Dec 22, 2015

တွေးမိလေသော (၂) - တဖက်ကလည်း လှည့်ရေးကြစမ်းပါ

တချိန်တုန်းက၊ အဲဒီတချိန်တုန်းကဆိုတာ နှစ်တန်းလောက်ကဖြစ်တယ်။ နှစ်တန်းဆိုတာ တက္ကသိုလ်ဒုတိယနှစ်ကိုခေါ်တာ။ မြန်မာစာဆရာရဲ့ ကျေးဇူးပေါ့။ နှစ်တန်းမှာ လေ့လာနေတဲ့ ဘာသာရပ်နဲ့ ဆိုင်တဲ့ဂျာနယ်ကို စွဲစွဲမြဲမြဲဖတ်ဖြစ်တယ်၊ နားလည်လည် မလည်လည်၊ ကိုယ်တိုင်က ဒါနဲ့ပတ်သက်တဲ့တက္ကသိုလ်တက်နေတဲ့အတွက် ဒါနဲ့ပတ်သက်ပြီး ရေးထားတဲ့ ဂျာနယ်ကို လစဉ်ဝယ်ဖတ်ဖြစ်တယ်။ တလမှာ အဲဒီဂျာနယ်က အင်တာဗျူးတပုဒ်ကို ဖတ်ရတယ်။ လူကြီးကြီးတယောက်ကို ဗျူးထားတာ။ အဲဒီတုန်းက အောင်မြင်နေတဲ့ သင်ကြားရေးခေါင်းဆောင်တယောက်ပေါ့။

အမေး အဖြေတွေကို ဖတ်ရင်း စိတ်ထဲ အတော်သဘောမတွေ့ဖြစ်သွားတယ်။ အဲဒါနဲ့ လျှောက်လွှာစာရွက် လေးငါးရွက်ယူပြီး အဲဒီပုဂ္ဂိုလ်ဖြေထားတဲ့ အဖြေတွေကိုညွှန်းကာ ဝေဖန်ချက်တွေ ရေးမိတယ်။ တော်တော်ပြင်းပြင်းထန်ထန်ရေးမိတာဖြစ်ပါတယ်။ ဒါတောင် အဲဒီပုဂ္ဂိုလ်ရဲ့ ကို်ယ်ရေးကိုယ်တာတွေ နောက်ခံပညာရေးတွေ ဘယ်ကနေဘယ်လို အောင်မြင်နေတာတွေ သေသေချာချာမသိသေးဘူး။

စိတ်လိုက်မာန်ပါရေးပြီးတဲ့ စာ၊ အဲ ဝေဖန်ရေးဆောင်းပါး ဆိုပါတော့၊ အဲဒါကို ပြပြီး အဖေ့ကို ဒုက္ခပေးမိတယ်။ အဖေရေ ကျွန်တော့်ဒီစာကို ဖတ်ပြီး ဝေဖန်ပေးပါပေါ့။ ဝေဖန်ရေးဆောင်းပါးကို ဝေဖန်ပေးပါလို့ တောင်းဆိုတာ။ အဖေကလည်း သူစခဲ့တာဆိုတော့၊ သူက ဘာစခဲ့လည်းဆိုတော့ သားအကြီးနှစ်ကောင်ကို အမြဲတမ်းပြောတယ်၊ မင်းတို့တွေ စာလေးဘာလေးရေးကြဦးကွ၊ စာလည်းဖတ် စာလည်းရေးတော့ ကိုယ့်အတွေးအခေါ်တက်လာနိုင်တာပေါ့တဲ့။ အနည်းဆုံးတော့ နေ့စဉ်မှတ်တမ်းလေး ရေးကြဆိုပြီး တိုက်တွန်းပါတယ်။

ဒုတိယသားဖြစ်တဲ့ ဒီကောင်ကလည်း နေ့စဉ်မှတ်တမ်းဆိုတဲ့ ဒိုင်ယာရီကိုသာ ပျင်းလို့မရေးတာ၊ တခြား စာတွေ ကဗျာတွေ တောင်ရေးမြောက်ရေး။ အဲဒီလို တိုက်တွန်းခဲ့တာဆိုတော့ သူ့သားကျော် ရေးတဲ့စာတွေ သူပဲဖတ်ရပါတယ်။ သားကျော်ကလည်း စာတွေသာရေးနေတာ၊ ဘယ်မဂ္ဂဇင်းမှ ဘယ်ဂျာနယ်တိုက်မှ မပို့။ အဲဒီလောက် ယုံကြည်မှုအပြည့်ရှိခဲ့တဲ့ကောင်။ ပို့ရင် ပယ်ခံရမယ်မှန်း ဒက်ထိသိထားသကိုး။

အဖေက စာကြည့်မျက်မှန်တပ်ပြီး အလင်းရောင်ရတဲ့ ပြတင်းပေါက်နားထိုင်ပြီး ဝေဖန်ထားတဲ့ စာကို ကျကျနနဖတ်ပါတယ်။ သားကျော်ဆိုတဲ့ ယနေ့ကျော်မောင်တဖြစ်လဲ ဆောင်းပါးဆရာပေါက်စကလည်း အနားမှာ စာဖတ်သလိုလို သတင်းစာဖတ်သလိုလိုနဲ့၊ အမှန်က ဝေဖန်ခံရဖို့ မယောင်မလည်နဲ့ စောင့်နေတာ။

“သားကျော် လာဦးကွ”   
 “ဟုတ်ကဲ့”
“ရေးထားတာကောင်းပါတယ်။ ဝေဖန်ထားတာတွေမှာလည်း သူဖြေထားတာတွေကို ပြန်ပြီး ဝေဖန်တဲ့အတွက် ကောင်းပါတယ်။ “
“ဟုတ်ကဲ့”
“ဒါပေမယ့် မင်းရေးတာမှာ ဒေါသသံတွေပါနေတယ်”  
 “ခင်ဗျာ။ ဒေါသသံ။ “
“အေး …. အဲဒီလူ အဲဒီလိုပြောတာမကြိုက်ရင် မင်းက မင်းဖြစ်ချင်တဲ့ ပုံစံကို အပြုသဘောဆောင်ပြီး ရေးပြရမယ်။ သူ့ကို အခု မင်းရေးထားသလိုမျိုး ပြင်းပြင်းထန်ထန် မရေးသင့်ဘူး။ သူတို့ပြောတာကို ပြန်ဝေဖန်ပြတဲ့အခါ အကျိုးသင့် အကြောင်းသင့် ဝေဖန်ပြရမယ်။ ဝေဖန်ရေးဆရာတွေ တချို့ ဝေဖန်ပြထားတဲ့ ဆောင်းပါးကောင်းတွေရှိတယ်၊ ရှာဖတ်ကွ။ ပမာအားဖြင့် သူဖြေသွားတယ်၊ ကျောင်းပြီးသွားတဲ့အခါ ကျောင်းကထွက်လာတဲ့သူတွေဟာ စာပြန်သင်ဖို့နဲ့ တခြားအလုပ်တွေ လုပ်ဖို့ပဲတတ်ကြတယ်လို့ပြောတယ်၊ မင်းက ဒါဟာ ကျောင်းဆင်းတွေကို သက်သက်နှိမ်တာ၊ သူက အောင်မြင်နေလို့ ဒီလိုပြောတာ ဆိုပြီး ရေးပြတာထက်စာရင် ကျောင်းဆင်းပြီး အောင်မြင်နေတဲ့သူတွေ အကြောင်း ရေးပြနိုင်ရမယ်။ ကျောင်းဆင်းပြီးပေမယ့် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံဆိုတာ လိုအပ်ပါသေးတယ်ဆိုတာ ထောက်ပြနိုင်ရမယ်။ ဒီလိုမျိုး ချက်ကျလက်ကျ ပြောနိုင်ရေးနိုင်ဖို့ ကြိုးစားကွ။ ဒေါသထွက်ပြီး ရှူးရှူးရှဲရှဲနဲ့ မရေးနဲ့။ မင်း ဒေါသတွေ ဖတ်တဲ့သူတောင် ကူးသွားဦးမယ်။“

အဲဒီလိုနဲ့ အဲဒီအချိန်ကစပြီး ဒေါသသံမပါတဲ့ အပြုသဘောဆောင်တဲ့ စာလေးတွေ ဆက်ရေးပါတယ်။ ကြိုကြားကြိုကြားမှာတော့ ဒေါသံနှောတဲ့ ဆောင်းပါးလေးတွေ ရေးဖြစ်ပါသေးတယ်။

အခုနောက်ပိုင်းလည်း ဒေါသသံပါတဲ့ ဆောင်းပါးလေးတွေ ရေးရင် ကောင်းမလားဆိုပြီး မတွေးကောင်းတဲ့ အတွေးကို တွေးမိနေပါကြောင်း။

ကျော်မောင်(တိုင်းတာရေး)

၅-အောက်တိုဘာ-၂၀၁၅


No comments: