နောက်ဆို ရထားစီးစီး ကားစီစီး ဒါမျိုးလုပ်မယ်ဆိုပြီး စိတ်ပိုင်းဖြတ်ထားပါတယ်။ ရထားပေါ် ကားပေါ်ရောက်တာနဲ့ ထိုင်ခုံလွတ် တွေ့ရင် ဝင်ထိုင်လိုက်ရမယ်။ ဘယ်နေရာ ဖြစ်ဖြစ်၊ ဒီမှာက Reserved Seat လို့ခေါ်တဲ့ ဦးစားပေး ထိုင်ခုံတွေက ရထားတွေ ကားတွေမှာ ရှိတယ်။ အဲဒီနေရာ တွေ့ရင်လည်း ကိုယ်က ဦးရင် အရင်ဝင် ထိုင်။ ဟာ ဒီကောင် ဦးစားပေး ထိုင်ခုံတောင် မရှောင်ဘူး၊ တော်တော်ဆိုးတဲ့ကောင်.. နေဦး.. ကိုယ်နေရာ ရပြီးမှ ဘေးပတ်ပတ်လည်ကို ကြည့် မယ်။ ပထမ ကိုယ်ဝန်ဆောင်၊ ဒုတိယ မသန်စွမ်း(သို့)ထိခိုက်ဒဏ်ရာ ရထားသူ၊ တတိယ သက်ကြီးရွယ်အို၊ စတုတ္ထ ရင်ခွင်ပိုက် ကလေးငယ် ချီပိုးထားတဲ့ မိခင် ဖခင် အုပ်ထိန်းသူ၊ ပဥ္စမ ငါးနှစ်အောက် ကလေး ၊နောက်ပြီးတော့ အထုပ်အပိုးနဲ့သူ .... အစဉ်အတိုင်း ဦးစားပေးနိုင်ရင် ပေး ၊ မပေးနိုင်လည်း အဲဒီအထဲမှာ ပါတဲ့သူ ပေးရမယ်။ ဘာပေးမှာလည်း ...
ခုနက ဝင်ထိုင်လိုက်တဲ့ နေရာ။ အဲဒီ နေရာကို ဝမ်းပန်းတသာ လှိုက်လှိုက်လှဲလှဲနဲ့ မြန်မြန်ပေးရမယ်။
အစ ကတည်းက ထိုင်ပြီး စီးနင်း လိုက်ပါဖို့ မရည်ရွယ်၊ အမှန်တကယ် လိုအပ်သူတွေကို ပေးဖို့ နေရာဦးတာ ဖြစ်တယ်။ နည်းလမ်းက လွတ်တာတွေ့ ဝင်ထိုင်၊ ထိုင်ပြီး ဝန်းကျင်ကြည့်၊ လိုအပ်သူကို နေရာပေး .... အတိုကောက် မှတ်ရင် ထိုင်၊ ကြည့်၊ ပေး ။ ဒါလေးပဲ... မြန်မြန်လုပ်ရမယ် ... ထိုင်၊ ကြည့်၊ ပေး။
ဒါကို တွေးမိတာက ဒီလို.. ပြီးခဲ့တဲ့ တနင်္ဂနွေက အဘိဓမ္မာ သင်တန်းတက်ဖို့ ဘွန်လေး (Boon Lay) ကို ရထားနဲ့ အသွား၊ ထိုင်ခုံ နေရာ မရ၊ ကိစ္စ မရှိ။ ပိတ်ရက်ဆိုတော့ ရထားမှာ လူ မကျပ်ဘူး။ အဲဒီမှာ မိသားစု တစ်စု တက်လာတယ်။ အဖေလုပ်တဲ့ သူက (၆)နှစ် အရွယ် သား ကို လက်ဆွဲလို့၊ အမေက သုံး လေး လ သား အရွယ် ကလေးကို ရင်ခွင်ပိုက်အိတ် (baby carrier) နဲ့ ချီပိုးထားလို့။ ထိုင်ခုံ ထိုင်နေသုူများ သူတို့ သားအမိကို မြင်တယ်။ ဒါပေမဲ့ ဘယ်သူမှ နေရာမပေး။ ဒီလိုလား .. ရိုးရိုးထိုင်ခုံမှာ ထိုင်နေသူတွေထဲမှာ ခုနက အပေါ်မှာ စဉ်ပေးထားသူတွေ မပါဘူး။ အားလုံး သက်လယ်ပိုင်းတွေ။ ဒီသားအမိ ကို တွေ့မှပဲ အိပ်ချင်ယောင်ဆောင်သူတွေ တွေ့ရတယ်။ အားနာပြီး ထပေးရမှာ စိုးလို့ ဖြစ်မယ်။ ရှေ့ ဘူတာရောက်ခါနီး ရှေ့က ထိုင်ခုံနှစ်လုံး လွတ်ပြီ။ ဝင်မထိုင်သေးဘဲ ဝမ်းသာသာနဲ့ နေရာလွတ်ကလေး ဟိုမိသားစုတွေ့အောင် အချက်ပေးမလို့ရှိသေး ဂိမ်းကစားနေတဲ့ (၁၀)နှစ် အရွယ် ကောင်လေးနဲ့ သူ့အမေ အပြေးလာထိုင်သွားတယ်။ ခပ်တည်တည်ပါပဲ။ ဒါကို တစ်ခြားသူတွေ မြင်တယ်။ မြင်တဲ့ အဆင့်ပဲ။ ဟိုလူတွေ မထ ပေး ၊ ငါတော့ ထပေး မယ် စိုးစဉ်းမရှိ။
နောက် ဘူတာရောက်တော့ လွတ်သွားတဲ့ ခပ်လှမ်းလှမ်းက ထိုင်ခုံကို သားသည်အမေကို လက်ညှိုုးထိုးပြ၊ သူတို့ထိုင်တော့မှ သက်ပြင်းချရပါတယ်။ ဒီလို အဖြစ်မျိုုး ခဏ ခဏကြုံရတယ်။ ထိုင်ခုံလွတ်တွေ့၊ မထိုင်ဘဲ ထိုင်ဖို့လိုုအပ်သူကို ဝင်ထိုင်ဖို့ အချက်ပေးလိုက်ချိန် တစ်ခြား သန်သန်မာမာ လူက ခပ်တည်တည်ဝင်ထိုင်၊ တစ်ချို့များ စမတ်ဖုန်း လေး ချက်ချင်းထုတ်ပြီး အလုပ်များတဲ့ ပုံစံဖမ်း။ အဲဒီလို ကြုံကြုံနေလို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကပဲ ထိုင်၊ ကြည့်၊ ပေး ဆိုတာလေး စလုပ်ဖြစ်မယ်လို့ စိတ်ကူးရတာပါပဲ ၊ နေရာ ဆိုတာ လိုအပ်တဲ့ သူတွေအတွက် အတော် အသုံးကျမှာပါ။ ။
ကျော်မောင်(တိုင်းတာရေး)
၅-သြဂုတ်-၂၀၁၄