အဖေနဲ့ မွေးနေ့တူ သမီးလေး မွေးလာတော့ (၆)ပေါင် (၁၅) အောင်စ။ ဆေးရုံရဲ့ ပေါင်ချိန်စက်က ပြောတာ။(၇) ပေါင် တစ်အောင်စ လျော့လို့လည်း ပြောလို့ရတယ်။ တိကျရဲ့လား၊ဆေးရုံက ပေါင်ချိန်စက် မှန်ရဲ့လား လို့တော့ စောဒက မတက်မိခဲ့။ယူနစ်ပြောင်းကြည့်တော့ (၃.၁၄၆၈) ကီလို။ ပေါင် တွေ အောင်စ တွေ သုံးနှုန်းနေဆဲ၊ SI ယူနစ် စနစ် ပြောင်းဖို့ တာစူနေဆဲ ကိုယ့်နိုင်ငံမှာ သမီးမွေးလာတဲ့ အတွက် ဂုဏ်ယူတယ်။
သမီးကြီးလာရင် ဒို့မွေးတုန်းက ဒို့နိုင်ငံဟာ ကမ္ဘာမှာ International System of Unit (SI) မပြောင်းသေးဘဲ ကျန်နေတဲ့ သုံးနိုင်ငံထဲက တစ်နိုင်ငံ အဖြစ်ရှိနေသေးတယ်လို့ သူများတွေကို သမီး ပြောပြနိုင်တယ်လေ..
အဲဒီ သုံးနိုင်ငံက မြန်မာ၊ လိုက်ဘေးရီးယား နဲ့ အမေရိကန်။
တစ်ခါ စူပါမားကတ်ထဲ လျှောက်ကြည့်။ စပျစ်သီးပုံထားတဲ့နားမှာ ပေါင်ချိန်စက် တွေ့ ၊ ဘာအတွက်လည်း မေးတော့ စပျစ်သီးချိန်တာတဲ့။ ကဲ လုပ်ပြပါဦး ဆိုတော့ စပျစ်သီး တစ်တွဲ တင်၊ ပြတဲ့ ကျပ်သား (မြန်မာ အတိုင်းအတာ)ကို ပေါက်စျေးနဲ့ မြှောက်ပြတယ်။ ဒီပေါင်ချိန်စက် မှန်ရဲ့လား မေးတော့ မှန်ပါတယ်တဲ့။ ဘာကိုကြည့်ပြီး မှန်ပါတယ်လို့ ပြောတာပါလည်းဆိုတော့ ဟီး ... ကျွန်မလည်း မသိဘူးတဲ့။
နောက်တစ်ခါ ရွှေဆိုင်တွေဆီ ရောက်သွား။ ဒီတစ်ခါတော့ ရွှေချိန်စက်လို့ ခေါ်မလားပဲ။ OHAUS တံဆိပ်နဲ့ ပေါင်ချိန်စက်တစ်လုံး ဆိုင်တစ်ဆိုင်မှာ သေသေချာချာထားတာ တွေ့တော့ ဟာ... အဲဒါကြီး ဘာလုပ်တာလည်း မေးတော့ ဒါ ရွှေအရည်အသွေးစစ်စက် အရမ်းမှန်တယ်တဲ့။ မှန်ကြောင်းလည်း ဘာမှ အထောက်အထား မတွေ့ရပါလား ဆိုတော့ ဘုကြည့် ကြည့်တာ ခံရပြီး အမလေး.. ရွှေဆိုင်တိုင်း ဒါမျိုးသုံးနေကြတာပဲ.. မမှန်ရင် သုံးပါ့မလား... ဆိုပြီး စျေးဆက်ရောင်း.. အင်း... ရိုက်ထုတ်မခံရတာ ကံကောင်းတာပဲ..
ပေါင်ချိန်စက်မှသည် တိကျမှန်ကန်သော တိုင်းတာမှုသုံး အတိုင်းအတာပစ္စည်း ကိရိယာများအား မှန်ကန်စွာ သုံးပြီး သကာလ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ဆောက်လုပ်ရေး၊ စက်မှု လက်မှု တီထွင်မှုများ အစရှိသည့် ပြည်တွင်းလုပ်ငန်းများပါမက နိုင်ငံတကာနှင့် ဆက်သွယ်လုပ်ဆောင်ရသည်များတွင် ပိုမိုအဆင်ပြေစေဖို့ ကျွန်တော်တို့ ကြိုးပမ်းရဦးမည် ဖြစ်ပါကြောင်း မိတ်ဆွေများအား တိုက်တွန်းရေးသားလိုက်ရပါသည်။
ကျော်မောင်(တိုင်းတာရေး)
၉-သြဂုတ်-၂၀၁၄