တနေ့မှာ စာကြည့်တိုက်က ငှားလာတဲ့ ဒေါက်တာခင်မောင်ညို ရေးသော “ဟာသနဲ့လောဂျစ်“ အမည်ရှိ စာအုပ်ဖတ်တဲ့အခါ ခြင်တွေပြေးအောင်လုပ်ထားတဲ့့ အသံလှိုင်းရှိတယ်ဆိုတာ ကြားဖူးကြမှာပဲ ဆိုတဲ့ စာကြောင်းလေးကို ဖတ်မိရင်း ကျောင်းတက်တုန်းက လက်ဆော့မိခဲ့တာလေးကို သွားသတိရမိပါတယ်။
Bread-board လို့လည်းခေါ်တယ် (ခပ်ဖြူဖြူအရောင်ရှိပြီး ပေါင်မုန့်အရွယ်အစားသာသာလောက်ရှိလို့ ခေါ်တာဖြစ်မယ်)၊ Project-board လို့လည်း ခေါ်တယ်၊ အဲဒါကို သုံးပြီး (circuit)ဆားကစ်တွေ လိုက်ဆောက်နေတဲ့ကာလပေါ့။ မှတ်မှတ်ရရ လသာလမ်းဖက်က အီလက်ထရောနစ်အရောင်းဆိုင်တွေမှာ တွေ့ခဲ့ပြီး ဝယ်ခဲ့တဲ့ စာအုပ်လေးတအုပ်၊ ဆားကစ်တွေကို လိုအပ်တဲ့ ပစ္စည်းတွေ၊ တည်ဆောက်နည်းတွေ ပုံနဲ့တကွ ရှင်းပြထားတဲ့ စာအုပ်။
ကိုယ့်မှာရှိတဲ့ တိုလီမိုလီလေးတွေနဲ့ လုပ်ချင်တဲ့ ဆားကစ်ရွေးလိုက်တဲ့အခါ စာအုပ်ထဲမှာပါတဲ့ ခြင်ပြေးသော ဆားကစ်လုပ်ကြည့်မှပဲလို့ အတွေးပေါ်လာတယ်။ အဲဒါနဲ့ စတင်ဆောက်တယ်ပေါ့။ ညကလည်း ဖြစ်တော့ အိမ်သားတွေက အိပ်ကုန်ကြပြီ။ ဧည့်ခန်းထဲမှာ တယောက်တည်း စမ်းမယ်စိတ်ကူးနဲ့။ ဦးလေးအလတ်က နယ်ကရောက်လာတယ်။ သူက နယ်က ကြုံရင် ဝင်လာနေကြ။ ဟေ့ကောင် ကျော်ကြီး ဘာတွေလုပ်နေတာလည်း။ ဟာ ဦးလေးရ ခြင်ပြေးဆားကစ်လေး လုပ်မလို့။ အေး ကောင်းကွာ ငါလည်း ခြင်ထောင်မထောင်တော့ဘူး။ မင်း ဆားကစ်ပြီးရင် ငါ့နားမှာ ထားလိုက်ပြောပြီး ဖျာခင်းကာ အပြီအပြင်ကို ယူပါတော့တယ်။
ဒီကကောင်လည်း တယောက်တည်းမဟုတ်၊ ဦးလေးက အားပေးတဲ့အနေနဲ့ ဘေးနားမှာ လာနှပ်နေရုံမက ဆားကစ်ပြီးသွားရင် သူ့နားမှာ လာထားလို့ မြှောက်သွားတဲ့အတွက် ဘာပြောကောင်းမလည်း မြှောက်ပေးလို့ကတော့ အားပါးတရ က အဲလေ ပျော်ပျော်ရွှင်ရွှင် ဆားကစ်ဆင်ပါတော့တယ်။ ဒါပေမယ့် စာအုပ်ထဲကအတိုင်း ဆင်ရမယ့် အစိတ်အပိုင်းတွေက အပြည့်အစုံမရှိပြန်ဘူး။ ဘာပဲဖြစ်ဖြစ် ခြင်တော့ ပြေးမှာပါဆိုပြီး ရှိတာလေးတွေနဲ့ ဆင်၊ ခြင်တွေလား၊ ပေါမှပေါဗျာ၊ ရန်ကုန်မှာ၊ အသံပေးပြီး ပျံနေကြတာ။ ဦးလေးက အိပ်နေပြီ။ သူ့တူအစွမ်း သူယုံတဲ့အတွက် ခြင်ထောင်လည်း မထောင်၊ စောင်လည်း မခြုံ။ ခြင်ပြေး ဆားကစ်ကို သူ့ရဲ့ခြေရင်းလောက်မှာ သွားထားလိုက်တယ်။
ပါ၀ါကို အွန်လိုက်တဲ့အခါမှာတော့ …
ကိုကိုခြင် မမခြင်တွေက မပြေးဘဲ ခြင်ပြေးဆားကစ်နားမှာ တဝဲလည်လည်နဲ့။ အင် ခြင်ပြေးအောင် လုပ်တဲ့ ဖရီကွမ်စီက ခြင်ကြိုက်တဲ့ ဖရီကွမ်စီများ ဖြစ်သွားတယ် ထင်ပါ့ဆိုပြီး ဟိုပြောင်းဒီပြောင်းလုပ်၊ အိပ်နေတဲ့ဦးလေးက အိပ်နေရာက တရေးနိုးပြီး ကျော်ကြီး ခြင်တွေပြေးပြီလားမေးတော့ ဘာမှားသွားလည်းမသိဘူး၊ ခြင်တွေကမပြေးဘဲ ဆားကစ်နားပဲ လာစုနေကြတယ်ဆိုပြီး ပြန်ဖြေတဲ့အခါ ဟေ့ကောင်ရာ တုံးပ၊ မင်းဆားကစ်ကို ဟိုးထောင့်မှာထားလိုက်၊ ခြင်တွေ အဲဒီကို သွားလိမ့်မယ်။ ငါလည်း ကောင်းကောင်းအိပ်ရမယ် ကဲ သွားထားလိုက် သွားထားလိုက်ဆိုတော့…
ကျော်ကြီး ဆင်သော ခြင်ပြေးဆားကစ်သည် ခြင်မပြေးဘဲ ခြင်ကြိုက်ဆားကစ်အဖြစ်သို့ ရောက်သွားပါကြောင်း ရှေးနှောင်းဖြစ်ဟောင်းကို အမှတ်ရကာ ခြင်အန္တရာယ် စုပေါင်းကာကွယ်ကြရန် ကလိထိုးရယ်ခိုင်းပြီး အသိမျိူးစုံကြွယ်သော တိုင်းနှင့်ပြည်နယ်တွင် နေကြကုန်သည့် စာဖတ်သူများအား တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။
ကျော်ကြီး (ခ) ကျော်မောင်(တိုင်းတာရေး)
၂၂-သြဂုတ်-၂၀၁၅
No comments:
Post a Comment