May 5, 2016

သတိ - ကဗျာတွင် စျေးမတက်ရ

"ရောင်စုံဘောလုံး ရောင်စုံဘောလုံး တလုံးငါးပြား တလုံးငါးပြား ကြိုက်တဲ့အရောင်ရွေးပါ ကြိုက်တဲ့အရောင်ရွေးပါ တလုံးငါးပြား တလုံးငါးပြား"

ဖေဖေကျော်က အထက်ပါအတိုင်း သမီးဖြစ်သူကို ရောင်စုံဘောလုံး ကဗျာလေး ဆိုပြနေချိန်မှာ မေမေယဉ်က ကြားဖြတ်ပြောတယ်

"တလုံးခြောက်ရာလို့ရွတ်ပါ၊ တလုံးငါးပြား မဟုတ်တော့ဘူး"

"မရဘူး၊ တလုံးငါးပြားက တလုံးငါးပြားပဲ"

"ငါးပြားခေတ် မဟုတ်တော့ဘူးလေ"

"အဲဒီ ကလေးကဗျာ စကြားတုန်းက တလုံးငါးပြားပဲ၊ အခုမှ ခေတ်နဲ့လျော်ညီအောင် တလုံးခြောက်ရာလို့ မပြောင်းနိုင်ဘူး"

"ဒါဆို သမီးလေး အရွယ်ရောက်လို့ ငါးပြားဆိုတာ ဘာလည်း မေးရင် ဘယ်လိုရှင်းပြကြမလဲ၊ အဲဒီအခါ ဖေဖေကျော်ပဲ ရှင်းပြလိုက်"

အကွက်ကလည်း ဆိုက်လာတော့

"အေးကွ၊ ပိုတောင် ရှင်းပြလို့ကောင်းသေး၊ သမီးရေ ငါးပြားဆိုတာ အဖေတို့တုန်းကလေ ဆိုပြီး အစချီလိုက်ရင် ဘာပြောကောင်းမလဲ တထောင့်တညပုံပြင်ထက်တောင် ကျော်သွားနိုင်သေး"

"ရောင်စုံဘောလုံး ရောင်စုံဘောလုံး တလုံးငါးပြား တလုံးငါးပြား"

ကလေးကဗျာများ ပိုမိုဖွံ့ဖြိုးလာနိုင်ပါစေ။ ။

ကျော်မောင်(တိုင်းတာရေး)
၂-မေ-၂၀၁၆

Apr 23, 2016

[ဘောင်ခတ်ကြည့်ခြင်း]

ဆရာမင်းသိင်္ခ၏ ဝတ္ထုစာအုပ်တအုပ်တွင် ဇာတ်ကောင်တယောက်ပြောသော "ဘာကိုပဲကြည့်ကြည့် ဘောင်ခတ်ကြည့်" ဆိုသည်ကို ပြန်လည်အမှတ်ရမိသည်။
ငယ်စဉ်လူငယ်ဘဝက ထိုဝတ္ထုဖတ်နေစဉ် ဖတ်လက်စစာအုပ်ကို ဘေးအသာချကာ အိမ်နံရံရှိ ဘောင်မခတ်ထားသော အရာများအား စိတ်ထဲမှနေ၍ ဘောင်ခတ်ကာ လိုက်ကြည့်မိသည်။
ဓာတ်ပုံရိုက်ဝါသနာပါသည့်အတွက် ကင်မရာမရှိခင်ကပင် လက်ဝါးနှစ်ဖက်သုံးပြီး ပါးစပ်မှ ချပ် ချပ် ချပ် ဟု အသံထွက်ကာ လက်ဝါးကင်မရာ ရိုက်ခဲ့သည်။
ဘယ်ဖက်လက်ဖဝါးအား မျက်နှာရှေ့တည့်တည့်တွင် လက်မထောင်ကာ ကန့်လန့်ဖြတ် အလျားလိုက် ထားသည်။ ညာဖက် လက်ဖမိုး၏ လက်ညှိုး အား ဘယ်ဖက်လက်ဖဝါးမှ လက်မနှင့် ထိစေ၍၊ ဘယ်ဖက်လက်ဖဝါး လက်ညှိုးအား ညာဖက် လက်ဖမိုး လက်မနှင့် ထိစေကာ ညာဖက် လက်ဖမိုးကို ဘယ်ဖက်လက်ဖဝါးပေါ်တွင် ထားသောအခါ လက်ညှိုး လက်မများ ကြားတွင် ထောင့်မှန်စတုဂံပုံစံ ဟင်းလင်းပေါက်တခု ရပေမည်။
မျက်လုံးတဖက်မှိတ်လျက် ထိုဟင်းလင်းပေါက်ကို အသုံးပြုကာ ရိုက်လိုသော မြင်ကွင်းများကို လက်ဝါးဓါတ်ပုံရိုက်ယူနိုင်သည်။
ဘောင်ခတ်ကြည့်ခြင်း ဖြစ်ပါသည်။
ဘောင်ခတ်ကြည့်ခြင်း၏ အကျိုးဆက်မှာ ထိုဘောင်ခတ်ကြည့်သော နေရာ သို့မဟုတ် အရာဝတ္ထု သို့မဟုတ် သက်ရှိအား ပိုမိုစူးစိုက်ကာ လေ့လာနိုင်ခြင်းဖြစ်ပေသည်။. ထိုတွင် ယခင်က သတိမထားမိခဲ့သော၊ အရေးမစိုက်မိခဲ့သော အရာများအား ထင်ထင်ရှားရှား တွေ့လာနိုင်ပါသည်။
ပမာအားဖြင့် ပေးရပါလျှင် ဘောင်မခတ်ထားသော ပန်းချီကား၊ ဘောင်မခတ်ထားသော ဓာတ်ပုံ တို့ကို စိတ်ထဲကနေ ဘောင်ခတ်မကြည့်တတ်သောအခါ၊ သို့မဟုတ် လက်ဝါးကင်မရာသုံးပြီး မျက်လုံးတဖက်မှိတ် မကြည့်တတ်သောအခါ ထိုအရာများကို ထင်ထင်ရှားရှားမြင်နိုင်ဖို့ အနည်းငယ်ခက်ခဲလှပါသည်။
ဘောင်ခတ်ကာ မြင်နိုင် ကြည့်နိုင်ကြဖို့ လိုပါသည်။
ကျော်မောင်(တိုင်းတာရေး)
၂၃-ဧပြီ-၂၀၁၆

Apr 14, 2016

သင်္ကြန်ပလေးဘက်


မုန့်လုံးဆို ရေပေါ်၊ ဒီဖေကျော် အလွန်ကြိုက်
သင်္ကြန်မှာ သူ မအိုက်တယ်၊ ရေပုံးကိုပိုက်။
တစီးမှ အလွတ်မပေး၊ အငြိုးတေး လုံးဝမပါ
သည်အခါ သည်ကာလ၊ ညအမှောင်
ယောင်ယောင်သန်းလေမှ၊ ရေပုံးကိုချ။
                                    သင်္ကြန်တွင်းမို့၊ သင်္ကြန်ထမင်း သင်္ကြန်ဟင်းစား
                                    သင်္ကြန်သီချင်းနားထောင်၊ သင်္ကြန်အကကြည့်
                                    သင်္ကြန်ပီတိတွေနဲ့၊ သင်္ကြန်စာတွေဖတ်
                                    သင်္ကြန်တွေအကြောင်း ပြန်ပြောင်းပြောကြ
                                    သင်္ကြန်ဇာတ်လမ်းထဲက၊ သင်္ကြန်မှာ မပျော်ရ
                                    သင်္ကြန်မှာ မပါးရ၊ ဖလန်းဖလန်းမထရရှာတဲ့
                                    သင်္ကြန်ချစ်တဲ့သူတယောက်အကြောင်း
                                    စာနာကာ ကရုဏာသက်။
 နောက်တနေ့မနက်၊ နေလည်းထွက်ရော
 ခပ်မိုက်မိုက်ဒီဇိုင်းထွင်ကာ၊ အကြင် သင်္ကြန်ပိုးထသူသည်
 ရေကစားရန် ပြင်ပါတော့သည်၊ ဘယ်သူ ဆူဝံ့ ဟန့်ဝ့ံပါမည်နည်း ။
                                                                     
   ဖေကျော်
   သင်္ကြန်အကျနေ့ ၁၃၇၇/၇၈

Mar 3, 2016

အတွေးများဖြင့်

လွန်ခဲ့တဲ့ တနလာင်္နေ့က အတွေ့အကြုံတခုပါ။ ရထားစီးတဲ့အခါ ခါတိုင်းလိုပဲ စီးတဲ့အချိန်က ခရီးသည် အသင့်အတင့် ရှိတဲ့အချိန်ဖြစ်လေတော့ ရထားဆိုက်ဆိုက်ချင်းမှာပဲ ခြေထောက်နှစ်ချောင်းနေရာရအောင် ရထားတွဲအတွင်းဖက် ခပ်ကျကျကို သွားရပ်ပါတယ်။ လွယ်ထားတဲ့ ကျောပိုးအိတ်ကို ကြမ်းပြင်ပေါ်ချထားလိုက်ပါတယ်။ ချပြီးတာနဲ့ ဘေးဘီဝဲယာ တချက်တော့ ဝေ့ကြည့်လိုက်မိပါတယ်။ ကုန်ကြမ်းရှာတယ်ပဲပြောပြော၊ အကျင့်ပါတယ်ပဲဆိုဆို၊ စီးတဲ့ ရထားတွဲထဲက ခရီးသည်တွေ ဘယ်လိုလူတွေလည်း ဆိုတာ၊ ပတ်ဝန်းကျင်က ဘာတွေဘယ်လိုပြောင်းလဲသွားတယ်ဆိုတာ သိအောင် ပြုတဲ့ အပြုအမူပါပဲ။

ဒါကို ဆရာတယောက်က surroundings observation လို့ နာမည်ပေးထားပါတယ်။ ပိုက်ဆံမကုန်၊ အသိတိုးစေတဲ့ လေ့လာချက်ဖြစ်ပါတယ်။ ရထားပေါ်မှာ မြင်ရ ကြားရတာတွေ ခဏဆိုပြီး အထင်မသေးပါနဲ့၊ တချိန်မှာ အသုံးဝင်လာကောင်း ဝင်လာနိုင်ပါတယ်။ ရထားပေါ်တင် မဟုတ်၊ တခြားနေရာမှာလည်း ပတ်ဝန်းကျင် စူးစမ်းလေ့လာခြင်း ဆိုတာ အရေးပါပါတယ်။

ဟိုဟိုဒီဒီ တချက် ဝေ့ကြည့်တဲ့အခါ ဘေးချင်းကပ် ရပ်နေတဲ့ တယောက်ရဲ့ ကျောပိုးထားတဲ့အိတ်ကို မြင်လိုက်ရပါတယ်။ ကျောပိုးအိတ်က အတော်သေးပါတယ်။ သားရေနဲ့ လုပ်ထားသော ကျောပိုးအိတ်ဖြစ်ပါတယ်။ အဲဒီ ကျောပိုးအိတ်က ဇစ်ပွင့်နေပါတယ်။ အိတ်ကို ဖွင့်ပြီးတဲ့အခါမှာ ပြန်ပိတ်ဖို့ မေ့သွားတာဖြစ်နိုင်ပါတယ်။

လွယ်ထားတဲ့ ကျောပိုးအိတ်ပွင့်နေတာကို မြင်ရဖို့ဆိုတာ ကြည့်သူက အရပ်အနည်းငယ်မြင့်မှ ဖြစ်မှာပါ။ ကျောပိုးအိတ်လွယ်ထားသူက အသက် ၅၀ ပိုင်းလောက်ရှိမယ့် မလေးလူမျိုး အန်တီကြီး တယောက်ဖြစ်ပါတယ်။ အရပ်က နည်းနည်းပုပါတယ်။ ဒါကြောင့်သူ့အိတ်အတွင်းဖက်လောက်ကို နည်းနည်း မြင်ရတာပါ။သူကြည့်လိုက်တော့ သူက မျက်လုံးလေးမှေးပြီး သူ့စည်းစိမ်နဲ့သူ။ "ဟလို" ဆိုပြီး ပါးစပ်ဟလိုက်ရင် သူ့မျက်လုံးပွင့်လာမယ်၊ "ဟလို" လို့ အသံထွက်တဲ့သူကို လိုက်ကြည့်မယ်၊ အဲဒီမှာ "your bag" လို့ ပြောလိုက်ရင် ပွဲပြီးသွားမယ်၊ သူသိသွားရင် "Thank you" တွေ ဘာတွေ ပြောပြီး သူ့အိတ်ဇစ်ကို ဆွဲပိတ်မယ်။ ဒါက ပထမဆုံး ပေါ်လာတဲ့ အတွေး။ ဒါပေမယ့် အဲဒီ "ဟလို" ဆိုတာကို ပြောဖို့ နှုတ်လေးနေတယ်။

သူ့ရဲ့ တဖက်မှာ မိန်းမတယောက်ရှိတယ်။ အဲဒီတယောက်က ပွင့်နေတဲ့ ကျောပိုးအိတ်ကို မျက်နှာမူပြီး ဖုန်းသုံးနေတယ်။ အန်တီကြီးက ဘယ်ဘူတာကနေ စီးလာတယ်မသိ၊ ဟိုတယောက်ကလည်း တွေ့ရဲ့သားနဲ့ ဘာကြောင့် မပြောသလဲ။ အဲဒီ အမျိုးသမီးကို ကြည့်တော့ သူကလည်း သူ့ အာရုံနဲ့သူ။ ဒါပေမယ့် စိတ်ထဲမှာ ဘာသွားဖြစ်သလဲဆို ဟာ ဒီအမျိုးသမီး သူ့ရှေ့တည့်တည့်မှာ အိတ်ပွင့်နေတာကို မိန်းမချင်း လက်တို့လိုက် ရတာပဲ၊ ဘာလိုပါလိမ့်လို့တွေးမိ။ ဒါက ဒုတိယ ဖြစ်သွားတဲ့ အတွေး။

ရထားက တဘူတာဆိုက်သွားပြီး နောက်တဘူတာကို ဆက်မောင်းနေတယ်။ အဲဒီ နောက်တဘူတာမှာ ဆင်းရမှာ၊ မောင်းချိန်က ရှစ်မိနစ်လောက်ရှိတယ်။ ကဲ ဘာမှ ဆက်တွေးမနေနဲ့ သူ့ကံနဲ့ သူရှိပါစေ။ သူလည်း သူ့အကြောင်းနဲ့သူ၊ တခြားသူတွေ့ရင် သတိပေးမှာပါပဲ။ အတွေးတွေကို ဖြတ်တဲ့ တတိယအတွေး။

တတိယအတွေးကို စတုတ္ထအတွေးက ဒီလိုလာဖျက်တယ်။ 
ဒီအန်တီကြီးရဲ့ အိတ်ထဲမှာ ပိုက်ဆံအိတ်လည်း ပါချင်ပါမယ်၊ အရေးကြီးတဲ့ စာရွက်စာတမ်းတွေလည်း ပါချင်ပါမယ်၊ ပြုတ်ကျနိုင်တဲ့ တိုလီမိုလီလည်း ပါချင်ပါမယ်။ အဲဒါတွေ မတော်လို့ ပြုတ်ကျ၊ လွင့်ကျသွားရင် သူ့ခမျာ အလုပ်ရှုပ်တော့မှာပါ။ အဲဒါကြောင့် နောက်ဘူတာ မဆင်းခင် သူ့အိတ်ပွင့်နေတာကို ပြောဖြစ်အောင် ပြောမယ်။

မှိန်းနေတဲ့ အန်တီကြီးလည်း မျက်လုံးလေးပွင့်လာပြီး ဟိုဟိုဒီဒီကြည့်တယ်။ ဒီကောင့်ဖက်ကို မကြည့်၊ ဒီကကောင်ကလည်း သူ့မျက်နှာရှေ့ကို ကိုယ်ကို နည်းနည်း ရွှေ့လိုက်တယ်။ ဒါမှ သူမြင်မှာကိုး။ သူမြင်သွားတဲ့အခါ လက်ဝါးထောင်ပြလိုက်တယ်။ လက်ဝါးကို သူကြည့်တယ်။ ဖြန့်ထားတဲ့ လက်ဝါးကို လက်သီးဆုပ်လုပ်ပြလိုက်ပြီး လက်ညှိုးကို သုံးပြီး သူ့အိတ်ကို ညွှန်ပြလိုက်တယ်။ "ဟလို" တောင် ပြောစရာမလို၊ မိုက်သဟ။

အန်တီကြီးက ချက်ချင်း သဘောပေါက်တယ်။ သူ့အိတ်ဇစ်ပွင့်နေတာကို ကျကျနနပြန်ပိတ်လိုက်တယ်။ ကျေးဇူးတင်ပါတယ်လို့ ပြောပါတယ်။

ရထားကလည်း ဘူတာကို ဆိုက်ပါပြီ။

တဒင်္ဂအတွင်းမှာပဲ အမျိူးမျိုး ဖြစ်သွားတဲ့ အတွေးတွေကို ပြန်ဆန်းစစ်ကြည့်ရင်း ......

ကျော်မောင်(တိုင်းတာရေး)
၃-မတ်-၂၀၁၆