိယူခြင်းဆိုတာမှာ ဘာကို ညှိယူနေတာလည်း ဆိုတာ သိဖို့လည်း မျက်ခြေမပြတ်ဖို့လိုပါတယ်။ error zero ဖြစ်အောင် ညှိယူရမယ်ဆိုတာကို သတိမူထားရပါမယ်။ error zero ဆိုတာကလည်း ဖြစ်ခဲပေမယ့် အနီးစပ်ဆုံး ဖြစ်နိုင်ရင်တော့ အကောင်းဆုံးပဲဖြစ်ပါတယ်။

အဲ ခြွင်းချက်အနေပြောရရင် မှန်ကန်တဲ့သော့နဲ့ ဖွင့်ပေမဲ့ တံခါးမပွင့်တာဟာ ကိုယ့်အိမ်က တံခါးမဟုတ်ဘဲ တခြားအိမ်က တံခါးဖြစ်မနေဖို့လည်း လိုပါတယ်။

ကျော်မောင်(တိုင်းတာရေး)
၁၅-ဇွန်-၂၀၁၇

May 31, 2017

အဖွင့် အပိတ်

ရုံးက အပြန်တိုင်း ရထားစီးပြီး ကားထပ်စီးရတယ်။ ဟိုးတုန်းကတော့ ရထားဘူတာက ထွက်ရင် အိမ်ကို လမ်းလျှောက်ပြန်လေ့ရှိတယ်။ ကားမှတ်တိုင်က ရထားဘူတာရုံကနေဆို သိပ်မဝေးဘူး။ မီးပွိုင့်တစ်ခုကို ဖြတ်ကူးပြီးမှ ကားမှတ်တိုင်ကို ရောက်တယ်။ မီးပွိုင့်မကူးခင်ကနေ မှတ်တိုင်အထိဆို မီတာ တစ်ရာနီးပါးလောက်ပဲ ရှိတယ်။ မီးပွိုင့် မီးစိမ်းမှ တဘက်ကို ကူးလို့ရတယ်။ စီးမယ့်ကားက မီးမစိမ်းခင်မှာ ဝင်ရပ်ဖို့ သွားနေရင် နောက်ကားတစ်စီးကို ဆယ်မိနစ်လောက် စောင့်ရလေ့ရှိတယ်။ အဲဒီတော့ မှတ်တိုင်ကို ကားက ဝင်ရပ်နေတဲ့အချိန် မီးပွိုင့်ကလည်း စိမ်း၊ လမ်းကူးလို့ရပြီဆိုတာနဲ့ ကားစီးမယ့် သူတွေဟာ မှတ်တိုင်ရှိရာဆီ မီလိုမီငြား ပြေးလေ့ရှိကြတယ်။
ကားကပ္ပတိန်တွေက ငါ့ကား လူပြည့်မှ မှတ်တိုင်ကနေ ထွက်မယ်ဆိုတဲ့ သဘောထားရှိကြပုံမရပါ။သူ့ကားကို တက်နေတဲ့သူ မရှိတော့ရင် ကားတံခါးပိတ်ပြီး မှတ်တိုင်ကနေ မောင်းကြပါတယ်။
ဒီနေ့ကြုံခဲ့ရတာက ဒီလိုပါ။
မီးပွိုင့်မှာ စိမ်းတာကို စောင့်နေတုန်း (လူကူးအချက်ပြမီးစိမ်းတဲ့အခါလို့ ဆိုလိုတာ) စီးရမယ့် ကားက မှတ်တိုင်ကို ဝင်ဖို့ သွားနေတာ တွေ့လိုက်တယ်။ မှတ်တိုင်မှာလည်း အဲဒီကားကို လိုက်စီးမယ့် ခရီးသည်တွေ ရှိနိုင်တယ်။ ကားက မှတ်တိုင်မှာ ရပ်ပြီး ခရီးသည်တင်နေတဲ့အချိန်မှာမှ လူကူးအချက်ပြမီးက စိမ်းတယ်။ မီးပွိုင့်ကို ကူးတဲ့အခါ အေးအေးဆေးဆေးပဲ ကူးလိုက်တယ်။ နောက်ကားပဲ စောင့်စီးတော့မယ်ဆိုတဲ့ အတွေးနဲ့။ မီးပွိုင့်ကူးပြီးတဲ့အခါထိ ကားက ရပ်နေတုန်း။ ခရီးသည် သုံးယောက်လောက် တယောက်ချင်း ကားပေါ်တက်နေကြတာမြင်တယ်။ အဲဒီကား အဲဒီသုံးယောက်တင်ပြီးတာနဲ့ ကားတံခါးပိတ်ပြီး ထွက်မှာပဲ။ မပြေးတော့ဘူး။ ပြေးရင် အလကားနေ အလကား အင်အားကုန်ခန်းသွားမယ်။
ဒါမျိုးက ဖြစ်တတ်တဲ့ အတွေ့အကြုံရှိလို့ပါပဲ။ မီမယ်ဆိုပြီး ကားဆီကို အပြေးသွား၊ ကားတံခါးနားရောက်တော့ တံခါးပိတ်ပြီး ကားကထွက်၊ ပိတ်ပြီးသွားတဲ့ တံခါးကို ပြန်ဖွင့်ဖို့ဆိုတာ တော်တော်ခက်ပါတယ်။ တွေ့ဖူးတာမှာ အဲဒီလို တံခါးပိတ်သွားတော့ ပြေးလာတဲ့ တချို့ခရီးသည်တွေက ကားတံခါးကို လက်သီးတွေ လက်ဝါးတွေနဲ့ သွားထုကြ ရိုက်ကြ (ဖွဖွလေး)လုပ်ပြီး တံခါးဖွင့်ပေးဖို့ ပြောတာမျိုးပြုမူကြတယ်။ ကားကပ္ပတိန်တွေက အလေးမမူဘဲ မှတ်တိုင်ကနေ ကားကို ထွက်တယ်။ ထိုလူတွေမှာဟာ ကျန်ခရီးသည်တွေရဲ့ မျက်လုံးတွေကြားထဲ အနေခက် အထခက် ဖြစ်စေခဲ့တယ်။
အဲဒီလို မပြေးဘဲ ပုံမှန်လမ်းလျှောက်သွားနေတဲ့အခါ အရှေ့က လျှောက်နှင့်နေတဲ့ နှစ်ယောက်သုံးယောက်လောက်က ကားဆီကို စပြေးပါတယ်။ ကားပေါ်ကို နောက်ဆုံးခရီးသည်တစ်ယောက်တက်နေပါပြီ။ ပြေးတဲ့သူထဲက ခပ်သွက်သွက်ပြေးလိုက်တဲ့သူက တံခါးမပိတ်ခင် ရောက်သွားတယ်။ သူ ကားပေါ်တက်သွားတယ်။ အဲဒီမှာပဲ နောက်က လိုက်ပြေးသွားတဲ့သူတွေ ဆက်တက်ကြတယ်။ ဘေးနားမှာ လျှောက်နေတဲ့ အန်တီကြီးက ပုံမှန်လမ်းလျှောက်နေရာကနေ ဝုန်းဆို ထပြေးသွားတယ်။ ကားတံခါးဆီရောက်ဖို့ ခြေလှမ်း ၁၅ လှမ်းလောက် လှမ်းရမှာ။ အန်တီကြီး မီတော့မယ်။ ကားတံခါးက မပိတ်သေးဘူး။
လမ်းလျှောက်နေရင်း စဥး်စားတယ်။ အန်တီကြီးနောက် လိုက်ပြေးရင် ကောင်းမလားပဲ။ မီလိုမီငြားပေါ့။ အရမ်းမပြေးချင်တဲ့အတွက် ခြေလှမ်းတဲ့နှုန်းကိုသာ မြှင့်လိုက်တယ်။ ကားတံခါးက ပိတ်တော့မယ်။ ဟိုအန်တီကြီး ကားအပေါက်ဝက ခြေနင်းခုံကို တက်နေပြီ။ လှမ်းနေရင်းမှာ ဘေးကနေ အရိပ်တစ်ခုဖြတ်သွားတာ သတိထားမိလိုက်တယ်။ သူက ကျော်တက်သွားတယ်။ အန်တီကြီး နောက်တစ်ယောက်ပဲ။ လက်ထဲမှာ အထုပ်လေးတစ်ထုပ်တောင် ကိုင်ထားသေး။ သူက နောက်ကနေ အပြေးလေး လိုက်လာပြီး ရှေ့က အန်တီကြီးနောက် လိုက်တက်သွားတယ်။
ဘာမှ ချီတုံချတုံစဉ်းစားမနေတော့ဘဲ ကားပေါ်တက်လိုက်တယ်။ ဟုတ်တယ်လေ၊ ကားတံခါးဝလည်း ရောက်နေပြီ၊ တံခါးကလည်း မပိတ်သေးဘူး၊ အဲ ပိတ်တော့မယ့်ဆဲဆဲလေးမှာ။ ဒီအခြေအနေမှ တက်မလိုက်ရင် ငတုံးပဲ။ ကားစီးကဒ်ကို စက်ပေါ်တင်ပြီး ကားကပ္ပတိန်ကို ကြည့်လိုက်တော့ သူက ကားတံခါးကို ပိတ်လိုက်ပြီ။ ဒါပေမယ့် ကားမထွက်သေးဘဲ တံခါးကို ပြန်ဖွင့်တယ်။ လူငယ်တစ်ယောက် အမောတကောပြေးလာလို့ဖြစ်တယ်။ အဲဒီတစ်ယောက်ကားပေါ်ရောက်မှ တံခါးပိတ်ပြီး သူက ကားစထွက်ဖို့ပြင်တယ်။
ကားဘီးမလှိမ့်ခင်မှာ ခရီးသည်တစ်ယောက်ပြေးလာသေးတယ်။ ကားကပ္ပတိန်က တံခါးဖွင့်မပေးတော့ဘူး။ ဟိုလူလည်း မကျေမနပ်ဖြစ်ပြီး ကျန်ခဲ့တယ်။
အဲဒါနဲ့ ကားက မှတ်တိုင်ကနေ ထွက်လာပါတော့တယ်။
ကားစီးအတွေ့အကြုံတစ်ခုပေါ့။ စင်ကာပူမှာပါ။

အင်တာနက် ကနေ ရှာသည်

အကြောင်းအရာတခု ရေးနေတုန်း ထည့်ရေးရမယ့်အကြောင်းက အဓိကအချက်ထဲမှာ ပါနေတယ်။ ထင်ရာမြင်ရာ ရမ်းသန်းရေးလိုက်ဖို့ကလည်း မဖြစ်လေတော့ အဲဒီတုန်းက အတူတူပါခဲ့တဲ့ သူငယ်ချင်းကို စာရိုက်ပြီး အကူအညီလှမ်းတောင်းရတယ်။ ခင်ဗျား မှတ်မိလားဗျ ပေါ့။ သူကလည်း အဲဒီတုန်းက တခြားအပိုင်းကိုသာ စိတ်ဝင်စားခဲ့ပြီး အဲဒီအကြောင်းကိုတောင် သူ့ရဲ့ ဘလော့ဂ်မှာ တင်ခဲ့သေးတယ်ဆိုတာ ပြန်ပြောခဲ့တယ်။ သိချင်တဲ့ အကြောင်းက သူလည်း သေသေချာချာမမှတ်မိဘူး။
အဲဒါနဲ့ နောက်ကြောင်းပြန်လိုက်တယ်။ ဘယ်ပွဲမှာလည်း၊ ဘယ်နှစ်မှာလည်းပေါ့။ သူငယ်ချင်းရဲ့ ဘလော့ဂ်ကနေ ရက်စွဲရတယ်။ ခုနှစ်ရတယ်ဆိုပါစို့။ အဲဒီကနေ ဂူဂဲလ်မှာ လိုချင်တဲ့ စာသားထည့်ပြီး လိုက်ရှာတယ်။ တွေ့ပါတယ်။
အင်တာနက် ကနေ ရှာတာ ဖြစ်ပါတယ်။
တခါတုန်းကလည်း ရွှေတိဂုံဘုရားမှာ အမှတ်မထင် ရိုက်မိလိုက်တဲ့ ဓာတ်ပုံလေးကို ပြန်ကြည့်မိပါတယ်။ ကြေးမောင်း တစ်ခုကို ရိုက်မိခဲ့တာပါ။ အဲဒီမှာ လှူဒါန်းတဲ့ သူ နှစ်ယောက်နာမည်ကို ရေးထိုးထားတယ်။ နိုင်ငံခြားသူနဲ့ နိုင်ငံခြားသား နာမည်ပါ။ အင်တာနက်မှာ သူတို့နှစ်ယောက်နာမည်နဲ့ လိုက်ရှာကြည့်တဲ့အခါ တော်တော်စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းလေး တွေ့မိပါတယ်။ အကျယ်ချဲ့ရေးဦးမယ်လို့ တေးမှတ်ထားတဲ့ အကြောင်းအရာလေးပါ။
အင်တာနက် ကနေ ရှာတာ ဖြစ်ပါတယ်။
ဒီတခေါက် ရွှေပြည်ကြီးက ပြန်လာတော့ အဆိုင်းမင့်တွေပါလာတာထဲက တစ်ခုမှာ အကြောင်းအရာတစ်ခုကို ရှာဖို့ဆိုတာ ပါလာတယ်။ အဲဒီအကြောင်းက အင်္ဂလိပ်လိုရှာတဲ့အခါ တော်တော်များများ ရေးထားတာ ရှိပါတယ်။ ဒါပေမယ့် ရှာခိုင်းတဲ့သူက မြန်မာလိုရေးထားတာ ရှိမရှိ သိလိုတယ်လို့ပြောပါတယ်။ မြန်မာလို ရိုက်ပြီး ရှာပါတယ်။ မတွေ့ပါ။ စာအုပ်အဖြစ်ရှိမရှိ ဆိုတာကို မတွေ့ပါ။ အဲဒါနဲ့ အမြဲဝင်ရောက်ဖတ်ရှုနေတဲ့ website တစ်ခုမှာ ရှာကြည့်ပါတယ်။ ရှိနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ အဲဒီမှာက သူ့ website အတွင်းမှာ ရှိတဲ့ စာအုပ်စာတမ်းတွေကို ရှာနိုင်တဲ့ နေရာပေးမထားပါ။ တူတူရာရာ စုထားတဲ့ ခေါင်းစဉ်တွေကပဲ ဒါလေးများ ရှိနိုင်မလားဆိုပြီး ဝင်ရောက်ရှာလိုက် ပြန်ထွက်လိုက် နောက်တခုကို သွားဖွင့်လိုက်နဲ့ သိပ်မကြာပါဘူး လိုချင်တဲ့ စာအုပ်ကို တွေ့သွားတာပါပဲ။
အင်တာနက် ကနေ ရှာတာ ဖြစ်ပါတယ်။